Chapter 42
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 42 (သေခြင်းကုဒ် ၀၁)


ယွဲ့ရှင်းဝမ်က ဆေးပညာဌာန၏ အတန်းအချိန်ဇယားကို ကြည့်လိုက်သည်။ ယနေ့တွင် ဆေးပညာဌာန၏ မသင်မနေရသင်တန်း ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’သင်တန်းကို မနက် 8 နာရီတွင် စတင်ခဲ့တာကြောင့် အခုက 10 နာရီခွဲပြီဖြစ်ပြီး ကျိုဖုန်းနဲ့ အခြားသူတွေ ပြန်ရောက်လောက်ပြီ။ သူက သုတေသနအဖွဲ့ chat channel မှာ မေးလိုက်သည်။

"စီနီယာအစ်ကိုကျို ပြန်ရောက်ပြီလား?"


ခယ်ရှောင်ပင်းက လျင်မြန်စွာ ပြန်ဖြေသည်။

"သူတို့ အခုလေးတင်မှ အိပ်ဆောင်ကို ပြန်ရောက်တာ… စီနီယာအစ်ကိုကပြောတယ် သူတို့ ဒီအရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အတန်းကို ရှင်းလင်းရေးအမှတ် 70 နဲ့ ကပ်အောင်ခဲ့တာတဲ့… ဒီတစ်ခေါက် သင်တန်းပြန်တက်တော့ အခက်အခဲက သိသိသာသာတိုးလာပြီး သေဆုံးသူနဲ့ လူသတ်သမားကလည်း ပြောင်းသွားတယ်…"


ယွဲ့ရှင်းဝမ်က သက်ပြင်းချကာ ပြောသည်။

"ပြန်ဖြေရင်က အမှတ်တွေ ရမှာမှမဟုတ်တာ… သူတို့အောင်ရင် ရပါပြီ… နေ့လယ်စာ အတူတူစားရအောင်…"


ဤအခိုက်အတန့်တွင် ယွဲ့ရှင်းဝမ်က သူ့နားထဲ၌ system အချက်ပြသံကို ရုတ်တရက် ကြားလိုက်ရသည်။

"သင့်ဆီမှာ private message အသစ်တစ်ခု ရောက်နေပါပြီ… ကျေးဇူးပြုပြီး စစ်ကြည့်ပါ…"


ယွဲ့ရှင်းဝမ်က ၎င်းကို သံသယဖြင့် ဖွင့်ကြည့်လိုက်ရာ private message တွင် ရင်းနှီးသောနာမည် ‘ကျန်းရှောင်နျန်’နှင့်အတူ အကြောင်းအရာမှာ “စီနီယာအစ်ကို၊ ကျွန်တော် F-965 မှာ”ဟု ရေးထားသည်။ စာကြည့်တိုက်ရှိ သတ်မှတ်ထားသော အတန်းဖော်များထံ private message ပေးပို့တာက အမှတ်များကုန်တာကြောင့် ကျန်းရှောင်နျန်က အချက်အလက်ကို ရိုးရှင်းစေရန် အစွမ်းကုန်ကြိုးစားပြီး ယွဲ့ရှင်းဝမ် သူ့ကို ရှာစေရန် အိပ်ဆောင်နံပါတ်ကို သိသာစွာဖော်ပြထားသည်။ 


14 ရက်နေ့တွင် နှင်းများထူထပ်စွာကျနေတာကို ယွဲ့ရှင်းဝမ် သတိရမိသည်။ ထိုင်ခုံနေရာယူဖို့ စာကြည့်တိုက်ကို သွားခဲ့ရာ အိပ်ဆောင်၏ ထောင့်နားကို လှမ်းကြည့်လိုက်တော့ အတန်းဖော်တစ်ယောက်က နှင်းထဲကို တလှုပ်လှုပ်နဲ့ ဖြဲကားပြီး လဲကျသွားတာကို တွေ့လိုက်ရသည်။ သူက ထိုကျောင်းသားကို ကူညီပေးခဲ့ပြီး ကျန်းရှောင်နျန်မှန်း သိလိုက်ရသည်။ သူတို့နှစ်ယောက် အတူတူ စာကြည့်တိုက်ကို လာခဲ့ကြသည်။ ယွဲ့ရှင်းဝမ်က ပထမထပ်က အီလက်ထရွန်နစ်စာဖတ်ခန်းကို သွားခဲ့ပြီး ကျန်းရှောင်နျန်က 4 ထပ်မြောက်ရှိ စာကြည့်ခန်းကို သွားခဲ့ရာ နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတော့ပေ။

 

ကျန်းရှောင်နျန်လည်း ဒီရောက်နေတာလား?


ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ဆဲလိုက်သည်။

"Shit! ကျန်းရှောင်နျန်လည်း စာကြည့်တိုက်ကို ရောက်လာပြီ… သူ ငါ့ကို private message ပို့လိုက်တယ်!"


ကျန်းဖျင်စစ်က မေးလေသည်။

"အမှတ် 7 အထက်တန်းကျောင်းက အဲဒီဂျူနီယာညီလေးလား? ဗိသုကာဌာနရဲ့ မြို့ပြအင်ဂျင်နီယာဌာနက ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းတဲ့ လူလား?"


