Chapter 89
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 89 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၇)


ရွှီယိရှန်းသည် နှစ်ပေါင်းများစွာ ကားမောင်းအတွေ့အကြုံရှိကာ တောင်လမ်းများပေါ်တွင် မကြာခဏ မောင်းနှင်ဖူးသော်လည်း အမှောင်ထဲမှာ ဘာမှမမြင်ရဘဲ မောင်းနှင်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။


ကားရှေ့မီးကိုမဖွင့်ဘဲ ခံစားချက်ဖြင့်သာ သူသည် အရှေ့သို့ မောင်းနှင်နိုင်ခဲ့သည်။


ကံကောင်းထောက်မစွာ ရှောင်ထူသည် ပတ်ဝန်းကျင်ကို စစ်ဆေးကာ အရှေ့ 10 မီတာအတွင်း အတားအဆီးများရှိ၊မရှိ ပြောပြနိုင်သည်။ အချိန်မရွေး ဘရိတ်အုပ်ရန်အတွက် ရွှီယိရှန်းသည် အရှိန်လွန်စွာ မမောင်းဝံ့ဘဲ အရှိန်ကို တစ်နာရီ 20km ဖြင့် အမြဲတမ်း ထိန်းချုပ်ထားသည်။


အမြန်လမ်းမကြီးပေါ်တွင် ကားဟွန်းသံများ ဆက်တိုက်မြည်နေပြီး ဘေးပတ်ပတ်လည်တွင် ဆူညံနေသည်။ ဤအကြောင်းကြောင့် သန္ဓေပြောင်းများသည် အမြန်လမ်းမကြီးနှင့်အပြိုင် ပြည်နယ်လမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးသည် အမှောင်ထဲ၌ ဖြည်းညှင်းစွာ ရွေ့လျားနေတာကို သတိမထားမိခဲ့ပေ။

 

ရွှီယိရှန်းသည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အမှောင်ထဲတွင် ကီလိုမီတာ အနည်းငယ်မျှ မောင်းလာသည်။ သူတို့အရှေ့မှ အမြန်လမ်းမကြီး၏ ဝင်ပေါက်ကိုကြည့်လိုက်ရာ လူအများအပြားကို တားဆီးရန်အတွက် သန္ဓေပြောင်း အများအပြားနှင့် ကုန်တင်ကားကြီးများ ရပ်ထားသည်။ သူတို့တွေ ဂိတ်ပေါက်ကို ဖြတ်ကျော်နိုင်၍ C မြို့ကနေ ထွက်ခွာနိုင်ပြီဖြစ်သည်။


သို့သော် ဤအရေးကြီးသောအခိုက်အတန့်တွင် ရှောင်ထူက ရုတ်တရက် သတိပေးလာသည်။

"အရှေ့လမ်းက ပျက်စီးနေပါပြီ… ကျေးဇူးပြုပြီး လမ်းလွှဲပါ!"


ရွှီယိရှန်းသည် ဆူညံသံကို လွန်လွန်ကဲကဲ မလုပ်ဝံ့ဘဲ ဘတ်စ်ကားကို တတ်နိုင်သမျှ ဖြည်းညှင်းစွာ ရပ်တန့်သွားစေရန် ဘရိတ်ကို ညင်သာစွာ နင်းလိုက်သည်။


ယွဲ့ရှင်းဝမ်က အရှေ့ကို လျှောက်လာပြီး မေးသည်။

"ဘာဖြစ်တာလဲ?"


ခယ်ရှောင်ပင်းက စခရင်ပေါ်ရှိ ရှောင်ထူပြထားသောပုံကို ကြည့်ကာ‌ ပြောလိုက်သည်။

"အရှေ့လမ်းက ပျက်စီး‌သွားပြီ…"


လူတိုင်း၏အမူအရာများက ချက်ချင်းပင် တင်းမာသွားသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားသည်။

"သူတို့က အမြန်လမ်းမကြီးရဲ့ ဂိတ်ပေါက်ကိုပဲ ပိတ်ထားတာ အံ့ဩစရာမရှိတော့ဘူး… ပြည်နယ်လမ်းကနေ မြို့ပြင်ထွက်လို့ရတဲ့လမ်းကို တိုက်ရိုက် တူးထုတ်ထားတာကြောင့် ကားတွေက ဖြတ်သန်းလို့မရတော့ဘူး…"


