Chapter 30
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 30 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၆)


ယွဲ့ရှင်းဝမ်နှင့် အဖွဲ့ဝင်နှစ်ယောက်ကြားရှိ ဆွေးနွေးသံကိုကြားတော့ ကျန်းဖျင်စစ်က အနားရောက်လာပြီး အသံတိုးတိုးဖြင့်မေးသည်။

"အဲဒီမိန်းကလေးကို သိတာလား?"


ယွဲ့ရှင်းဝမ်က အတိုချုပ်ရှင်းပြသည်။

"သူမနာမည်က ချင်လု၊ လျှိုရှောင်းရှောင်းလိုပဲ အရင်က “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”က စာမေးပွဲခန်းမှာ အတူတူဆုံခဲ့ကြတာ… သူမက နန်ယန်ကျောင်းထုံးတက္ကသိုလ်က ပထဝီစီမံကိန်းဘာသာရပ်နဲ့ သူမမှာ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ရှိတယ်…"


ကျန်းဖျင်စစ်က တွေးဆပြီး ပြောသည်။

"ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ သူမက မြစ်လယ်က ကတ်ကို တိုက်ရိုက်ရွှေ့လျားနိုင်တာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… အဲဒါကြောင့် သူမက အရမ်းယုံကြည်မှုရှိနေတာ… တစ်ဖက်က ယောင်္ကျားလေးတွေက အဲဒီကတ်ကို မယူသင့်ဘူး…"


သို့သော် ကျန်းဖျင်စစ် မှန်းဆထားသည့်အတိုင်း ‘ချင်လု’က ကတ်ကို သူမ၏‘ကျောက်ထုလွှာလှုပ်ရှားမှု’ဖြင့် တိုက်ရိုက်မရွှေ့ဘဲ ဆန့်ကျင်ဘက်ရှိ ယောင်္ကျားလေးများက ဦးဆောင်ခဲ့သည်——


အရပ်ရှည်ပြီး အသားမည်းသော ယောင်္ကျားလေးက သူ၏ညာဘက်လက်ကနေ သွယ်လျပြီး ရှည်လျားသော သစ်သားတုတ်ကို ထုတ်လိုက်သည်။ သူက တုတ်ကို မြေပြင်ပေါ် ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က ငှက်ကဲ့သို့ လေထဲကိုမြှောက်တက်သွားကာ မိန်းကလေး လေးယောက်၏ နောက်သို့ ပြုတ်ကျလာသည်။


ထိုယောင်္ကျားလေးက သူ၏သွားဖွေးဖွေးလေးကိုထုတ်ပြပြီး ‘ချင်လု’ကို ပြောသည်။

"ငါ ဘယ်သူ့ကို အနိုင်မကျင့်ချင်ဘူး… ဒီတော့ ဒီကတ်ကို ငါတို့ကို ပေးလိုက်…"


‘ချင်လု’၏အမူအရာက အေးစက်နေ၏။

"ငါက ဘာလို့ နင်တို့ကို ပေးရမှာလဲ? ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲဆိုတာ မသေချာသေးပါဘူး…"


သူမနှင့် အကျိုးသင့်အကြောင်းသင့်ပြောခြင်းက မဖြစ်နိုင်ဘူးဆိုတာ ယောင်္ကျားလေးက တွေ့ရှိခဲ့ပြီး ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ မြစ်တစ်ဖက်ကမ်းက သူ့အဖွဲ့ဝင်ကို မျက်စိမှိတ်ပြလိုက်သည်။။


ရွှေရောင်ဆံပင်ဆိုးထားသော သပ်သပ်ရပ်ရပ်နဲ့ ယောင်္ကျားလေးတစ်ယောက်က သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် အဖြူရောင် တန်း‌ကျော်ဘားတန်း အမြောက်အများ ပေါ်လာတာကို သူတို့မြင်လိုက်ရပြီး တစ်ခုနှင့်တစ်ခုဆက်ထားကာ ‘ချင်လု’နှင့် သူမ၏အဖွဲ့ဝင်များကို တိရစ္ဆာန်တွေအား ခြံစည်းရိုးခတ်သလို ဝိုင်းရံထားသည်။ 


ထိုအရာပြီးပြီးချင်းမှာပဲ ပင်ပေါင်ဘောလုံးများဟာ မိုးသက်မုန်တိုင်းတစ်ခုလို ပြင်းထန်စွာ ပြုတ်ကျလာကြသည်။


သာမန်ပင်ပေါင်ဘောလုံးတွေက လူတွေကို မထိခိုက်စေနိုင်သော်လည်း စာကြည့်တိုက်ရှိ ပင်ပေါင်ဘောလုံးတွေက မိုးသီးကဲ့သို့ မာကျောကာ သိသိသာသာ အားကောင်းပြီး အရိုက်ခံရရင်တော့ ရယ်စရာကောင်းမှာမဟုတ်ပေ။


တုတ်ထောက်ခုန်ခြင်း၊ တန်းကျော်ဘာတန်းများ ချက်ချင်း ပေါ်လာပြီး လူများကို ဝန်းရံထားကာ ပင်ပေါင်ဘောလုံးများ လွှမ်းမိုးနေသည်……


ဒီမှော်ဆန်သော မြင်ကွင်းက ရုပ်ရှင်ရိုက်သလိုဖြစ်နေသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောခဲ့သည်။

"ဒါက ရှီးကျိုးအားကစားတက္ကသိုလ်က အဖွဲ့ဖြစ်လိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့် သဘောတူသည်။

"အင်း… သူတို့အားလုံးက အားကစားပစ္စည်းတွေ ရထားတာဆိုတော့ ကိုင်တွယ်ရတာ လွယ်မှာမဟုတ်ဘူး…"


မိုးသက်မုန်တိုင်းလို ပင်ပေါင်ဘောလုံးများ ပြုတ်ကျလာတာကို မြင်လိုက်ရတော့ ‘ချင်လု’၏အမူအရာက ပြောင်းသွားပြီး သူမက အော်လိုက်သည်။

"သွားတော့!"


