Chapter 43
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 43 (သေခြင်းကုဒ် ၀၂)


ယွဲ့ရှင်းဝမ်က အတည်ပြုရန်သင်တန်းရွေးချယ်မှုတွင် ‘Yes’ ခလုတ်ကို နှိပ်လိုက်ပြီး သူတို့၏နားထဲတွင် ရင်းနှီးသော စက်ရုပ်သံပေါ်လာသည်။

"သင်တန်းကို အောင်မြင်စွာရွေးချယ်နိုင်တဲ့အတွက် C-183 သုတေသနအဖွဲ့ကို ဂုဏ်ယူပါတယ်… စာမေးပွဲခန်းတွေက ကျောင်းသား 12 ယောက်သာ ကန့်သတ်ထားပါတယ်… အတန်းတူ စာမေးပွဲဖြေဆိုသူတွေနဲ့ ကိုက်ညီအောင် ကျေးဇူးပြု၍ စောင့်ပေးပါ… ကိုက်ညီတဲ့ကျောင်းသားတွေ 12 ထက်နည်းရင် စာမေးပွဲခန်းကို လူ 4 ယောက်နဲ့အထက်မှ ဖွင့်လိုက်ရပါမယ်…" 


ကျောင်းသား 12 ဦးပါ အတန်းတစ်တန်းသည် သုတေသနအဖွဲ့ 3 ဖွဲ့နှင့် ကိုက်ညီဖွယ်ရှိသည်။ “သေခြင်းကုဒ်”အတန်းကို ရောက်လာသော ကျောင်းသားအများစုဟာ အဖွဲ့ကောင်းတစ်ဖွဲ့ကို တွေ့ပါလိမ့်မည်။ ဒီစာမေးပွဲမှာ ကြုံတွေ့ရသော အတန်းတူအဖွဲ့ဝင်များသည် သိပ်ပြီးဆိုးရွားတာမဟုတ်ဖို့ မျှော်လင့်မိသည်။ သူတို့တွေက မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ သူတို့ခြေထောက်တွေကို ဆွဲချသူမဖြစ်သင့်ပေ။


အချိန်က မနက် 8 နာရီကို ရောက်သောအခါ သူတို့လေးယောက်က တစ်ချိန်တည်း နေရာပြောင်းသွားသည်——


သူတို့ စာကြည့်တိုက်ထဲမှာတုန်းက မနက်ပဲ ရှိသေးပေမယ့် စာမေးပွဲခန်းထဲ ရောက်တော့ ညဘက်ဖြစ်သွားသည်။


နေဝင်သွားပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်က ခပ်မှိန်မှိန်သာကျန်ရှိတော့သည်။ အရှေ့ဘက်တွင် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိနေကြောင်း သိသာထင်ရှားပြီး တောအုပ်၏ နက်နဲရာဆီသို့ အကွေ့အကောက်များသော လမ်းတစ်ခုရှိနေသည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး သက်ရှိတစ်ကောင်မှ မမြင်ရပေ။ တောနက်ကြီးက မကောင်းဆိုးရွားတွေလို ပါးစပ်ကြီးဖွင့်ကာ သူတို့ကို မျိုချတော့မလိုနဲ့ ဆင်တူသည်။ 


တောအုပ်ထဲမှာရှိတတ်သော သရဲတစ္ဆေပုံပြင်တချို့ကို အလွယ်တကူ မှတ်မိကြသည်။ 


လျှိုကျောက်ချင်းက ကြက်သီးမွေးညင်းထနေသော သူ့နောက်ကျောကို လှုပ်ယမ်းကာ အရွှန်းဖောက်သည်။

"ဒီနေရာက ဘာလို့ဒီလောက် တုန်လှုပ်ချောက်ချားစရာကောင်းနေတာလဲ?"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်းစစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တောနက်ကြီးဆီသို့ လျှောက်သွားကြသည်။


ခယ်ရှောင်ပင်းသည် သူ့ရင်ထဲတွင် ‘သိပ္ပံကိုယုံကြည်ပါ’ဟူသော စကားကို ရွတ်ဆိုရင်း ယွဲ့ရှင်းဝမ်အနောက်ကနေ ထိတ်လန့်စွာ လိုက်သွားခဲ့သည်။


