Chapter 44
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 44 (သေခြင်းကုဒ် ၀၃)


ဤတည်းခိုခန်းသည် အပြင်ဘက်မှ သုံးထပ်တိုက်နှင့်တူသော်လည်း အတွင်းပိုင်းဖွဲ့စည်းပုံမှာ နှစ်ထပ်သာဖြစ်သည်။ ပထမထပ်ရှိ ဧည့်ခန်းသည် အမြင့် 3.5 မီတာကျော်ရှိပြီး အလွန်ကျယ်ဝန်းသည်။


အပေါ်ထပ် သစ်‌သားလှေကားထစ်များနောက်တွင် ကျယ်ပြန့်သော စင်္ကြံတစ်ခုရှိသည်။ စင်္ကြံ၏ ဘယ်ဘက်ရှိ အခန်းတံခါးထိပ်တွင် သစ်သားဆိုင်းဘုတ်၌ စာလုံးအကြီးဖြင့် “1၊ 3၊ 5၊ 7”ဟု ရေးထားပြီး ညာဘက်တွင် “2၊ 4၊ 6၊ 8”ဟု သစ်သားဆိုင်းဘုတ်တွင် ရေးထားကာ စုစုပေါင်း အခန်းရှစ်ခန်းရှိပြီး နံပါတ်အသေးဆုံး အခန်းနံပါတ် 1 နှင့် 2 က စင်္ကြံ၏ အဆုံးတွင်ရှိပြီး အခန်းနံပါတ် 7 နှင့် 8 က လှေကားအနီးတွင်ရှိသည်။


ယွဲ့ရှင်းဝမ်က စာရွက်တစ်ရွကို အမြန်ဆုတ်ဖြဲကာ မြေပုံတစ်ခုဆွဲလိုက်သည်။


တစ်ဖြောင့်တည်း စင်္ကြံများနှင့် အခန်းရှစ်ခန်းပါရှိသော တည်းခိုခန်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံက သူထင်ထားတာထက် များစွာ ရိုးရှင်းပါသည်။


ယွဲ့ရှင်းဝမ်က စင်္ကြံအဆုံးသို့ လျှောက်သွားပြီး ဘယ်ဘက်ရှိ အခန်း 1 ကို တွန်းဖွင့်လိုက်သည်။ ဖျော့တော့သော လရောင်က သစ်သားပြတင်းပေါက်မှနေ၍ အခန်းထဲသို့ စိမ့်ဝင်သွားသဖြင့် အခန်းအလယ်တွင် စတုရန်းပုံသဏ္ဌာန် သစ်သားစားပွဲနှင့် ကုလားထိုင်လေးလုံရှိကြောင်း ရှင်းရှင်းလင်းလင်းမြင်ရပြီး ထောင့်တွင် အကျယ် 1.5 မီတာခန့်ရှိသော သစ်သားကြမ်းခင်း ကုတင်ကြီးတစ်ခုကို အနီရောင်ကြိုးများဖြင့် ဝိုင်းရံထားသည်။ ကုတင်ပေါ်တွင် အနီရောင် အချိတ်ပိုးထည် စောင်ကြီးနှစ်ထည်နှင့် ပန်းထိုးထားသော ခေါင်းအုံးနှစ်လုံးရှိသည်။ 


လျှိုကျောက်ချင်းက သူ့ရှေ့မှ သစ်သားကုတင်ကို စိုက်ကြည့်ကာ တွေးတွေးဆဆဖြင့် သူ့မေးစေ့ကို ပွတ်လိုက်သည်။

"ဘယ်လိုလုပ်ပြီး ရှေးခေတ်ကို ရောက်သွားတာလဲ? တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ရှိနေမှာမဟုတ်ဘူးလား? အခုခေတ်မှာ ဒီလိုထောင့်တိုင်လေးခုပါတဲ့ သစ်သားကုတင်နဲ့ စောင်တွေကိုတော့ မမြင်နိုင်တော့ဘူးလား?"


ခယ်ရှောင်ပင်းက လှည့်ပတ်ကြည့်ရင်း ယွဲ့ရှင်းဝမ်ဆီသို့ လျှောက်သွားကာ အသံတိုးတိုးဖြင့် ပြောသည်။

"ဒီနေရာက တကယ်ကို ရှေးဟောင်းဝတ်စုံဇာတ်လမ်းထဲက တည်ခိုခန်းတစ်ခုနဲ့တူတယ်… အဆောက်အဦးတစ်ခုလုံးမှာ ခေတ်မီတဲ့အရာတစ်ခုမှ မရှိဘူး… အင်တာနက်ကြိုးနဲ့ ကွန်ပျူတာတွေမပြောနဲ့ မီးသီးနဲ့ ခလုတ်တွေတောင် မရှိဘူး…"

သူက ယွဲ့ရှင်းဝမ်ကို ထိတ်လန့်တကြားကြည့်ကာ

"ဒီစာကြည့်‌တိုက်က ငါတို့ကို ရှေးခတ်ဆီများ ခရီးသွားခိုင်းလိုက်တာလား?"


