Chapter 29
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 29 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၅)


နောက်တစ်နေ့မနက်တွင် ယွဲ့ရှင်းဝမ်နိုးလာပြီး ကျန်းဖျင်စစ်၏ ပခုံးပေါ်တွင် သူအိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ကျန်းဖျင်စစ်က သူနိုးတာကို သတိပြုမိပြီး သူ့ကိုငုံ့ကြည့်ကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကို ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က သူ့ခေါင်းကို အလျင်အမြန် ရွှေ့ပြီး ပြုံးလိုက်သည်။

"ငါ ဘယ်လိုလုပ် မင်းကို ခေါင်းအုံးလို အသုံးပြုခဲ့ရတာလဲ?"


သူက နာနေသော သူ့လည်ပင်းကို ပွတ်သက်ပြီးပြောသည်။

"မနေ့ညက မြွေတွေလိုက်တဲ့ အိမ်မက်မက်ခဲ့တာကြောင့် မှီဖို့ တစ်စုံတစ်ယောက်ကို ရှာချင်ခဲ့တာဖြစ်မယ်… အဟန့်… ငါတောင်းပန်ပါတယ်… မင်း ကောင်းကောင်းမအိပ်ခဲ့ဘူးမလား?"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ် မှတ်ယူထားသည်။ ညီအစ်ကိုကောင်းတွေကြားမှာ သိပ်ယဉ်ကျေးနေဖို့ မလိုဘူးဟု သူခံစားရသည်။ အကယ်၍ ကျန်းဖျင်စစ်က သူ့အပေါ်မှီအိပ်ရင်လည်း သူလုံးဝစိတ်ဆိုးမှာမဟုတ်သလို သူမှီအိပ်တာကိုလည်း ကျန်းဖျင်စစ်က စိတ်အနှောင့်အယှက် မဖြစ်သင့်ဘူးမလား?


ယွဲ့ရှင်းဝမ်က သူ့လက်ကို ဆန့်ထုတ်ပြီး ကျန်းဖျင်စစ်၏ပခုံးကို ညင်သာစွာ နှိပ်ပေးကာ ပြောသည်။

"ငါ့ရဲ့ဖိအားကြောင့် မင်းပခုံးတွေ ထုံနေတယ်မလား?"


အနှိပ်ခံရပြီးနောက် ကျန်းဖျင်စစ်က သက်သောင့်သက်သာရှိသလို ခံစားခဲ့ရပြီး သူ၏နှုတ်ခမ်းက အနည်းငယ် မြင့်တက်လာကာ သူ့မျက်လုံးထဲတွင် ရှားပါးသော အပြုံးတစ်ခု ပေါ်လာသည်။

"ရပါပြီ…"


ခယ်ရှောင်ပင်းလည်း နိုးလာပြီး ဒီမြင်ကွင်းကိုမြင်တော့ သူ၏မျက်မှန်ကို ပင့်တင်ကာ ချောင်းဟန့်လိုက်သည်။

"မင်္ဂလာမနက်ခင်းပါ…"

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ လျှိုကျောက်ချင်းက အနီးအနားမှာ မရှိတာကို တွေ့လိုက်ရပြီး ခယ်ရှောင်ပင်းက သံသယဖြင့် မေးသည်။

"စီနီယာအစ်ကိုလျှို ဘယ်မှာလဲ?"


ကျန်းဖျင်စစ်က ပြောသည်။

"ငါနိုးလာကတည်းက သူဒီမှာမရှိဘူး… သူဘယ်သွားမှန်း ငါမသိဘူး…"


ခယ်ရှောင်ပင်းက ခဏလောက်စဉ်းစားပြီး ပြောလာသည်။

"ငါ သူ့ကိုရှာဖို့ ရှောင်ထူကို လွတ်လိုက်မယ်…"


ရှောင်ထူ၏နဖူးက တောက်ပလာပြီး ‘ရှာမယ်၊ ရှာမယ်၊ သူငယ်ချင်းတစ်ယောက်ရှာမယ်’ သီချင်းဆိုရင်း ပြေးထွက်သွားခဲ့သည်။ ခဏအကြာတွင် ရှောင်ထူက လျှိုကျောက်ချင်း၏ နေရာကို ရှာတွေ့ပြီး ခယ်ရှောင်ပင်း၏ ကွန်ပျုတာဆီ အပြာရောင် coordinate အမှတ်တစ်ခုကို ပေးပို့လိုက်သည်။ ခယ်ရှောင်ပင်းက coordinate အမှတ်ကိုကြည့်ပြီး ပြောသည်။

"စီနီယာအစ်ကိုက ဒီကနေ 1 ကီလိုမီတာအဝေးမှာ ရွှေ့လျားခြင်းမရှိဘဲ နေနေတယ်… သူဘာလုပ်နေလဲ မသိဘူး…"


ယွဲ့ရှင်းဝမ်က မတ်တတ်ရပ်ပြီး အညောင်းဆန့်ရင်း သမ်းဝေကာ ပြောသည်။

"သုတေသနအဖွဲ့ရဲ့ chat channel ထဲမှာ သူ့ကို မေးကြည့်လိုက်…"


ထိုစကားလုံးများကို ပို့ပြီးနောက် လျှိုကျောက်ချင်းက သုတေသနအဖွဲ့၏ chat channel ထဲမှာ message ပို့လာသည်။