လခြမ်းကွေးက ကောင်းကင်၌ ထွန်းလင်းနေပြီး အေးစက်သော ‌လရောင်က တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းနေကဲ့သို့ ညင်သာစွာ ကျဆင်းနေသည်။ ဒီနေရာက ကမ္ဘာကြီးမှ စွန့်ပစ်ထားသော လူသူကင်းမဲ့ရာ နေရာတစ်နေရာလိုမျိုး ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေကာ လူအသံမဆိုထားနှင့် အင်းဆက်၊ ငှက်တွေအသံတောင် မကြားရပေ။


ရုတ်တရက် လေပြင်းတိုက်ခတ်လာကာ သစ်ရွက်များက လှုပ်လှုပ်ရွရွဖြစ်လာပြီး မြေပြင်ပေါ်တွင် ကျနေသော အနက်ရောင်သစ်ပင်အရိပ်များက အစွယ်နှင့် လက်သည်းများပါသော သရဲတစ္တေများနှင့်တူပေသည်။ ခယ်ရှောင်ပင်း၏နောက်ကျောသည် ကြက်သီးမွေးညင်းထသွားပြီး လက်သီးကိုတင်းတင်းဆုပ်ကာ တိုးတိုးပြောလေသည်။

"စာမေးပွဲအတွက် ညွှန်ကြားချက်လည်းမရှိဘူး… ငါတို့ အထဲကို ဆက်လျှောက်ကြမှာလား…"


ယွဲ့ရှင်းဝမ်က ကောင်းကင်ကို မော့ကြည့်ကာ ပြောသည်။

"လပြက္ခဒိန်အရ လက လေးပုံတစ်ပုံပဲ ရှိသေးတာဆိုတော့ အခုရက်စွဲက ပထမလရဲ့ ရှစ်ရက်မြောက်နေ့ဖြစ်နိုင်တယ်… အခု ငါတို့က မြောက်ဘက်ကို ဦးတည်သွားနေတာ…"


ကျန်းဖျင်စစ်: "အင်း… ငါ အဲဒါကို ရေးမှတ်ထားလိုက်မယ်…"


သူတို့နှစ်ဦးက အခြေအနေသို့ လျင်မြန်စွာဝင်ရောက်လာသောကြောင့် ပတ်ဝန်းကျင်၏ အသေးစိတ်အချက်အလက်များကို စတင်လေ့လာပြီး အချိန်နှင့် ဦးတည်ချက်တို့က်ု ခွဲခြမ်းစိတ်ဖြာကြသည်။


အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အဝေးက ဘန်ဂလိုအိမ်ကို တွေ့လိုက်ရပြီး လရောင်အောက်မှာ အမိုးအကာက ခပ်ဖျော့ဖျော့လေး ပေါ်နေသည်။ ယွဲ့ရှင်းဝမ်က တစ်ဖက်ကို ညွှန်ပြသည်။

"ဒါက စာမေးပွဲဖော်ပြချက်မှာပါတဲ့ တည်းခိုခန်းဖြစ်နိုင်တယ်…"


သူတို့လေးယောက်က အရှိန်မြင့်လိုက်ကြပြီး ထောင့်ချိုးများစွာကို ဆက်တိုက်လျှောက်လာပြီးနောက် သုံးထပ်တိုက်တစ်လုံးက လူတိုင်းရှေ့တွင် ပေါ်လာသည်။


‘အမှတ် 7 တည်းခိုခန်း’ဟု ရေးထားသော အဆောက်အဦးရှေ့တွင် ပျက်စီးနေသော ဆိုင်းဘုတ်တစ်ခုရှိသည်။ ယွဲ့ရှင်းဝမ်က အလျင်စလိုမသွားဘဲ လရောင်ဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်——


တည်းခိုခန်း၏ နံဘေးမှာ ကြာပန်းကန်တစ်ခုရှိပြီး ဧရိယာက ဘောလုံးကွင်းလောက် ကျယ်ပါသည်။ တောနက်နက်အတွင်းမှ ထူးဆန်းသော တည်းခိုခန်းကို လျစ်လျူရှုလိုက်ရင် ဤကြာပန်းကန်၏ ရှုခင်းက အလွန်တရာ အံ့မခန်းလှပါသည်။


ရေကန်ပေါ်တွင် သစ်သားပျဉ်ခင်းလမ်းလည်း ရှိပြီး ကြာပန်းများကို အနီးကပ်ခံစားနိုင်ရန် ရေကန်အလယ်သို့ လမ်းလျှောက်နိုင်သည်။