ချင်မြောင်က ရုတ်တရက် ပြောလာသည်။

"ပန်းထုလက်ရာနဲ့ ပရိဘောဂပုံစံကို ကြည့်ခြင်းအားဖြင့် မင်မင်းဆက်က ဖြစ်နိုင်တယ်… ချင်းမင်းဆက်ရဲ့ သစ်သားကုတင်တွေက ရွှေရောင်၊ ရောင်စုံခြယ်သထားတဲ့ ပုံစံတွေနဲ့ အခြားနည်းစနစ်တွေကို အသုံးပြုကြပြီး တောက်ပပြီး လှပဆန်းကြယ်အောင် ဖန်တီးကြတယ်… နှိုင်းယှဉ်ပြောရရင် မင်မင်းဆက်ရဲ့ ပရိဘောဂတွေက ရိုးရှင်းမှုကို လိုက်စားတယ်…"


ယွဲ့ရှင်းဝမ်က အံ့ဩမှုဖြင့် သူမကိုကြည့်ကာ

"မင်းက ‌ပရိဘောဂနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့တာလား?"


ချင်မြောင်က ခေါင်းငြိမ့်ပြသည်။

"မင်းဆက်အမျိုးမျိုးရဲ့ ပရိဘောဂတွေနဲ့ ဝတ်စုံတွေအကြောင်း အချက်အလက်တွေကို ငါစစ်ဆေးကြည့်ပြီးပြီ… မင်မင်းဆက်ရဲ့ပုံစံ ပရိဘောဂတွေက ရိုးရှင်းပြီး ခိုင်ခံသပ်ရပ်တဲ့ ပုံသဏ္ဌာန်နဲ့ ဖွဲ့စည်းတည်ဆောက်ထပြီးတော့ ယွန်းအလှဆင်ခြင်းမရှိသလို ကြီးမားပြီး ကြီးကျယ်ခမ်းနားတဲ့ ထွင်းထုအလှဆင်ခြင်းလည်းမရှိဘဲ မူရင်းသစ်သားရဲ့ အရောင်အသွေးကို အပြည့်အဝအသုံးပြုပြီး ရိုးရှင်း အံဝင်ခွင်ကျပုံစံတွေနဲ့ပဲ ထွင်းထုထားတာ… ကြည့်လိုက်… ဒီကုတင်မှာ အပိုအလှဆင်မှုတွေ မရှိသလောက်ပဲ… အဲဒါက ချင်းမင်းဆက်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ရဲ့ ကုတင်တွေနဲ့ သိသိသာသာ ကွဲပြားတယ်…"


လူတိုင်းက သူမကို လေးစားစွာ ကြည့်နေကြသည်။


လျှိုကျောက်ချင်းက သူ့နားထင်ကို ပွတ်သပ်လိုက်သည်။

"သင်္ချာဌာနရဲ့ သင်တန်းက ဘယ်လိုလုပ် သမိုင်းအသိပညာနဲ့ ရောထွေးနေတာလဲ?"


ယွဲ့ရှင်းဝမ်က ပြုံးကာ

"ဒါကကျိုးကြောင်းဆင်ခြင်မှုအတန်းဆိုတော့ သေချာပေါက် လူတွေကို သင်္ချာပုစ္ဆာတွေပဲ ဖြေရှင်းခိုင်းမှာမဟုတ်ဘူး… ဒီကုတင်က ဘယ်မင်းဆက်လာတယ်ဆိုတာ ကျိုးကြောင်းဆင်ခြင်မှုရဲ့ ကောက်ချက်အပေါ် သက်ရောက်မှု နည်းနည်းတော့ ရှိနိုင်တယ်… ချင်မြောင်က အချိုပေါ်သကာလောင်းခြင်းကို မြင်သလို သူမမမြင်နိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး…"


ချင်မြောင်က စားပွဲကို လက်ညှိုးထိုးပြပြီး

"ဖယောင်းတိုင်ကို ထွန်းလို့ရလား? အလင်းရောင်က ရှင်းရှင်းလင်းလင်းမမြင်ရဘူး…"


ယွဲ့ရှင်းဝမ်က သူမ၏အကြည့်နောက်ကလိုက်၍ ပြတင်းပေါက်ပေါ်တွင် အလွန်ထူးခြားသော ဆီမီးခွက်များကို တွေ့လိုက်ရသည်။ ဆီမီးခွက်ထဲရှိ အနီရောင်ဖယောင်းတိုင်များက ထက်ဝက်နီးပါး လောင်ကျွမ်းသွားကာ ဆီမီးခွက်ဘေးရှိ အရာများက မီးကျောက်ကဲ့သို့ ထင်ရသည်။


သူက လျှောက်သွားကာ မီးကျောက်နှစ်ခုကို ပွတ်တိုက်ပြီး တောက်ပသော မီးပွားများ ဖန်တီးကာ ဖယောင်းတိုင်ကို ထွန်းလိုက်သည်။ အခန်းထဲရှိ အလင်းရောင်က ချက်ချင်းလင်းလာပြီး အခန်းတစ်ခုလုံးကို အနီရောင်ဖြင့် လွှမ်းခြုံထား‌ကာ ပြတင်းပေါက်တွင် အနီရောင်ဖြင့် “囍”ဟူသော စာလုံးနှင့် သစ်သားဗီရိုနှင့် ကပ်လျက်ရှိသော မှန်တင်ခုံကို ကုတင်၏ဘေးက နံရံမှာ ချထားပြီး “囍”ဟူသော စာလုံးကိုလည်း ဗီရိုပေါ်တွင် ကပ်ထားသည်။

[囍 = လက်ထပ်ခြင်း]


ထိပ်လန့်စရာရုပ်ရှင်တွေမှာ ဗီရိုကိုဖွင့်လိုက်သောအခါ ကြောက်စရာကောင်းသောအရာတစ်ခု ပေါ်လာတတ်ပါသည်။ စုံတွဲအဖွဲ့က ဗီရိုကိုကြည့်ကာ နောက်ပြန်ဆုတ်သွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အကြည့်ချင်းဖလှယ်ပြီး ယွဲ့ရှင်းဝမ်က ဖယောင်းတိုင်ကို ကျန်းဖျင်စစ်အား တိတ်တဆိတ် ပေးကာ သူ့အဘိဓာန်ကို ဆင့်ခေါ်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် တစ်စုံတစ်ခု ထွက်လာပါက အဘိဓာန်ဖြင့် တိုက်ရိုက် ပစ်ပေါက်လိမ့်မည်။