သူမဘေးနားက မိန်းကလေးတစ်ယောက်သည် ချက်ချင်းဆိုသလို ကမ္ဘာလုံးကိုထုတ်ကာ အော်လိုက်သည်။

"‌နေရာပြောင်းစမ်း!"


မိန်းကလေး လေးယောက်က မြစ်တစ်ဖက်ကမ်းကို ချက်ချင်း ရွှေ့သွားပြီး အခြားတစ်ဖက်ကမ်းက ယောင်္ကျားလေး သုံးယောက်ကို ဝိုင်းထားသည်။


တစ်ဖက်ရှိ အရပ်အပုဆုံး ယောင်္ကျားလေးက စကိတ်ဘုတ်ကို ရုတ်တရက် ဆင့်ခေါ်ပြီး သူ၏စကိတ်ဘုတ်ပေါ်သို့ အဖွဲ့ဝင်နှစ်ဦးကို ခေါ်တင်ကာ တစ်ဖက်ကမ်းသို့ ချက်ချင်း ထွက်သွားပြီး အစက တုတ်ထောက်ခုန်လိုက်သော ယောင်္ကျားလေးနှင့်အတူ သွားပူးပေါင်းသည့် အမြန်နှုန်းက လျှပ်စီးကဲ့သို့မြန်ဆန်လေသည်။ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်အနေဖြင့် ပထဝီဝင်ဌာန၏ နေရာရွှေ့ပြောင်းခြင်းနဲ့ ယှဉ်၍ရသည်။ 


နှစ်ဖက်စလုံး၏ အနေအထားက ဖလှယ်သွားကြပြီး မျက်နှာချင်းဆိုင်လျက်ရှိကာ လေထုက တင်းမာနေဆဲဖြစ်သည်။


တုတ်ထောက်ခုန်သည့် အသားမည်းသော ယောင်္ကျားလေးက မျက်ခုံးပင့်ကာ အကြံပေးသညိ။

"ကတ်တစ်ကတ်ကို ရဖို့အတွက် ငါတို့တွေ သေတဲ့အထိ တိုက်ခိုက်စရာတော့မလိုဘူးမလား? အခြားနေရာမှာ သွားရှာကြည့်ဖို့ ငါမင်းတို့ကို အကြုံပေးမယ်… ငါတို့တွေ အချင်းချင်း သေတဲ့အထိ တိုက်ခိုက်နေလို့ ဘာအကျိုးမှမရှိဘူး!"


‘ချင်လု’၏မျက်နှာက အလွန်အေးစက်နေသည်။

"ငါလည်း နင်တို့ကို အခြားနေရာမှာ သွားရှာကြည့်ဖို့ အကြံပေးလိုက်မယ်… ‌ဒီကတ်က ငါတို့အပိုင်ပဲ…"


ယောင်္ကျားလေးများ: "…"


သူတို့လေးယောက်က ဒီလောက်မာကျောသော မိန်းကလေးနဲ့ တွေ့မယ်လို့ မမျှော်လင့်ထားပေ။ ယောင်္ကျားလေးတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ အရပ်အရှည်ဆုံး ခေါင်းဆောင်က စိတ်မရှည်စွာ မျက်မှောင်ကြုတ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အရေးမပါတာတွေ ပြောမနေနဲ့… ယူလိုက်တော့!"


သူ့ဘေးနားမှ ဆံပင်အနက်ရောင်နဲ့ ယောင်္ကျားလေးသည် သူ့လက်ထဲက ကြိုးတစ်ချောင်းကို ရုတ်တရက် လွှင့်ပစ်လိုက်သည်။ သွယ်လျသောကြိုးသည် အလွန်လိုက်လျောညီထွေရှိပြီး မျက်လုံးများပါနေသကဲ့သို့ သူ့လက်ထဲမှ ခုန်ထွက်သွားသည်။ မြစ်လယ်ရှိ ကျောက်တုံးပေါ်က အပြာရောင်ကတ်ပြားကို ယူတော့မည်။ ဤအခိုက်အတန့်တွင် ကမ္ဘာလုံးကိုကိုင်ဆောင်ထားသော မိန်းကလေးက ရုတ်တရက် အော်လိုက်သည်။

"နေရာပြောင်းစမ်း!"


