Chapter 28
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 28 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၄)


သုတေသနအဖွဲ့ chat channel တွင် "၁၀ မှတ်" နှင့် "၅ မှတ်" ဟူသော အသိပေးချက်နှစ်ခုကို ဆက်တိုက်ပြသခဲ့သည်။


10 အမှတ်သည် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်တို့ မြွေတွင်းထဲက ရရှိလာသော အပြာရောင်ကတ်ဖြစ်ပြီး အခြား 5 မှတ်မှာ လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က တစ်ခုခုကို ရရှိခဲ့ပုံပေါ်သည်။ ယွဲ့ရှင်းဝမ်က အလျင်အမြန် မေးလိုက်သည်။

"ရှောင်ထူက နောက်ထပ် အစိမ်းရောင်ကတ်လို့ ရှာတွေ့ခဲ့တာလား?"


ခယ်ရှောင်ပင်းက ပြန်ဖြေသည်။

"ငါနဲ့ စီနီယာအစ်ကိုလျှိုက ချုံပုတ်ကြားထဲဝှက်ထားတဲ့ ကတ်ကို တွေ့ခဲ့တာ…"


လျှိုကျောက်ချင်းက မေးလေသည်။

"10 မှတ်က ဘယ်လိုရတာလဲ? မင်းတို့နှစ်ယောက်က တစ်ခါတည်း နှစ်ကတ်တွေ့ခဲ့တာလား?"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"အပြာရောင်ကတ်ကို ရှာတွေ့လို့ 10 မှတ် တန်းရခဲ့တာ… ကျွန်တော်တို့ ပြန်ရောက်တဲ့အခါမှ ပြောကြမယ်…"


သူတို့နှစ်ယောက်သည် တစ်ဖက်ကမ်း ချောက်ကမ်းပါးတစ်လျှောက်ရှိ မြွေအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး အမြန်လှည့်ကာ ပြန်ပြေးသွားကြသည်။


နာရီဝက်အကြာတွင် သူတို့သည် အဖွဲ့ဝင်များနှင့် လမ်းခွဲလိုက်သည့် လမ်းဆုံလမ်းခွသို့ ရောက်လာကြသည်။ ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့သည် လမ်းဆုံတွင် စောင့်ဆိုင်းနေပြီး ရှောင်ထူကလည်း ‌စုံစမ်းစစ်ဆေးပြီးနောက် ပြန်လာခဲ့သည်။ ယွဲ့ရှင်းဝမ်က ချွေးတွေထွက်နေတာကိုမြင်တော့ ခယ်ရှောင်ပင်းက စိုးရိမ်တကြီးနဲ့ မေးသည်။

"ရှင်းဝမ်၊ မင်းတို့တွေ ဘာလို့ ဒီလောက်ကြာနေရတာလဲ?"


ယွဲ့ရှင်းဝမ်က ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။

"ငါတို့နှစ်ယောက်က ဟိုဘက်ကတောအုပ်ထဲမှာ တောက်ပတဲ့ အမှတ်ကတ်တစ်ခုကို တွေ့ခဲ့တာ… ဒါပေမယ့် ငါတို့တွေ မြွေတွင်းထဲဝင်မိပြီး မြွေလိုက်တာခံခဲ့ရတယ်! အဲဒီတောအုပ်တစ်ခုလုံးမှာ ဝါးမြွေပွေးတွေ အများကြီးပဲ!


ခယ်ရှောင်ပင်းက အံ့ဩသွားသည်။

"ဝါးမြွေပွေးလား? အဆိပ်ပြင်းမြွေကို ပြောတာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… အနည်းဆုံး အကောင်တစ်ရာရှိတယ်…"


လျှိုကျောက်ချင်းက အလျင်အမြန် ရှေ့ကို လှမ်းလာပြီး သူတို့နှစ်ယောက်ကို စိုးရိမ်တကြီး ကြည့်နေသည်။

"မင်းတို့ အကိုက်မခံခဲ့ရဘူးမလား? ဝါးမြွေပွေးရဲ့အဆိပ်က အရမ်းပြင်းတယ်… သွေးထဲရောက်သွားတဲ့နဲ့ အရေးပေါ် ကုသမှုခံယူဖို့ ဆေးရုံကို ချက်ချင်း ပို့ရမှာ!"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"အဆင်ပြေပါတယ်… လွတ်လာဖို့အတွက် ရှင်းဝမ်က ‘ရွှေပုစဉ်ရင်ကွဲခွံ’ကို အသုံးပြုခဲ့တာ…"