ယွဲ့ရှင်းဝမ်က မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။

"အဲဒါ သူပဲ…"


ကျန်းရှောင်နျန်က သူတို့အထက်တန်းကျောင်းသားဟောင်းဖြစ်ပြီး ယွဲ့ရှင်းဝမ်က ဒီဂျူနီယာညီလေးကို အလွန်ဂရုစိုက်တာကြောင့် ကျန်းဖျင်စစ်က သူ့ကို ကောင်းကောင်းသိနေခဲ့သည်။


ဂျူနီယာညီလေးက ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းမှုဖြင့် ကျော်ကြားသည်။ တစ်ခါက မနက်ခင်းမှာ အတန်းစပြီး 5 မိနစ်အကြာတွင် ကျန်းရှောင်နျန်က ထိတ်လန့်တကြားနဲ့ စာသင်ခန်းထဲကို အမြန်ပြေးလာခဲ့သည်။ ထိုအချိန်က ယွဲ့ရှင်းဝမ်သည် အရှေ့တန်းမှာ ထိုင်နေခဲ့သည်။ ကျန်းရှောင်နျန်သည် ယွဲ့ရှင်းဝမ်ကိုမမြင်ဘဲ ပါမောက္ခကို 90 ဒီဂရီ ဦးညွတ်ပြီး အနောက်တန်းကို အလျန်အမြန်ပြေးကာ ထိုင်ချလိုက်သည်။ အတန်းကို တစ်မိနစ်လောက် နားထောင်ပြီးချိန်တွင် သူ ဘာမှနားမလည်ကြောင်း သဘောပေါက်သွားခဲ့သည်။


ပါမောက္ခက ဘာလို့ ကမ္ဘာ့သမိုင်းစာပေကို ပြောနေရတာလဲ!

[TK: ယွဲ့ရှင်းဝမ်က ဝိဇ္ဇာတွဲဖြစ်ပြီး ကျန်းရှောင်နျန်က သိပ္ပံတွဲဖြစ်တာကြောင့် သင်ကြားရေးတွေက လုံးဝကွာခြားပါတယ်]


ယွဲ့ရှင်းဝမ်က စိတ်ညစ်စွာ သူ့ကို message ပို့လိုက်သည်။

"မင်း စာသင်ခန်းမှားနေတယ်! ဒါက F-301 ကြီး…"


ကျန်းရှောင်နျန်က ခေါင်းမော့လိုက်ကာ သူ့ကိုကြည့်နေသော ယွဲ့ရှင်းဝမ်၏အကြည့်နဲ့ ဆုံသွားသည်။ သူ့မျက်နှာက နီမြန်းလာပြီး အနောက်တံခါးကနေ အမြန် ပြေးထွက်သွားသည်။


ပါမောက္ခက ဒေါသထွက်သွားသည်။

"ဒီကျောင်းသားက ဘယ်အတန်းကလဲ? သူက နောက်ကျမှလည်းလာပြီး အရှေ့တံခါးကနေ ငါ့ကို ဦးညွတ်ပြီးတော့ အနောက်တံခါးကနေ ထွက်သွားရလား? အဲဒီလိုစိတ်ထားမကောင်းတဲ့ ကျောင်းသားတွေက စာမေးပွဲလာဖြေစရာမလိုဘူး!"


ယွဲ့ရှင်းဝမ်က မတ်တပ်ထရပ်ကာ ရှင်းပြသည်။

"ပါမောက္ခ၊ သူက ဗိသုကာဌာနက ပထမနှစ်ပါ… သူ စာသင်ခန်းမှားသွားတာ…"


ပါမောက္ခက အသံတိုးတိုးဖြင့် ပြောလေသည်။

"ဗိသုကာပညာကို လေ့လာနေပေမယ့် သူ့မှာ ဦးတည်ချက်ကို အာရုံမခံနိုင်ရင် နောက်ကျရင် သူက ဝင်္ကပါဆောက်မှာလား?"


တစ်တန်းလုံးက အကြာကြီး ရယ်မောကြသည်။ ထိုအချိန်မှစ၍ ယွဲ့ရှင်းဝမ်တွင် ဦးတည်ချက်ကို အာရုံမခံနိုင်သော ယောင်ချာချာ ဂျူနီယာညီလေးရှိတယ်ဆိုတာ လူတိုင်း သိသွားကြသည်။


ဟွာအန်းတက္ကသိုလ်၏ ဌာနတစ်ခုစီတွင် ကိုယ်ပိုင်သီးသန့် အဆောက်အဦးရှိပေမယ့် အများသူငါစိတ်ကြိုက်သင်တန်းနှင့် ဟောပြောပွဲအများအပြားမှာ သင်ကြားရေး အဆောက်အအုံတွင်သာ ရှိသည်။ သင်ကြားရေးအဆောက်အအုံကို A မှ F အထိ နယ်ပယ်ခြောက်ခုခွဲထားသည်။ ကျန်းရှောင်နျန်သည် သင်ကြားရေးအဆောက်အဦး၏ မြေမျက်နှာသွင်ပြင်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်အား သင်ကြားရေးအဆောက်အဦးအတွင်း စာသင်ခန်းခွဲဝေမှုဆိုင်ရာ အသေးစိတ်မြေပုံကို ရေးဆွဲပေးရန် အကူအညီတောင်းခဲ့သည်။ ကျန်းရှောင်နျန်သည် ၎င်းကို ရှင်းရှင်းလင်းလင်းမှတ်မိရန် တစ်လခွဲကြာခဲ့သည်။


ကျန်းဖျင်စစ်က ပြောသည်။

"သူက မင်းဆီ private message ပို့ခဲ့တာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"အိပ်ဆောင် F-965 ကို သွားကြည့်ရအောင်… သူ ဒုက္ခရောက်နေနိုင်တယ်…"


သူတို့နှစ်ယောက်သည် အိပ်ဆောင်ဧရိယာ F ကို အတူတူသွားပြီး F-965 ကိုရှာတွေ့ကာ တံခါးခေါက်လိုက်သည်။


အိပ်ဆောင်တံခါးပွင့်လာပြီး ယွဲ့ရှင်းဝမ်က ရင်းနှီးသောမျက်နှာကို တွေ့လိုက်ရသည်။ ကျန်းရှောင်နျန်က အရပ် 1.7 မီတာသာရှိကာ ပိန်ပိန်ပါးပါး၊ တောက်ပသော မျက်လုံးကြီးကြီးများ၊ ချစ်စရာကောင်းသော ကလေးမျက်နှာနှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အထက်တန်းကျောင်းပြီးသွားသော ဆယ်ကျော်သက်အရွယ် ငယ်ရွယ်နုပျိုမှုကို သယ်ဆောင်ထားသေးသည်။ 


ယွဲ့ရှင်းဝမ်ကို မြင်ပြီးနောက် သူ့မျက်လုံးတွေက ချက်ချင်း နီရဲလာပြီး မကျေနပ်သောအကြည့်ဖြင့် ပြောလာသည်။

"စီနီယာအစ်ကို!"