ကတ်ကို ‘ချင်လု’နှင့် တစ်မီတာအောက်သာဝေးသော မြစ်တစ်ဖက်ကမ်းသို့ ချက်ချင်း လွှဲပြောင်းပေးခဲ့သည်။


‘ချင်လု’သည် ကတ်ကိုရယူရန် ငုံလိုက်သော်လည်း ကံမကောင်းစွာပဲ သူမ၏လက်ချောင်းများက ကတ်ကိုမထိမီ ပြင်းထန်သောလေနှင့်ရောနှောကာ ကောင်းကင်မှ သံပြားပြုတ်ကျလာပြီး ‘ဘမ်း’ဟူသောအသံဖြင့် ကတ်၏နေရာကို တိုက်ရိုက်ထိသွားပြီး ဆယ်မီတာနက်သော တွင်းကြီးဖြစ်သွားစေသည်။


‘ချင်လု’က တည်ငြိမ်သောမျက်နှာဖြင့် သူမလက်ကို ပြန်ရုတ်လိုက်သည်။ 


နောက်အခိုက်အတန့်မှာတော့ တုတ်ထောက်ခုန် ယောင်္ကျားလေးက ရောက်လာပြီး တွင်းကြီး၏ဘေးကိုလာကာ ‘ချင်လု’ကို တားထားသည်။


ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ပင်ပေါင်ရိုက်တံကို ကိုင်ထားသော ယောင်္ကျားလေးက ဆက်တိုက် သုံးကြိမ်ခုန်ခဲ့သည်—— သူ၏ခြေထောက်များက ‌ရွှံ့ကန်ပေါ်တွင် နဂါးပျံနေသကဲ့သို့ သူတို့တွေမြင်လိုက်ရပြီး ပထမအကြိမ်ခုန်တာက တစ်ဖက်ကမ်းမြစ်ကို ရောက်လာသည်၊ ဒုတိယအကြိမ်ခုန်တာက တွင်းကြီး၏အောက်ခြေကို ရောက်သွားပြီ တတိယအကြိမ်ခုန်တာက သူ၏အဖွဲ့ဝင်များဆီသို့ ပြန်ရောက်သွားသည်။ 


ကိုယ်ခံသိုင်းပညာဇာတ်ကားထဲ ကွန်ဖူးဆရာလိုမျိုး သုံးကြိမ်ဆက်တိုက်ခုန်တာက ချောမွေ့ပြီး အလွန်လျင်မြန်လှသည်။


အားလုံးက သူတို့ရှေ့တွင် အရိပ်တစ်ခုဖြတ်သွားသလိုသာ ခံစားလိုက်ရပြီး ထို့နောက်မှာတော့ ယောင်္ကျားလေးက သူ၏ခေါင်းဆောင်ဘေးတွင် မတ်တတ်ရပ်ကာ အပြာရောင်ကတ်ကို သူ့လက်ထဲတွင် ကိုင်ထားရင်း အပြုံးဖြင့်ပြောသည်။

"စီနီယာချန်၊ ကျွန်တော် အပြာ…"


ကံမကောင်းစွာပဲ သူစကားမဆုံးခင်မှာ ‘ချင်လု’ တိုးတိုးလေး ရွတ်ဆိုတာကို သူကြားလိုက်ရသည်။

"စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်——"


ထိုစကားလုံးကို ပြောလိုက်သည်နှင့် ယောင်္ကျားလေးတွေ ကိုင်ဆောင်ထားသော တုတ်၊ ပင်ပေါင်ရိုက်တံ၊ စကိတ်ဘုတ်၊ ကြိုးခုန်သည့်ကြိုးနှင့် သူတို့ရထားသော အပြာရောင်ကတ်များသည် မမြင်နိုင်သော စွမ်းအားတစ်ခုက တွန်းထုတ်လိုက်သလို—— ထိန်းမနိုင်သိမ်းမရဖြစ်ကာ မြေပြင်ပေါ်ပြုတ်ကျသွားကြသည်။ 


သူတို့လေးယောက်က အနည်းငယ် မျက်လုံးများ ပြူးသွားသည်။


အရပ်ရှည်ရှည်နဲ့ ယောင်္ကျားလေးက မြေပြင်ပေါ်ကျသွားသော ကတ်ကို ကောက်ရန် ချက်ချင်း ကုန်းလိုက်သော်လည်း ကတ်ကို ကောက်လို့မရခဲ့ပေ။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် ပစ္စည်းများကို လှုပ်ရှား၍မရအောင် ပြုလုပ်ထားသည်။


‘ချင်လု’က သူမ၏ညာလက်ကို ခံစားချက်မရှိသည့်ပုံစံဖြင့် ဆန့်ထုတ်လိုက်သည်။ သူမ၏ဖြောင့်စင်းသွယ်လျသော လက်က မှော်စွမ်းအားရှိနေသကဲ့သို့ မြေပြင်ပေါ်ရှိ အပြာရောင်ကတ်ကို ဆင့်ခေါ်လိုက်ပြီး ကတ်က သူမ၏လက်ထဲသို့ လွင့်ပျံသွားခဲ့သည်။ သူမက ကတ်ကို သူမ၏လက်ညိုး၊ လက်ခလယ်ဖြင့် ညင်သာစွာ ညှပ်ကာ မျက်ခုံးပင့်ပြီး သူမရှေ့က ယောင်္ကျားလေးများကို ကြည့်ကာ ပြောလိုက်သည်။

"နင်တို့ လုယူလို့မရဘူးလို့ ငါ စောစောက မပြောခဲ့ဘူးလား?"