"မင်းတို့ သုံးယောက် ထကြပြီလား? ငါ မြစ်တစ်စင်းကို ရှာတွေ့တယ်… ရေက အရမ်းကြည်ပြီး အဲဒီထဲမှာ ငါးတွေလည်း ရှိတယ်… ရေကို သောက်လို့ ရလောက်တယ်…" သူက မနက်အစောကြီး ရေငတ်၍ နိုးလာကာ အနီးနားမှာ ရေရှာရန် ထွက်သွားခြင်း ဖြစ်သည်။


ကျန်းဖျင်စစ်က ထပြီး ပြောလာသည်။

"သွားကြည့်ရအောင်…"


ခဏအကြာတွင် သုံးယောက်သားက ရှောင်ထူ၏တည်နေရာအတိုင်း လျှိုကျောက်ချင်းကို တွေ့ရှိခဲ့သည်။ သူသည် မြစ်ကမ်းဘေးတွင် ထိုင်ကာ ငါးကို ခွဲစိတ်ဓားဖြင့် ထိုးရန် ကြိုးစားနေသည်။ ရေက ကြည်လင်နေပြီး ခယ်ရှောင်းပင်းက မြစ်နားကို လျှောက်သွားပြီး တံတွေးမျိုချလိုက်သည်။

"ဒီရေက တကယ်သောက်လို့ရတာလား?"


လျှိုကျောက်ချင်းက ပြောခဲ့သည်။

"ငါ တစ်ငုံသောက်ကြည့်လိုက်တာ ဆိုးဆိုးရွားရွား တုံ့ပြန်မှုမရှိပါဘူး… ကန္တာရကျွန်းမှာ လူမှမနေထိုင်တာ… သန့်စင်ပြီး ညစ်ညမ်းမှုကင်းတဲ့ သဘာဝစမ်းချောင်းရေက တွင်းထွက်ရေလောက် မသန့်ရှင်းဘူးဆိုရင်တောင် အနည်းဆုံးတော့ အဆိပ်မသင့်နိုင်ပါဘူး…"


ယွဲ့ရှင်းဝမ်လည်း ရေငတ်နေပြီး လည်ချောင်းတွေ ခြောက်နေသည်။ ကန္တာရကျွန်းကို မနေ့က ဆင်းသက်ကတည်းက အခုချိန်ထိ ရေမသောက်ရသေးပေ။ မနေ့နေ့လည်ခင်းက မြွေအုပ်စုလိုက်၍ ပြေးခဲ့ရပြီး ချွေးတွေအလွန်ထွက်ခဲ့သည်။ ထိုအချက်ကြောင့် သူ၏နှုတ်ခမ်းက ခြောက်သွေ့နေပြီး လည်ချောင်းက မီးတောက်နေသည်။ ယွဲ့ရှင်းဝမ်က အင်္ကျီလက်တွေကို ခေါက်တင်ပြီး လက်ဖဝါးဖြင့် စမ်းချောင်းရေကို ယူကာ နှစ်ငုံလောက် သောက်လိုက်သည်။ 


ချိုပြီး ကြည်လင်သောရေက သူ၏လည်ချောင်းခြောက်တာကို သက်သာ‌သွားစေသည်။ သူက အလျင်အမြန် ကျန်းဖျင်စစ်ကို ခေါ်လိုက်သည်။

"ဖျင်စစ်၊ လာပြီး ရေနည်းနည်းလောက် သောက်လိုက်… ဒါက တောင်ကျစမ်းရေဖြစ်မယ်… အတော်လေး ကြည်တယ်…"


ကျန်းဖျင်စစ်သည် ရေသောက်ရန် သူ့ထံသို့ လျှောက်လာခဲ့သည်။


လျှိုကျောက်ချင်းက အနီးနားရှိ ဝါးတောတစ်ခုကို လှမ်းကြည့်လိုက်ရာ လျင်မြန်စွာ လျှောက်သွားပြီး ပြုတ်ကျနေသော ဝါးကို ခွဲစိတ်ဓားဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြတ်ကာ ဝါးခွက်အနည်းငယ်ကို ကောက်ယူပြီး အရန်အနေဖြင့် စမ်းချောင်းရေတွေကို ဖြည့်လိုက်သည်။ 


အဆင့်မြင့်ထားသော ခွဲစိတ်ဓားက အလွန်ထက်ပြီး ရစ်ငှက်ကို သတ်နိုင်ရုံသာမက ထင်းကိုတောင် ဖြတ်နိုင်သည်။ 


ယွဲ့ရှင်းဝမ်က ပြုံးကာ လက်မထောင်ပြသည်။

"စီနီယာအစ်ကိုက အရမ်းစဉ်းစားတတ်တာပဲ… ရေနည်းနည်း ထပ်ထည့်ရအောင်… ဝါးခွက်ကိုပိတ်ပြီး ကျောပိုးအိတ်ထဲ ထည့်ထားလိုက်မယ်… လမ်းမှာ ရေငတ်ရင် ဆက်သောက်လို့ရတယ်…"


သူတို့လေးယောက်က ဝါးခွက်တစ်ဒါဇင်ကို အလျင်အမြန် ထုပ်ပိုးပြီး ကျောပိုးအိတ်လေးလုံးထဲ ထည့်ထားလိုက်သည်။


လျှိုကျောက်ချင်းက မြစ်အတွင်း ကူးခတ်နေသော ငါးအုပ်စုကို စိုက်ကြည့်ကာ ပြောသည်။

"ငါ့ခွဲစိတ်ဓားက အဲဒီငါးတွေကို ချိန်လို့မရဘူး… အကြိမ်အနည်းငယ် ငါကြိုးစားကြည့်ပြီးပြီ… ဖမ်းလို့မရဘူး… ငါးကိုဘယ်လိုဖမ်းရလဲဆိုတာ သိကြလား? စားဖို့ နည်းနည်းလောက်ဖမ်းလိုက်…"