ယွဲ့ရှင်းဝမ်က သူ့ခေါင်းအား ပွတ်ပေးချင်သည့်ဆန္ဒကို တွန်းလှန်ရင်း နွေးထွေးစွာမေးသည်။

"မင်းက ဘယ်လိုလုပ် စာကြည့်တိုက်ကို ရောက်လာတာလဲ?"


ကျန်းရှောင်နျန်က ရှင်းပြသည်။

"14 ရက်နေ့တုန်းက ကျွန်တော် စီနီယာအစ်ကိုနဲ့ စာကြည့်တိုက်ကို သွားခဲ့တယ်မဟုတ်ဘူးလား? အဲဒီတုန်းက 4 ထပ်ကို စာလေ့လာဖို့ သွားခဲ့ပြီး စာကြည့်တိုက်မှာ တစ်နေ့လုံး အချိန်ဖြုန်းပြီးတော့ ည 10 နာရီအထိ မတော်တဆ အိပ်ပျော်သွားခဲ့တယ်… နိုးလာတော့ အနားမှာ ဘယ်သူမှ မရှိတော့ဘူး…"


အဲဒီညက အတွေ့အကြုံကို တွေးကြည့်တော့ ကျန်းရှောင်နျန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့လာသည်။

"အဆောက်အဦးတစ်ခုလုံးက သရဲခြောက်တဲ့အိမ်လို တိတ်ဆိတ်နေတယ်… ကျွန်တော် အချိန်ကိုကြည့်လိုက်တော့ 11 နာရီ ထိုးခါနီးနေပြီ! ကျွန်တော် အမြန် ပထမထပ်ကို ပြေးဆင်းလိုက်တဲ့အချိန်…" 


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောလာသည်။

"မင်းထွက်လို့မရတော့တာလား?"


ကျန်းရှောင်နျန်က ခေါင်းငုံ့ကာ မှုန်ကုပ်စွာ ပြောလေသည်။

"အင်း… စာကြည့်တိုက်က ကျွန်တော့်ကို အပြင်ထွက်ခွင့်မပေးဘဲ ဆေးပညာဌာနရဲ့ သင်တန်းကို တက်ခိုင်းတယ်… ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’ပြီးတော့ အမှတ်စာရင်းကို ကျွန်တော် နှိပ်ကြည့်လိုက်တာ စီနီယာအစ်ကိုရှင်းဝမ်နဲ့ စီနီယာအစ်ကိုကျန်းတို့က ပထမနေရာမှာ ချိတ်နေတာကိုတွေ့လိုက် စီနီယာအစ်ကိုရှင်းဝမ်ဆီ private message ပို့လိုက်တာ…"


တစ်နည်းဆိုရသော် ကျန်းရှောင်နျန်က ယွဲ့ရှင်းဝမ်နှင့်အတူ ထိုနေ့တွင် စာကြည့်တိုက်ထဲသို့ ဝင်ခဲ့သော်လည်း ယွဲ့ရှင်းဝမ်ထက် တစ်နာရီကျော်နောက်ကျခဲ့သည်။ သူသည် ဆေးပညာဌာန၏ ‘စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း’နှင့် ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’တို့ကို ယနေ့တွင် ပြီးဆုံးခဲ့ပြီး ယွဲ့ရှင်းဝမ်က လွန်ခဲ့သောအပတ်က စာမေးပွဲကို ပြီးဆုံးခဲ့သည်။


စာကြည့်တိုက်၏အချိန်က လက်တွေ့ကမ္ဘာနှင့် လုံးဝကွဲပြားပုံရသည်။


ယွဲ့ရှင်းဝမ်က သူ့ရှေ့က ဂျူနီယာညီလေးကို ကြည့်ကာ မေးလိုက်သည်။

"မင်း ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’ကို ဘယ်လိုဖြတ်ကျော်ခဲ့တာလဲ?"


ကျိုးရှောင်နျန်: "ကျွန်တော်တို့ကို ဖြတ်ကျော်နိုင်အောင်လုပ်ပေးခဲ့တဲ့ ရှင်းကျိုးတက္ကသိုလ်ရဲ့ ဆေးပညာဌာနက ဘွဲ့လွန်စီနီယာအစ်မနဲ့ ကျွန်တော်ဆုံခဲ့တာ… အဲဒီသင်တန်းမှာ ကျွန်တော် အမှတ် 70 ပဲ ရခဲ့တယ်… ကျွန်တော် အမှတ်စာရင်းကို တွေ့လိုက်ချိန် စီနီယာတို့နှစ်ယောက်က အမှတ် 125 နဲ့ ထိပ်ဆုံးမှာ ချိတ်ထားတာပဲ… စီနီယာတို့က အရမ်းတော်တယ်!"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်လာပြီး ယွဲ့ရှင်းဝမ်က တစ်ဖက်ကို ယိုင်ကာ ရှင်းပြသည်။

"မင်းက ငါ့ထက်အရင် သင်တန်းကိာ တက်ခဲ့တာဆိုတော့ ငါက မင်းအနောက်မှာ ရောက်နေပြီး ငါတို့အမှတ်တွေက အတူတူနဲ့ ပထမမှာ ချိတ်နေတာ…"


ကျန်းဖျင်စစ်က နောက်ထပ်ဘာမေးခွန်းမှမမေးတော့ဘဲ ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"နောက်ထပ်ဘာအစီအစဉ်ရှိလဲ?"