ကျန်းဖျင်စစ်က သူ၏ညာဘက်လက်တွင် ဖယောင်းတိုင်ကိုင်ကာ တံခါးကို ဘယ်ဘက်လက်ဖြင့် ဖွင့်လိုက်သည်။


လူတိုင်း၏ အာရုံကြောများ တင်းမာနေခဲ့သည်။


သို့သော် ဗီရိုထဲတွင် ရှုပ်ယှက်ခတ်နေသော မကောင်းဆိုးရွားများနှင့် သရဲတစ္ဆေများမရှိဘဲ အနီရောင်အဝတ်အစားများကိုသာ သပ်သပ်ရပ်ရပ် ခေါက်ထားသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားပြီး အဝတ်အစားများကို ထုတ်ယူကာ ယွဲ့ရှင်းဝမ်ကို ပေးလိုက်သည်။ ယွဲ့ရှင်းဝမ် စစ်ဆေးကြည့်ရာ သူတို့ထဲက တစ်စုံတွင် စကတ်တစ်ခုဟာ အလွန်ရှည်လျားပြီး ရွှေရောင်ဖီးနစ်ဖြင့် တန်ဆာဆင်ထားတာကြောင့် ၎င်းက အမျိုးသမီး၏ မင်္ဂလာဝတ်စုံမှန်းသိသာပါသည်။ နောက်တစ်စုံက နဂါးဖြင့် တန်ဆာဆင်ထားပြီး အမျိုးသား၏ မင်္ဂလာဝတ်စုံဖြစ်သည်။ လိုက်ဖက်သော လက်ဝတ်ရတနာများနှင့် ဖီးနစ်သရဖူကို အဝတ်အစားများဘေးရှိ စားပွဲတင်အံဆွဲထဲတွင် တွေ့ရှိရပြီး ဖီးနစ်သရဖူပေါ်ရှိ ပုလဲများသည် ဖယောင်းတိုင်၏ အလင်းရောင်အောက်တွင် တောက်ပစွာ ထွန်းလင်းနေသည်။


ကျန်းဖျင်စစ်က ဆောင့်ကြောင့်ထိုင်ချပြီး ဆက်လက် ရှာဖွေကာ ဗီရိုထဲမှ အရုပ်နှစ်ရုပ်ကို ဆွဲထုတ်လိုက်သည်။


ဤအရုပ်စုံတွဲက အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို အနက်ရောင်ချည်ဖြင့် ချုပ်ထားကာ မျက်လုံးများကို ကြက်ခြေခတ်ပုံသဏ္ဌာန်ဖြင့် ချုပ်ထားသော်လည်း ပါးစပ်ထောင့်များကို အလွန်လက်တွေ့ကျကျ ချုပ်လုပ်ထားပြီး အနည်းငယ် ကျယ်ကာ ပြုံးနေပုံရသည်။


ကျန်းဖျင်စစ်က အရုပ်ကို ထုတ်ယူပြီး ယွဲ့ရှင်းဝမ်အား ပေးလိုက်သည်။


အရုပ်က တော်တော်ချစ်ဖို့ကောင်းပေမယ့် အုံ့မှိုင်းနေသောအခန်းထဲမှာတော့ အရုပ်၏အပြုံးက လူတွေကို ထိတ်လန့်စေသည်။ ယွဲ့ရှင်းဝမ်က အရုပ်ကို အနီးကပ်ကြည့်လိုက်ပြီး ထူးထူးခြားခြား ဘာမှမတွေ့ရတာကြောင့် အရုပ်ကို စားပွဲပေါ် ‌ခဏထားလိုက်ကာ လူတိုင်းကို မေးလိုက်သည်။

"မင်းတို့ ဘယ်လိုထင်ကြလဲ?"


နောက်ဆုံးတွင်ရပ်နေသော မိန်းကလေးလော့ကျားကျားက တစ်ကိုယ်လုံးတုန်ခါနေပြီး သူမနှုတ်ခမ်းက တုန်ယင်နေသည်။

"ဒါ–ဒါက တစ္ဆေမင်္ဂလာဆောင်တော့ မဟုတ်ဘူးမလား?"


“တစ္ဆေမင်္ဂလာဆောင်”ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လူတိုင်းသည် သူတို့၏ဆံပင်များ ထောင်ထသွားသလို ခံစားလိုက်ရသည်။


လော့‌ကျားကျားက ဆက်ပြောသည်။

"အနီရောင်အိပ်ရာကုတင်၊ အနီရောင်စောင်၊ အနီရောင်ဖယောင်းတိုင်နှစ်ခု… ဗီရိုထဲမှာလည်း မင်္ဂလာဝတ်စုံတွေ ရှိနေသေးတယ်… ဒါ–ဒါက ရှေးခေတ်မင်္ဂလာခန်းဆိုတာ သိသာပါတယ်! တစ်စုံတစ်ယောက်က ဒီမှာမင်္ဂလာဆောင်ပြီး အသတ်ခံခဲ့ရတယ်… အသတ်ခံရတဲ့ မိန်းကလေးက အငြိုးကြီးတဲ့ဝိညာဉ်ဖြစ်လာပြီး ဒီမှာနေတဲ့လူတွေက ထူးဆန်းစွာ ဆက်တိုက်သေဆုံးသွားတယ်မလား? ငါ–ငါတို့လည်း အငြိုးကြီးတဲ့ဝိညာဉ်နဲ့ကြုံရင် အသက်ပေးရမှာလား?"