ကျန်းဖျင်စစ်က ပြောလာသည်။

"ကျွန်တော် လုပ်လိုက်မယ်…"


သူက coordinate system ကို ညာလက်ဖြင့်ဆွဲကာ ရေထဲကငါးများကိုကြည့်ပြီး သူ့မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားသည်။ 


အလင်းယိုင်မှုကြောင့် ရေထဲရှိ ငါးများ၏ တကယ့်အနေအထားနှင့် သာမန်မျက်စိဖြင့်မြင်ရသည့် အနေအထားကြားတွင် တချို့သော ချို့ယွင်းချက်တစ်ခု ရှိနေပါသည်။ စီနီယာအစ်ကိုလျှိုသာ ခွဲစိတ်ဓားကို ခပ်စောင်းစောင်း ပေါက်လိုက်ရင် ငါးတွေကို တိုက်ရိုက်ထိုးဖောက်နိုင်သည်။ ကျန်းဖျင်စစ်သည် မြစ်ရေအလွှာကြောင့် အချက်အလက်အမှား၏ ဤအပိုင်းကို ခန့်မှန်းကာ parabolic formula ကို ချက်ချင်းရေးခဲ့သည်——


လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက မြှောက်လိုက်သကဲ့သို့ မြစ်ထဲမှ ရေကြီးတစ်စင်း ရုတ်တရက် လွင့်ပျံလာကာ ကမ်းပေါ်သို့ ပြုတ်ကျသွားသည့် အသံနှင့်အတူ ငါးအနည်းငယ်က မြစ်ကမ်းပါးသို့ ပြုတ်ကျလာသည်။ 


ရေမရှိသောငါးများသည် ပက်လက်လှန်ကာ မြစ်ကမ်းပါးပေါ်တွင် တစ်ခဏမျှရုန်းကန်ပြီးနောက် သေဆုံးသွားကြသည်။


သင်္ချာဌာနက ငါးဖမ်းရာတွင် အလွန်တော်သည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန်းဖျင်စစ်က ငါးဒါဇင်ကျော်ကို ကမ်းပေါ်သို့ ယူလာပေးပြီး ယွဲ့ရှင်းဝမ်က ငါးတွေကို ကောက်ရင်း အလုပ်ရှုပ်နေသည်။

"ငါတို့တွေ ငါးတွေအများကြီး ကင်စားလို့ရတယ်… စီနီယာအစ်ကိုလျှိုရဲ့ ပတ်တီးနဲ့ ထုပ်ပြီး ကျောပိုးအိတ်ထဲ ထည့်ထားလိုက်မယ်… ဒါဆို နောက်ထပ်တစ်နပ်စာအတွက် ဖြေရှင်းပြီးသားဖြစ်သွားပြီ!"


သူတို့လေးယောက်ဟာ မြစ်ကမ်းဘေးမှာ အချိန်အတော်ကြာ အလုပ်များနေပြီး ရေနဲ့ စားစရာတွေ ပြင်ဆင်နေသည်။ သူတို့ ပြန်သွားဖို့ လှည့်ခါနီးမှာ ရုတ်တရက် သူတို့နောက်က ခြေသံတွေကို ကြားလိုက်ကြပြီး ရင်းနှီးသောလူအနည်းငယ်က သူတို့ဆီ လျှောက်လာခဲ့သည်။ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့၏အဖွဲ့ခေါင်းဆောင်က ချင်းလန်ဖြစ်ကာ ပိန်ပိန်ပါးပါး လျှိုရှောင်းရှောင်း၏ နောက်မှာ ရှိနေသည်။ 


ယွဲ့ရှင်းဝမ်၏အကြည့်နဲ့ဆုံတော့ လျှိုရှောင်းရှောင်း၏မျက်လုံးများ တောက်ပလာပြီး သူမက ချက်ချင်းပြေးသွားကာ ပြောသည်။

"ရှင်းဝမ်၊ နင်တို့ပါလား!


ယွဲ့ရှင်းဝမ်က သူမကို ပြုံးပြသည်။

"တိုက်ဆိုင်လိုက်တာ… သောက်ဖို့ ရေရှာနေတာလား?"


"အင်း… ငါတို့ ရေစီးသံကြားလို့ လာကြည့်ကြတာ… ငါ တစ်နေ့လုံး ရေမသောက်‌ရသေးဘူး… ရေဆာလို့ သေတော့မယ်…" လျှိုရှောင်းရှောင်းက ကြည်လင်ပြတ်သားနေသော စမ်းချောင်းကို ကြည့်ပြီး မေးသည်။ "ဒီရေက သောက်လို့ရလား?"


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"အင်း… ငါတို့သောက်ပြီးသွားပြီ… မြစ်ထဲမှာ ငါးတွေရှိသေးတယ်… မင်း နည်းနည်းလောက် ဖမ်းစားလို့ရတယ်…"


လျှိုရှောင်းရှောင်းသည် ‘ငါး’ဟူသော စကားလုံးကိုကြားသောအခါ သူမက ချက်ချင်းမြစ်ထဲသို့ ရောက်လာပြီး သူမ၏သင်ခန်းစာမှတ်စုကိုထုတ်ကာ စတင်ဖတ်လိုက်သည်—— သင်ခန်းစာမှတ်စု၏ အကျိုးသက်ရောက်မှုကြောင့် မြစ်အတွင်းရှိငါးများက ငြိမ်သက်စွာ ရှိနေခဲ့သည်။ သူမအနားရှိ စီနီယာအစ်ကို၊အစ်များက ငါးတွေအများကြီးကို မျက်စိတစ်မှိတ်အတွင်း လက်ဗလာဖြင့် ဖမ်းလိုက်ကြသည်။


ယွဲ့ရှင်းဝမ်: "..."