ကျန်းရှောင်နျန်က အသနားခံသောမျက်နှာနှင့် ယွဲ့ရှင်းဝမ်ကိုကြည့်ကာ တောင်းဆိုသည်။

"စီနီယာအစ်ကို၊ ကျွန်တော်က သုတေသနအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို ဖွင့်ထားပြီ၊ ကျွန်တော် စီနီယာတို့ထဲ ဝင်လို့ရလား? ကျွန်တော့်မှာ အဖွဲ့မရှိသေးဘူး… ပြီးတော့ နောက်ထပ်သင်တန်းတွေကို ဘယ်လိုဖြတ်ကျော်ရမလဲမသိသေးဘူး…"


ဒီလိုပြောပြီးနောက် သူက ကျန်းဖျင်စစ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။


ကျန်းဖျင်စစ်က ဘာမှမပြောဘဲ အေးစက်စက်ဖြင့် မတ်တတ်ရပ်နေသည်။


ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ထက် နှစ်တန်းပိုကြီးသည်။ အထက်တန်းကျောင်းတုန်းက ယွဲ့ရှင်းဝမ် စကားပြောပြိုင်ပွဲတွင် ပါဝင်တိုင်း ကျန်းရှောင်နျန်သည် သူ၏စကားကိုနားထောင်ပြီး ပြင်းပြင်းထန်ထန် ချီးကျူးလေ့ရှိသည်။ သူက ယွဲ့ရှင်းဝမ်၏ နံပါတ်တစ် ပရိတ်သတ်အကြီးစားဖြစ်သည်။ တက္ကသိုလ်ရောက်သောအခါ သူက ပထမဆုံးလုပ်သောအရာက ယွဲ့ရှင်းဝမ်ကိုရှာပြီး သူငယ်ချင်းအဖြစ် ပေါင်းထည့်ရန်ဖြစ်ကာ ယွဲ့ရှင်းဝမ် သွားလေရာအနောက်သို့ တကောက်ကောက်လိုက်လေသည်။


ယွဲ့ရှင်းဝမ်က သူ၏ညီငယ်လေးတစ်ယောက်လို အမြဲဆက်ဆံပြီး ညီငယ်လေးအား ကျောင်းဝင်းပတ်ဝန်းကျင်နှင့် ရင်းနှီးလာစေရန်၊ ဗိသုကာဌာနထံမှ ရည်ညွှန်းအချက်အလက်များ ငှားယူခြင်းအပါအဝင် နေထိုင်မှုနှင့် လေ့လာဆိုင်ရာ ကဏ္ဍအသီးသီးတွင် သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည်။ 


ကျန်းရှောင်နျန်ကလည်း အထူးချစ်စဖွယ်ကောင်းပြီး သူ့ကို ‘စီနီယာအစ်ကို’ဟု အလွန်ရင်းနှီးစွာခေါ်ဆိုသည်။


ကျန်းဖျင်စစ်ကတော့ သူ့ကို သိပ်မသဘောကျဘူး။ ဒီကောင်၏ဦးနှောက်က တစ်ခုခုလွတ်သလို အမြဲခံစားရသည်။ သူက နေ့တိုင်း အိပ်ချင်မူးတူးလိုမျိုး ယောင်ချာချာဖြစ်နေတတ်သည်။ သို့သော် ယွဲ့ရှင်းဝမ်က ဒီဂျူနီယာညီလေးကို ကောင်းကောင်းဂရုစိုက်ပြီး ကျန်းရှောင်နျန်က အရင်ဆုံး အကူအညီတောင်းခဲ့တာကြောင့် ယွဲ့ရှင်းဝမ်၏စရိုက်နဲ့ ငြင်းဆန်ဖို့ မဖြစ်နိုင်ဘူး။


ဂျူနီယာညီလေး၏ စိတ်မသက်မသာအကြည့်ကို ရင်ဆိုင်ရသောအခါ ကျန်းဖျင်စစ်က ပေါ့ပါးစွာဆိုသည်။

"ငါတို့အဖွဲ့က လောလောဆယ်မှာ လူပြည့်နေပြီဖြစ်တာကြောင့် စီနီယာအစ်ကိုကျိုဖုန်းဘက်ကိုပဲ မေးကြည့်လို့ရမယ်… ဒါပေမယ့် ငါတို့ 3 ထပ်မြောက်ကို ရောက်ရင် ရှင်းယန်ကို အဖွဲ့ထဲထည့်မယ်လို့ မင်း အပေးအယူလုပ်ခဲ့တယ်လေ…"


ယွဲ့ရှင်းဝမ်လည်း အလွန်အခက်ကြုံသွားသည်။ သူတို့၏ C-183 သုတေသနအဖွဲ့တွင် လူ 4 ဦး အပြည့်ရှိနေပြီး လူပြောင်းရန် မဖြစ်နိုင်တော့ပေ။ ကျိုဖုန်းဘက်မှာ လူတစ်ယောက် လွတ်သေးတယ် ဆိုပေမယ့် ရှင်းယန်ကို ထည့်မယ်လို့ သူတို့ပြောထားပြီဖြစ်တာကြောင့် စကားကိုပြန်ရုတ်သိမ်းလို့ မရတော့ဘူး။


သို့သော် ကျန်းရှောင်နျန်က ယွဲ့ရှင်းဝမ်၏ ရင်းနှီးသောဂျူနီယာညီလေးဖြစ်ပြီး ယွဲ့ရှင်းဝမ်၏ စကားကို အလွန်နားထောင်သည်။ ဒါကြောင့် ယွဲ့ရှင်းဝမ်က ဒီကောင်လေးကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ ကျန်းရှောင်နျန်၏ ဦးတည်ချက် အာရုံခံရာအားနည်းမှုဖြင့် ‌‌အခြားအထပ်တွေမဆိုထားနှင့် 2 ထပ်မြောက်က ဝင်္ကပါမှာ သူတစ်ယောက်တည်း သေလောက်အောင် လည်နေလိမ့်မည်။ 


ယွဲ့ရှင်းဝမ်က ခဏလောက် ဂရုတစိုက်စဉ်းစားပြီး 

"ဒီလိုလုပ်ရအောင်… ရှောင်နျန်က အရင်ဆုံး စီနီယာအစ်ကိုကျိုဆီ ဝင်လိုက်… စီနီယာအစ်ကိုကျို အနောက်ကနေလိုက်ပြီး 2 ထပ်မြောက်က သင်္ချာဌာနကို ကျော်ဖြတ်ပြီးတော့ 3 ထပ်မြောက်ကိုရောက်ရင် ထပ်ညှိကြတာပေါ့…"


