Chapter 27
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 27 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၃)

 

ယွဲ့ရှင်းဝမ်တို့လေးယောက် ဆင်းသက်ခဲ့သော တောင်ထိပ်တွင် ဘယ်ဘက်၌ အောက်ခြေမရှိဘဲ ချောက်ကမ်းပါးတစ်ခု ရှိနေပြီး သွားစရာလမ်းမရှိတော့ပေ။ ညာဘက်တွင် တောအုပ်တစ်ခုရှိသည်။ စာကြည့်တိုက်က ပေးပို့လာသည့် မြေပုံကိုကြည့်ပြီး တောင်အောက်ကို သွားသောလမ်းက “သစ်ကိုင်း”နဲ့တူသည့် လမ်းဆုံလမ်းခွတွေ အများကြီးပါသော လမ်းမကြီးများရှိသည်။ 


တောင်အောက်ကို တည့်တည့်သွားရင်တော့ သူတို့တွေ လမ်းမကြီးကိုပဲ သွားရမည်။ သို့သော် ဒီလောက်ကြီးမားသောတောင်တွင် အမှတ်ကတ်တစ်ခုကိုပဲ ဝှက်ထားတာမျိုး မဖြစ်နိုင်သလို ထိုလမ်းဆုံလမ်းခွများ၏ အဆုံးသည် လျှို့ဝှက်ရတနာ၏တည်နေရာဖြစ်နိုင်သည်ဟု ယွဲ့ရှင်းဝမ် ယုံကြည်သည်။ အချိန်စောသေးတာကြောင့် ယွဲ့ရှင်းဝမ်က တောင်ထိပ်ရှိ လမ်းဆုံလမ်းခွအားလုံးကို စစ်ဆေးရန် ရည်ရွယ်ထားပြီး အမှတ်ကတ်များအားလုံးကို ရပြီးနောက် မမှောင်ခင် တောင်အောက်ဆင်းမည်။


ယွဲ့ရှင်းဝမ်က မြေပုံကို ညွှန်ပြပြီး ပြောသည်။

"တောင်ပေါ်မှာ လမ်းဆုံလမ်းခွတွေ အများကြီးရှိတယ်… ငါတို့ လူခွဲပြီးရှာကြမလား?"

သူက ခယ်ရှောင်ပင်းကို ပြန်ကြည့်သည်။

"ရှောင်ထူက ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို သင်ယူဖူးတယ်မလား? အနီးနားက ကတ်တွေကို အလိုအလျောက် ရှာပေးလို့ရလား?"


ခယ်ရှောင်ပင်းက ပြောလာသည်။

"ရှောင်ထူရဲ့ ရေဒါစောင့်ကြည့်ရေးက သူမြင်ဖူးတာကိုပဲ ခွဲခြားသိမြင်နိုင်တာ… ကံမကောင်းစွာပဲ သူ့ရဲ့စောင့်ကြည့်ရေးအကွားအဝေးက လက်ရှိအချိန်မှာ 10 မီတာအထိပဲ ရှိသေးတယ်…"


ကျန်းဖျင်စစ်က မေးသည်။

"ရှောင်ထူက သူ့ကိုယ်သူ center အဖြစ်ထားပြီး ပတ်ပတ်လည် 10 မီတာကို ဖြန့်ကျက်သွားတာလား? ဒါမှမဟုတ် ‌အရှေ့ဘက် 10 မီတာ အချင်းဝက်ရှိတဲ့ ယပ်တောင်ပုံစံကို ပြောတာလား?"


ခယ်ရှောင်ပင်းက ပြန်ဖြေသည်။

"ရှောင်ထူက သူ့ကိုယ်သူ center အနေနဲ့ အချင်းဝက် ပတ်ပတ်လည် 10 မီတာရှိတဲ့ စက်ဝိုင်းမျိုးကိုပြောတာ…"


စက်ဝိုင်းတစ်ခု၏ လွှမ်းခြုံဧရိယာသည် ယပ်တောင်ပုံစံထက် များစွာပိုကြီးသည်။ ကျန်းဖျင်စစ်က ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားပြီးနောက် မြေပုံ၏ ဧရိယာအချို့ကို ညွှန်ပြပြီး ပြောသည်။ 

"ရှောင်ထူကို မြေပုံမှာ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း ရွေ့လျားစေမယ့်လမ်းကြောင်းကို မင်းသတ်မှတ်ပေးနိုင်တယ်မလား?"