လျှိုရှောင်းရှောင်းက တိရစ္ဆာန်များသင်ကြားရာတွင် အလွန်ကျွမ်းကျင်ပုံရသည်။


ချင်းလန်က ယွဲ့ရှင်းဝမ်ဆီသို့ လမ်းလျှောက်ရန် အစပြုခဲ့ပြီး မေးသည်။

"မင်းတို့ အမှတ်ဘယ်လောက်ရပြီလဲ?"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"25 မှတ်၊ စီနီယာတို့ကရော?"


ချင်းလန်က ဆိုသည်။

"ငါတို့လည်း 25 မှတ်ပဲ… ငါတို့ အဲဒီဧရိယာကို ရှာဖွေပြီး အစိမ်းရောင်ကတ်သုံးခုနဲ့ အပြာရောင်ကတ်တစ်ကတ်ပဲ တွေ့ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"စီနီယာတို့က အဆင့် 1 A-76 သုတေသနအဖွဲ့ မဟုတ်ဘူးလား?"


ချင်းလန်က ပြုံးကာပြောသည်။

"ငါတို့က အဆင့် 4 A-153 သုတေသနအဖွဲ့ပါ…"


ယွဲ့ရှင်းဝမ်က မေးလေသည်။

"A-76 သုတေသနအဖွဲ့က ဘယ်သူတွေလဲဆိုတာ သိလား? စာမေးပွဲစကတည်းက အမှတ် 20 ရခဲ့တာ အံ့ဩစရာကောင်းတယ်…"


ချင်းလန်က ပြောပြသည်။

"ကျိုတိုတက္ကသိုလ်က အမြန်ဆုံးတိုးတက်မှုအဖွဲ့လေ… သူတို့က စတုတ္ထထပ်ကို ရောက်နေပြီ…"


ကျိုတိုတက္ကသိုလ်က အမြန်ဆုံးတိုးတက်မှုအဖွဲ့လား? ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ပထဝီဘာသာရပ်တွေ ပေါင်းစပ်ထားသည့် အမြန်ဆုံးအဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာ စီနီယာအစ်ကိုကျိုဖုန်းလည်း အရင်က ပြောဖူးသည်။ သူတို့က တတိယထပ်က ဗိသုကာဌာန၏ သင်တန်းကို အောင်မြင်ဖို့အတွက် ပထဝီဝင်ဌာန၏ ‌နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။


ဤနည်းဖြင့် သူတို့ဆင်းသက်သောအခါတွင် အမှတ် 20 ရှိသော ကတ်တစ်ခုနှင့် တွေ့ခဲ့ပြီး ပထဝီဝင်ဌာနက ကတ်ကို နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုနိုင်သလို၊ ကတ်ကိုယူရန် ဇီဝဗေဒဌာန၏ mitosis ကို တိုက်ရိုက်အသုံးပြုနိုင်ပြီး နယ်မြေရှင်းလင်းရန်အတွက် ရူပဗေဒနှင့် ဓာတုဗေဒဌာနက ပူးပေါင်းနိုင်သည်။ သူတို့သည် အမှတ်ကတ်ရရှိရန် အသုံးပြုနိုင်သည့် လှည့်ကွက်များစွာ ရှိတာကြောင့် အဆင့် 1 ရောက်နေတာက အံ့ဩစရာမရှိပေ။


ဒါကို သူစဉ်းစားရုံဖြင့် ညာဘက်အပေါ်ထောင့်မှာရှိသော လေးထောင့်ဘောင်ထဲက ဦးဆောင်သူအဖွဲ့စာရင်းကို အချိန်နဲ့တစ်ပြေးညီ update လုပ်ထားသည်——


[A-76 သုတေသနအဖွဲ့ 55 မှတ်]


[B-16 သုတေသနအဖွဲ့ 40 မှတ်]


[C-233 သုတေသနအဖွဲ့ 30 မှတ်]


[C-183 သုတေသနအဖွဲ့ 25 မှတ်]


[C-153 သုတေသနအဖွဲ့ 25 မှတ်]


...


ယွဲ့ရှင်းဝမ်၏အဖွဲ့က အဆင့် 4 သို့ ကျဆင်းသွားပြီး ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ချင်းလန်တို့အဖွဲ့နှင့် အမှတ်တူနေသည်။


အဆင့် 1 အဖွဲ့သည် မိုးသောက်ပြီးနောက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး 55 မှတ်ဖြင့် အောင်မြန်ရန် 5 မှတ်သာ ကျန်ရှိတော့သည်။ သဘာဝသိပ္ပံနှင့် ပထဝီ၏ ပေါင်းစပ်မှုဖြင့် အမြန်ဆုံးအဖွဲ့၏ ထိရောက်မှုက အမှန်တကယ်မြင့်မားသည်။


ယွဲ့ရှင်းဝမ်က သက်ပြင်းချသည်။

"အမြန်ဆုံးအဖွဲ့က အောင်မြင်တော့မယ်… ကျွန်တော်တို့လည်း မြန်မြန်လုပ်ဆောင်ရတော့မယ်ထင်တယ်…"


ချင်းလန်က ပြောသည်။

"ကျွန်းပေါ်မှာ နှစ်ရက်ကျန်သေးပေမယ့် အမှတ်ကတ်တွေက အကန့်အသတ်ရှိတယ်… ကံကောင်းပါစေ…"