ကျန်းဖျင်စစ်က ဒါကိုစဉ်းစားပြီး အကြုံပြုချက်နဲ့ သဘောတူခဲ့သည်။

"အဆင်ပြေပါတယ်… စီနီယာအစ်ကိုကျိုဖုန်းနဲ့ အခြားသူတွေက 2 ထပ်မြောက်မှာ စာမေးပွဲပြန်ဖြေလိမ့်မယ်… ဘာပဲဖြစ်ဖြစ် သူတို့က သင်္ချာဌာနရဲ့ သင်တန်းတွေကို ကျော်ဖြတ်ရမှာပဲ… အဲဒီအချိန်ရောက်ရင် ကျန်းရှောင်နျန်က သူတို့အဖွဲ့ထဲဝင်ပြီး သူတို့အနောက်ကလိုက်ပြီးတော့ လဲအိပ်ပြီး အောင်သွားရုံပဲ…"


ဘယ်သူမှ ဦးဆောင်ခြင်းမရှိပါက ကျန်းရှောင်နျန် ဝင်္ကပါထဲကနေ ဘယ်တော့မှ ထွက်နိုင်မှာမဟုတ်ဘူး။


ကျိုဖုန်းနှင့် အခြားသူတွေက သင်္ချာဌာန၏ သင်တန်းများကို ပြန်ဖြေသောအခါတွင် သူတို့၏တိုးတက်မှုက 2 ထပ်မြောက်တွင်ရှိပြီး ကျန်းရှောင်နျန်က သူတို့အဖွဲ့ထဲ ဝင်နိုင်သည်။


ကျိုဖုန်းနှင့် အခြားသူတွေက 3 ထပ်မြောက်ကို ရောက်သွားသောအခါ လူတိုင်းက အမှတ်များ စုဆောင်းနိုင်ပြီး သုတေသနအဖွဲ့ကို တိုးချဲ့နိုင်ပြီး ရှင်းယန်ကို ပေါင်းထည့်ကာ ဘာကွဲလွဲမှုမှမရှိတော့ဘူး။ ထို့အပြင် ကျန်းရှောင်နျန်က ဗိသုကာဌာနကဆိုတော့ တတိယထပ်မှာရှိသော ဗိသုကာဌာနက သင်တန်းတွေမှာ အကူအညီဖြစ်လိမ့်မည်။ 


ယွဲ့ရှင်းဝမ်က သူ့ကို အဖွဲ့ထဲ ဝင်ခိုင်းမယ်လို့ ကြားသောအခါ သူက ချက်ချင်း ကျေးဇူးတင်စွာပြောသည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို!!!"


ယွဲ့ရှင်းဝမ်က ပြုံးကာ သူ့ပခုံးကို ပုတ်လိုက်သည်။

"ရပါတယ်… ငါ မင်းကို တစ်ယောက်တည်း မထားခဲ့ပါဘူး… ဒါနဲ့ မင်းက ဘယ်လိုစွမ်းရည်တွေ သင်ယူခဲ့တာလဲ?"


ကျန်းရှောင်နျန်က ခါးသက်သက်မျက်နှာဖြင့် ပြောသည်။

"အခု ကျွန်တော့်မှာ စွမ်းရည်တစ်ခုပဲရှိတယ်… အဆောက်အဦးတွေကို ဖြိုဖျက်နိုင်တဲ့ မြေတူးစက်ကို ကျွန်တော်ရခဲ့တယ်…"


ယွဲ့ရှင်းဝမ်: "…"


ကျန်းဖျင်စစ်: "…"


မင်းရဲ့ဗိသုကာဌာနက အရမ်းကြမ်းပါလား?


ယွဲ့ရှင်းဝမ်က မေးလေသည်။

"မင်းက နံရံကိုရော တိုက်ရိုက်ဖြိုချလို့ရလား?"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်ပြီး ရှုပ်ထွေးနေသောအကြည့်ဖြင့် ပြောသည်။

"စာကြည့်တိုက်ထဲမှာက ပစ္စည်းတွေနဲ့ စွမ်းရည်တွေသုံးတာကို တားမြစ်ထားတာကလွဲလို့ အခြားနေရာတွေမှာတော့ တူးလို့ရတယ်… ကျွန်တော့်ရဲ့ပထမသင်တန်း ‘စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း’ကို တက်တုန်းက မြေတူးစက်နဲ့ တစ်လမ်းလုံး လှိမ့်မောင်းခဲ့တယ်…"


စမ်းသပ်ခန်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် မျောက်များနှင့် ယုန်များက မြေတူးစက်ကိုတော့ လုံးဝမယှဉ်နိုင်ပါ။


ယွဲ့ရှင်းဝမ်က ရယ်ရမလို၊ ငိုရမလို ဖြစ်နေသည်။

"မင်းက ဗိသုကာဌာနလား? ဖြိုချရေးရုံးလား?"


ကျန်းရှောင်နျန်က တိုးတိုးပြောသည်။

"ကျွန်တော့်မှာ အခု ဒီစွမ်းရည်တစ်ခုပဲ ရှိသေးပြီး အဆင့် 2 အထိ အဆင့်မြင့်ထားတယ်… အခြားဆောက်လုပ်ရေးပုံစံပြာတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အခြားအရာတွေကို လဲလှယ်ချင်ရင် အမှတ်တွေ အများကြီး လိုအပ်တယ်… ကျွန်တော့်မှာ အမှတ်မလုံလောက်ဘူး… အခု ကျွန်တော့်လက်ထဲမှာ အမှတ် 20 ပဲ ကျန်တော့တယ်…" 


ဒါက နည်းလွန်းတယ်…


ယွဲ့ရှင်းဝမ်က သူ့လက်ကို ဆန့်တန်းပြီး သူ့ဂျူနီယာညီလေး၏ ပခုံးကို ပုတ်လိုက်သည်။

"ရပါတယ်… ဒီစီနီယာအစ်ကိုက မင်းကို နေ့လယ်စာကျွေးမယ်…"


မွန်းတည့်ချိန်ရောက်ခါနီးတွင် ယွဲ့ရှင်းဝမ်က အခြားသူများကို ကန်တင်းနံပါတ် 1 တွင် အတူတူဆုံကြရန် လျှိုကျောက်ချင်းအား သုတေသနအဖွဲ့ကနေ ပြောလိုက်သည်။


လင်းမန့်လော်က ပြုံးကာ စလေသည်။

"ကျန်းရှောင်နျန်လား? နင်က တရုတ်ဘာသာစကားဌာနရဲ့ အတန်းထဲပြေးဝင်ပြီး ပါမောက္ခကို ဦးညွတ်ပြီးတောက် အနောက်တံခါးကနေ ပြေးထွက်သွားတဲ့ ဦးတည်ချက် အာရုံမခံနိုင်တဲ့ ဒဏ္ဍာရီလာလူသားလေးလား?"