ခယ်ရှောင်ပင်း၏မျက်လုံးက တောက်ပလာသည်။

"ဟုတ်သား! ငါ ရှောင်ထူကို လမ်းဆုံလမ်းခွတွေဆီ အရင်ထောက်လှမ်းခိုင်းလိုက်တာက အချိန်ကုန်သက်သာတယ်!"


သူက ရှောင်ထူကို ဆင့်ခေါ်ပြီး အဖြူရောင်စက်ရုပ်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ပြောသည်။

"ရှောင်ထူက ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို သင်ယူပြီးနောက် သူစောင့်ကြည့်နေတဲ့ပတ်ဝန်းကျင်ကို ငါ့လက်တော့ပ်မှာ အချိန်မရွေး မြင်နိုင်တယ်… သူ့မျက်လုံးတွေက ရွေ့လျားနိုင်တဲ့ ကင်မရာလိုပဲ… သူ အန္တရာယ်‌ရှိနေပြီဆိုရင် ငါသူ့ကို ချက်ချင်း ပြန်သိမ်းလိုက်လို့ရတယ်…"


လျှိုကျောက်ချင်းက လက်မထောင်ပြသည်။

"ရှောင်ထူက အရမ်းမိုက်တာပဲ! သူက သူမြင်သမျှကို သတိပြုမိပြီး ခွဲခြားနိုင်တယ်ဆိုတော့ အနံ့ခံပြီး ပစ်မှတ်ကို ခြေရာခံနိုင်တဲ့ ရဲခွေးထက်တောင် ပိုပြီးအာရုံခံကောင်းတာပေါ့…"


"အင်း…" ခယ်ရှောင်ပင်းက သူ့လက်ထဲရှိ စက်ရုပ်ကိုကြည့်ပြီး ခေါင်းကို ညင်သာစွာ ပွတ်လိုက်သည်။

"ရှောင်ထူကို အဆင့်မြင့်ပြီးနောက် သူက ပိုပြီးသန်မာလာတယ်… ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်က ကတ်တွေရှာရတာ တကယ်ကို အဆင်ပြေပါတယ်… ဒါကြောင့် သူရွေ့လျားမယ့်လမ်းကြောင်းကို အရင်ဆုံးသတ်မှတ်လိုက်မယ်…"


သူပြောပြီးနောက် လက်တော့ပ်ကိုဖွင့်ကာ ပရိုဂရမ်များကို အမြန်ရေးသည်။


ကျန်းဖျင်စစ်က သူ့ဘေးကနေ အကြံဉာဏ်တချို့ပေးသည်။

"ရှောင်ထူရဲ့ ထောက်လှမ်းရေးအကွာအဝေးက အချင်းဝက် 10 မီတာရှိတဲ့ စက်ဝိုင်းဖြစ်ပြီး ထောင့်အပိတ်တွေကို လွဲချော်တာမျိုး ဖြစ်နိုင်တယ်… ဒီလမ်းတစ်လျှောက်ကို S ပုံသဏ္ဌာန် မျဉ်းကွေးနဲ့ ရွေးလျားခိုင်းလို့ရတယ်…"


သိပ္ပံကျောင်းသားနှစ်ယောက်က အချက်အလက်ကို စတင်တွက်ချက်ခဲ့သည်။


ကျန်းဖျင်စစ်သည် ထောင့်အပိတ်များအပါအဝင် အချင်းဝက် 10 မီတာရှိသော စက်ဝိုင်းတစ်ခုအရ တွက်ချက်ခဲ့သည်။ နီးစပ်သော တချို့သော လမ်းများအတွက် ရှောင်ထူက လမ်းတစ်လမ်းကို စူးစမ်းလေ့လာခြင်းဖြင့် လမ်းနှစ်ခုကြားရှိ ဧရိယာကို အမှန်တကယ် ထောက်လှမ်းနိုင်သည်။ ၎င်းက စုံစမ်းစစ်ဆေးရေး၏ ထိရောက်မှုကို များစွာတိုးတက်စေသည်။ 


ကျန်းဖျင်စစ်မှ ပေးသောအချက်အလက်များအရ ခယ်ရှောင်ပင်းသည် ရှောင်ထူ၏ ရွေ့လျားမှုလမ်းကြောင်းကို သတ်မှတ်ခဲ့သည်။


လျှိုကျောက်ချင်းက သိချင်စွာမေးခဲ့သည်။

"ရှောင်ထူက အရမ်းသေးတော့ အတားအဆီးတစ်ခုနဲ့တွေ့ရင် ကျော်သွားနိုင်လား?"