သူက သူ့အဖွဲ့ဝင်တွေကို လက်ပြခေါ်လိုက်သည်။

"သွားရအောင်… မြန်မြန်စားပြီး မြန်မြန်အလုပ်လုပ်ရမယ်…"


လျှိုရှောင်းရှောင်းက ငါးအနည်းငယ်ကို စိတ်အားထက်သန်စွာ သယ်ဆောင်လာပြီး ယွဲ့ရှင်းဝမ်ရှေ့မှာ ရပ်လိုက်ကာ သူမ၏ကျောပိုးအိတ်ထဲက အညိုရောင်သကြားကဲ့သို့ ပစ္စည်းကိုထုတ်ကာ ယွဲ့ရှင်းဝမ်အား ပေးလိုက်သည်။ 

"ရှင်းဝမ်၊ ဒီမှာ နင်တို့အတွက် ပျားရည်နည်းနည်း ပေးခဲ့မယ်… ငါတို့မှာ အများကြီးရှိတော့ မကုန်နိုင်ဘူး…"


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"ပျားရည်လား? ဘယ်ကရတာလဲ?"


ချင်းလန်က ခါးသက်သက်ပြုံးကာ ပြောသည်။

"မနေ့က အပြာရောင်ကတ်ကို ပျားအုံထဲထည့်ထားတာ တွေ့လိုက်တာ… ငါ ကတ်ကိုယူလိုက်တဲ့အခါ ပျားအုံကို မတော်တဆ ထိုးမိပြီး တစ်လျှောက်လုံး ပျားတွေတုပ်တာ ခံခဲ့ရတယ်… ဟူး… ကံကောင်းလို့ ငါ့မျက်နှာကိုအုပ်ဖို့ ကျောပိုးအိတ်ကို အချိန်မှီသုံးလိုက်ပြီး လက်မောင်းကိုတော့ အများကြီး ကိုက်သွားတယ်…"


သူ့အင်္ကျီလက်ကို ခေါ်တင်လိုက်တော့ ယွဲ့ရှင်းဝမ်က ငုံ့ကြည့်လိုက်ကာ ထိုယောင်္ကျားလေး၏ တုတ်ခိုင်သောလက်မောင်းပေါ်တွင် အဖုအထစ်တွေ အစီအရီထွက်နေတာကို တွေ့လိုက်ရသည်။ ဒါကိုမြင်လိုက်ရတော့ လျှိုရှောင်းရှောင်း၏မျက်လုံးက ချက်ချင်းနီရဲသွားသည်။

"စီနီယာအစ်ကို၊ ကျွန်မတို့ကို ကာကွယ်ဖို့အတွက် ပျားတွေကို အာရုံပြောင်းပေးခဲ့တာ… အဲဒီတုန်းက ကျွန်မတို့ရဲ့စွမ်းရည်က စောင့်ဆိုင်းချိန်ရောက်သွားတော့ စီနီယာအစ်ကို ပျားတွေတုပ်တာ ဆိုးဆိုးရွားရွားခံလိုက်ရတယ်…"


သူမဘေးရှိ ဆံပင်ရှည်ရှည် စီနီယာအစ်မက သက်ပြင်းချရင်း ပြောသည်။

"10 မှတ်ကတ်ရဖို့က အရမ်းခက်တယ်… ကံကောင်းစွာပဲ လျှိုရှောင်းရှောင်းရဲ့ သင်ခန်းစာမှတ်စုစွမ်းရည်ရဲ့ စောင့်ဆိုင်းချိန်က ပြီးသွားလို့ ပြင်းထန်တဲ့အခြေအနေကနေ ငါတို့ လွတ်မြောက်ခဲ့တာ… ဒီပျားမျိုးက အဆိပ်ပြင်းတယ်… ကံကောင်းစွာပဲ အသက်တော့မသေနိုင်ဘူး… အကိုက်ခံရပြီးတဲ့အခါ အရေပြားက နီရဲရောင်ရမ်းလာပြီး ယားယံတာကြောင့် နည်းနည်းတော့ မသက်မသာဖြစ်စေတယ်…"

သူမ၏ လက်ကောက်ဝတ်များမှာလည်း အဖုကြီးနှစ်ခုရှိနေပြီး ယားယံလွန်းတာကြောင့် မကုတ်မိစေရန် ဘယ်လိုမှသည်းမခံနိုင်ပေ။


ယွဲ့ရှင်းဝမ်က လျှိုကျောင်ချင်းကို တစ်ချက်ကြည့်လိုက်သည်။


စီနီယာအစ်ကိုလျှိုက သဘောပေါက်သွားပြီး ပတ်တီးကို ထုတ်ကာ ပြောလိုက်သည်။

"ဒီကိုလာကြ၊ ဒီဆရာဝန်က မင်းတို့ကို စစ်ဆေးကြည့်ပေးမယ်…"


သူက ချင်းလန်၏ဒဏ်ရာကို စစ်ဆေးပြီး ချင်းလန်၏လက်မောင်းတစ်ဝိုက်တွင် အဖြူရောင်ပတ်တီးကို အမြန်ပတ်ထားလိုက်သည်။ 


အံ့သြစရာကောင်းတာက ထိုအဖုအထစ်များသည် သာမန်မျက်စိနဲ့ မြင်သောအရှိန်ဖြင့် ပျောက်ကွယ်သွားပြီး ချင်းလန်၏လက်မောင်းက အရေပြားသည် ပုံမှန်ပြန်ဖြစ်လာကာ ထူဆန်းသည့် အေးမြသောခံစားချက်က သူ့တစ်ကိုယ်လုံးကို သက်သောင့်သက်သာဖြစ်စေသည်။


ချင်းလန်က အံ့အားသင့်သွားသည်။

"ဒီလောက်တောင် အစွမ်းထက်တာလား?"