ကျန်းရှောင်နျန်က ရှက်နေသည်။

"… ကျွန်တော်… ကျွန်တော်က အရမ်းနာမည်ကြီးနေတာလား?"


ကျိုဖုန်း: "ငါတို့ ကျောင်းရဲ့ မှန်တံခါးကိုလည်း ခွဲခဲ့တယ်မလား?"


ကျန်းရှောင်နျန်: "…"


ယွဲ့ရှင်းဝမ်က သူ၏ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ ပြောသည်။

"ရှောင်နျန်က အဲဒီတုန်းက အိပ်ချင်မူးတူးဖြစ်နေတော့ မှန်တံခါးပိတ်ထားတာကို လေဝင်နေတယ်ထင်ပြီး အမြန်ပြေးသွားတာ မှန်တံခါးကို ပျက်စီးသွားတာ သူ့မျက်နှာကိုတောင် မှန်စတွေ ရှလုနီးပါးဖြစ်သွားတယ်…"

ထိုအချိန်တုန်းက ယွဲ့ရှင်းဝမ်သည် အနီးနားတွင် ရှိနေခဲ့ပြီး ဒီအဖြစ်ဆိုးကို သူ့မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရကာ မူးဝေသွားသော ကျန်းရှောင်နျန်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


ဒီကောင်လေးက နည်းနည်း မဆင်မခြင်နိုင်ပြီး ယွဲ့ရှင်းဝမ်က သူ့ကို အဖွဲ့ထဲ ထည့်ချင်တယ်ဆိုရင် သူ့အဖွဲ့ဝင်များက ထင်မြင်ချက်တွေ ရှိနိုင်သည်။


ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က တိုးတိုးပြောလိုက်သည်။

"ရှောင်နျန်၊ စာကြည့်တိုက်က လက်တွေ့ကမ္ဘာလို မဟုတ်ဘူး… သင်တန်းမှာ မင်းအမှားလုပ်မိတာနဲ့ အဖွဲ့တစ်ခုလုံး ရှင်းပစ်ခံရနိုင်တယ်… မင်း ငါတို့အနောက်လိုက်မယ်ဆိုရင် ငါတို့စကားကို နားထောင်မှရမယ်… မင်းကို မသွားနဲ့လို့ ပြောရင် မသွားနဲ့နော် ကြားပြီလား?"


ကျန်းရှောင်နျန်က လေးလေးနက်နက် ခေါင်းငြိမ့်ပြသည်။

"ကျွန်တော်သိပါတယ်… ကျွန်တော် လူတိုင်းအတွက် အတားအဆီးမဖြစ်စေရပါဘူး…"


ကျိုဖုန်း: "ငါ မင်းကို သင်္ချာဌာနကို ကျော်ဖြတ်နိုင်အောင် ခေါ်သွားပေးလို့ရတယ်… မင်းရဲ့ မြေတူးစက်က 3 ထပ်မြောက်မှာရှိတဲ့ ဗိသုကာဌာနမှာတော့ အသုံးမဝင်လောက်ဘူးမလား?"


လင်းမန့်လော်: "မြို့ပြိုကျခြင်းသင်တန်းမှာ အဲဒါက အသုံးမဝင်ပေမယ့် ဗိသုကာဌာနမှာ အစွမ်းထက်တဲ့ စွမ်းရည်တွေ အများကြီးရှိပါသေးတယ်… ကျိုတိုတက္ကသိုလ်က ဗိသုကာဌာနရဲ့ ထိပ်တန်းကျောင်းသားက ဆောက်လုပ်ရေးပုံစံပြာကို အဆင့်ပြည့် အဆင့်မြင့်တင်ခဲ့တယ်လို့ ငါကြားထားတယ်… သူတို့ တောင်တွေနဲ့ တွေ့ရင် လှိုဏ်ခေါင်းတွေပွင့်သွားပြီး မြစ်တွေနဲ့တွေ့ရင် တံတားတွေဆောက်သွားတာတဲ့… အတော်‌လေးအစွမ်းထက်တယ်…"


ကျိုဖုန်းက ခဏလောက်စဉ်းစားပြီး ပြောသည်။

"တကယ်တော့ ဂျူနီယာညီငယ်လေးမှာ ကောင်းမွန်တဲ့အလားအလာရှိပါသေးတယ်… မင်းသာ စကားနားထောင်သ၍ ငါတို့ မင်းကို ခေါ်သွားနိုင်တယ်…"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ နူးညံ့စွာ မေးသည်။

"ရှင်းယန်ကရော?"