ခယ်ရှောင်ပင်းက ဆိုသည်။

"သူ့မှာ အတားအဆီး အသေးအမွှားတွေကို အလိုအလျောက် ဖြတ်ကျော်နိုင်တဲ့ လုပ်ဆောင်ချက် ပါရှိပြီး သူက စောင့်ကြည့်နေတဲ့ ပတ်ဝန်းကျင်ကို အချိန်မရွေး စစ်ဆေးနိုင်တယ်… ကျော်ဖြတ်လို့မရနိုင်တဲ့ ကြီးမားတဲ့ အတားအဆီးတစ်ခုကို ကြုံတွေ့ရင် သူ့ရဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ ဒါမှမဟုတ် ပြန်လှည့်ဖို့အတွက် ကျွန်တော်က ပရိုဂရမ်ကို အသုံးပြုသွားမှာ…"


ယွဲ့ရှင်းဝမ်က ပေါ့ပေါ့ပါးပါး ပြုံးကာ ရှောင်ထူ၏ခေါင်းကို ပွတ်လိုက်သည်။

"ရှောင်ထူက တကယ်ကိုတော်တဲ့ စက်ရုပ်တစ်ရုပ်ပဲ…"


ယွဲ့ရှင်းဝမ်၏ ချီးကျူးမှုကို တုံ့ပြန်တာလားဆိုတာ သေချာမသိပေမယ့် ရှောင်ထူ၏နဖူးက လင်းလာသည်။


ခယ်ရှောင်ပင်းက ရှောင်ထူကို မြေကြီးပေါ်တွင်ထားကာ ဖြည်းညှင်းစွာ နှိုးလိုက်သည်။

"ရှောင်ထူ၊ ရွှေ့လျားဖို့ လမ်းကြောင်းသတ်မှတ်ပါ… ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို ဖွင့်ပြီး အလင်းရောင်ရှိတဲ့ ကတ်ကို ထောက်လှမ်းပါ…"


ခယ်ရှောင်ပင်းက ရှောင်ထူ၏မျက်လုံးတွင် ကတ်ကို စကင်န်ဖတ်စေပြီး စက်ရုပ်၏ ကြည်လင်ပြတ်သားသော ကလေးဆန်သောအသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ သခင်၊ ပစ်မှတ်အချက်အလက်ကို မှတ်တမ်းတင်ထားပါပြီ… ရေဒါစောင့်ကြည့်ရေး လုပ်ဆောင်ချက်ကို ဖွင့်ထားပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားပါမယ်…"


ရှောင်ထူက သူ၏ခြေထောက်များရှိ ဘီးများကို ထုတ်ကာ လိုက်လျောညီထွေစွာ လှည့်နေပြီး နဖူးပေါ်ရှိ အလင်းရောင်က လင်းလက်နေပြီး ခယ်ရှောင်ပင်း သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း အရှေ့သို့ လှိမ့်သွားသည်။ 


မျက်စိမှိတ်ပျောက်ကွယ်သွားသော စက်ရုပ်ကိုကြည့်ရင်း ယွဲ့ရှင်းဝမ်က ရယ်ချင်စိတ်ကို ထိန်းကာ ပြောသည်။

"ငါတို့ရဲ့ တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက အတော်လေး နည်းပညာမြင့်တယ်… ဒီမှာ 3D မြေပုံတစ်ခုရှိပြီး ဉာဏ်ရည်မြင့်စက်ရုပ်က ရေဒါထောက်လှမ်းတယ်… ရှောင်ခယ်နဲ့ ဖျင်စစ်တို့က အရမ်းအစွမ်းထက်တယ်… မင်းတို့နှစ်ယောက်သာရှိရင် အနာဂတ်မှာ ဘယ်လိုအကြမ်းဖျင်းမြေပုံတွေနဲ့ပဲ တွေ့ရတွေ့ရ ကြောက်နေစရာမလိုတော့ဘူး…"