လျှိုရှောင်းရှောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"စီနီယာအစ်ကိုလျှိုမှာ ခွဲစိတ်ဓားရှိတာ မဟုတ်ဘူးလား? ဒီပတ်တီးက ဘာကြီးလဲ?"


"ငါ ဒီပစ္စည်းကို လဲလှယ်လိုက်တာ… ဒါက ဒဏ်ရာတွေကို ကုသပေးနိုင်တယ်… မင်းတို့ကို ပျားတုပ်ခံခဲ့ရပြီး အဆိပ်မိသွားပေမယ့် အဲဒီအဆိပ်က မင်းတို့သွေးကြောထဲ မဝင်နိုင်ဘူး… အဲဒါက မင်းတို့ရဲ့အရေပြားမှာ ဒီအတိုင်းနီရဲပြီး ယားယံနေတာလောက်ပဲ… အဲဒါမျိုးကို ငါကုသနိုင်တယ်…" 


သူက ပတ်တီးတချို့ကို ဆုတ်ဖြဲပြီး လျှိုရှောင်းရှောင်းကို ပေးလိုက်သည်။

"ဒီပိတ်စက တစ်ခါသုံးပဲ… သုံးပြီးရင် လွှင့်ပစ်လိုက်… ငါမင်းတို့ကို နည်းနည်းပေးလိုက်မယ်… တကယ်လို့ ထပ်ကိုက်ခံရရင် ကိုယ့်ဒဏ်ရာကိုယ် ပတ်တီးနဲ့ ပတ်ထားလိုက်…"


ချင်းလန်၏နှာခေါင်းက ရှုံ့ချည်ပွချည်ဖြစ်သွားပြီး သူက လက်ဆန့်ကာ လျှိုကျောက်ချင်း၏ပခုံးကို ပုတ်လိုက်သည်။

"ကျေးဇူးပါ ညီအစ်ကို…"


သူသည် စိတ်တည်ငြိမ်အောင် ကြိုးစားသော်လည်း ပျားများ ကိုက်ခံရပြီး လက်မောင်းတစ်ခုလုံး အဖုများ ပြည့်နှက်နေတာကြောင့် မနေ့ညက တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ တစ်ကိုယ်လုံး ယားယံနေခဲ့သည်။ သူ့တစ်ကိုယ်လုံးက ယားယံနေပြီး ပို၍ပွတ်လေ အဆင်မပြေလေဖြစ်လာသည်။ လျှိုကျောက်ချင်းက သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး ရှောင်းရှောင်း၏မျက်နှာကြောင့် သူတို့ကို ကုသပေးရန် သူ၏စွမ်းရည်ကို အသုံးပြုခဲ့သည်။ အတန်းဖော်တွေကြားမှာ ဒီလိုကြင်နာမှုမျိုးက တကယ်ကိုရှားပါးသည်။ 


လျှိုရှောင်းရှောင်းက နီရဲနေသောမျက်လုံးများဖြင့် ပြောသည်။

"ကျေးဇူးတင်ပါတယ်… စီနီယာအစ်ကိုရဲ့ ပတ်တီးအတွက် ကျေးဇူးတင်ပါတယ်…"


လျှိုကျောက်ချင်းက သူ့လက်ကို ဝှေ့ယမ်းပြီးပြောသည်။

"ရပါတယ်… ဒါက အသေးအမွှားလေးပါ…"


ယွဲ့ရှင်းဝမ်က ပြုံးကာ လျှိုရှောင်းရှောင်းကို ကြည့်သည်။

"မင်းရဲ့ပျားရည်အတွက် ကျေးဇူးပါ… ငါတို့ ချိုမြိန်တဲ့ငါးကင်ကို စားလို့ရပြီ…"


အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြကြသည်။


ချင်းလန်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး အလေးအနက်ပြောသည်။

"“နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”က မင်းရဲ့အကြောင်းကို မနေ့က ရှောင်းရှောင်း ငါ့ကိုပြောပြခဲ့တယ်… ရှင်းဝမ်၊ မင်းက တကယ်တော်တယ်… ငါ ယဉ်ယဉ်ကျေးကျေး စကားလုံးတွေ မပြောတော့ဘူး… နောင်ကျရင် ငါ့ဆီ private message ကနေ အချိန်မရွေး message ပို့နိုင်တယ်၊ ဒါမှမဟုတ် ကျောင်းကွန်ရက်ဖိုရမ်မှာ မင်းလိုအပ်တဲ့အချိန်တိုင်း ငါ့ကိုရှာနိုင်တယ်… ငါ ဖိုရမ်ကျွမ်းကျင်သူတွေအများကြီးနဲ့ သိပြီး ကူညီပေးနိုင်လောက်တယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ကောင်းပြီ… နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုချင်း၊ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်…"


မြစ်ကမ်းဘေးမှာ လူစုခွဲသွားကြသည်။


ယွဲ့ရှင်းဝမ်သည် သူတို့၏နောက်ကျောကိုကြည့်ပြီး သူ့ရင်ထဲမှာ သက်ပြင်းချလိုက်သည်—— ကျောင်းသားအဖွဲ့တွေအားလုံးက အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ? ဒါပေမယ့် ဒါက ကြီးမားသော မျှော်လင့်ချက်တစ်ခုပဲဆိုတာ သူသိသည်။


ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်နှင့် သူတို့၏စွမ်းရည်ကို ဖလှယ်နိုင်မှု၏ သော့ချက်မှာ ‌လျှိုရှောင်းရှောင်းရှိနေခြင်း ဖြစ်သည်။ 


အရင်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ လျှိုရှောင်းရှောင်းနဲ့အတူ တိုက်ခိုက်ခဲ့ဖူးသည်။ ယွဲ့ရှင်းဝမ်သည် ထိုမိန်းကလေး၏ ရိုးသားသော စရိုက်လက္ခဏာနှင့် မျောက်များကို သင်ကြားပေးနိုင်သည့် သတ္တိကို သဘောကျခဲ့သည်။ ဖိုရမ်ပေါ်တွင် ချင်းလန်း၏ တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ လမ်းညွှန်ချက်နှင့်အတူ ယွဲ့ရှင်းဝမ်သည် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်အဖွဲ့မှ ကျောင်းသားများသည် လူဆိုးမဟုတ်ဘူးဟု ခံစားမိသောကြောင့် စီနီယာအစ်ကိုလျှိုအား သူတို့ကို ကုသခိုင်းစေခဲ့သည်။


လျှိုရှောင်းရှောင်းသည် သူမကို အရင်ကကူညီသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ယွဲ့ရှင်းဝမ်က ပျားရည်ပေးရန် အစပြုခဲ့သည်။


သို့သော် စာကြည့်တိုက်တွင် ကျောင်းသား သောင်းနှင့်ချီ၍ရှိပြီး လူမျိုးစုံရှိတာကြောင့် အနာဂတ်မှာ အခြားအဖွဲ့တွေက ဒီလောက်လိုက်လျောညီထွေရှိမှာ မဟုတ်ပေ။ ယွဲ့ရှင်းဝမ်၏ ကိုယ်ပိုင်မူကတော့ တစ်ဖက်လူက သူ့အပေါ် စေတနာကောင်းရင် သူက ကြင်နာမှု ပြန်ပေးလိမ့်မည်။ အကယ်၍ တစ်ဖက်လူက တိုက်ရိုက်တိုက်ခိုက်လာရင် သူကလည်း ယဉ်ကျေးနေမှာမဟုတ်ဘူး။


ကန္တာရကျွန်းတွင် အနည်းဆုံး ကျောင်းသား အယောက်နှစ်ဆယ်ရှိပြီး ဘာဖြစ်လာမလဲဆိုတာ မသိရသေးပေ။


မနက်စာစားပြီးနောက် ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ အပြုံးပေါ်လာသည်။

"ပျားရည်နဲ့ ငါးကင်က အရမ်းအရသာရှိတယ်… မနေ့က အရသာမရှိတဲ့ရစ်ငှက်ထက် ပိုကောင်းတယ်!"


ဒီကောင်ကတော့ တကယ်ကို အစားကောင်းရွေးချယ်တတ်သူ ဖြစ်ပြီး ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ပခုံးကို ပုတ်လိုက်သည်။

"လျှိုရှောင်းရှောင်းက ပျားရည်အများကြီး ပေးခဲ့တာ၊ ငါတို့ ဝသွားပြီ… ငါတို့တွေ ငါးတွေကိုကင်ပြီး ယူသွားကြမယ်… နောက်နှစ်ရက်စာအတွက်တော့ ငါတို့ လုံလောက်ပါတယ်…"


ကျောပိုးအိတ်များထဲတွင် ရေနှင့် ငါးကင်များဖြင့် ပြည့်နေပြီး လူတိုင်းက လမ်းပေါ်ထွက်ရန် အဆင်သင့်ဖြစ်နေကြသည်။


ပင်းကျန်း‌ဆရာဖြစ်သင်တန်းတက္ကသိုလ်အဖွဲ့က အနောက်တောင်ဘက်သို့ ဦးတည်နေသောကြောင့် သူတို့၏လမ်းကြောင်းကို ပြင်ဆင်ပြီး မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ အကယ်၍ အဖွဲ့နှစ်ဖွဲ့သည် ဧရိယာတစ်ခုကို စုံစမ်းစစ်ဆေးနေပါက အမှတ်စာရင်းများကို ဖြန့်ဝေရန် ခက်ခဲမည်ဖြစ်ပြီး အငြင်းပွားရန် လွယ်ကူမည်ဖြစ်သည်။


ရှောင်ထူ၏ ရေဒါဖြင့် ဆက်လက်စောင့်ကြည့်နေပြီး သူတို့လေးဦးသည်လည်း လမ်းဘေးတွင် အမှတ်ကတ်များ ရှာဖွေရန် မျက်လုံးဖွင့်ထားကြသည်။


အချိန်အတော်ကြာ လမ်းလျှောက်ပြီးတာနဲ့ အရှေ့မှာ တစ်ခုခုမှားနေတယ်ဆိုတာကို သူတို့သိလိုက်ရသည်။


ယူနီဖောင်းဝတ်စုံဝတ်ထားသော ကျောင်းသားရှစ်ယောက်က တစ်ယောက်လေးယောက်စီ မျက်နှာမူကာ လေထုက တင်းမာနေသည်။