အရပ်ရှည်ရှည်နဲ့ ယောင်္ကျားလေးက ဆဲသည်။

"Fuck! အဲဒါက ဘယ်လိုစွမ်းရည်မျိုးလဲ?"


‘ချင်လု’က မေးခွန်းကိုမဖြေဘဲ ပေါ့ပါးစွာ ပြောသည်။

"နင်တို့ ရှီးကျိုးအားကစားတက္ကသိုလ်ကမလား? ကတ်တစ်ကတ်ကို ရဖို့အတွက် ငါတို့တွေ သေတဲ့အထိ တိုက်ခိုက်စရာတော့မလိုပါဘူး—— ဒါက နင်တို့ အရင်ပြောခဲ့တဲ့စကားပဲ…"


ဒီမိန်းကလေးက သန်မာသောပင်ကိုစရိုက်သာမကဘဲ အလွန်အဆိပ်ပြင်းသော ပါးစပ်လည်းရှိသည်။ ထိုယောင်္ကျားလေးများက သူမကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သူမက ချင်လုမဟုတ်ဘူး…"


ချင်လုသည် နှစ်ရက်အတွင်း သူမ၏ ပင်ကိုယ်စရိုက် ပြောင်းလဲတာမျိုး မဖြစ်သင့်ပေ။


ယခင်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် ရှိခဲ့သော ချင်လုသည် သူမ၏အေးစက်သော အမူအရာပြဖို့မဆိုထားနှင့် နူးညံ့သိမ်မွေ့ပြီး အတော်လေး ရှက်တတ်သည်။ သူမသာ ဒီအခြေအနေမျိုးနှင့် ကြုံတွေ့ပါက ဒီမိန်းကလေးလို တိုက်ရိုက် မျက်နှာချင်းဆိုင် တိုက်ခိုက်မည့်အစား နောက်ဆုတ်သွားလိမ့်မည်။


လျှိုကျောက်ချင်းက သူ့ခေါင်းကိုကုတ်ကာ စိတ်ရှုပ်စွာ ပြောလေသည်။

"သူတို့နှစ်ယောက်က အမြွာတွေလား? သူတို့က အရမ်းရုပ်တူလွန်းတယ်…"


ခယ်ရှောင်ပင်းက သံယောင်လိုက်သည်။

"သူတို့က တကယ်တူတာ… ချင်လုက ဆံပင်တိုတို၊ အသားဖြူဖြူနဲ့ဆိုတာ ငါမှတ်မိတယ်…"


မိန်းကလေး လေးယောက်သည် တစ်ဖန်နေရာပြောင်းကာ မြစ်‌ဘက်သို့ ရွှေ့ပြီး ယွဲ့ရှင်းဝမ်နှင့် အခြားသူများ ရှိရာဆီသို့ လျှောက်သွားကြသည်။


အားကစားတက္ကသိုလ်ရှိ ယောင်္ကျားလေးများက ကတ်ကို ရရှိရန် ကျရှုံးခဲ့သဖြင့် အနည်းငယ် ဝမ်းနည်းနေကြသည်။ မြစ်ထဲက ကျောက်တုံးနဲ့တူသော အရာဝတ္ထုများက ရုတ်တရက် ရွေ့သွားသောအခါ ခေါင်းဆောင်ဖြစ်သူက ပြောတော့မည့်အချိန်တွင် ‘ချင်လု’နဲ့ အနီးဆုံး ကျောက်တုံးက ရုတ်တရက် ပါးစပ်ကျယ်ဟလာပြီး ချွန်ထက်သော အစွယ်တွေ ထွက်လာသည်။


ယွဲ့ရှင်းဝမ်က အော်လိုက်သည်။

"သတိထား… အဲဒါမိကျောင်း!"


‘ချင်လု’ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ စကိတ်ဘုတ်ကို ဆင့်ခေါ်လိုက်သည့် ယောင်္ကျားလေးက သူ့အနောက်ကို လှည့်ကာ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်စလို သူမကို ဆွဲကာ ခေါ်သွားပြီး အခြားအဖွဲ့ဝင်များက မီတာပေါင်းများစွာ အကွာသို့ဆုတ်သွားကြသည်။


‘ချင်လု’က ထိတ်လန့်သွားပြီး သူမ ပြန်လှည့်ကြည့်သောအခါ မြစ်ထဲတွင် ‘ကျောက်တုံး’တွေအားလုံး မထင်မှတ်ပဲ ပေါ်လာကြသည်။


သေချာပေါက် ၎င်းတို့က မိကျောင်းများဖြစ်သည်။


မိကျောင်းအုပ်စုသည် ရွှံထဲတွင်နေပြီး ချုံခိုတိုက်ခိုက်ကြသည်။


ကမ္ဘာလုံးကို ကိုင်ဆောင်ထားသော မိန်းကလေးသည် ထိတ်လန့်တကြားထအော်သည်။

"အားးးး… မိကျောင်းတွေ… မိကျောင်းတွေ အများကြီးပဲ!"