ယွဲ့ရှင်းဝမ်က မေးသည်။

"မင်းက ဘတ်စ်ကားကို ထိန်းချုပ်ပြီး အပေါ်ပျံတက်လို့ရအောင် coordinate system ကို သုံးလို့ရတယ်မလား?"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"မရဘူး၊ ငါ အရှေ့လမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး… ငါတို့ အလင်းရောင်ရဖို့အတွက် ရှေ့မီးတွေကို ဖွင့်လိုက်ရင် အမြန်လမ်းမကြီးပေါ်က သန္ဓေပြောင်းတွေကို ငါတို့ရဲ့တည်ရှိမှုကို ချက်ချင်းဖော်ထုတ်မိလိမ့်မယ်…"


ပတ်ပတ်လည်မှာ မည်းမှောင်နေပြီး အရှေ့လမ်းက မျဉ်းဖြောင့်လား၊ မျဉ်းကွေးလား မသိနိုင်ပေ။ ကျန်းဖျင်စစ်သည် ဘတ်စ်ကားကို လေပေါ်ပျံရန် coordinate system ကို အသုံးပြုနိုင်သော်လည်း ဘာမှမမြင်ရသည့်အတွက် အတိအကျ ဆင်းသက်ရန် ခက်ခဲသည်။


ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကို ကြည့်ပြီး မေးလိုက်သည်။

"ရှောင်နျန်က နည်းလမ်းရှိတယ်မလား?"


ဂျူနီယာညီလေးက သူ့ခေါင်းကိုကုတ်ကာ ခါးသက်သက်မျက်နှာဖြင့် ပြောသည်။

"ကျွန်တော် တံတားတည်ဆောက်တဲ့ စွမ်းရည်ကို မသင်ခဲ့ရတာ ဝမ်းနည်းစရာပဲ… ကျွန်တော်က ပျက်စီးနေတဲ့လမ်းတွေကို တံတားမဆောက်နိုင်ဘူး… နံရံတည်ဆောက်တာပဲ သင်ယူခဲ့တာ!"


ယွဲ့ရှင်းဝမ်က မေးသည်။

"နံရံကို လဲပြီး ဦးတည်ချက်ပြောင်းလိုက်ရင် တံတားတစ်ခုပဲ မဟုတ်ဘူးလား?"


ကျန်းရှောင်နျန်က ခဏတာ မှင်တက်သွားပြီး သူ့မျက်လုံးတွေ တောက်ပလာသည်။

"ဘာလို့ အဲဒါကို ကျွန်တော်မစဉ်းစားမိပါလိမ့်!"


လူတိုင်း : "..." လူတိုင်းလည်း သည်လိုအရာကို မမျှော်လင့်ထားပေ။


ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ရှောင်နျန်၊ ရှောင်ခယ်က လမ်းပြင်ဖို့ ငါနဲ့လိုက်ခဲ့… အခြားသူတွေက ကားထဲမှာ စောင့်နေကြ…"


ရွှီယိရှန်းသည် ဘတ်စ်ကားနောက်ဘက်တံခါးကို အမြန်ဖွင့်လိုက်ပြီး ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့ကို ဘတ်စ်ကားပေါ်မှ ခေါ်ဆောင်သွားခဲ့သည်။ ခယ်ရှောင်ပင်းက ရှောင်ထူကို ရေဒါစောင့်ကြည့်ရေးနှင့် ပျက်စီးသွားသောလမ်း၏ တည်နေရာကို ထောက်လှမ်းကာ ကျန်းရှောင်နျန်က အလျားလိုက် နံရံတစ်ခုကို ဆောက်ခဲ့သည်။