ယွဲ့ရှင်းဝမ်က ‌ဖြည်းညှင်းစွာ အသက်ကိုရှူထုတ်ရင်း ရင်တထိတ်ထိတ်ဖြင့် ပြောသည်။

"ကံကောင်းတာက ဟိုမှာ ချောက်ကမ်းပါးတစ်ခုရှိပြီး အောက်မှာ မြစ်တစ်စင်းရှိတယ်… ဖျင်စစ်က သစ်လုံးတံတားကို ဖျက်စီးလိုက်တော့ သူတို့တွေ လိုက်လာလို့မရတော့ဘူး… မဟုတ်ရင် ငါ အရှိန်မြင့်စွမ်းရည်ကို အသုံးပြုရင်တောင် အဲဒီမြွေတွေဆီကနေ ထွက်ပြေးနိုင်မှာမဟုတ်ဘူး…" သူက ခဏရပ်ပြီး ကျန်းဖျင်စစ်ကိုကြည့်လိုက်သည်။ "စကားမစပ်၊ ငါတို့ရထားတဲ့ အပြာရောင်ကတ်ကို ပြလိုက်ရအောင်…"


ကျန်းဖျင်စစ်က အပြာရောင်ကတ်ကိုထုတ်ပြီး ခယ်ရှောင်ပင်းကို ပေးလိုက်သည်။


ခယ်ရှောင်ပင်းက သူစုဆောင်းထားသော အစိမ်းရောင်ကတ်ကို ထုတ်လိုက်ပြီး ကတ်နှစ်ကတ်ကို တစ်ပြိုင်နက် ဂရုတစိုက် ယှဉ်ကြည့်သည်။ 

"ကတ်တွေရဲ့ပုံစံက အတူတူပဲ… အလင်းရောင်ပဲ မတူတာ… ဒီကန္တာရကျွန်းပေါ်က ကတ်တွေမှာ မတူညီတဲ့ အမှတ်တွေ ရှိမယ်ထင်တယ်… အစိမ်းရောင် 5 မှတ်ကတ်က ရရှိဖို့ ပိုလွယ်ကူပြီး အပြာရောင် 10 မှတ်ကတ်က ပိုပြီးခက်ခဲလာတယ်…"


လက်ရှိတွင် သူတို့ဆီ၌ အစိမ်းရောင်ကတ် 3 ခု စုဆောင်းထားပြီးဖြစ်သည်။ ပထမအစိမ်းရောင်ကတ်ကို ယွဲ့ရှင်းဝမ်က အဘိဓာန်ဖြင့် သစ်ကိုင်းများကို ချိုးချပြီး ကောက်ယူခဲ့ကာ ဒုတိယတစ်ခုကို ရှောင်ထူမှ တိုက်ရိုက်တွေ့ရှိခဲ့ပြီး တတိယတစ်ခုကို လျှိုကျောက်ချင်းက ချုံပုတ်ထဲရှိ အလင်းရောင်ကို တွေ့ရှိပြီးနောက် ရရှိခဲ့သည်။


သုံးခုစလုံးက ‘အခမဲ့လက်ဆောင်များ’ဖြစ်ပြီး လုံးဝအန္တရာယ်မရှိပေ။


သို့သော် အပြာရောင်ကတ် 10 မှတ်တန်က တကယ်ကို အန္တရာယ်များပြီး မြွေတွေလိုက်ခြင်းခံရသည့် အတွေ့အကြုံကို သတိရလိုက်တာနဲ့ ယွဲ့ရှင်းဝမ်၏ ဦးရေပြား ထုံကျင်သွားသည်။

"နောင်အခါ မတူညီတဲ့ အလင်းရောင် ကတ်တွေကို တွေ့ခဲ့ရင် ဂရုစိုက်ရမယ်… အစိမ်းရောင်ကတ်တွေကိုပဲ တတ်နိုင်သမျှ စုဆောင်းကြရအောင်…"


အမှတ် 60 ရရင် အောင်ပြီဟု သတ်မှတ်နိုင်ပြီး လက်ရှိတွင် သူတို့က 25 မှတ် ကတ်များကို စုဆောင်းထားသည်။ 


ကန္တာရကျွန်းတွင် အချိန်နှင့်တစ်ပြေးညီ ဦးဆောင်သူစာရင်းများကို update လုပ်နေသည်——


[A-76 သုတေသနအဖွဲ့ 35 မှတ်]


[B-16 သုတေသနအဖွဲ့ 30 မှတ်]


[C-183 သုတေသနအဖွဲ့ 25 မှတ်]


...