တစ်ဖက်ကမ်းရှိ ယောင်္ကျားလေးနှစ်ယောက်က သူတို့၏ ခုန်ပေါက်စွမ်းရည်များကို လျင်မြန်စွာဖွင့်ပြီး အသက်လုပြေးကြသည်။ 


အပြာရောင် 10 မှတ်ကတ်က ရရှိရန် မလွယ်ဘူးဆိုတာ သူတို့တွေ သိတာကြာပါပြီ။ ဒီကတ်၏အခက်အခဲက ရွှံ့ကန်ထဲတွင် လူများပြုတ်ကျပြီး နွံနစ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ယွဲ့ရှင်းဝမ် တွေးခဲ့မိသည်။ ရလဒ်အနေနှင့် သူသည် စာကြည့်တိုက်၏အတွေးအခေါ်ကို လျှော့တွက်ခဲ့မိသည်—— ကျောက်တုံးများအဖြစ်အသွင်ပြောင်းကာ မိကျောင်းအုပ်စုကြီးက ရွှံ့ထဲတွင်ပုန်းနေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းကို မတော်တဆ နင်းမိပါက မိကျောင်း၏အစာဖြစ်သွားမည် မဟုတ်ပါလား?


ဒါကိုတွေးကြည့်ရုံနဲ့ သူ၏ဦးရေပြား ထုံကျင်သွားသည်။


မိကျောင်းသည် ၎င်း၏သားကောင်ကို တိုက်ခိုက်သောအခါ၊ ၎င်း၏ ချက်ချင်းပေါက်ကွဲနိုင်သော စွမ်းအားသည် အလွန်ပြင်းထန်ပြီး ၎င်း၏သားကောင်အပေါ် ခုန်အုပ်လိုက်သည့်အမြန်နှုန်းမှာ အဝေးပြေးလမ်းမကြီးပေါ်ရှိ ကားတစ်စီး၏ အမြန်နှုန်းနှင့် ညီမျှသည့် ကီလိုမီတာ 80-90 အထိ မြင့်မားသည်။ လူသားများက သူတို့ဆီကနေ ထွက်ပြေးနိုင်မှာမဟုတ်တာ သေချာသည်။ ကံကောင်းထောက်မစွာ ၎င်းတို့၏ ပေါက်ကွဲအားသည် စက္ကန့်အနည်းငယ်ကြာအောင် ကြာမြင့်ပြီး ဆက်မပြေးနိုင်တော့ပေ။ ထို့အပြင် သူတို့၏ခြေလက်တွေက သူတို့ခန္ဓာကိုယ်၏အလေးချိန် တန်ပေါင်းများစွာကို မခံနိုင်ပေ။


သို့သော် မိကျောင်း၏တိုက်ခိုက်မှုအကွာအဝေးမှ စက္ကန့်အနည်းငယ်အတွင်း မပြေးပါက သူတို့ခုန်အုပ်လိုက်ရင် ‌မိကျောင်းတွေက ကျောင်းသားတွေကို တကယ်သတ်ပစ်နိုင်သည်။ ယွဲ့ရှင်းဝမ်က အဘိဓာန်ကို မဆိုင်းတတွ ဖွင့်လိုက်သည်။

"ခုနစ်အပေါ်၊ ရှစ်အောက်!"


ရွှံထဲတွင် မိကျောင်းအကောင်ရေ 15 ကောင်ထက် ကျော်လွန်နေပြီး ဒီစွမ်းရည်ကို သူအသုံးပြုနိုင်သည်။


အဖွဲ့လိုက်ထိန်းချုပ်စွမ်းရည်ကို ဖွင့်လိုက်သည်နှင့် မိကျောင်း 7 ကောင်က လေထဲသို့ ချက်ချင်း ပျံတက်သွားပြီး သူတို့၏ခြိမ်းခြောက်မှုက ချက်ချင်း ပျောက်သွားသည်။ ကျန် 8 ကောင်က ယွဲ့ရှင်းဝမ်ကြောင့် ရွှံ့ကန်အနက်ထဲကို ပြုတ်ကျသွားသည်။ မိန်းကလေးသုံးယောက်က ထိတ်လန့်နေပြီး ကြောင်တောင်တောင် ကြည့်နေတာကြောင့် ယွဲ့ရှင်းဝမ်က အလျင်အမြန် အော်လိုက်သည်။

"ပြေးကြ… ရပ်မနေနဲ့!"


မိန်းကလေးသုံးယောက်က အလျင်အမြန်တုံ့ပြန်ပြီး ကမန်းကတန်း ပြေးလာကြသည်။


တုတ်ထောက်ခုန်ပြီး ရွှံ့ကန်ကို ‌ဖြတ်ကျော်နေသော အသားမည်းမည်းနဲ့ ယောင်္ကျားလေးက မိန်းကလေးတစ်ယောက်ကို ဆွဲခေါ်ကာ ဆယ်မီတာကျော်သို့ ခုန်ချခဲ့သည်။ သုံးကြိမ်ဆက်တိုက် ခုန်နိုင်သော ယောင်္ကျားလေးကလည်း အပြေးနှေးသော မိန်းကလေးနှစ်ယောက်ကို သူလက်ဖြင့် ဆွဲခေါ်ခဲ့ပြီး အုပ်စုလိုက်ကြီးက ယွဲ့ရှင်းဝမ်နှင့် အခြားသူများရှေ့သို့ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာကြသည်။ အားကစားတက္ကသိုလ်၏ ယောင်္ကျားလေးတစ်ယောက်က အသက်ရှူထုတ်ကာ တစ်ဖက်ကိုလှည့်လိုက်ပြီး မီတာ 100 တန်းကျော်ဘားတန်းများဖြင့် ပိတ်ဆို့ကာ မိကျောင်းများကို တားဆီးခဲ့သည်။