သူမ စကား‌များများပြောလေ၊ ပိုကြောက်‌လာလေဖြစ်သည်။ သူမမျက်နှာက စက္ကူကဲ့သို့ ဖျော့တော့ကာ တစ်ကိုယ်လုံး တုန်ယင်နေသညိ။ သူမချစ်သူ၏ အမူအရာမှာလည်း ဆိုးရွားနေပြီး သူ့လက်မောင်းဖြင့် သူမပခုံးများကို အလျင်အမြန် ဖက်ကာ နှစ်သိမ့်ပေးသည်။ အခြားစုံတွဲကလည်း တစ်ယောက်ကိုတစ်ယောက် ‌အားပေးရန် လက်များကို တင်းတင်းဆုပ်ကိုင်ထားသည်။


ယွဲ့ရှင်းဝမ်က သူတို့ကို တစ်ချက်ကြည့်ပြီး ကျန်းဖျင်စစ်နဲ့ အသံတိုးတိုး ဆွေးနွေးသည်။

"သင်တန်းနာမည်က “သေခြင်းကုဒ်”ဆိုပေမယ့် အခန်းနံပါတ် 1 ကနေ 8 အထိ တရုတ်စာလုံးတွေနဲ့ ရေးထားတဲ့ နံပါတ်တွေကလွဲရင် အခုထိ နံပါတ်တွေနဲ့ သက်ဆိုင်တဲ့ သဲလွန်‌စတွေ ငါတို့မတွေ့သေးဘူး… ဒီသင်တန်းက သေခြင်းကုဒ်ကို ဖြေရှင်းဖို့ လိုတာဆိုတော့… ကုဒ်က ဘယ်မှာလဲ?"


ကျန်းဖျင်စစ်: "နံရံ‌တွေနဲ့ ခေါင်မိုးမှာ အမှတ်အသားရှိ၊မရှိ ကြည့်ကြမလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး သစ်သားကုလားထိုင်ပေါ်တွင် ဝတ်စုံနှစ်စုတင်က။ အခြားဖယောင်းတိုင်ကိုထွန်းပြီး အခန်းထဲကို ဂရုတစိုက်ကြည့်ရန် ကျန်းဖျင်စစ်နှင့် ဖယောင်းတိုင်တစ်တိုင်စီ ကိုင်ထားကြသည်။ နံရံများပေါ်တွင် ကြာမြင့်စွာ ခန်းခြောက်နေသော သွေးအစွန်းအထင်းတချို့ကို တွေ့ရှိခဲ့ပြီး ကုဒ်နှင့်ပတ်သက်သည့် သဲလွန်စမရှိပေ။ ယွဲ့ရှင်းဝမ်က ပြောလာသည်။

"နောက်တစ်ခန်းသွားကြည့်ရအောင်…"


ယောင်္ကျားလေးနှစ်ယောက်ဦးဆောင်သည့် အဖွဲ့က အခန်းအားလုံးကို အလှည့်ကျ စစ်ဆေးခဲ့သည်။


အခန်းတစ်ခုစီရှိ ပရိဘောဂများသည် ဆင်တူပြီး အဆောက်အဦးက စတုရန်းပုံသဏ္ဌာန်ဖြစ်သည်။


ဘယ်ဘက်စင်္ကြံရှိ အခန်းနံပါတ် 1 တွင် အနီရောင်မင်္ဂလာဝတ်စုံများရှိပြီး အခြားအခန်းများတွင် အမျိုးသမီးအစေခံများ၊ အမျိုးသားအစေခံများ၊ အောင်သွယ်တော်နှင့် အခြားအမှုထမ်းများ၏ အဝတ်အစားများပါရှိသည်။ မင်္ဂလာဆောင်ပွဲကျင်းပရင်း ဒီနေရာကို ဖြတ်သွားပြီး တည်းခိုခန်းထဲမှာ ခေတ္တတည်းခိုသလိုမျိုးနဲ့တူသည်။


အားလုံးက အနည်းငယ် စိတ်ရှုပ်သွားသည်။


ယွဲ့ရှင်းဝမ်သည် မျက်မှောင်ကြုတ်ကာ အခန်းရှစ်ခန်းရှိ အဝတ်အစားများကို ကြည့်ပြီး တစ်ခုခုမှားနေပြီဟု အမြဲခံစားနေမိသည်။


ထိုအချိန်တွင် သူတို့၏နားထဲ၌ စက်ရုပ်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်သည်။

"စာမေးပွဲ ဒုတိယနေ့၊ ည 12 နာရီ… ကျေးဇူးပြုပြီး အိပ်ခန်းတစ်ခန်းစီကို ရွေးချယ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုတင်ဆီသွားပြီး အိပ်ရာဝင်ကြပါ…"


စက်ရုပ်အသံက စာမေးပွဲစစ်ဆေးသူဖြစ်ပြီး သူတို့တွေ လိုက်နာရမည်ဖြစ်သည်။


လူ 10 ယောက်၊ အခန်း 8 ခန်း၊ သဲလွန်စအားလုံးကိုရရှိရန် အခန်းတစ်ခန်း၌ လူတစ်ယောက်ရှိနေတာ အကောင်းဆုံးဖြစ်သည်။ ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က တစ်ဖက်ကိုလှည့်ကာ မေးသည်။

"မင်းတို့စုံတွဲတွေက တစ်ခန်းတည်းနေလိုက်ပါလား?"