ယွဲ့ရှင်းဝမ်၏ C-183 သုတေသနအဖွဲ့က တတိယနေရာတွင်ရှိပြီး ထိပ်ဆုံးသုတေသနအဖွဲ့နှစ်ဖွဲ့၏ အမြန်နှုန်းက သူတို့ထက် ပိုမြန်သည်။


ကျန်းဖျင်စစ်သည် ယခင်က ဦးဆောင်သူစာရင်းရှိ ထိပ်ဆုံးအဖွဲ့အနည်းငယ်၏ အချက်အလက်ကို မှတ်မိသည်။ ဒီတစ်ခေါက် ဦးဆောင်သူစာရင်းကို update တင်လာသောအခါ သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"A-76 သုတေသနအဖွဲ့က ဘယ်လိုဖြစ်တာလဲ? သူတို့က စာမေးပွဲစစချင်းမှာပင် 20 မှတ်ရခဲ့တာကို ငါမှတ်မိတယ်…"


ခယ်ရှောင်ပင်းက ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"20 မှတ်ရဖို့ အစိမ်းရောင်ကတ်လေးခုလိုတယ်… သူတို့က အစိမ်းရောင်ကတ်လေးခုကို ဆက်တိုက်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူတို့ ဆင်းသက်တဲ့ နေရာအနီးမှာ 20 မှတ်တန်တဲ့ ကတ်တစ်ခုရှိနိုင်ခြေ ပိုများတယ်…"


လျှိုကျောက်ချင်းက ပြောသည်။

"သူတို့ဆင်းသက်တဲ့နေရာမှာ 20 မှတ်တန် ကတ်ကိုရတယ်… သူတို့က အရမ်းကံကောင်းတာပဲ…"


ယွဲ့ရှင်းဝမ်က တွေးဆကာ ပြန်ပြောသည်။

"10 မှတ်တန် ကတ်တောင် ဒီလောက်ခက်ခဲနေတာ… 20 မှတ်တန် ကတ်ဆိုရင် ဝံပုလွေတွင်းလား၊ ကျားတွင်းလားပဲ?"


လျှိုကျောက်ချင်းက ရယ်ကာပြောသည်။

"အဖွဲ့ထဲမှာ အုပ်စုလိုက်ထိန်းချုပ်မှုတစ်ခုရှိနေရင် ကျားတွင်းကိုတွေ့တဲ့အခါ မင်းကြောက်နေစရာမလိုတော့ဘူး… မျောက်တွေကိုတောင် စာသင်ပေးနိုင်တဲ့ လျှိုရှောင်းရှောင်းကို မမေ့နဲ့ဦးလေ… တကယ်လို့ A-76 သုတေသနအဖွဲ့က ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က သူမရဲ့အဖွဲ့ဆိုရင် လူနှစ်ယောက်က အလှည့်ကျ ကျားတွေကို 30 စက္ကန့်လောက် ထိန်းချုပ်ထားပြီး ကတ်ယူဖို့ လူတစ်ယောက်ကို သွားခိုင်းလို့ရတယ်… ပြီးရင် သူတို့က ဘာမှထိခိုက်မှုမရှိဘဲ ကတ်နဲ့အတူ ထွက်ပြေးသွားလို့ရတယ်…"


သဘောတရားအရဆိုလျှင် ဒါက မှန်ကန်သော်လည်း သားရဲနှင့်ရင်‌ဆိုင်ရသည့်အခါ အလိုလိုကြောက်လန့်ကြလိမ့်မည်။ အရူးမျောက်တွေကို စာသင်ပေးဖို့က သူတို့အတွက် အတော်လေး ခက်ခဲမှာ ဖြစ်သလို ကျားတွေကို စာသင်ပေးဖို့ ဆိုတာကတော့…


ဒါက အရဲရင့်ဆုံးလူတွေ လုပ်နိုင်သည့် အရာပဲဖြစ်သည်။ သာမန်လူများသည် ကျားအုပ်စုကို မြင်လိုက်ပြီးနောက် ခြေထောက်များ ပျော့ခွေသွားလိမ့်မည်။


A-76 သုတေသနအဖွဲ့သည် 20 မှတ်တန်ကတ်ကို မည်သို့ပင်ရရှိခဲ့ပါစေ၊ ယွဲ့ရှင်းဝမ်ကတော့ သူတို့ကို အလွန်လေးစားသည်—— ဒီအတန်းဖော်တွေက အရမ်းတော်တာပဲ! ကန္တာရကျွန်း၏ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် လူတိုင်းကို သားရဲများနှင့် မြွေအမျိုးမျိုးတို့၏ တိုက်ခိုက်ခြင်းဖြင့် တွန်းအားပေးခဲ့သည်။ သာမာန်အချိန်များတွင် ဤတက္ကသိုလ်ကျောင်းသားများသည် တိရစ္ဆာန်ရုံသို့ သွားလေ့မရှိပေ။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူပြီး အကြောင်းအရာကိုပြောင်းလိုက်သည်။