‘ချင်လု’၏မျက်နှာက ဖြူဖျော့နေပြီး သူမကို ခေါ်ဆောင်သွားသော စကိတ်ဘုတ် ကျောင်းသားကို ကြည့်ကာ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…"


ထိုယောင်္ကျားလေးက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး သူ၏နားရွက်တွေက နီရဲနေသည်။

"မင်းကို မိကျောင်းတွေ စားသွားမှာ ငါမကြည့်ရက်လို့ပါ… ငါလည်း မိကျောင်းဆိုတာ မသိလိုက်ဘူး… အဟန့်… စောစောက သတိပေးလိုက်တဲ့ ညီအစ်ကို ကျေးဇူးတင်ရမယ်…" 


သူက ယွဲ့ရှင်းဝမ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ယွဲ့ရှင်းဝမ်က ပြောလာသည်။

"ဒီကနေ အရင်ထွက်သွားကြရအောင်…"


လူတစ်စုသည် ကြောက်လန့်တကြားဖြင့် ကြောက်စရာကောင်းသော နေရာမှ ထွက်ခွာသွားပြီး တောအုပ်ထဲက အဝေးတစ်နေရာကို ရောက်သည့်အခါမှ အသက်ရှူချောင်သွားခဲ့သည်။ 


မိန်းကလေးများသည် အားနည်းသောခြေထောက်များဖြင့် သစ်ပင်၏ပင်စည်ကို ကိုင်ထားကြပြီး ယောင်္ကျားလေးများကလည်း အခြေအနေသိပ်မကောင်းကာ သူတို့၏မျက်နှာများမှာ ဖြူဖပ်ဖြူရော်‌ဖြစ်နေသည်။ 


အများစုမှာ မိကျောင်းလိုတိရစ္ဆာန်များကို TV တွင်သာ မြင်ဖူးကြသည်။ အခုလေးတင် မြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းသည်။ မိကျောင်းများစွာသည် သူတို့၏ပါးစပ်များကို ဖွင့်လိုက်ကြပြီး သူတို့၏ချွန်ထက်သောသွားများက သူတို့ကို တစ်ချက်တည်းဖြင့် ကိုက်စားနိုင်သည်။ 


သူတို့က 10 မှတ်တန်ကတ်အတွက် တိုက်ခိုက်နေကြတာ၊ သူတို့က သူတို့ရဲ့အသက်ကို တကယ်မလိုချင်ကြတော့တာပဲ!


‘ချင်လု’က အသက်ပြင်းပြင်းရှူပြီး အပြာရောင်ကတ်ကို ခေါင်းဆောင်ဆီ ပေးခဲ့သည်။

"ဒီကတ်က နင်တို့အတွက်ပဲ… စောစောကအတွက် ကျေးဇူးတင်ပါတယ်…"


ထိုယောင်္ကျားလေးက ခြောက်ကပ်ကပ်ပြုံးကာ ခေါင်းကုတ်လိုက်သည်။

"ထားလိုက်ပါတော့… မိန်းကလေးတွေဆီကနေ လုရတာ ရှက်စရာကြီး… ငါတို့ အခြားနေရာမှာ သွားရှာလိုက်မယ်…"


‘ချင်လု’က ကတ်ကို သူ့လက်ထဲသို့ အတင်းထည့်ကာ တည်ငြိမ်စွာ ပြောသည်။

"ငါ ဘယ်သူ့ကိုမှ အကြွေးမတင်ချင်ဘူး… ငါတို့လေးယောက်စလုံးက နေရာပြောင်းရွှေ့တဲ့စွမ်းရည်တွေကို အသုံးပြုပြီဖြစ်ပြီး နင်တို့က အစက ငြင်းခုံခဲ့တာကိုတောင် စိတ်ထဲမထားဘဲ ‌နင်တို့တွေပြေးတဲ့အချိန် ငါတို့ကို မိကျောင်းပါးစပ်ကနေ ကယ်သွားပေးလို့ နင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်…"


စကိတ်ဘုတ်နဲ့ ယောင်္ကျားလေးက သူမကို ခေါ်သွားခဲ့ပြီး ကျန်အဖွဲ့ဝင်သုံးယောက်ကိုလည်း အားကစားကျောင်းရှိ အရပ်ရှည်ရှည် ယောင်္ကျားလေးနှစ်ယောက်က ခေါ်ဆောင်သွားသည့်မြင်ကွင်းကို သူမမျက်လုံးထဲမှာ မြင်လိုက်ရသည်။ ကတ်ကြောင့် သူတို့တွေ စောစောက အနည်းငယ် အငြင်းအခုံဖြစ်ခဲ့သော်လည်း ကတ်တစ်ကတ်က သေရေးရှင်းရေးအခြေအနေနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။


သေရေးရှင်ရေးအချိန်၌ လူများကိုကယ်တင်ရန် အားကစားတက္ကသိုလ်မှ ယောင်္ကျားလေးများ၏ မသိစိတ်က လုပ်ဆောင်ချက်များသည် မိန်းကလေးတချို့၏ရင်ထဲကို နွေးထွေးစေခဲ့သည်။ ဒီ 10 မှတ်ကို လက်လွတ်လိုက်တာပေါ့။ 