စုံတွဲအဖွဲ့ထဲက မိန်းကလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သူတို့က တစ်ယောက်တည်း မနေရဲသည့်အတွက် ခေါင်းငြိမ့်လိုက်ကြသည်။

"ကောင်းပြီ…"


ယွဲ့ရှင်းဝမ်: "ကောင်းပြီ… မင်းတို့လေးယောက်က အခန်းနှစ်ခန်းကို အရင်ရွေးလိုက်… ကျန်တဲ့ခြောက်ယောက်က တစ်ခန်းစီနေမယ်…"


လော့ကျားကျားက သူမ၏ချစ်သူကို အမြန်ဆွဲကာ လှေကားနှင့် အနီးဆုံးဖြစ်သော အခန်းနံပါတ် 8 ကို ရွေးချယ်ကာ လှေကားအနီးတွင် နေထိုင်ပါက ထွက်ပြေးရန် ပို၍လွယ်ကူမည်ဟု ထင်မြင်ယူဆဖွယ်ရှိသည်။ ကောင်းရုန်ချန်နှင့် ကောင်းရှောင်ရှင်းတို့က သူတို့ဘေးရှိ အခန်းနံပါတ် 6 တွင် နေထိုင်ကြသည်။


ယွဲ့ရှင်းဝမ်က စင်္ကြံရှိ အတွင်းဆုံးအခန်းကို ညွှန်ပြရင်း ပြောသည်။

"ငါက အခန်းနံပါတ် 1 မှာ နေမယ်…"


အခန်းနံပါတ် 1 က သတို့သမီးနှင့် သတို့သားအဝတ်အစားများနှင့် အရုပ်များပါရှိသည့် အနီရောင်မင်္ဂလာဆောင်ခန်းဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် ထူးဆန်းနေတာကြောင့် ယွဲ့ရှင်းဝမ်က ဤအခန်းကို ရွေးချယ်ရန် အစပြုခဲ့ပြီး ကျန်းဖျင်စစ်က ဆက်ပြောလာသည်။

"ငါ မင်းဘေးခန်းမှာ နေမယ်…"


အမြွှာညီအစ်မ ချင်မြောင်နှင့် ချင်လုက သူတို့နဲ့ဆန့်ကျင်ဘက်မှာ နေကြသည်။


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က ဘယ်ဘက်စင်္ကြံရှိ အခန်းနံပါတ် 5 နှင့် 7 ကို ရွေးချယ်ခဲ့ကြသည်။



———————————စင်္ကြံအဆုံး—————————

အခန်းနံပါတ်1(ယွဲ့ရှင်းဝမ်)—အခန်းနံပါတ်2(ချင်မြောင်)


အခန်းနံပါတ်3(ကျန်းဖျင်စစ်)—အခန်းနံပါတ်4(ချင်လု)


အခန်းနံပါတ်5(လျှိုကျောက်ချင်း)—အခန်းနံပါတ်6(ကောင်းရုန်ချန်နှင့် ကောင်းရှောင်ရှင်း)


အခန်းနံပါတ်7(ခယ်ရှောင်ပင်း)—အခန်းနံပါတ်8(လုခိုင်နှင့် လော့ကျားကျား)


——————————»»»»အောက်ထပ်ကိုဆင်းသောလှေကား




ယွဲ့ရှင်းဝမ်က ညွှန်ကြားသည်။

"ဒါက ပဟေဠိဖြေရှင်းခြင်းနဲ့ ရှင်သန်ခြင်းသင်တန်းဖြစ်လို့ “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”လိုမျိုး ညဘက်မှာ မတော်တဆမှုတွေ ဖြစ်နိုင်တယ်… "

လူတိုင်းရှေ့မှာ သူဆွဲထားသောမြေပုံကို ပြခဲ့သည်။

"ဒါက တည်းခိုခန်းရဲ့ အတွင်းပိုင်းမြေပုံပဲ… အဆောက်အဉီးထဲမှာ လူတစ်ယောက်သာ ဖြတ်သွားနိုင်တဲ့ ကျဉ်းမြောင်းတဲ့ ထွက်ပေါက်လှေကားတစ်ခုပဲရှိတယ်… အန္တရာယ်ကြုံလို့ ထွက်ပေါက်လှေကားလည်းပိတ်ပြီး မင်းတို့ထွက်မရဘူးဆိုရင် စင်္ကြံအဆုံးထိ ဆန့်ကျင်ဘက်ကို ပြေးလာလိုက်…"


သူက စင်္ကြံအဆုံးကို ခရေပွင့် အမှတ်အသားပြပြီး ဆက်ပြောသည်။

"မင်းတို့လေးယောက်က ချင်လုရဲ့ အခန်းနံပါတ် 4 တံခါးမှာ စုဝေးပြီး ချင်လုရဲ့ကျောက်ထုလွှာလှုပ်ရှားမှုက မင်းတို့ကို တည်းခိုခန်းထဲကနေ ထွက်သွားအောင် လုပ်ပေးလို့ရတယ် နားလည်လား?"


သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အရပ်အရှည်ဆုံး ကောင်းရုန်ချန်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ…"


ယွဲ့ရှင်းဝမ်: "အနားယူဖို့ ကိုယ့်အခန်းကိုသွားတော့… မင်းတို့ရဲ့သက်ဆိုင်ရာအခန်းမှာရှိတဲ့ သဲလွန်စတွေကို အာရုံစိုက်ပြီး မနက်ဖြန် အကျဉ်းချုပ်ပြောပြ.…"


စုံတွဲနှစ်တွဲက အမြန်လှည့်ပြီး အခန်းထဲဝင်သွားတော့ အခြားကျောင်းသားတွေလည်း သက်ဆိုင်ရာအခန်းထဲပြန်သွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် စင်္ကြံ၏အဆုံးဆီသို့ လျှောက်သွားကာ တံခါးဝတွင် ရပ်လိုက်ပြီး ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြောလာသည်။

"အခန်းလဲရအောင်…"


ယွဲ့ရှင်းဝမ်က စနောက်သည်။

"ဘာလို့လဲ? ငါက တစ္ဆေဆွဲခံရပြီး တစ္ဆေမင်္ဂလာဆောင်‌ ဆောင်သွားမှာကို မင်းကြောက်နေတာလား?"


ကျန်းဖျင်စစ်က ခပ်ဖျော့ဖျော့ ပြောသည်။

"ဒါဆို ငါသွားပြီးတော့ သတို့သမီးကို(ယွဲ့ရှင်းဝမ်) ပြန်လုလိုက်မယ်…"


ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားပြီး စနောက်သည်ဟု ထင်ကာ သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။

"ရပါတယ်… ဒီအခန်းက ငါ့အတွက် အသင့်တော်ဆုံးပဲ… ငါ့မှာ မင်းထက်ပိုပြီး လွတ်မြောက်ဖို့ နည်းလမ်းတွေရှိတယ်… လမ်းပိတ်ထားတယ်ဆိုရင် မင်းရဲ့ coordinate system နဲ့ ထွက်သွားလို့မရပေမယ့် ငါက ‘ရွှေပုစဉ်းရင်ကွဲခွံ’စွမ်းရည်နဲ့ လွတ်မြောက်နိုင်တယ်လေ… ပြီးတော့ ငါ့အဘိဓာန်မှာ ထိန်းချုပ်ရေးစွမ်းရည်တွေ အများကြီးရှိတယ်… ငါအန္တရာယ်ကြုံရင် ငါ့အသက်ကို ကယ်တင်ဖို့လောက်တော့ ပြဿနာမရှိပါဘူး…"


သူက အခိုင်အမာပြောနေတော့ ကျန်းဖျင်စစ်က လက်လျှော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ တိုးတိုးပြောလိုက်သည်။

"သတိထားပါ… မင်း အန္တရာယ်ကြုံရင် ငါ့ကို ချက်ချင်းအော်ခေါ်လိုက်…"


နှစ်ယောက်သား တံခါးဝမှာ လမ်းခွဲပြီး ဖယောင်းတိုင်ဖြင့် အခန်းထဲ ဝင်ခဲ့ကြသည်။


ထွင်းထုထားသော သစ်သားကုတင်ကို အနီရောင်စောင်များဖြင့် ဖုံးအုပ်ထားသည်။ စက်ရုပ်အသံက ‘ကုတင်ဆီသွားပြီး အိပ်ရာဝင်ကြပါ’ဟု ပြောခဲ့တာကို ယွဲ့ရှင်းဝမ်သတိရတာမို့ သတ္တိရှိစွာ ကုတင်ပေါ်တက်ပြီး အိပ်လိုက်သည်။


အနီရောင်ဖယောင်းတိုင်က အခန်းထဲကို လင်းထိန်နေကာ ယွဲ့ရှင်းဝမ်သည် အနီရောင်ကုတင်ပေါ်တွင် အိပ်နေပြီး သူ့စိတ်ထဲတွင် အမြဲကြောက်ရွံ့နေသည်။ သူသည် ကုတင်ထိပ်တွင် ထွင်းထုထားသော ပုံသဏ္ဌာန်ကို ခဏလောက် စိုက်ကြည့်ကာ တဖြည်းဖြည်း ငိုက်မျဉ်းသွားပြီး ယွဲ့ရှင်းဝမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


သူ အလွန်ထူးဆန်းသော အိမ်မက်တစ်ခုမက်ခဲ့သည်။


အိမ်မက်ထဲတွင် သူသည် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်တောက်တောက် ခေါင်းပဝါဖြင့် မျက်နှာကိုကာထားပြီး အရှေ့ကိုလျှောက်ရန် တစ်စုံတစ်ဦးက ကူညီပေးနေခဲ့သည်။ သူ့ခြေရင်းအောက်က ကျောက်လမ်းဟာ ကွေ့ကောက်နေပြီး ပတ်ပတ်လည်မှာ ပန်းပင်တွေ၊ သစ်ပင်တွေ အများကြီး စိုက်ထားသည်။ ခြံကအလွန်ကျယ်တာမိာ့ အဆုံးမသတ်နိုင်ပေ။ ကြည့်ရတာ လူချမ်းသာမိသားစုတစ်ခုလိုပါပဲ။ ‘အိမ်ထောင်သည်မိန်းမကြီး’၏ အကူအညီဖြင့် သူသည်စင်္ကြံအရှည်ကြီးကို ဖြတ်လျှောက်ပြီး တံခါးထစ်ကို ကျော်ကာ ခန်းမတစ်ခုထဲသို့ ဝင်လာသည်။

[Matron of honour = လက်ထပ်မင်္ဂလာပွဲတွင် သတို့သမီးကိုလိုက်ပါ စောင့်ရှောက်သည့် အိမ်ထောင်သည်မိန်းမကြီး]


“မင်္ဂလာအချိန်ရောက်ပြီ၊ မိုးမြေကန်တော့မယ်…" ဟူသော အသံကြီးက သူ့နားထဲတွင် ထွက်ပေါ်လာသည်။