နံရံသည် ကျည်ဆန်များကိုပင် တားဆီးနိုင်သည်။ ၎င်းကို အလျားလိုက်ဆောက်လိုက်ပါက တံတားအဖြစ် အသုံးပြုနိုင်သည်။ ဗိသုကာဌာန၏ "နံရံတည်ဆောက်ခြင်း" စွမ်းရည်က အတော်လေး လိုက်လျောညီထွေဖြစ်တာကို ကျန်းရှောင်နျန် တွေ့ရှိခဲ့သည်။ ဤလမ်းတွင် ဖျက်ဆီးခြင်းခံထားရသော လမ်းကြမ်းတစ်ခု ရှိသည်။ အလျားလိုက် နံရံကို တည်ဆောက်ပြီးနောက် ပျက်စီးနေသော လမ်းကြမ်းပေါ်တွင် ဘိလပ်မြေ အလွှာသစ်တစ်ခု ချထားခြင်းနှင့် ညီမျှပြီး ယာဉ်များကို ဖြတ်သန်းသွားလာနိုင်စေသည်။


ယွဲ့ရှင်းဝမ်၊ ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့ လူသုံးဦး ဆောက်လုပ်ရေးအဖွဲ့သည် အမှောင်ထဲတွင် လမ်းကို လျှို့ဝှက်ပြုပြင်ခဲ့သည်။ ခဏကြာတော့ သူတို့သုံးယောက်က ကားပေါ်ပြန်တက်လာပြီး ကျန်းရှောင်နျန်က စိတ်လှုပ်ရှားစွာ ပြောသည်။ 

"ပြင်ပြီးပြီ…"


ခယ်ရှောင်ပင်း: "ရှောင်ထူက စစ်ဆေးခဲ့ပြီး နောက်ဆက်တွဲ လမ်းမျက်နှာပြင်က မပျက်စီးတဲ့အတွက် တိုက်ရိုက် မောင်းသွားလို့ရတယ်…"


ရွှီယိရှန်းက သူတို့ သုံးယောက်ကို ကြည့်ကာ စနောက်သည်။

"ကိုယ့်အသက်အတွက် ပြေးလွှားနေရင်း လမ်းတွေ ဖောက်ရသေးတယ်ပေါ့၊ မင်းတို့ကတော့ တကယ်ကိုတစ်ခုခုပဲ…"

သူသည် တံခါးပိတ်ခလုတ်ကို နှိပ်လိုက်ပြီး လီဗာကို ညင်သာစွာ နင်းလိုက်ကာ ဘတ်စ်ကားသည် ကျန်းရှောင်နျန် ပြုပြင်ထားသည့်လမ်းအတိုင်း မောင်းသွားခဲ့ပြီး လမ်းကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။


အရှေ့ဘယ်ဘက်ရှိ ဂိတ်ပေါက်ကို တဖြည်းဖြည်းမြင်လာရပြီး အားလုံးက ရင်တထိတ်ထိတ်ဖြင့် အသက်ရှူကြပ်သွားကြသည်။


သူတို့၏ချဉ်းကပ်မှုဟာ သန္ဓေပြောင်းတွေ၏ မျက်လုံးအောက်ကနေ ထွက်ပြေးတာနဲ့ ညီမျှပါသည်။ တွေ့ရှိတာနှင့် သန္ဓေပြောင်းများသည် သူတို့ကို စက်သေနတ်များဖြင့် တိုက်ရိုက်ပစ်ခတ်မည်ဖြစ်သည်။ ဤဘတ်စ်ကား၏ ပြတင်းပေါက်များသည် ကျည်ကာမှန်များမဟုတ်သောကြောင့် အသေအပျောက်များက ရှောင်လွှဲ၍မရပေ။


ကားတာယာတွေ ပေါက်သွားတာနဲ့ F မြို့ကို လမ်းလျှောက်သွားဖို့က ပိုခက်ခဲလိမ့်မည်။


ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုက တစ်နေ့ 12 ကြိမ်သာ အသုံးပြုနိုင်ပြီး ယနေ့ သုတေသနအဆောက်အဦးမှ လွတ်မြောက်လာသောအခါတွင် ၎င်းကို အကုန်အသုံးပြုခဲ့သည်။ ကျန်းဖျင်စစ်၏ coordinate system သည် အမှောင်ထဲတွင် အချက်အလက်ကို တွက်ချက်ရန် ခက်ခဲပြီး လူတိုင်းသည် စီနီယာအစ်ကိုရွှီ၏ ကားမောင်းကျွမ်းကျင်မှုအပေါ် သူတို့၏ မျှော်လင့်ချက်များကိုသာ ထားရှိနိုင်သည်။


ရွှီယိရှန်း၏ လက်ဖဝါးများက အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။