ယွဲ့ရှင်းဝမ်: "ပြီးခဲ့တဲ့ သင်တန်းတွေမှာ ရခဲ့တဲ့ အမှတ်တွေကို သိမ်းထားပြီး စွမ်းရည်တွေ အဆင်မြင့်ဖို့ မသုံးနဲ့ဦး… အချိန်ကျလာရင် ငါတို့တွေ သုတေသနအဖွဲ့ကို ချဲ့ထွင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့… အဆင့် 2 သုတေသနအဖွဲ့အတွက် အများဆုံးလူအရေအတွက်က 8 ယောက်ဆိုတာ ငါမှတ်မိတယ်… အဆင့် 3 က လူ 12 ယောက်ဖြစ်နိုင်တယ်…"


ကျိုဖုန်း: "အဆင့် 3 သုတေသနအဖွဲ့ကို အဆင့်မြင့်ဖို့ အမှတ်အများကြီးလိုတယ်… လောလောဆယ် စာကြည့်တိုက်မှာ အဆင့် 3 သုတေသနအဖွဲ့ မရှိဘူး… ငါတို့သုံးယောက်က စာမေးပွဲပြန်ဖြေနေတာဆိုတော့ 3 ထပ်မြောက်က ‘မြို့ပြိုကျခြင်း’ကို မအောင်မချင်း အမှတ်ရဦးမှာ မဟုတ်ဘူး… ဒီတော့ အမှတ်တွေ စုဆောင်းဖို့ မင်းတို့ကိုပဲ အားကိုးရတော့မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ကျွန်တော်တို့ သုဒ္ဓကိန်းများဝင်္ကပါကနေ တစ်ယောက်စီ အမှတ် 500 ကျော်ရထားတယ်… ကျွန်တော်တို့ အသုံးပြုဖို့ အချိန်မရှိသေးတာကြောင့် မနက်ဖြန် သင်္ချာဌာနရဲ့ နောက်ထပ်သင်တန်းကို သွားပြီး အမှတ်တွေကို အတတ်နိုင်ဆုံး စုလိုက်မယ်…"


လူတိုင်းက တန်ပြန်အစီအစဉ်များကို ဆွေးနွေးပြီးနောက် ကျန်းရှောင်နျန်က ကျိုဖုန်း၏အဖွဲ့သို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။


မနက်ဖြန်က ဗုဒ္ဓဟူးနေ့ဖြစ်ပြီး မနက်ပိုင်းတွင် သင်္ချာဌာန၏ မသင်မနေရသင်တန်းတစ်ခုဖြစ်သော credit 6 မှတ်တန် “သေခြင်းကုဒ်”ရှိသည်။


ယွဲ့ရှင်းဝမ်တို့ လေးယောက်က သင်္ချာဌာနကိုလာပြီး သင်တန်းရွေးချယ်ခြင်းစင်မြင့်ပေါ်ရှိ သင်တန်းများကို ရွေးချယ်ခဲ့ကြသည်။


စခရင်ပေါ်တွင် ရင်းနှီးသော အချက်ပြသံတစ်ခု ပေါ်လာသည်——


[သင်္ချာဌာန၏ မသင်မနေရသင်တန်း: သေခြင်းကုဒ်]


[Credit: 6]


[စာမေးပွဲခန်းစည်းကမ်း: သုတေသနအဖွဲ့/ တစ်ဦးချင်းပုံစံဖြင့် စာရင်းသွင်းနိုင်ပါတယ်]


[အတန်းအရေအတွက်: 12 ယောက်]


[သင်တန်းဖော်ပြချက်: ဒါက ‌ဆင်ခြေဖုံးရပ်ကွက်တွင်ရှိတဲ့ တည်းခိုခန်းတစ်ခုဖြစ်ပါတယ်။ တည်းခိုခန်းပိုင်ရှင်က အခန်းတိုင်းမှာ ကိန်းဂဏန်းကုဒ်တွေ ရေးခဲ့တယ်လို့ ဆိုထားတယ်။ တကယ်လို့ အဲဒီနေရာမှာ လာနေသူတွေဟာ ကုဒ်တွေကို မဖော်နိုင်ရင် သူတို့က ညအချိန်မှာ ထူးဆန်းစွာ သေဆုံးကြလိမ့်မယ်။ ဒီနှစ်တွေအတွင်း တည်းခိုခန်းမှာ အဖြစ်ဆိုးများစွာ ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်တဲ့ လူတွေက ဒီနေရာမှာ သေဆုံးခဲ့ရတယ်။ နောက်‌တစ်ယောက်က သင်များလား?]


[စာမေးပွဲလိုအပ်ချက်များ: သေခြင်းကုဒ်ကို ဖော်ပြီး 6 ရက်အသက်ရှင်ရန်]


[အပိုမေးခွန်း: မရှိ]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ တိုတိုးပြောသည်။

"ဘာလို့ သဘာဝလွန်အတန်းလို ခံစားနေရတာလဲ? အဲဒီမှာ နေထိုင်ခဲ့တဲ့ လူတော်တော်များများက ထူးဆန်းစွာ သေကုန်ကြတယ်ဆိုတော့ ငါတို့တွေ ပုစ္ဆာကို ဖြေရှင်းရာမှာ အမှားလုပ်မိရင် ငါတို့လည်း သေမှာပဲ…"


လျှိုကျောက်ချင်းက ကြက်သီးမွေးညင်းထကာ သူ့လက်မောင်းတွေကို ပွတ်သပ်လိုက်သည်။

"ဆင်ခြေဖုံးရပ်ကွက်က တည်ခိုခန်းလား? ဒါက သရဲခြောက်တဲ့အိမ်မှာ ငါတို့ကို နေစေချင်တာလား?"


ခယ်ရှောင်ပင်းက တိုးတိုးပြောလေသည်။

"လူတော်တော်များများက ထူးဆန်းစွာ သေသွားတယ်တဲ့… ဒါက တကယ်မိုက်တာပဲ…"


ယွဲ့ရှင်းဝမ်: "လက်ရှိမှာ ဒီသင်တန်းအတွက် ဗျူဟာမရှိသေးဘူး… ငါတို့တွေ သတ္တိမွေးပြီး ဖြေရမယ်ပုံပဲ…"


သူက ကျန်းဖျင်စစ်ကို ကြည့်ကာ ကျန်းဖျင်စစ်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြပြီး ပြောသည်။

"ဝင်ရအောင်… ငါတို့တွေ စာမေးပွဲခန်းထဲ ဝင်မှ ဘယ်လိုအတန်းမျိုးလဲဆိုတာ သိနိုင်မှာ…"