ထိုအခိုက်အတန့်တွင် သူတို့အနောက်မှ ပေါ့ပါးသော ခြေသံတစ်ခု ထွက်ပေါ်လာပြီး ယွဲ့ရှင်းဝမ် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ကြည်လင်သော မျက်လုံးတစ်စုံနဲ့ မျက်နှာချင်းဆိုင်မိသည်—— ထိုမိန်းကလေးက နားရွက်ထိဆံပင်တိုတိုနဲ့ လျှာထိုးဦးထုပ်ကို ဆောင်းထားပြီး ရိုးရှင်းသော အနက်ရောင်တီရှပ်ကို အပြာရောင်ဂျင်းဘောင်းဘီဖြင့် ဝတ်ဆင်ထားကာ အနက်ရောင်အားကစားဖိနပ်ကို စီးထားသည်။ သူမမျက်နှာပေါ်တွင် အေးစက်သောအမူအရာဖြင့် အရပ်ရှည်ရှည်၊ ပိန်ပါးပြီး သူမ၏အသားအရေက လရောင်အောက်တွင် ဖျော့တော့နေသည်။


ယွဲ့ရှင်းဝမ်က သူမကို နှုတ်ဆက်လိုက်သည်။

"ချင်…မြောင်လား?"


အမြွှာညီအစ်မနှစ်ယောက်ထဲက အစ်မဖြစ်နိုင်ပြီး ညီမဖြစ်သူ၏မျက်နှာက ဒီလောက်မအေးစက်ပေ။


သူစကားပြောလိုက်သည်နှင့် တူညီသောမျက်နှာက ထိုမိန်းကလေး၏ဘေးကနေ ရုတ်တရက်ပေါ်လာသည်။ သို့သော် သူမက ဦးထုပ်မဆောင်းထားဘဲ ဆင်တူသောဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်နဲ့ အဖြူရောင်အားကစားဖိနပ်ကို ဝတ်ဆင်ထားကာ သူမ၏မျက်နှာက ပို၍နူးညံ့သည်။ ယွဲ့ရှင်းဝမ်ကို မြင်သောအခါ သူမ၏နှုတ်ခမ်းကနေ ရှက်ပြုံးလေး ပေါ်လာပြီး သူမက ရှေ့ကိုတက်လာသည်။

"ရှင်းဝမ်လား? စီနီယာအစ်ကိုလျှိုနဲ့ အတန်းဖော်ခယ်၊ ငါတို့ပြန်တွေ့ပြန်ပြီ!"


ယခင်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် ပူးပေါင်းလုပ်ဆောင်ခဲ့သော ပထဝီဝင်စီမံကိန်းမှ ကျောင်းသူ၊ ချင်လုက ညီမဖြစ်ပုံရသည်။


မထင်မှတ်ဘဲ အမြွှာညီအစ်မတွေက တကယ်ပဲ အဖွဲ့ဖွဲ့ခဲ့တာလား?


ချင်မြောင်၏မျက်နှာက အမူအရာမဲ့ကာ သူမ၏အကြည့်က လူတွေကို အေးခဲတော့မလို အလွန်အေးစက်သော်လည်း ယခင် ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’အများသူငါစိတ်ကြိုက်သင်တန်းတွင် လျှိုကျောက်ချင်းက ဝံပုလွေကိုက်ခံရသော သူမ၏လက်မောင်းကို ကုသပေးခဲ့သည်။ ဒီအကူအညီကို သူမမှတ်မိနေသေးသည်။ သူတို့လေးယောက်ကို မှတ်မိသွားပြီးနောက် ချင်မြောင်၏အမူအရာက အလွန်ပျော့ပြောင်းသွားသည်။ သူမက အရှေ့ကိုသွားကာ ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ပြလိုက်သည်။

"မင်္ဂလာပါ… စာမေးပွဲခန်းတစ်ခန်းကျတာ တိုက်ဆိုင်တာပဲ…"


ယွဲ့ရှင်းဝမ်က မေးလေသည်။

"မင်းတို့ညီအစ်မနှစ်ယောက်က အဖွဲ့ဖွဲ့လိုက်တာလား?"