အမြန်လမ်းမကြီးသည် ဘေးဘက်တွင်ရှိပြီး သူတို့လမ်းဘက်ကနေ အကွာအဝေးက မီတာ ၅၀ ထက် မပိုပေ။ အကယ်၍ အမြန်လမ်းမပေါ်ရှိ လူအုပ်ကြီးသည် ကျယ်လောင်စွာ ပြေးလွှားနေပြီး ကျယ်လောင်စွာ အော်ဟစ်ခြင်းမရှိပါက သူတို့မောင်းနှင်လာခြင်းသည် သန္ဓေပြောင်းများ၏အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။


10 မီတာ... 50 မီတာ... 100 မီတာ...


ဂိတ်ပေါက်သည် တဖြည်းဖြည်း အနောက်မှာကျန်ခဲ့ပြီး အမှောင်ထဲတွင် တိတ်တဆိတ် ဖြတ်သန်းနေသည့် ဘတ်စ်ကားကို သန္ဓေပြောင်းများက သတိမထားမိခဲ့ကြပေ။


ဘတ်စ်ကားသည် ဂိတ်ပေါက်မှ ထွက်ခွာသွားချိန်အထိ အမြန်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မီးရောင်ကို လူတိုင်းမြင်နိုင်မည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရွှီ…"


ရွှီယိရှန်းသည် သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။

"ငါက တောင်လမ်းမှာ ပြိုင်ခဲ့တုန်းကတောင် ဘယ်တော့မှ စိတ်မလှုပ်ရှားခဲ့ဘူး…"


ကျိုဖုန်း: "မီးရောင်မရှိရင် အမှောင်ထဲမှာ ကားမောင်းရတာ ကြိုးတန်းလမ်းလျှောက်ရသလိုပဲ…"


ရွှီယိရှန်းသည် သူ့နံဘေးရှိ တစ်မီတာမြင့်သော အဖြူရောင် စက်ရုပ်ကို ကြည့်ရန် ခေါင်းကို လှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ငါတို့မှာ ရှောင်ထူရှိတာ ‌ကံကောင်းတယ်… မဟုတ်ရင် ငါ့ရဲ့ကားမောင်းကျွမ်းကျင်မှုက ဘယ်လောက်ပဲ ကောင်းနေပါစေ လမ်းကိုမမြင်ရရင် ကားကို တွင်းထဲ မောင်းသွားနိုင်တယ်…"


ရှောင်ထူက ပြန်ဖြေသည်။

"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်…"


စက်ရုပ်က တိုးတက်လာပြီးနောက် အခြားသူတွေ ပြောတာကို နားလည်နိုင်သည်။ ခယ်ရှောင်ပင်းက ရှောင်ထူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးလိုက်သည်။

"မင်းက အကောင်းဆုံးပဲ၊ ရေဒါနဲ့ ဆက်ပြီး စောင့်ကြည့်နေလိုက်…"


ရှောင်ထူက ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပါပြီ သခင်… ‌အရှေ့လမ်းက ရှင်းပါတယ်…"


ရွှီယိရှန်းသည် အမှောင်ထဲမှာ ခဏလောက် မောင်းလာပြီး C မြို့၏ဂိတ်ပေါက်ကနေ ဆယ်ကီလိုမီတာကျော်အကွာမှာ တိုးတိုးလေးပြောလိုက်သည်။

"ဒီအကွာအဝေးလောက်ဆိုရပြီမလား? အခု မီးဖွင့်လိုက်ရင် သူတို့မမြင်နိုင်တော့ပါဘူး…"


ကျန်းဖျင်စစ်သည် သူ့နောက်ဘက်က ဂိတ်ပေါက်ဆီသို့ လှမ်းကြည့်ကာ အကွာအဝေးကို တွက်ချက်ပြီး ပြောသည်။

"ကောင်းပြီ၊ မီးဖွင့်လိုက်တော့…"


ရွှီယိရှန်းက ရှေ့မီးကို ဖွင့်လိုက်သည်။


ဘတ်စ်ကားရှေ့မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လမ်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော ရွှီယိရှန်းသည် အသက်ကိုခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။ အမှောင်ထဲမှာ တစ်နာရီကြာအောင် စိုးရိမ်နေခဲ့ကြသည့် လူတိုင်းဟာ သည်အလင်းတန်းကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားကြသည်။