"တောင်ပေါ်မှာ စစ်ဆေးလို့ပြီးခါနီးပြီမလား? ငါတို့ တောင်အောက်ဆင်းကြရအောင်…"


ရှောင်ထူ၏ ရေဒါစောင့်ကြည့်ရေးက သူတို့ကို များစွာ အထောက်အကူ ဖြစ်စေသည်။ စက်ရုပ်တစ်ရုပ်က ဘယ်‌ဘက်အပေါ်ထောင့်ရှိ ကြီးမားသော ဧရိယာကို တိုက်ရိုက်ရှင်းလင်းခဲ့ပြီး လမ်းဆုံလမ်းခွ၏ ကျန်အပိုင်းကို လူလေးယောက်က ခွဲကာ စစ်ဆေးခဲ့ပြီး ထောင့်အပိတ်များကိုလည်း လွတ်သွားခြင်းမရှိပေ။


တောင်ထိပ်တစ်ခုလုံးတွင် စုစုပေါင်း 25 မှတ်ရှိပြီး သူတို့အားလုံးရရှိသော ရိတ်သိမ်းမှုက အလွန်များပါသည်။ 


လေးယောက်သား တောင်အောက်ကို အတူတူဆင်းသွားကြသည်။


တောင်က အလွန်မြင့်ပြီး မိုးရွာထားတာကြောင့် သူတို့ အမြန်မသွားနိုင်ပေ။


ခယ်ရှောင်ပင်းသည် လမ်းတစ်လျှောက်တွင် မြွေများနှင့် တိရစ္ဆာန်များ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ရှောင်ထူကို လမ်းအား စူးစမ်းရန် အရှေ့က‌နေ သွားခွင့်ပြုလိုက်သည်။ ရှောင်ထူသည် အချင်းဝက် 10 မီတာအတွင်း သက်ရှိသတ္တဝါများကို ရှာဖွေနိုင်ပြီး ခယ်ရှောင်ပင်း၏ လက်ပ်တော့တွင် အချိန်နှင့်တစ်ပြေးညီ ပြသနိုင်သည်။


မမှောင်ခင် နောက်ဆုံးမှာတော့ သူတို့လေးယောက်က တောင်အောက်ကို ရောက်သွားကြသည်။


တောင်ခြေကိုရောက်တာနဲ့ ရှောင်ထူး၏နဖူးမှာ အလင်းရောင်က ရုတ်တရက် တောက်ပလာပြီး အရွယ်ရောက်သူ၏ လက်နှစ်ချောင်းအရွယ် အနီရောင်အစက်များက လက်ပ်တော့ screen ပေါ်တွင် ပေါ်လာသည်။


ခယ်ရှောင်ပင်းက ရပ်လိုက်ပြီး အရှေ့ဘယ်ဘက်သို့ လက်ညှိုးထိုးပြကာ တိုးတိုးပြောသည်။

"ဟိုဘက် မြက်ခင်းပြင်မှာ တိရစ္ဆာန်လေးတစ်ကောက်ရှိတယ်…"


ယွဲ့ရှင်းဝမ်က ထိုစကားကိုကြည့်တော့ ဂရုတစိုက်ကြည့်လိုက်ရာ မြက်ခင်းပြင်တွင် ကျက်စားနေသော ငှက်တစ်ကောင်ကို တွေ့လိုက်သည်။ ၎င်း၏မီးခိုးရောင်အမြီးက မြက်ပင်ဖြင့် တန်းတူ မြှောက်ထားသည်။ သူက အဘိဓာန်ကို ဆင့်ခေါ်ပြီး ဂရုတစိုက် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ငှက်က သတိမထားမိတာကို အခွင့်ကောင်းယူပြီး အဘိဓာန်ဖြင့် ပစ်ပေါက်လိုက်သည်။


‘ဘမ်း’ဟူသောအသံဖြင့် ငှက်ကို လေးလံသောအဘိဓာန်မှ မြေကြီးပေါ်သို့ ရိုက်ချလိုက်ကာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။


ယွဲ့ရှင်းဝမ်က အရှေ့သို့ အလျင်အမြန်လှမ်းကာ ၎င်းကိုဖမ်းလိုက်ပြီး သူ၏အဖွဲ့ဝင်သုံးယောက်ရှေ့သို့ သယ်ဆောင်သွားသည်။

"ကျေးဇူးပဲ ရှောင်ထူ၊ ငါတို့ရဲ့ ညစာကို ပြဿနာကို ဖြေရှင်းလို့ပြီးပြီ…"


အခြားလူသုံးယောက်: "..."