အရပ်ရှည်ရှည်နဲ့ ယောင်္ကျားလေးက မငြင်းတော့ဘဲ သူက ပြုံးကာ ပြောသည်။

"ဒါဆို ငါလက်ခံလိုက်မယ်… အဟန့်… ငါက တွန့်တိုလို့ မင်းတို့ဆီကနေ တမင်လုယက်တာ မဟုတ်ပါဘူး… ငါတို့က တကယ်ကို အရမ်းကံမကောင်းတာကြောင့် အခု ကတ်တစ်ကတ်တောင် ရှာမတွေ့သေးဘူး… ဒါက ပထမဆုံးကတ်ပဲ…"


သူက ကတ်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး စကားလုံးတွေက သူ့ပါးစပ်ကနေ လွတ်ခနဲထွက်သွားသည်။

"ဒီကတ်က ရဖို့ အရမ်းခက်တယ်… ကတ်ကို မိကျောင်ပေါ် တင်ထားရတယ်လို့… fuck… ငါ ထောင်ချောက်ထဲ ပြုတ်ကျလုနီးပါးပဲ!"


‘ချင်လု’၏မျက်နှာက ပြန်လည်ကောင်းမွန်လာပြီး သူမက ပြောခဲ့သည်။

"10 မှတ်ကတ်က ရဖို့ အရမ်းခက်ခဲတယ်… အမှတ်ကတ်တွေကို ရှာမတွေ့ဘူးဆိုတာက ဒီဧရိယာမှာ ရှိနေတဲ့ အဖွဲ့တွေ များနေလို့ဖြစ်မယ်… မိကျောင်းကန်ကို ပတ်သွားပြီး အဲဒီကို သွားကြည့်လိုက်…"


သူမက မြောက်ဘက်ကို ညွှန်ပြပြီး အရပ်ရှည်ရှည်နဲ့ ယောင်္ကျားလေးက ပြောလာသည်။

"ကောင်းပြီ… ဒါဆို ငါတို့သွားပြီ… အားလုံ ဂရုစိုက်ကြပါ…"


လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ ‘ချင်လု’က သူမ၏အဖွဲ့ဝင်သုံးယောက်နှင့်အတူ တစ်ဖက်သို့ လျှောက်သွားသည်။ သူမက ယွဲ့ရှင်းဝမ်အနားကနေ ဖြတ်သွားသောအခါ အခုလေးတင် သတိပေးခဲ့တာအတွက် သူမက ကျေးဇူးတင်ကြောင်းဖော်ပြသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။


ယွဲ့ရှင်းဝမ်က သူမကိုလှည့်ကြည့်ကာ မေးလိုက်သည်။

"မင်းက ချင်လု မဟုတ်ဘူးမလား?"


ချင်လုသည် ပထဝီဝင်ဌာနမှဖြစ်သည်။ ထိုအချိန်တုန်းက နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ သူမသည် ကမ္ဘာလုံးကို ထုတ်ပြီး လူတိုင်းကို ကူညီရန် ကျောက်ထုလွှာလှုပ်ရှားခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။ သို့သော် ဒီမိန်းကလေးက အခုလေးတင် ‌ကမ္ဘာလုံးကို မထုတ်လိုက်ပေ။ အားကစားတက္ကသိုလ်ရှိ ယောင်္ကျားလေးများလက်ထဲက လက်နက်များအားလုံးကို ပြုတ်ကျစေရန် ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’ဟု ရွတ်ဆိုခဲ့တာကို ယွဲ့ရှင်းဝမ်မှတ်မိသည်။ ဒါက ပထဝီဝင်ဌာန၏ စွမ်းရည်မဟုတ်ပေ။


မိန်းကလေးက ထိုစကားကိုကြားတော့ သူမ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။


သူမက လှည့်ကြည့်လိုက်ပြီး ယွဲ့ရှင်းဝမ်ကို သံသယဖြစ်စွာ ကြည့်နေသည်။

"နင်က ချင်လုကို သိတာလား? နင်က နန်ယန်ကျောင်းထုံးတက္ကသိုလ်ကလား?"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"မဟုတ်ဘူး… ငါက ဟွာအန်းတက္ကသိုလ်ကပါ… အရင်က စာမေးပွဲခန်းတစ်ခုမှာ ချင်လုနဲ့ ဆုံဖူးလို့… မင်းက သူမနဲ့ တစ်ပုံစံတည်းပဲ… မင်းက သူမရဲ့… အစ်မလား? ညီမလား?"


မိန်းကလေးက ပြောလာသည်။

"ငါက ဟွာအန်းတက္ကသိုလ်ရဲ့ သမိုင်းဌာနက သူမရဲ့အစ်မ ချင်မြောင်…"


ယွဲ့ရှင်းဝမ်က အတည်ပြုခဲ့သည်။

"ဒါဆို မင်းအခုလေးတင် အသုံးပြုလိုက်တာက စုန့်ထိုက်ကျူ၊ ကျောက်ကွမ်းရင့်ရဲ့ ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’စွမ်းရည်ကို သုံးခဲ့တာပေါ့…"