ချင်မြောင်က သူမဘေးရှိ ညီမဖြစ်သူကို တစ်ချက်ကြည့်ကာ ပေါ့ပါးစွာဆိုသည်။

"အင်း… နောက်ဆုံးတစ်ခေါက် အများသူငါစိတ်ကြိုက်သင်တန်းမှာ ငါ့ကို ချင်လုလားဆိုပြီး မေးခဲ့တယ်လေ… ဒီတော့ သူမ စာကြည့်တိုက်မှာ ရောက်နေမှန်း ငါသိလိုက်တာ… ငါအပြင်ရောက်တော့ သူမကိုရှာဖို့ private message ကနေ စာပို့လိုက်တယ်…"


ချင်လု၏မျက်နှာမှာ အနည်းငယ်ရှက်သွားသည်။ သူတို့နှစ်ယောက်၏မျက်နှာကြောင့် ဒုက္ခရောက်သွားမယ်ဆိုတာ သူမမသိခဲ့ပေ။ သူတို့နှစ်ယောက်၏မျက်နှာက တစ်ထေရာတည်းတူပေမယ့် အမူအရာ၊ အနေအထိုင်နဲ့ အဝတ်အစားဖြင့် ခွဲခြားနိုင်ပါသည်။ သူမအစ်မက ခပ်ခွာခွာနေတတ်ပြီး သန်မာသော အသွင်အပြင်ရှိကာ ညီမဖြစ်သူက သိမ်မွေ့ပြီး ရှက်တတ်သူဖြစ်သည်။


ယွဲ့ရှင်းဝမ်က သူတို့နှစ်ယောက်နောက်ကို ကြည့်ကာ အနည်းငယ် စဉ်းစားမရဖြစ်သွားသည်။

"ဘာလို့ မင်းနှစ်ယောက်ပဲရှိတာလဲ? မင်းတို့အဖွဲ့ဝင်တွေရော?"


ချင်မြောင်က သူမ၏ဦးထုပ်နားပန်းကို ဖိကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အရင်သုတေသနအဖွဲ့က မိန်းကလေးသုံးယောက်ကို ငါကောင်းကောင်းမသိဘူး… အများသူငါစိတ်ကြိုက်သင်တန်းပြီးတော့ အဖွဲ့ကို ဖျက်သိမ်းလိုက်တယ်… ငါ ချင်လုကိုရှာတွေ့တော့ ငါတို့နှစ်ယောက် အတူတူ အရင်အဖွဲ့ဖွဲ့လိုက်တယ်…"


ယွဲ့ရှင်းဝမ်က သူတို့ကို စိုးရိမ်စွာ မေးသည်။

"ဒါဆို မင်းတို့ ‘သုဒ္ဓကိန်းများဝင်္ကပါ’သင်တန်းကို တက်ပြီးပြီလား?"


ချင်လုက သူမမျက်နှာကို ရှက်ရွံ့စွာ ကုတ်ကာ ပြောသည်။

"ငါက ပထဝီဘာသာရပ်ကို လေ့လာခဲ့တာဆိုတော့ မြေပုံတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်… ငါတို့က အပိုမေးခွန်းတော့မဖြေခဲ့ဘူး၊ ဝင်္ကပါထဲကနေ ဒီအတိုင်းပဲ လမ်းလျှောက်ပြီး နောက်ဆုံး အမှတ် 70 ရခဲ့တယ်…"


ချင်မြောင်က မေးလေသည်။

"ဝင်္ကပါရဲ့ အမှတ်စာရင်းမှာ အမှတ်ပြည့်ရထားတဲ့ C-183 သုတေသနအဖွဲ့က နင်တို့မလား?"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်… ငါတို့မှာ အဖွဲ့ကိုဦးဆောင်နေတဲ့ ကျန်းရွှယ်ပရှိတယ်လေ…"


ကျန်းဖျင်စစ်က ပေါ့ပါးစွာမေးသည်။

"မင်းတို့နှစ်ယောက်တည်းနဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းအတန်းကို တိုက်ရိုက်လာရဲတာလား?"