လျှိုကျောက်ချင်းက ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

"မင်းက အဘိဓာန်နဲ့လည်း အမဲလိုက်တာပဲလား?"


ယွဲ့ရှင်းဝမ်က ရစ်ငှက်ကို လျှို့ကျောက်ချင်းရှေ့သို့ ယူဆောင်လာကာ ပြောသည်။

"စီနီယာအစ်ကို ဒါကို သတ်ပေးလို့ရလား?"


လျှိုကျောက်ချင်းက ခဏလောက်စဉ်းစားပြီး ပြောသည်။

"ငါ့ခွဲစိတ်ဓားက အသုံးဝင်လောက်မှာပါ… ငါစမ်းကြည့်မယ်…"


ယခင်တုန်းကတော့ ‘ကြက်ကို ဘာလို့ ဓားမကြီးနဲ့ သတ်ရတာလဲ’လို့ ပြောခဲ့ပေမယ့် ယခုအခါမှာတော့ ရစ်ငှက်ကို သတ်ရန် ခွဲစိတ်ဓားကို အသုံးပြုနေရသည်…


လျှိုကျောက်ချင်းက ရစ်ငှက်အား ယွဲ့ရှင်းဝမ်ထံမှယူကာ ပြောသည်။

"အနားယူဖို့ နေရာရှာပြီး ညစာစားကြတာပေါ့…"


ကျန်းဖျင်စစ်က လျင်မြန်စွာ လှည့်ပတ်ကြည့်ကာ အတော်လေး လုံခြုံသော နေရာကို ရှာတွေ့ခဲ့သည်။

"အဲဒီသစ်ပင်အောက်ကို သွားရအောင်…"


သစ်ပင်သည် ရှောင်ထူ၏ ထောက်လှမ်းရေးအကွာအဝေးအတွင်းတွင်ရှိပြီး မည်သည့်သက်ရှိသတ္တဝါကိုမျှ မတွေ့ရှိကြောင်း၊ သစ်ပင်ပေါ်တွင် အန္တရာယ်ရှိသောသတ္တဝါများမရှိကြောင်း၊ အရိပ်အာဝါသကလည်း ကြီးမားပြီး လေနှင့်မိုးဒဏ်မှလည်း ကာကွယ်ပေးနိုင်သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်နောက်ကနေ သစ်ပင်ဆီသို့ လိုက်သွားပြီး ပတ်ဝန်းကျင်ရှိ အရွက်များနှင့် ပေါင်းပင်များကို သန့်ရှင်းလိုက်သည်။


နေဝင်နေပြီဖြစ်၍ ပတ်ဝန်းကျင်မှ အလင်းရောင်သည် တဖြည်းဖြည်းမှိန်လာစ။ ယွဲ့ရှင်းဝမ်၏ အိတ်ဆောင်နာရီက ည 7 နာရီ ထိုးနေပြီဖြစ်ပြီး အနီးနားတွင် အခြားအဖွဲ့များကို မတွေ့ရှိကြောင်း ညွှန်ပြနေခဲ့သည်။


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ကန္တာရကျွန်းက ညဘက်သို့ ဝင်ရောက်တော့မည်။


ယွဲ့ရှင်းဝမ်က လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။

"ဒီည ဒီမှာပဲ အိပ်ကြရအောင်… အဝေးကြီးမသွားကြနဲ့…"


နေ့လည်ခင်း၌ အလုပ်များပြီးနောက် လူတိုင်းသည်အနည်းငယ်ပင်ပန်းနေကြသည်။ ထို့အပြင် မှောင်သွားပြီနောက် ရှေ့ဆက်သွားရန် အဆင်မပြေဘဲ သူတို့သည် ညကို ဒီမှာသာကုန်ဆုံးပြီး မနက်မိုးလင်းတာကို စောင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ 


လျှိုကျောက်ချင်းက ရစ်ငှက်ကို နံဘေးသို့ သယ်ဆောင်သွားပြီး ခွဲစိတ်ဓားကို ထုတ်ယူကာ ငှက်၏လည်ပင်းကို ဓားဖြင့် သပ်ရပ်စွာ လှီးလိုက်သည်။


သူသည် ခွဲစိတ်ဆရာဝန်ဖြစ်ရန် ထိုက်တန်ပြီး သူ၏လက်များက မြန်ဆန်တိကျကာ ယွဲ့ရှင်းဝမ်၏စိတ်ထဲရှိ သွေးတွေပန်းထွက်သွားသော ရစ်ငှက်၏ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး လုံးဝမရှိပေ။