[TK: စုန့်ထိုက်ကျူက တရုတ်သမိုင်းမှာ စုန့်မင်းဆက်ရဲ့ ပထမဆုံးဘုရင်ဖြစ်ပြီး ကျောက်ကွမ်းရင့်က သူ့နာမည်အရင်းဖြစ်ပါတယ်။ ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’ဆိုတဲ့ အဓိပ္ပါယ်ဟာ သူနန်းတက်ပြီး ခြောက်လအကြာမှာ စစ်တပ်က အင်အားကြီးလာပြီး သူ့ထီးနန်းကို ခြိမ်းခြောက်လာမှာ စိုးတာကြောင့် စစ်သူကြီးတွေကို စားတော်ပွဲနဲ့ ဆင့်ခေါ်ပြီး ဝိုင်ခွက်တွေမြှောက်ပြီးတော့ စစ်တပ်အာဏာကို သူ့လက်ထဲအပ်ပြီး ‌ဘဝကို သားသမီးတွေနဲ့ အေးအေးဆေးဆေးဖြတ်သန်းဖို့ ရာထူးကနေ နုတ်ထွက်ကြဖို့ အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။]


ချင်မြောင်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်…"


ဒီမိန်းကလေးက အလွန်အေးစက်ပြီး သူမက ရေခဲဘုရင် ကျန်းဖျင်စစ်ထက်ပင် စကားကို တိုတိုတုတ်တုတ် အဆုံးသတ်လေသည်။ 


ယွဲ့ရှင်းဝမ်က ချောင်းဟန့်ကာ ပြောသည်။

"ဂရုစိုက်ပါ… 10 မှတ်ကတ်ကို တွေ့တဲ့အခါ သတိမမူပါနဲ့… နှုတ်ဆက်ပါတယ်…"


ချင်မြောင်: "အင်း… နှုတ်ဆက်ပါတယ်…"


သူမသည် လှည့်၍ သူမ၏ အဖွဲ့ဝင်သုံးယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူမသည် ဟွာအန်းတက္ကသိုလ်မှ တစ်ကျောင်းတည်းသားတွေနဲ့ တွေ့ဆုံသော်လည်း ရင်းနှီးဖော်ရွေသော သဘောထားကို မပြသဘဲ ချင်လုအကြောင်းကိုလည်း မမေးခဲ့ပေ။


လျှိုကျောက်ချင်းက သူ့နှာခေါင်းကိုထိကာ အသံတိုးတိုးဖြင့် ပြောသည်။

"သူမရဲ့ ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’စွမ်းရည်က အဖွဲ့လိုက် လက်နက်ဖြုတ်လို့ရတယ်… ငါတို့သာ သူမနဲ့ထိပ်တိုက်ဆုံရင် ငါတို့ရဲ့ ခွဲစိတ်ဓားနဲ့ အဘိဓာန်တွေက အလုပ်မဖြစ်တော့ဘူး…"


သူမသည် ယောင်္ကျားလေး လေးယောက်၏ လက်ထဲက ပစ္စည်းတွေ အားလုံးကို ပြုတ်ကျသွားစေပြီး မြေပြင်ပေါ် ပြုတ်ကျပြီးနောက် သူတို့ကို အချိန်ခဏမျှ ပြန်ကောက်၍မရခဲ့ပေ။ ယွဲ့ရှင်းဝမ်က သူတို့ထွက်သွားတာကို ကြည့်ရင်း ပြောသည်။

"လက်နက်စွမ်းရည်တွေကို ဖြုတ်ချနိုင်တဲ့ ဒီစွမ်းရည်က တကယ်အစွမ်းထက်တယ်… သမိုင်းဌာနရဲ့စွမ်းရည်တွေကလည်း အရမ်းအစွမ်းထက်တာပဲ…"


စီနီယာအစ်ကိုကျိုဖုန်း ရှင်းပြထားသည့်အတိုင်း သူသည် အဖွဲ့ထဲတွင် သန်မာသော အတန်းဖော်များကို လူသစ်ခေါ်ယူနိုင်သည်။ သူတို့တွင် ဝိဇ္ဇာဘာသာရပ်က အဖွဲ့ဝင်များ နည်းပါးနေသည့်အတွက် ယွဲ့ရှင်းဝမ်သည် ဒီမိန်းကလေးနှင့် အဆက်အသွယ်လုပ်ပြီး စီနီယာအစ်မလင်းမန့်လော်အတွက် မိန်းကလေးအဖော်ကို ရှာလိုခဲ့သည်။ 


သို့သော်လည်း ချင်မြောင်က အလွန်အေးစက်လွန်းပြီး သူမတွင် ကိုယ်ပိုင်အဖွဲ့ရှိသောကြောင့် ယွဲ့ရှင်းဝမ်က ထိုအကြံကို လက်ရှိတွင်ပယ်ချခဲ့သည်။


ကန္တာရကျွန်းမှာ ရှင်သန်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး မြွေတွေ၊ ပျားအုံ၊ မိကျောင်းတွေနဲ့ သူ၏နှလုံးခုန်နှုန်းကို မြင့်တက်စေသည်။ တောင်အောက်တွင် အဖွဲ့တွေ ပိုများလာပြီး သူတို့က 25 မှတ်ပဲ ရသေးသည်။ သူတို့လည်း မြန်မြန်လုပ်ဆောင်ကြရတော့မည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောခဲ့သည်။ 

"သွားကြရအောင်… ငါတို့ အရှိန်မြင့်ပြီး အမှတ်တချို့ကို ယူရမယ်!"


#TK