"ယာယီအဖွဲ့ဝင်တွေကိုရှာရင် ရလဒ်တွေက အဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေတယ်… ကျပန်းကျောင်းသားတွေနဲ့ တွေ့တာက ပိုကောင်းပါတယ်… အနည်းဆုံးတော့ ငါတို့နှစ်ယောက်စလုံးက ကောင်းကောင်းလုပ်ဆောင်နိုင်ရင် ရလဒ်တွေက ဆိုးရွားမှာ မဟုတ်ဘူး… ဒီစာမေးပွဲက လူ 12 ယောက်ရှိမှာဆိုတော့ ငါတို့နဲ့ မရင်းနှီးတဲ့ လူ 10 ယောက်ရှိရမယ်… စာမေးပွဲခန်းထဲကို ရောက်သွားတဲ့အခါ ကံတရားပေါ်မှာပဲ မူတည်တော့တယ်… အဆိုးဆုံးကတော့ စာမေးပွဲကျပြီး ပထမထပ်ကို ပြန်သွားရုံပါပဲ…"

ချင်မြောင်က အလွန်တည်ငြိမ်နေပြီး စာမေးပွဲကျခြင်းအတွက် စိတ်မဝင်စားဟန်ပေါ်သည်။


ချင်လုက သူမအစ်မကိုကြည့်ကာ တိုးတိုးပြောသည်။

"ရှင်းဝမ်နဲ့ တွေ့တာ ငါတို့ အရမ်းကံကောင်းတယ်… ဒီတစ်ခေါက်လည်း ငါတို့တွေ လဲလျောင်းပြီး အောင်နိုင်တယ်…"

ချင်မြောင်က မျက်ခုံးပင့်ကာ ဘာမှပြန်မပြောပေ။


သူတို့စကားပြောနေစဉ်မှာပင် သူတို့နောက်မှ ခြေသံများထွက်လာသည်။ တည်းခိုခန်းဆီသို့ လူလေးယောက် ယောင်္ကျားလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက် လျှောက်လာကြသည်။ ယောင်္ကျားလေးက သူ့ဘေးနာက မိန်းကလေး၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့လှုပ်ရှားမှုတွေက ရင်းနှီးသော စုံတွဲဆက်ဆံရေးလိုဖြစ်သည်။ မိန်းကလေးထဲက တစ်ယောက်က ဆံပင်ကောက်ကောက်ဖြင့် နောက်တစ်ယောက်က ဆံပင်ဖြောင့်သည်။ သူတို့နှစ်ယောက်စလုံးက ရုပ်ရည်ကြည့်ကောင်းပေမယ့် မျက်နှာတွေက ဖြူဖျော့နေပြီး နည်းနည်းတော့ စိုးရိမ်နေပုံရသည်။


သူတို့လေးယောက်ရောက်လာတာနဲ့ တစ်ပြိုင်နက် သူတို့နားထဲတွင် ရင်းနှီးသော စက်ရုံအသံမြည်လာသည်။

"ဒီစာမေးပွဲက သုတေသနအဖွဲ့ 3 ဖွဲ့ အတူတူကျပြီး ကျောင်းသား 10 ယောက်ရှိပါတယ်… စာမေးပွဲစတော့မည်ဖြစ်တာကြောင့် တည်းခိုခန်းထဲကိုဝင်ကြပါ…"


သူတို့လေးယောက်ထဲက အရပ်ရှည်ရှည် ကောင်လေးက “Fuck”ဟု ဆဲလိုက်သည်။ ဖြောင့်စင်းသော ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးက သူ့လက်ကိုဆုပ်ကိုင်ထားကာ ပြောလေသည်။

"တောထဲမှာ ဒီကြောက်စရာကောင်းတဲ့တည်းခိုခန်းက သရဲခြောက်တဲ့အိမ်နဲ့တူတယ်… အဲဒီထဲမှာမသန့်ရှင်းတဲ့အရာတွေ ရှိကောင်းရှိနိုင်တယ်… ငါတို့ ဒီမှာနေရမှာ သေချာလား?"


ယွဲ့ရှင်းဝမ်က သူတို့လေးယောက်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"မင်္ဂလာပါ… မင်းတို့အားလုံးက ဘယ်ဘာသာရပ်ကလဲ?"


သူတို့လေးယောက်က သူ့ကို သတိရှိစွာကြည့်ကာ ဆံပင်ကောက်ကောက်နဲ့ မိန်းကလေးက ပြောလေသည်။

"ငါတို့က ဘာလို့ နင့်ကိုပြောပြရမှာလဲ?"