လျှိုကျောက်ချင်းက ရစ်ငှက်ကို တစ်ချက်တည်း သတ်လိုက်ပြီး ‌အမွေးကို လက်ဗလာဖြင့် ဆွဲနုတ်ကာ ငှက်ကို အမြန်ရှင်းလင်းသွားခဲ့သည်။


ခယ်ရှောင်ပင်းက ထင်းအဖြစ် အသုံးပြုရန် သစ်ကိုင်းခြောက်များကို ကောက်ပြီး ပြန်လာခဲ့သည်။ ယွဲ့ရှင်းဝမ်က သစ်ရွက်ခြောက်တချို့ကို တွေ့ရှိပြီး သစ်ကိုင်းများအောက်တွင် ထားလိုက်သည်။ မီးခြစ်ကိုထုတ်ယူကာ မီးမွှေးလိုက်သည်။ လျှိုကျောက်ချင်းက တုတ်ခိုင်သော သစ်ကိုင်းတစ်ချောင်းကို ယူကာ ရစ်ငှက်ကို စတင်မီးကင်ခဲ့သည်။


မီးပုံပတ်ပတ်လည်တွင် လူလေးယောက်က ထိုင်နေသည်။


ခဏကြာတော့ ရစ်ငှက်က အညိုရောင်သန်းလာပြီး အနံ့ထွက်လာသည်။ 


ခယ်ရှောင်ပင်း၏မျက်လုံးများ တောက်ပလာပြီး မျက်မှန်ကို ပင့်တင်ကာ မျှော်လင့်နေသောအကြည့်ဖြင့် ပြောသည်။

"ငါ အရင်က ရစ်ငှက်တစ်ကောင်ကို မစားဖူးဘူး…" 


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"ဒီရစ်ငှက်က အရသာရှိမှာ မဟုတ်ဘူး…"


ခယ်ရှောင်ပင်းက သူ့ကို သံသယဖြင့် ပြန်ကြည့်သည်။

"ရစ်ငှက်ရဲ့အနံ့က အတော်လေးကောင်းတယ်လို့ ငါတွေးနေတာ…"


ကျန်းဖျင်စစ်: "ငါတို့မှာ ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ မရှိဘူး…"


ခယ်ရှောင်ပင်း: "…"


‘ရေခဲဘုရင်’ဟူသောနာမည်နဲ့ အမှန်ပင်ထိုက်တန်ပြီး သူ၏စကားကြောင့် ညစာကောင်းကောင်းက ချက်ချင်းပင် အရသာမရှိဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်ကာ ပြောသည်။

"မင်းက အမြဲတမ်း အရမ်းတဲ့တိုးပြောတာပဲ…"


ကျန်းဖျင်စစ်က ပြောလာသည်။

"ငါပြောတာတွေက အမှန်ပဲလေ…"


ယွဲ့ရှင်းဝမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ခယ်ရှောင်ပင်း၏ စိတ်ဓာတ်ကျနေသော မျက်နှာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ပခုံးကို ပုတ်ပေးကာ နှစ်သိမ့်ပေးသည်။

"ကိစ္စမရှိပါဘူး… ငါတို့ ကျောင်းပြန်ရောက်ရင် အရှေ့တံခါးအပြင်ဘက်က စားသောက်ဆိုင်မှာ အသားကင်စားကြမယ်…"


ခယ်ရှောင်ပင်းက စိတ်ပျက်လက်ပျက်ဖြင့် သူ့ပခုံးများ နိမ့်ကျသွားသည်။

"ဟင်း… စားစရာတစ်ခုခုရှိနေတာပဲ ကောင်းနေပါပြီ… ငါတို့ကို အများကြီးတောင်းဆိုလို့မရဘူး…"


လျှိုကျောက်ချင်းက ရစ်ငှက်ကို တစ်ဖက်သို့လှည့်ကာ ပြောသည်။

"ရှောင်ထူက ဉာဏ်ကောင်းပြီး ညစာရှာဖို့ ကူညီပေးတယ်… ဒီညမှာ အခြားသုတေသနအဖွဲ့တွေက ကျောင်းသားတွေ ဗိုက်ဆာနေနိုင်တယ်… ဒါကိုတွေးကြည့်လိုက်ရင် ငါတို့က ကံကောင်းပါတယ်…"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။

"ငါတို့က တကယ်ကံကောင်းပါတယ်… မြွေအုပ်စုကို ဘေးဖယ်လိုက်ရသ် ပထမနေ့မှာပဲ 25 မှတ်ရခဲ့တယ်… နှစ်ရက်ကျန်သေးတာဆိုတော့ ငါတို့တွေ စာမေးပွဲကို ကျိန်းသေအောင်မြင်လိမ့်မယ်…


ရစ်ငှက်ကို အမြန်ကင်ပြီး လျှိုကျောက်ချင်းက ရစ်ငှက်တစ်ကောင်ကို လေးခုပိုင်းကာ အဖွဲ့ဝင်များထံ ဝေငှလိုက်သည်။


ခယ်ရှောင်ပင်းက ကိုက်လိုက်သည်—— လုံးဝအရသာမရှိဘူး!