ယွဲ့ရှင်းဝမ်က သတိပေးသည်။

"စိတ်မလျှော့ကြနဲ့၊ သူတို့က တစ်ခုခုမှားနေတာကို သတိထားမိရင် ငါတို့က C မြို့နဲ့ အရမ်းနီးနေသေးတာကြောင့် အလွယ်တကူ လိုက်မီလာနိုင်တယ်… နောက်တစ်နာရီလောက်မောင်းပြီး ကီလိုမီတာ 100 ကျော် အကွာအဝေးကို သွားရအောင်…"


ရွှီယိရှန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ငါမြန်မြန်မောင်းလိုက်မယ်၊ အားလုံးကြပ်ကြပ်ထိုင်ထားကြ!"


အားလုံးက ချက်ချင်းပဲ သူတို့အရှေ့က ထိုင်ခုံကို လှမ်းဆွဲလိုက်သည်။


ရွှီယိရှန်းသည် လီဗာကို နင်းလိုက်ပြီး ဘတ်စ်ကားသည် မြားတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ ထွက်သွားခဲ့သည်။


အခုလေးတင် ဘတ်စ်ကားသည် သတိထားပြီး ရှေ့သို့ ဖြည်းညင်းစွာ တွားသွားနေသည့် ခရုတစ်ကောင်နှင့်တူပြီး အရှိန်မြင့်ပြီးနောက် ကားသည် မြင်းရိုင်းတစ်ကောင်ဖြစ်သွားသည်။


စီနီယာအစ်ကိုရွှီ၏ ကားမောင်းကျွမ်းကျင်မှုက တကယ်ကို ကြောက်စရာကောင်းပါသည်။ ပြည်နယ်လမ်းက ချောမွေ့မနေဘဲ သူသည် ညဘက်တွင် ဘတ်စ်ကားမောင်းရင်း ထောင့်ချိုးကွေ့ခြင်းတို့ကို လုပ်ဆောင်နိုင်ကာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းလှသည်။


မှောင်မိုက်သောညတွင် ရွှီယိရှန်းသည် ဘတ်စ်ကားကို လမ်းတစ်လျှောက်လုံး မောင်းနှင်ခဲ့သည်။


အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားတော့ သူတိုသည် သန္ဓေပြောင်းတွေ၏ အခြေစိုက်စခန်းဖြစ်သည့် C မြို့နဲ့ ဝေးကွာလာလေသည်။


တစ်နာရီလောက်ကြာတော့ လက်ဝဲဘက်တွင် တောင်တန်းရှိပြီး လက်ယာဘက်တွင် မြစ်တစ်စင်းရှိသည့် လူသူမရှိသောတောအုပ်ထဲသို့ ကားကို မောင်းသွားခဲ့သည်။ အရှေ့မှာ ရွာမရှိ၊ ဆိုင်မရှိ၊ ပတ်ဝန်းကျင်မှာ လူသူရှိဖို့မဆိုထားနှင့် တိရစ္ဆာန်များ၏ အရိပ်တွေကိုတောင် မမြင်ရပေ။


အချိန်က ညသန်းခေါင် 11:59 ဖြစ်သည်။


12 ထိုးပြီးနောက် ထိုကြီးမားသောလှုပ်ရှားမှုများ၏ 14 စောင့်ဆိုင်းချိန်များက ပြန်လည်ရရှိလာပြီး လူတိုင်း၏ အသက်ကယ်စွမ်းရည်များ တိုးလာကာ သန္ဓေပြောင်းများ ဖမ်းမိလျှင်တောင် လွတ်မြောက်ရန် နည်းလမ်းရှိပါသည်။


ထို့နောက် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဟုတ်ပြီ၊ အနားယူပြီး တစ်ခုခုစားရအောင်…"


ရွှီယိရှန်းက ဘတ်စ်ကားကို လမ်းဘေးမှာ ရပ်လိုက်ပြီး လူတိုင်းက အသက်ရှူရန် ကားပေါ်မှ ဆင်းလိုက်သည်။