‌ချင်မြောင်က အနည်းငယ် စိတ်မရှည်တော့ပေ။

"စာမေးပွဲလိုအပ်ချက်တွေကို မဖတ်ခဲ့ဘူးလား? ဒီသင်တန်းကို အောင်ဖို့အတွက် သေခြင်းကုဒ်ကို ဖြေရှင်းပြီး 6 ရက်အသက်ရှင်ရမှာ… ငါတို့က အတန်းကို အောင်မြင်ဖို့အတွက် သဲလွန်စတွေကို မျှဝေရမှာဖြစ်ပြီး အဖြေမှန်ရဖို့ လူတိုင်းက အတူတူ ပူးပေါင်းလုပ်ဆောင်ရမှာ… နှေးတိနှေးတုံ့ လုပ်မနေဘဲ မြန်မြန် မိတ်ဆက်လိုက်…"


မိန်းကလေးနှစ်ယောက်က သူမစကားကြောင့် အံ့အားသင့်သွားပြီး သူတို့ထဲကတစ်ယောက်က မျက်မှောင်ကြုတ်သွားသည်။

"အတန်းဖော်၊ မင်းဘယ်လိုစကားပြောရတာလဲ?"

နောက်တစ်ယောက်ကလည်း ချက်ချင်း ‌သံယောင်လိုက်သည်။

"ဟုတ်တယ်… အရမ်းကြမ်းလိုက်တာ…"


ချင်လုက အခြေအနေကို အဆင်ပြေအောင် ပြောပေးသည်။

"ငါတို့လည်း ဒီသင်တန်းကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ဖို့ မျှော်လင့်ပါတယ်… နင်တို့ကို အခုလေးတင် မေးလိုက်တဲ့ လူချောလေးက တရုတ်ဘာသာစကားဌာနက ထိပ်တန်းကျောင်းသားဖြစ်ပြီး သူ၏ကျိုးကြောင်းဆင်ခြင်မှုက အရမ်းအားကောင်းတယ်… အရင်က ဆေးပညာဌာနမှာတောင် သူ့နောက်လိုက်ပြီး ငါအောင်ခဲ့တာ… နင်တို့တွေ ဒီသင်တန်းမှာ သူ့ညွှန်ကြားချက်ကို နားထောင်ပြီး ဒုက္ခမပေးဘဲ သူ့အကြံဉာဏ်အတိုင်း လိုက်နာရင် နင်တို့လည်း ဒီစာမေးပွဲကို သေချာပေါက် အောင်လိမ့်မယ်…"


ယွဲ့ရှင်းဝမ်: "…"


မဟုတ်ပါဘူး၊ အတန်းဖော်၊ မင်းငါ့ကို အရမ်းကြီးယုံကြည်မှုရှိနေပါလား?


သူတို့လေးယောက်က ယွဲ့ရှင်းဝမ်ကို သံသယဖြင့် ကြည့်နေသည်။

"တကယ်လား?"


ကျန်းဖျင်စစ်က အေးစက်စွာ ပြောလာသည်။

"အချိန်မဖြုန်းနဲ့…"


အရပ်အရှည်ဆုံးကောင်လေးက ပို၍စဉ်းစားတတ်ပြီး ကြီးမြတ်သောနတ်ဘုရားနဲ့ သူတွေ့ပြီဆိုတာကို မှန်းဆရင်း အရှေ့ကိုတိုးကာ ဖော်ရွေစွာ လက်ဆန့်လိုက်သည်။

"မင်္ဂလာပါ… ငါက နန်ယန်ကျောင်းထုံးတက္ကသိုလ်ရဲ့ ဗိသုကာဌာနက ကောင်းရုန်ချန်ပါ… ဒါက ငါ့ချစ်သူ၊ တရုတ်ဘာသာစကားဌာနက ကောင်းရှောင်ရှင်းပါ…"


သူက သူ့ဘေးနားရှိ ဆံပင်ဖြောင့်ဖြောင့်နဲ့ မိန်းကလေးကို နှစ်သိမ့်သောအကြည့်ပေးကာ ဆက်၍မိတ်ဆက်ပေးခဲ့သည်။

"ဒါက ငါ့ရဲ့ဝမ်းကွဲညီ၊ ရူပဗေဒဌာနက လုခိုင်၊ ပြီးတော့ ဒါက သူ့ရဲ့ချစ်သူ၊ ဇီဝသိပ္ပံဌာနက လော့ကျားကျား…"


ယွဲ့ရှင်းဝမ်: "..."


ဒီသုတေသနအဖွဲ့က အမျိုးတွေနဲ့ စုံတွဲတွေလား?


လျှိုကျောက်ချင်းက သူတို့ကို စလေသည်။

"မင်းတို့က စာကြည့်တိုက်ကိုလာတာ မိသားစုတွေပါ ခေါ်ခဲ့တာလား?"