ဆားမရှိ၊ ဟင်းခတ်အမွှေးအကြိုင်မရှိနှင့် ကျန်းဖျင်စစ်၏စကားများက နေရာယူလာခဲ့သည်။ ခယ်ရှောင်ပင်းသည် တိတ်တဆိတ် ခေါင်းငုံ့ကာ ဖယောင်းဝါးနေသကဲ့လို အရသာမရှိသော ရစ်ငှက်ကို ဝါးနေခဲ့သည်။ သူ့ဘေးက ယွဲ့ရှင်းဝမ်ကတော့ အတော်လေး စားကောင်းနေပြီး အားရပါးရကိုက်ကာ သူဗိုက်ဆာနေတယ ဖြစ်နိုင်သည်။ ယွဲ့ရှင်းဝမ်သည် အစာစားသောအခါ အရသာရှိသော ခံစားချက်ကို အမြဲပေးတတ်ပြီး ခယ်ရှောင်ပင်းကတော့ သူ့ပါးစပ်ထဲက ရစ်ငှက်ကို မျိုချရခက်နေတယ်လို့ တဖြည်းဖြည်း ခံစားလာရသည်။ 


 သူတို့လေးယောက်က ရိုးရှင်းသော ထမင်းတစ်နပ်ကို စားခဲ့သည်။ လျှိုကျောက်ချင်းက ပတ်တီးကို ထုတ်ယူကာ လူတစ်ယောက်စီအတွက် သေးငယ်သောအပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်သည်။

"မင်းတို့ရဲ့ လက်တွေကိုသုတ်လိုက်…"


ယွဲ့ရှင်းဝမ်က သုတ်လိုက်ပြီးနောက် သူ့လက်ပေါ်ရှိ အညစ်အကြေးများနှင့် အဆီအနှစ်တွေက အံ့ဩစရာကောင်းအောင် ပျောက်ကွယ်သွားကာ ၎င်းသည် လက်သန့်ဆေးထက် ပို၍သန့်ရှင်းသည်။ သူက လျှိုကျောက်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"စီနီယာအစ်ကိုရဲ့ ပတ်တီးက အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့ လုပ်ဆောင်ချက်ရော ရှိတာလား?"

 

လျှိုကျောက်ချင်းက ပြုံးကာပြောသည်။

"ဟုတ်တယ်… ဒဏ်ရာတွေကို ကုသဖို့နဲ့ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ပြီး ဆေးပတ်တီးကို အသုံးပြုလို့ရတာတွေ အများကြီးရှိတယ်…" 


ယွဲ့ရှင်းဝမ်က ဆေးပညာ၏ မှော်ဆန်သော စွမ်းအားကို ပင့်သက်ရှိုက်ရင်း သူ့မျက်နှာကို ပတ်တီးဖြင့် သုတ်လိုက်ရာ အလွန်လန်းဆန်းသွားသည်။


လုံးဝမှောင်နေပြီဖြစ်သော်လည်း နွေရာသီညတွင် မအေးလှပေ။ သူတို့လေးယောက်က မီးပုံပတ်ပတ်လည်မှာထိုင်ပြီး ခယ်ရှောင်ပင်းက အကြံပြုသည်။

"သားရဲတွေက မီးကို ပိုကြောက်တယ်… မီးရှိတဲ့နေရာကို မချဉ်းကပ်ရဲကြဘူး… သစ်ကိုင်းတွေ ထပ်ကောက်လိုက်ရမလား? ဒါမှမဟုတ် ငါတို့တွေ ညဘက်ကို ကင်းလှည့်‌စောင့်ကြမလား?"


ကျန်းဖျင်စစ်က ပြောသည်။

"ရှောင်ထူကို စောင့်ကြည့်ခိုင်းလိုက်… အန္တရာယ်ရှိလာရင် သူက ချက်ချင်း အသိပေးနိုင်တယ်…"


လျှိုကျောက်ချင်းက မေးလာသည်။

"ရှောင်ထူရဲ့ ဘက်ထရီသက်တမ်းက ဘယ်လောက်ရှိတာလဲ? ဉာဏ်ရည်မြင့်စက်ရုပ်ကလည်း အားသွင်းဖို့ လိုတယ်မလား?"