ကျောက်တုံးများ အများအပြားကြားတွင် ရွှံ့ကန်ရှိနေပြီး အလယ်ကျောက်တုံးပေါ်တွင် အပြာရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည့် ကတ်တစ်ခုပါရှိသည်—— အပြာရောင်ကတ်၊ 10 မှတ်တန်ဖြစ်သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထိုအဖွဲ့နှစ်ဖွဲ့သည် ဤအပြာရောင်ကတ်ကို အတူတူတွေ့ရှိခဲ့ကြပုံရသော်လည်း ကတ်၏ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိခဲ့သည်။ ကျန်းဖျင်စစ်က တိုးတိုးပြောလိုက်သည်။ "ဝင်မစွက်ဖက်နဲ့…" ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ရပ်တန့်ကာ ရှေ့ကို ဆက်မလျှောက်တော့ပေ။


ယွဲ့ရှင်းဝမ်နှင့် နီးကပ်သော တောင်ဘက်တွင် မိန်းကလေး လေးယောက် ရပ်နေပြီး တစ်ဖက်တွင် ယောင်္ကျားလေး လေးယောက်ရှိသည်။


ထိုအခိုက်အတန့်တွင် 1 မီတာကျော်မြင့်သော ဆံပင်တိုတိုနဲ့ မိန်းကလေးက ပြောလာသည်။

"ငါတို့က ပထမဆုံးကတ်ကိုရှာတွေ့ပြီး ပထမဆုံးလာခဲ့တာကြောင့် ပထမဆုံးယူရမှာပေါ့… စည်းမျဉ်းတွေကို နားမလည်ဘူးလား?" သူမ၏အသံက ကြည်လင်အေးစက်ပြီး သူမ၏မျက်နှာက ခံစားချက်မရှိပေ။


ရွှံ့ကန်တစ်ဖက်က ယောင်္ကျားလေးက ပြုံးကာ စနောက်သောလေသံဖြင့် ပြောသည်။

"မင်းက ယုတ္တိမရှိတာပဲ… ဘယ်သူမှ ယူခွင့်မရှိရအောင် အဲဒီကတ်မှာ မင်းနာမည်ရေးထားလို့လား? စာမေးပွဲလိုအပ်ချက်ထဲမှာ အရင်လာတဲ့လူက အရင်ယူရမယ်ဆိုတဲ့ စည်းမျဉ်းမရှိဘူးဆိုတာ ငါမှတ်မိတယ်… အဲဒီကတ်ကိုရတဲ့သူက အဲဒါကိုပိုင်မှာပဲ…"


မိန်းကလေး၏ အကြည့်က စူးရှနေသည်။

"ငါ့ဆီက လုချင်နေတာလား? စမ်းကြည့်လိုက်လေ…"


ယွဲ့ရှင်းဝမ်က သူမ၏မျက်နှာကို အဝေးကနေကြည့်ကာ ရင်းနှီးနေသလို ခံစားရပြီး သူမအား ဘယ်မှာမြင်ဖူးသလဲဆိုတာကို တွေးနေရင်း ခယ်ရှောင်ပင်းက ရုတ်တရက် တိုးတိုးပြောလိုက်သည်။

"ရှင်းဝမ်၊ သူမက ပထဝီဝင်ဌာနက ချင်းလုမလား? နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ ငါတို့ သူမနဲ့ ဆုံဖူးတယ်လေ…"


လျှိုကျောက်ချင်းကလည်း တွေးဆနေသည်။

"သူမပဲဖြစ်မယ်ထင်တယ်… လက်ထဲမှာ ကမ္ဘာလုံးလေးကိုင်ပြီး ကျောက်ထုလွှာလှုပ်ရှားမှု ပြုလုပ်နိုင်တဲ့ မိန်းကလေးလေ!"


ချင်လုကို ယွဲ့ရှင်းဝမ် မှတ်မိသည်။ ထိုအချိန်တုန်းက အချက်အလက်များ စုဆောင်းရန်အတွက် ချင်လုကိုလည်း သဲလွန်စရှာရန် VIP လူနာဆောင်သို့ ခေါ်သွားပြီး ထွက်ပြေးရန် ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ညပိုင်းတိုက်ပွဲတွင် ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုက လူတိုင်းအတွက် အလွန်အထောက်အကူဖြစ်ခဲ့သည်။


သို့သော် ယွဲ့ရှင်းဝမ် အမြဲတမ်း ထူးဆန်းနေသလို ခံးစားရသည်——


ချင်လုသည် နားရွက်နားအထိ ဆံပင်တိုတို၊ လှပသောအသွင်အပြင်ဖြင့် ရှက်တတ်သောစရိုက်လက္ခဏာရှိသည်။ ယွဲ့ရှင်းဝမ်သည် ညပိုင်းတိုက်ပွဲ၏ ပထမဆုံးညကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူသာ အသံကျယ်ကျယ်ဖြင့် တစ်ဖက်ကျောင်းသူကို သတိမပေးခဲ့ရင် ချင်လု၏ တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်နေပြီး မျက်နှာလည်း ဖြူဖျော့နေကာ လက်တွေလည်း တုန်ယင်နေလိမ့်မည်။ ယွဲ့ရှင်းဝမ်က သူမကို နေရာပြောင်းဖို့ ကျောက်ထုလွှာအား သုံးခိုင်းသည့်အခါမှ သူမမှာ ကမ္ဘာလုံးတစ်ခုရှိနေတာကို သတိရသွားသည်။


သို့သော် သူ့ရှေ့က မိန်းကလေးသည် အေးစက်၊ စူးရှပြီး သန်မာလွန်းလှသည်။ 


သူတို့က ပုံပန်းသဏ္ဌာန်တူပေမယ့် စိတ်နေစိတ်ထားကတော့ လုံးဝမတူချေ။ ဘာတွေဖြစ်နေတာလဲ? ယွဲ့ရှင်းဝမ် လုံးဝနားမလည်တော့ပေ။ 


#TK