ကောင်းရုန်ချန်က အကူအညီမဲ့သောအကြည့်ဖြင့် ပြောသည်။

"အဲဒီနေ့က ငါတို့လေးယောက် အတူတူ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာ… ငါတို့ ကျောင်းပြန်ရောက်တော့ စာကြည့်တိုက်တံခါးပွင့်နေတာကို တွေ့လိုက်ရတယ်… သိချင်စိတ်နဲ့ အထဲဝင်ကြည့်လိုက်ပေမယ့် ငါတို့ အပြင်ထွက်မရတော့ဘူး… ဟူး… ‌မပြောပါနဲ့တော့ စိတ်ညစ်လွန်းလို့…"


လူတိုင်း: "..."


ဒါဆို မင်းတို့က တကယ်ကို ကြေကွဲစရာ နှစ်ဆဖြစ်သွားတာပေါ့။


ယွဲ့ရှင်းဝမ်က တရုတ်ဘာသာစကားဌာနမှ ကောင်းရှောင်ရှင်းကို ကြည့်ကာ မေးသည်။

"ငါလည်း တရုတ်ဘာသာစကားဌာနပါ… မင်းက ဘယ်လိုစွမ်းရည်စာအုပ်မျိုး ရတာလဲ?"


ကောင်းရှောင်ရှင်းက သူမချစ်သူကိုကြည့်ကာ သူက တိုးတိုးပြောလိုက်သည်။

"လူတိုင်း စာမေးပွဲခန်းထဲမှာ 6 ရက်လောက်နေရမှာ… ဘာပဲဖြစ်ဖြစ် မင်းရဲ့စွမ်းရည်ကို ဖုံးကွယ်ထားလို့မရဘူး… ဒီတော့ သူတို့ကို ပြောပြလိုက်တာ ကိစ္စမရှိပါဘူး… အခု စာကြည့်တိုက်သဘောတူညီချက်လည်း ရှိတယ်မလား? သူတို့က လူတွေကို ပေါ့ပေါ့ဆဆ မထိခိုက်ရဲပါဘူး…"


ကောင်းရှောင်ရှင်းက စိတ်သက်သာရာရသွားပြီး ပြောလာသည်။

"ငါက “ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း”ရထားပြီး ‘Pause’ နဲ့ ‘Comma’ က စက္ကန့်အနည်းငယ်လောက် ခဏရပ်စေပြီး ‘Period’က တစ်စုံတစ်ယောက်ရဲ့ စကားတွေကို ချက်ချင်း ရပ်တန့်စေနိုင်တယ်… ‘Double Quotation Marks’ကတော့ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ဘောင်ခတ်ပြီး နေရာပြောင်းပေးလို့ရတယ်… ‘Ellipsis’က အချိန်နှောင့်နှေးစေပြီး လုပ်ဆောင်ချက်တွေကို နှေးကွေးစေတယ်… ‘Consecutive Exclamation Marks’ကတော့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ထုတ်လွတ်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က မနေနိုင်စွာ ပြုံးလိုက်သည်။

"Question Mark ကကျတော့ ဘာလဲ?"


ကောင်းရှောင်ရှင်း၏မျက်နှာက အနည်းငယ် ရှက်ရွံ့သွားသည်။

"တစ်ဖက်လူကို Question Mark တွေနဲ့ ပြည့်သွားစေပြီး လုံးဝစိတ်ရှုပ်သွားစေတယ်…"


လူတိုင်း: "????"


[TK: ‘Pause’ ကတော့ ဖုန်း၊တီဗီ၊ကွန်ပျူတာတွေထဲက ဗီဒီယိုတွေကို ရပ်တဲ့သင်္ကေတဖြစ်ပါတယ်။

‘Comma’ရဲ့ သင်္ကေတက ‘ , ’ ဖြစ်ပါတယ်။

‘Period’ရဲ့ သင်္ကေတက ‘ . ’ ဖြစ်ပါတယ်။

‘Double Quotation Marks’ရဲ့ သင်္ကေတက ‘ ( ) ’ ဖြစ်ပါတယ်။

‘Ellipsis’ရဲ့ သင်္ကေတက ‘ … ’ ဖြစ်ပါတယ်။ 

‘Consecutive Exclamation Marks’ရဲ့ သင်္ကေတက ‘ !!! ’ ဖြစ်ပါတယ်။

‘Question Mark’ရဲ့ သင်္ကေတက ‘ ??? ’ ဖြစ်ပါတယ်။]


တရုတ်ဘာသာစကားဌာန၏ စွမ်းရည်က တကယ့်ကို ထူးဆန်းပါသည်။


ကောင်းရုန်ချန်က ချောင်းဟန့်ကာ ပြောသည်။

"ငါတို့ မိတ်ဆက်ပြီးပြီ၊ မင်းတို့ကရော?"