ခယ်ရှောင်ပင်းက ဆိုသည်။

"ကျွန်တော် သူ့ကို ပြန်ခေါ်တာက အားသွင်းတာနဲ့ အတူတူပဲ… သူ့ကို 1 နာရီအတွင်း အားအပြည့်သွင်းနိုင်ပြီး 12 နာရီကြာအောင် ဆက်တိုက် အလုပ်လုပ်နိုင်တယ်… သူ့ရဲ့လက်ရှိ ဘက်ထရီက မနက် 7 နာရီအထိ ကျွန်တော်တို့အတွက် စောင့်ကြည့်ပေးဖို့ ကူညီပေးနိုင်ပါတယ်…"


ထိုစကားကိုကြားတော့ လူတိုင်းက စိတ်သက်သာရာရသွားသည်။ စက်ရုပ်တွေက လူသားတွေထက် အမှန်တကယ် ယုံကြည်စိတ်ချရသည်။ တကယ်တော့ လူသားတွေ အိပ်ငိုက်နေမှာဖြစ်ပြီး စက်ရုပ်တွေက ဘက်ထရီအားရှိနေသရွေ့ အိပ်ငိုက်နေမှာ မဟုတ်ပေ။


ယွဲ့ရှင်းဝမ်က စိတ်သက်သာရာရစွာဖြင့် ပြောသည်။

"ကောင်းလိုက်တာ… ဒါဆို ညဘက် ကင်းလှည့်ဖို့ ရှောင်ထူကို ထားထားလိုက်၊ အားလုံး စောစောအိပ်ကြတော့… မနက်ဖြန် ငါတို့ ခရီးအရှည်ကြီး သွားဖို့ရှိတယ်…"


လေးယောက်သားက ထင်းတွေအများကြီးကောက်ပြီး ပတ်ပတ်လည်မှာထားကာ ညလယ်၌ ထင်းထည့်ရန် အချိန်မရွေးထနိုင်သည်။


အေးစက်သောမြေကြီးပေါ်တွင် လဲအိပ်ရတာ အဆင်မပြေသည့်အတွက် သစ်ပင်ကိုမှီပြီး အနားယူရန် သစ်ပင်အောက်မှာ ထိုင်လိုက်ကြသည်။


နေ့လည်ခင်းတွင် ပြင်းထန်စွာ‌ပြေးခဲ့ရတာက ခန္ဓာကိုယ်အင်အားတွေ ကုန်ဆုံးသွားစေသဖြင့် ယွဲ့ရှင်းဝမ်သည် အမှန်တကယ် ပင်ပန်းနေပြီး မကြာမီ အိပ်ပျော်သွားခဲ့သည်။ ကျန်းဖျင်စစ်သည် သူ့ဘေးတွင်ထိုင်ကာ သစ်ပင်ကိုမှီ၍ မျက်လုံးမှိတ်လိုက်သည်။


ရံဖန်ရံခါ ထင်းမီးလောင်ကျွမ်းသံမှလွဲ၍ ကန္တာရကျွန်းသည် ညဘက်တွင် အလွန်တိတ်ဆိတ်နေသည်။


မကြာခင်မှာပဲ ယွဲ့ရှင်းဝမ်၏ခေါင်းက အနည်းငယ်စောင်းလာပြီး ကျန်းဖျင်စစ်၏ပုခုံးပေါ် ရုတ်တရက် မှီလိုက်မိသည်။


ကျန်းဖျင်စစ်က မျက်လုံးများကိုဖွင့်၍ ဘေးတိုက်ကြည့်လိုက်သည်။—— ရှင်းဝမ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အသက်ရှူမှန်သော်လည်း သူ၏မျက်ခုံးက တင်းကြပ်စွာ ကြုတ်နေသည်။ ယနေ့ မြွေတွေလိုက်ဖမ်းတာခံရသည့် အတွေ့အကြုံကြောင့် သူက အိမ်မက်ဆိုးတစ်ခု မက်နေပုံရသည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ် သက်တောင့်သက်သာရှိစေရန် သူ၏ကိုယ်ဟန်အနေအထားကို ချိန်ညှိကာ နှစ်သိမ့်ပေးသလိုပုံစံဖြင့် သူ၏ပခုံးကို ညင်သာစွာ ဖက်လိုက်သည်။ 


ယွဲ့ရှင်းဝမ်သည် တစ်ဖက်လူထံမှ ရင်းနှီးသော ကိုယ်သင်းနံ့ကို ရလိုက်သဖြင့် သူ၏မျက်ခုံးကြုတ်နေတာက နောက်ဆုံးတွင် ပြေလျော့သွားပြီး ကျန်းဖျင်စစ်၏လက်မောင်းကို မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


#TK