သူက အိမ်အပြင်ဘက်သို့ လှည့်၍ ကန်တော့လိုက်သည်။ သုံးကြိမ်ဆက်တိုက် ကန်တော့ပြီးနောက် သူ့ကို အခန်းထဲသို့ ခေါ်သွားခဲ့သည်။


ကုတင်ပေါ်တွင်ထိုင်ကာ သူ၏ခေါင်းပဝါကိုမကာ ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်လိုက်ရာ အခန်းတွင်းရှိ သစ်သားကုတင်၊ ဗီရို၊ မှန်တင်ခုံနှင့် သစ်သားစားပွဲတို့က တည်းခိုခန်းထဲမှာ တွေ့ရသည့်ပုံနှင့် တစ်ထေရာတည်းဖြစ်ကြောင်း တွေ့ရှိရပြီး စားပွဲပေါ်တွင် အနီရောင်ဖယောင်းတိုင်နှစ်တိုင်ရှိနေသည်။


သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ ခေါင်းအုံးများအောက်မှာ အနီရောင်အရုပ်နှစ်ခုကို တွေ့လိုက်ရသည်။


အရုပ်၏ကိုယ်ပေါ်တွင် ငွေရောင်အပ်ရှည်တစ်ချောင်း စိုက်ထားပြီး အရုပ်၏ကိုယ်ပေါ်တွင် အဖြူရောင်ဝတ်စအား ငွေအပ်ဖြင့် ကပ်နေသည်။ ၎င်းအပေါ်တွင် နံပါတ်များစွာရေးထားပုံရသော်လည်း ဖတ်ကြည့်ရန်ခက်ခဲလှသည်။ 


ထိုအချိန်တွင် အပြင်ဘက်ရှိ စင်္ကြံ၌ စူးစူးဝါးဝါး အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ‌ဆူညံသံကြောင့် ယွဲ့ရှင်းဝမ် နိုးလာသည်။ အိပ်ပေါ်ကနေ ထလာပြီး တံခါးကနေ အပြေးအလွှားထွက်ခါနီးတွင် အခန်းတံခါးက ရုတ်တရက် တွန်းဖွင့်လာပြီး အေးစက်သောလေများ တိုက်ခတ်လာကာ အခန်းထဲရှိ ဖယောင်းတိုင်များ ငြိမ်းသွားသည်။


အခန်းအတွင်းရှိ အလင်းရောင်သည် ရုတ်တရက် မှောင်ကျသွားပြီး လရောင်၏မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် တောက်ပသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ယွဲ့ရှင်းဝမ်၏ဘေးတွင် သရဲတစ္ဆေကဲ့သို့ ရုတ်တရက် ပေါ်လာသည်။ သူမ၏အနီရောင်ခေါင်းပဝါက လေတိုက်၍ လွင့်ထွက်သွားပြီး ဂျုံမှုန့်ကဲ့သို့ ဖြူဖွေးနေသောမျက်နှာကို ပေါ်လွင်သွားစေကာ သူမ၏နှုတ်ခမ်းတွင် သွေးကဲ့သို့ အနီရောင်တောက်တောက်ကို ခြယ်သထားပြီး သူမ၏နဖူးတစ်ဝိုက်တွင် အနီရောင်မှဲ့တစ်လုံး ရှိနေကာ သူမ၏အပြုံးက ထူးဆန်းနေသည်။


ယွဲ့ရှင်းဝမ်၏ ဦးရေပြားက ထုံကျင်သွားသည်။ သူသည် အဘိဓာန်ကို ချက်ချင်း ထုတ်လိုက်ပြီး သူမ၏ခေါင်းကို ရိုက်လိုက်သည်။


သို့သော် အဘိဓာန်သည် သူမ၏ခန္ဓာကိုယ်ကို ဖြတ်သွားကာ နံရံကို ဘမ်းခနဲထိမှန်သွားသည်—— သူမ၏ခန္ဓာကိုယ်သည် မမြင်နိုင်သောအရိပ်တစ်ခုလိုဖြစ်နေပြီး သူမသည် ပေါ့ပေါ့ပါးပါး လှုပ်ယမ်းပြီးနောက် ယွဲ့ရှင်းဝမ်၏လည်ပင်းကို ညှစ်ရန် သူမ၏ချွန်ထက်သောလက်သည်းများကို ဆန့်ထုတ်လိုက်သည်——


ဒါက တစ္ဆေသတို့သမီးလား?!


ယွဲ့ရှင်းဝမ်သည် တစ်ဖက်သို့လှည့်၍ တံခါးဆီ ပြေးသွားသော်လည်း သူ့အရှေ့တွင် ရုတ်တရက် တံခါးပိတ်သွားတာကို တွေ့လိုက်ရသည်။ တစ္ဆေသတို့သမီး၏လက်ထဲမှ မရေမတွက်နိုင်သော အနီရောင်ပိုးချည်များ ထွက်လာပြီး မျက်စိများပါသော ဝိညာဉ်မြွေတစ်ကောင်လို ယွဲ့ရှင်းဝမ်အနားတွင် ချက်ချင်းဝိုင်းရံထားသည်။ ယွဲ့ရှင်းဝမ်သည် ထိုပိုးချည်များ၏တိုက်ခိုက်မှုကို ရှောင်ရှားရန် အောက်ကိုငုံ့လိုက်ပြီး ပြတင်းပေါက်ဆီသို့ အမြန်ပြေးကာ အော်လိုက်သည်။

"ကျန်းဖျင်စစ်!"