ပရော်ဖက်ဆာထန်သည် ရွှီယိရှန်း၏ ကားမောင်းစွမ်းရည်ကို သည်းမခံနိုင်တော့ဘဲ တစ်လမ်းလုံး မူးဝေခဲ့သည်။ သူ ကားပေါ်ကနေ ဆင်းတာနဲ့ သစ်ပင်ကိုမှီ၍ အော့အန်တော့သည်။ ယွဲ့ရှင်းဝမ်က သူ့အနောက်မှ လိုက်လာပြီး စိုးရိမ်စွာ ပြောသည်။

"ပရော်ဖက်ဆာထန်၊ သတိထားဦး၊ ချစ်ပ်ပြားကို မအန်ထုတ်လိုက်နဲ့…"


ပရော်ဖက်ဆာထန်: "..."


မင်းက ဒီလိုပြောတာတော့ ငါက အန်ရမှာလား? မအန်ရဘူးလား?


ပရော်ဖက်ဆာထန်သည် ဤစကားကြောင့် အသက်ရှူကျပ်သွားပြီး သူ့မျက်နှာက ပို၍ပင် ရုပ်ဆိုးလာသည်။ ထို့နောက် သူက အော့အန်ချင်စိတ်ကို အတင်းအကျပ် တွန်းလှန်ခဲ့သည်။


ယွဲ့ရှင်းဝမ်က သူ့ကို ပခုံးကိုပုတ်ပြီး ရေဘူးတစ်ဘူး ပေးလိုက်သည်။

"ခင်ဗျားအလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒါက ကျွန်တော်တို့စီနီယာအစ်ကိုရွှီရဲ့ ကားမောင်းတဲ့ပုံစံပဲ… နောက်ဆို ခင်ဗျား ကျင့်သားရသွားမှာပါ…"


ပရော်ဖက်ဆာထန်၏ မျက်နှာက အသက်မဲ့နေသည်။


လှည့်ကြည့်လိုက်တော့ ရှင်းယန်က သူ့ဘေးမှာ ပေါင်းခံပုလင်းကို ချထားပြီး ယာဂုချက်ဖို့ ပြင်ဆင်နေတာ တွေ့လိုက်ရသည်။


ပေါင်းခံပုလင်း၏အမြင့်သည် သူ့ခါးနှင့် နီးပါးတူသည်။ ပရော်ဖက်ဆာထန်သည် ထိုကဲ့သို့ ပေါင်းခံပုလင်းကြီးကို ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ သူသည် မယုံကြည်နိုင်စွာ သူ့အရှေ့ရှိ ကြီးမားသောအရာဝတ္ထုကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေသည်။ သူထင်တာမမှားဘူးဆိုရင် ဒီပေါင်းခံပုလင်းက… ‌လေထဲကနေ ထွက်လာတာများလား?


သူ၏ထင်မြင်ယူဆချက်ကို အတည်ပြုရန်အတွက် သူ၏ထိတ်လန့်နေသောမျက်လုံးများအောက်မှ ရှင်းယန်သည် လေထဲကနေ အရက်မီးခွက်တချို့ကို ဆင့်ခေါ်လိုက်ကာ ပေါင်းခံပုလင်း၏အောက်တွင် ထားလိုက်သည်။


ကျိုဖုန်းနှင့် ရွှီယိရှန်းတို့သည် ရေကိုယူဆောင်လာပြီး ပေါင်းခံပုလင်းထဲသို့ လောင်းထည့်လိုက်သည်။ ခယ်ရှောင်ပင်းသည် သူ၏ကျောင်းလွယ်အိတ်ကို တက်ကြွစွာ ဇစ်ဖွင့်ပြီး ပါဝင်ပစ္စည်းများ စစ်ဆေးရင်း အလုပ်ရှုပ်နေကာ စာရင်းတွက်ပြီးနောက် လူတိုင်းကို မေးလိုက်သည်။

"ဒီည ဘယ်လိုယာဂုမျိုး စားချင်ကြလဲ? နှင်းမှိုကြာစေ့ယာဂုလား? နှင်းစွံပလွံသီးယာဂုလား? ဆန်မည်းယာဂုလား? မတ်ပဲယာဂုလား? ဒါမှမဟုတ် ပါဝင်ပစ္စည်းမျိုးစုံကို နည်းနည်းစီထည့်ပြီး ရတနာရှစ်မျိုးယာဂုလုပ်မလား?"