………………


[TK: »»ကျိုဖုန်းတို့ သုံးယောက်က 3 ထပ်မြောက်က ‘မြို့ပြိုကျခြင်း’မှာ သေသွားတာဖြစ်တာကြောင့် အဲဒီသင်တန်းကို မအောင်မချင်း အောက်ကသင်တန်းတွေမှာ အောင်ရင် credit မှတ်နဲ့ အမှတ်တွေ မရပါဘူး။ ပြီးတော့ သင်တန်းတစ်ခုမှာ တစ်ခါသေရင် ပထမထပ်ကို ပြန်သွားရတာကြောင့် တကယ်လို့ ကျိုဖုန်းတို့က 2 ထပ်မှာ သေသွားရင်တောင် လုံးဝဖျက်ဆီးခံရတာမျိုးမဖြစ်ဘဲ ပထမထပ်ပဲပြန်သွားရမှာပါ။ ဒါပေမယ့် 3 ထပ်မြောက်က ‘မြို့ပြိုကျခြင်း’မှာ နောက်တစ်ခါ သေမယ်ဆိုရင်တော့ လုံးဝဖျက်ဆီးခံရပါပြီ။


»»ဒီဝတ္ထုမှာပါတဲ့ ဌာနအများစုအတွက် သိပ္ပံတွဲနဲ့ ဝိဇ္ဇာတွဲခွဲပေးပါ့မယ်။


»»ဆေးပညာဌာန၊ သင်္ချာဌာန၊ ဗိသုကာဌာန၊ ဇီဝဗေဒဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ ကွန်ပျူတာဌာနတို့ဟာ ‘သိပ္ပံတွဲ’မှာ ပါဝင်တာဖြစ်ပါတယ်။ 

(ဆေးပညာဌာနနဲ့ ဇီဝဗေဒဌာနနက ဆက်စပ်မှုရှိတာကြောင့် အချင်းချင်း အနည်းငယ်နားလည်နိုင်ပါတယ်။ ဗိသုကာဌာန၊ ရူပဗေဒဌာန၊ ကွန်ပျူတာဌာနမှာ သင်္ချာဘာသာရပ်ပါတာကြောင့် သင်္ချာကို အနည်းငယ်နားလည်ကြပါတယ်။)


»»ဥပဒေဌာန၊ တရုတ်ဘာသာစကားဌာန၊ ပထဝီဝင်ဌာန၊ သမိုင်းဌာန၊ စီးပွားရေးဌာန၊ ဒဿနိကဌာနတို့ဟာ ‘ဝိဇ္ဇာတွဲ’မှာ ပါဝင်တာဖြစ်ပါတယ်။

(တရုတ်ဘာသာစကားဌာနကဖြစ်တဲ့ ယွဲ့ရှင်းဝမ်ဟာ ကဗျာ၊ စာပေ၊ သမိုင်း၊ ဗဟုသုတတွေရှိပေမယ့် ဥပဒေအကြောင်း၊ စီးပွားရေးအကြောင်း လုံးဝနားမလည်ပါဘူး။ ဝိဇ္ဇာတွဲ၊ သိပ္ပံတွဲဆိုပြီး ခွဲထားပေမယ့် ဝိဇ္ဇာတွဲအချင်းချင်း နားမလည်တာမျိုးရှိပါတယ်။ ဥပဒေသမားတွေက စီးပွားရေးအကြောင်း အနည်းငယ်နားလည်နိုင်ပေမယ့် စာပေ၊ ကဗျာအကြောင်း လုံးဝနားမလည်ပါဘူး။)


»» အားကစားကျောင်း၊ အနုပညာကျောင်း၊ ဂီတကျောင်း၊ နိုင်ငံခြားဘာသာစကားကျောင်းတွေကတော့ သီးသန့်တည်ရှိနေတဲ့ ကျောင်းတွေဖြစ်ပါတယ်။ 


»»ကျန်းရှောင်နျန် – 19 နှစ်

ယွဲ့ရှင်းဝမ်၊ ကျန်းဖျင်စစ်၊ ခယ်ရှောင်ပင်း၊ ရှင်းယန်၊ ချင်လု၊ ချင်မြောင် – 21 နှစ်

ကျိုဖုန်း၊ လင်းမန့်လော်၊ ရွှီယိရှန်း – 22 နှစ်

လျှိုကျောက်ချင်း – 24 နှစ်

လန်ယာရုန် – 25 နှစ်

(ကျန်းရှောင်နျန်က အဖွဲ့ထဲမှာ အသက်အငယ်ဆုံး၊ ပထမနှစ်၊ အသက် 20 မကျော်သေးသော တစ်ယောက်တည်းသောသူဖြစ်ပါတယ်။ နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာမယ့် လန်ယာရုန်ကတော့ လျှိုကျောက်ချင်းထက်တောင် တစ်နှစ်ကြီးပြီး ဘွဲ့လွန်တတိယနှစ်တက်နေကာ အဖွဲ့ထဲမှာ အသက်ကြီးဆုံးဖြစ်ပါတယ်။ လက်ရှိအဖွဲ့ထဲမှာတော့ Couple ဆိုလို့ ကျိုဖုန်းနဲ့ လင်းမန့်လော်သာရှိပါသေးတယ်။ ယွဲ့ရှင်းဝမ်၊ ကျန်းဖျင်စစ်နဲ့ ကျန်းရှောင်နျန်က အထက်တန်းကျောင်း တစ်ကျောင်းတည်းထွက်တွေ၊ ခယ်ရှောင်ပင်းနဲ့ ရှင်းယန်က အထက်တန်းကျောင်း တစ်ကျောင်းတည်းထွက်တွေ၊ ချင်လုနဲ့ ချင်မြောင်က ရုပ်တူပြီး စရိုက်လက္ခဏာမတူတဲ့ အမြွှာညီအစ်မတွေ၊ ချင်လုနဲ့ လန်ယာရုန်တို့က အဖွဲ့ထဲမှာ ဟွာအန်းတက္ကသိုလ်က မဟုတ်ကြတဲ့ အခြားတက္ကသိုလ်တွေက ကျောင်းသူတွေဖြစ်ပါတယ်။)



#TK