ယွဲ့ရှင်းဝမ်: "ငါတို့လေးယောက်က တရုတ်ဘာသာစကားဌာန၊ သင်္ချာဌာန၊ ဆေးပညာဌာနနဲ့ ကွန်ပျူတာဌာနကပါ…"


ကောင်းရုန်ချန်က ခေါင်းငြိမ့်ပြပြီး ဆံပင်တိုတို မိန်းကလေးနှစ်ယောက်ကို လှည့်ကြည့်ကာ

"ဟမ်? မင်းတို့နှစ်ယောက်က တစ်ပုံစံတည်း… အမြွှာတွေလား?"


ချင်လု: "အင်း… ငါ့အစ်မက သမိုင်းဌာနကဖြစ်ပြီး ငါက ပထဝီဝင်ဌာနကပါ… အားလုံး ဂရုစိုက်ကြပေးပါဦး…"


စာမေးပွဲခန်းက လူတွေအားလုံး ရှိနေလေပြီ။


ယွဲ့ရှင်းဝမ်က လူတိုင်းကို သူတို့၏ဘာသာရပ်တွေအကြောင်း ကြိုမေးထားသည်။ ညဘက်မှာ တကယ် ‌သရဲခြောက်ရင် လွတ်မြောက်ဖို့အတွက် လူတိုင်း၏ဘာသာရပ်နဲ့ စွမ်းရည်တွေကို ကြိုသိထားတာက အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်သည်။


ကျန်းဖျင်စစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အထဲဝင်ရအောင်…"


သူက အရှေ့ကိုလှမ်းပြီး တံခါးဖွင့်လိုက်သည်။


တိတ်ဆိတ်နေသော တောအုပ်ထဲတွင် သစ်သားတံခါးကို တွန်းဖွင့်လိုက်သော ‘ကျွီ’ဟူသောအသံက ညဘက်တွင် လူတိုင်း၏ဦးရေပြားကို ထုံကျင်သွားစေသည်။


ပျက်စီးနေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အိမ်ထဲမှ လေအေးများ ရုတ်တရက် ထွက်ပေါ်လာသည်။ အိမ်သည် နှစ်ပေါင်းများစွာ ဘယ်သူမှမနေဘဲ စိုစွတ်ပြီး အနံ့ဆိုးထွက်နေသည်။ ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားသည်။ သူက အနီးကပ် တစ်ချက်ကြည့်လိုက်သည်——


မြေပြင်တွင် အလွန်ရိုးရှင်းသော ကျောက်ပြားကြမ်းခင်းများဖြင့် ဖုံးအုပ်ထားသည်။ တည်းခိုခန်းတစ်ခုလုံးကို ရှေးဟောင်းပုံစံဖြင့် တည်ဆောက်ထားပြီး အပေါ်ထပ်ကိုတက်သည့် သစ်သားလှေကားများလည်းရှိသည်။ 


ပထမထပ်တွင် သစ်သားထိုင်ခုံများနှင့် သစ်သားစားပွဲ အနည်းငယ်ရှိပြီး၊ ထို့နောက် check-in ဝင်ဖို့အတွက် ဧည့်ကြိုနေရာရှိသည်။ အချိန်အတော်ကြာ ဂရုမစိုက်ခြင်းကြောင့် အိမ်ထဲတွင် တောရိုင်းပင်းများပေါက်လာပြီး စိမ်းလန်းသောနွယ်ပင်များက အိမ်ခေါင်မိုးပေါ်သို့ တက်နေကြသည်။


ယွဲ့ရှင်းဝမ်က သူ့နောက်က ကျောင်းသားများကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"လူတိုင်း တတ်နိုင်သမျှ မြန်မြန် တည်းခိုခန်းထဲကို လျှောက်သွားကြည့်ကြ… အတွင်းပိုင်းဖွဲ့စည်းပုံကို အရင်ရှာပြီးမှ သဲလွန်စတွေကို သီးသန့်စုဆောင်းမယ်…"


#TK