လူတိုင်း: "..." မင်းမှာ လှည့်ကွက်တွေ အများကြီးရှိတာပဲ!


လင်းမန်လော်က အသံတိုးတိုးဖြင့် ပြောသည်။

"ဒါက တကယ့်ကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့…"


လန်ယာရုန်က သူမလက်ကိုမြှောက်လိုက်ပြီး ကြင်နာတတ်သောအပြုံးဖြင့် ပြောသည်။

"ငါက နှင်းစွံပလွံသီးယာဂုကြိုက်တယ်…"


ချင်လုက အသံတိုးတိုးဖြင့် ဆိုသည်။

"ငါလည်း စွံပလွံသီးကြိုက်တယ်…"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာနဲ့ ခေါင်းငြိမ့်ပြသည်။

"ဒါဆို မိန်းကလေးတွေပြောတာ နားထောင်ပြီး ဒီည အိုးတစ်လုံး ချက်လိုက်မယ်… မဟုတ်ဘူး၊ နှင်းစွံပလွံသီးယာဂု ပေါင်းခံတစ်ပုလင်းချက်မယ်… ဒါပေမယ့် စွံပလွံသီးတွေ အရမ်းများကြီး နှင်းသီးတွေက ခန္ဓာကိုယ်အတွင်းထဲပူလိမ့်မယ်… မနက်ဖြန်ကျရင် အတွင်းထဲမှာပူတာကို လျှော့ချဖို့ မတ်ပဲယာဂုကို ချက်ကြမယ်… နောက်ထပ်ရေတစ်ဘူးနဲ့ ငါ ကျောက်သကြားနည်းနည်း ထည့်လိုက်မယ်၊ အဲဒါကို အရသာပိုကောင်းသွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က သူ့ကို သတိပေးသည်။

"မင်း နည်းနည်းလောက် ချွေတာပါဦး၊ ဒီအတိုင်းသာဆိုရင် ရေက မလောက်ဘူး…"


ရှင်းယန်က တည်ငြိမ်စွာ ပြောသည်။

"ကိစ္စမရှိပါဘူး၊ ငါတို့ဘေးမှာ မြစ်ရှိတယ်မလား? မြစ်ရေနည်းနည်းယူလာပြီး အဲဒါကို ငါပေါင်းခံလိုက်ရင် သောက်သုံးလိုက်ရတဲ့ ပေါင်းခံရေကို စုဆောင်းပြီး ပုလင်းအလွတ်ထဲကို ထည့်လိုက်ရုံပဲ…"


လူတိုင်း: "..."


ဓာတုဗေဒဌာနမှ အဖွဲ့ဝင်တစ်ဦးကို ခေါ်ဆောင်ခြင်းသည် စားဖိုမှူးတစ်ဦးကို ခေါ်ဆောင်လာခြင်းနှင့် တူသည်။ ယာဂုပြုလုပ်ရန် ရေပုလင်းအနည်းငယ်ကို အသုံးပြုပြီး ရှင်းယန်သည် နောက်ထပ်ပုလင်းအနည်းငယ်ကို ထုတ်လုပ်နိုင်သောကြောင့် သူတို့တွင် ရေပြတ်တောက်မည်မဟုတ်ပေ။


ကျန်းဖျင်စစ်နှင့် ကျိုဖုန်းတို့သည် ထိုစကားကိုကြားသောအခါ ရေယူရန် မြစ်ထဲသို့ ချက်ချင်းသွားကြသည်။ ရှင်းယန်သည် နောက်ထပ်ပေါင်းခံပုလင်းကြီးကို ဆင့်ခေါ်ကာ ‌အရည်ဖွဲ့ပြွန်များနှင့် လက်ခံပုလင်းများကဲ့သို့သော ပေါင်းခံကိရိယာအစုံအလင်ဖြင့် ချိတ်ဆက်ကာ ၎င်းဘေးနားရှိ အရက်မီးခွက်အနည်းငယ်ကို ဖွင့်လိုက်ပြီး ရေဆူလာသည်။


ယွဲ့ရှင်းဝမ်က ရုတ်တရက် ပြဿနာတစ်ခုကို တွေးလိုက်သည်။

"စကားမစပ်၊ ငါတို့မှာ ထည့်စရာမရှိဘူး… စူပါမားကတ်ကို သွားတုန်းက ထည့်စရာတွေကို ယူသွားကြပြီ… ဒီယာဂုရသွားရင် ငါတို့က ဘယ်လိုစားကြမှာလဲ? ငါတို့လက်တွေပဲ နှိုက်စားလို့တော့မရဘူးမလား?"