ဘေးအခန်းတွင် ကျန်းဖျင်သည် ပြတင်းပေါက်ကို ရုတ်တရက်ဖွင့်လိုက်ပြီး ညာဘက်လက်ဖြင့် coordinate system ကို အမြန်ဆွဲလိုက်သည်။ ယွဲ့ရှင်းဝမ်သည် သူ့ကိုမြင်လိုက်တာနဲ့ မဆိုင်းမတွ ခုန်ချလိုက်သည်။ ကျန်းဖျင်စစ်သာရှိနေရင် သူသည် သုံးမီတာမြင့်သော အနေအထားမှ ခုန်ချလျှင်တောင် ကျိုးကန်းမှာမဟုတ်ဘူး။


ယွဲ့ရှင်းဝမ်က မြေပြင်ပေါ် ခြေချလိုက်ပြီး အနည်းငယ် ယိုင်သွားသည် ကျန်းဖျင်စစ်က သူ့ကိုထိန်းပေးရန် လျင်မြန်စွာ လှမ်းလာပြီး သူတို့ဘေးအခန်းရှိ တံခါးများအားလုံး ပွင့်လာသည်။ လျှိုကျောက်ချင်းနဲ့ ခယ်ရှောင်ပင်းတို့ကလည်း ကျန်းဖျင်စစ်၏မျက်စိအချက်ပြတာကို မြင်ပြီး အံကြိတ်ကာ အောက်ကိုခုန်ဆင်းလိုက်သည်။ 


သူတို့သည် အမြင့် 3 မီတာကျော်ကနေ ခုန်ချခဲ့ကြပြီး ဒဏ်ရာမရခဲ့ပေ။ 


လျှိုကျောက်ချင်းက ရှုံ့မဲ့နေခဲ့သည်။

"ငါ့ခွဲစိတ်ဓားက အနီရောင်သတို့သမီးအပေါ် လုံးဝအလုပ်မလုပ်ဘူး…"


ခယ်ရှောင်ပင်းက တုန်ယင်နေသောအသံဖြင့်

"ဒါက တကယ်–တကယ်ကို သဘာဝလွန်ဖြစ်စဉ်ပဲ!"


ယွဲ့ရှင်းဝမ်က အမြန်တည်ငြိမ်သွားပြီး ပြောလိုက်သည်။

"တစ္ဆေဆိုတာက ပုံရိပ်လိုပဲ… တစ္ဆေကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… ငါတို့ပြေးဖို့ပဲ တတ်နိုင်တယ်! အခြားသူတွေနဲ့ ပေါင်းရအောင်!"


သူတို့လေးယောက်က တည်းခိုခန်းတံခါးဆီသို့ အမြန်လျှောက်လာခဲ့သည်။ ချင်မြောင်နှင့် ချင်လုတို့သည် ကျောက်ထုလွှာပြောင်းရွှေ့ပြီးဖြစ်ကာ ကောင်းရုန်ချန်နှင့် ကောင်းရှောင်ရှင်းတို့ စုံတွဲလည်း ထိုနေရာတွင် ရှိနေခဲ့သော်လည်း အခြားစုံတွဲက ပျောက်ဆုံးနေခဲ့သည်။


ယွဲ့ရှင်းဝမ်က တည်ငြိမ်သော အမူအရာဖြင့် မေးသည်။

"အခြားနှစ်ယောက်ကရော?"


ချင်လုက အသံတိုးတိုးဖြင့်ပြောသည်။

"ငါ လော့ကျားကျားရဲ့အော်သံကို ကြားလိုက်တယ်… ငါ့ဆီပြေးလာဖို့ သူမကိုပြောလိုက်ပေမယ့် ငါပြောတာကိုမကြားကြဘဲ လှေကားတည့်တည့်ကို ပြေးသွားပြီး ပျောက်သွားတယ်…" 


ယွဲ့ရှင်းဝမ်က ကျယ်ကျယ် အော်လိုက်သည်။

"လော့ကျားကျား!"


တည်ခိုခန်းဆီမှ တုံ့ပြန်မှု မရှိခဲ့ပေ။


ကောင်းရှောင်ရှင်း၏မျက်နှာက အနည်းငယ် ဆိုးရွားနေသည်။

"တစ်ခုခုတော့ မဖြစ်လောက်ဘူးမလား?"


ယွဲ့ရှင်းဝမ် စဉ်းစားချိန်မရခင်မှာပဲ တည်းခိုခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။


အနီရောင်မင်္ဂလာဝတ်စုံနဲ့ အမျိုးသမီးခုနစ်ယောက်က တည်းခိုခန်းမှ ထွက်လာကြသည်။ သူတို့ကိုကြည့်ရတာ ကွဲပြားပေမယ့် သူတို့၏မိတ်ကပ်လိမ်းပုံကတော့ အလွန်ဆင်တူပြီး သူတို့အားလုံး၏နဖူးမှာ အနီရောင်မှဲ့တွေ ရှိနေသည်။


အနီရောင်သတို့သမီးအုပ်စုက သူတို့၏ဦးရေပြားကို ထုံကျင်သွားစေသည်။


သူတို့၏ပုံစံက သရဲတစ္ဆေများနှင့်တူပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သတို့သမီးခုနစ်ယောက်က သူတို့အား ချက်ချင်း ဝိုင်းရံထားတာကို ယွဲ့ရှင်းဝမ်ခံစားလိုက်ရသည်။


တစ္ဆေသတို့သမီးတွေ အများကြီးရှိတဲ့ ဒီ”တည်းခိုခန်း အမှတ် 7”ရဲ့ လျှို့ဝှက်ချက်က ဘာလဲ?!


#TK