ရှင်းယန်က ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားကာ သူ့ညာလက်က ရုတ်တရက် မြှောက်လာပြီး ပေါင်းခံကိရိယာထဲက လက်ခံပုလင်းတွေ လေထဲမှာ ပေါ်လာပြီး သူကပြောသည်။

"ပုလင်းဝကို ဖြတ်ပြီး ငါတို့ ပန်းကန်လုံးအဖြစ် သုံးလို့ရတယ်…"


လင်းမန့်လော်က ပြုံးကာ ပြောသည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်…"

သူမက ရုတ်တရက် အစိမ်းရောင်နွယ်ပင်ကို ဆင့်ခေါ်ပြီး လျှိုကျောက်ချင်းကို ကြည့်လိုက်သည်။

"စီနီယာအစ်ကို ခွဲစိတ်ဓားလေး ခဏလောက် ငှားပေးပါဦး… အားလုံးအတွက် တူလုပ်ဖို့ နွယ်ပင်ကို သုံးမလို့…"


လျှိုကျောက်ချင်းက ခွဲစိတ်ဓားအနည်းငယ်ကာ ရယ်ရမလို၊ ငိုရမလိုဖြစ်နေသည်။ မိန်းကလေးအနည်းငယ်က အလုပ်များနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နွယ်ပင်ပေါ်ရှိ အစိမ်းရောင်အရွက်များအားလုံးကို ဖယ်ထုတ်ကာ သွယ်လျသောအကိုင်းအခက်များကို အရှည် ၂၀ စင်တီမီတာခန့် ဖြတ်ကာ အပိုင်း 26 ပိုင်းကို အတွဲလိုက်ခွဲ၍ တူ 13 စုံကို သပ်ရပ်သပ်ရပ် ပြုလုပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။

"တူလုပ်တာ အရမ်းတော်တယ်!"

 

ရှင်းယန်၏ပေါင်းခံပုလင်း အပူချိန်သည် တစ်ခဏအတွင်း 100 ဒီဂရီအထိ ရောက်ရှိနိုင်သည်။ လက်ခံကိရိယာကိုဖယ်ရှားပြီးအဖုံးကိုပိတ်ပြီးနောက် ၎င်းသည် အပိတ် "ဖိအားမြင့်ပေါင်းအိုး" ဖြစ်လာပြီး ယာဂုချက်ပြုတ်မှုအရှိန်က အလွန်မြန်သည်။


ခဏကြာတော့ ချိုမြိန်သော ‘နှင်းစွံပလွံသီးယာဂု’အိုးကြီး ရသွားသည်။


ရှင်းယန်က လက်ခံပုလင်းကို ပေါင်းခံပုလင်း၏ အပေါက်နဲ့ ချိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ပြီ၊ စားကြစို့…"


အားလုံးက ယာဂုယူဖို့ လာကြသည်။


ပရော်ဖက်ဆာထန်သည် ထိတ်လန့်သောအကြည့်ဖြင့် သူ့ရှေ့က မြင်ကွင်းကို ကြည့်နေသည်—— သူတို့က ပေါင်းခံပုလင်းကို ချက်ပြုတ်ဖို့အတွက် သုံးပြီးလက်ခံပုလင်းကို ပန်းကန်လုံးအဖြစ် သုံးတာလား? ရုတ်တရက် ပေါ်လာသော နွယ်ပင်တွေကို တူ‌အဖြစ် ခုတ်ထစ်ပြီး ကားက အချိန်မရွေး ပျံနိုင်တာလား?


ဒီလူအုပ်စုက သန္ဓေပြောင်းတွေထက်တောင် ပိုအစွမ်းထက်တယ်လို့ သူဘာကြောင့် ခံစားနေရတာလဲ?


#TK