ခယ်ရှောင်ပင်းက ချီးကျူးခံရတာကြောင့် နားရွက်များနီရဲသွားသော်လည်း သူ့ပါးစပ်ကတော့ နှိမ့်ချခြင်းမရှိပေ။

"အဟန့်… ဒါက အခြေခံပြုလုပ်ပုံလေးပါ…"


ရှောင်ခယ်မှာသာ အမြီးရှိရင် ဒီအချိန်မှာ ဂုဏ်ယူစွာ အမြီးထောင်နေလိမ့်မယ်ဆိုတာ ယွဲ့ရှင်းဝမ်သိသည်။ နှိုင်းယှဉ်ပြောရလျှင် ကျန်းဖျင်စစ်သည် ချီးကျူးခံရသောအခါ သူ့မျက်နှာပေါ်မှာ ဘာအမူအရာမျိုးမှမရှိပေ။ သူက မျက်မှောင်ကြုတ်ကာ အဝေးကို လှမ်းကြည့်ရင်း တည်ငြိမ်စွာပြောသည်။

"လမ်းမကြီးရဲ့တည်နေရာကို မှတ်ထားပြီး ငါတို့တွေ လမ်းဆုံလမ်းခွကို ရောက်တဲ့အခါ အချိန်ကုန်သက်သာဖို့အတွက် အဖွဲ့နှစ်ဖွဲ့ခွဲရအောင်…"


ယွဲ့ရှင်းဝမ်လည်း အဓိကအကြောင်းအရာကို ပြောလာသည်။

"လမ်းမှာ လမ်းဆုံလမ်းခွတွေ အရမ်းများနေတယ်… ရှောင်ထူက ဘယ်ဘယ်မှာရှိတဲ့ ဧရိယာကို ထောက်လှမ်းနေတာဆိုတော့ ကျန်ဧရိယာတွေကို ကျွန်တော်တို့တွေ လူခွဲပြီး စုံစမ်းရအောင်… စီနီယာအစ်ကိုလျှိုနဲ့ ရှောင်ခယ်က သက်သက်သွားပြီး ကျွန်တော်နဲ့ ‌ဖျင်စစ်က သက်သက်သွားလိုက်မယ်၊ လမ်းဆုံလမ်းခွတွေမှာ ဖြစ်နိုင်သမျှ မြန်မြန် အမှတ်ကတ်တွေရှာပြီး ပြဿနာကြုံလာတဲ့အခါ သုတေသနအဖွဲ့ရဲ့ chat channel မှာ အချိန်မရွေး ဆက်သွယ်နိုင်တယ်…"


စာမေးပွဲကာလအတွင်း private message များကို မပို့နိုင်သော်လည်း သုတေသနအဖွဲ့၏ chat channel ကိုတော့ အမြဲဖွင့်ထားသည်။


စာမေးပွဲစတင်ပြီးနောက် နေ့လည် 2:30 ရှိနေပြီဖြစ်သည်။ နေ့ခင်းကြောင်တောင်တွင် အတန်းဖော်များကို ဆုံလျှင်တောင် ကမူးရှူးထိုး တိုက်ခိုက်ကြမှာမဟုတ်ပေ။ တိရစ္ဆာန်အများစုကလည်း ညဘက်မှာ ထွက်လေ့ရှိသည်။


ယွဲ့ရှင်းဝမ်သည် သူ့လက်ထဲတွင် မြေပုံတစ်ခုနှင့် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ဆောင်ထားပြီး ခယ်ရှောင်ပင်းသည် သူ့လက်ပ်တော့ထဲတွင် 3D မြေပုံတစ်ခုပါရှိသောကြောင့် သီးခြားလှုပ်ရှားသောအခါ လမ်းပျောက်မည်ကို မကြောက်ရပေ။ ထို့ကြောင့် ယွဲ့ရှင်းဝမ်က အဖွဲ့ခွဲရန် သတ္တိရှိပြီး တောင်ထိပ်တွင် အမှတ်ကတ်များကို တတ်နိုင်သမျှ အမြန်စုဆောင်းလိုသည်။


ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ယွဲ့ရှင်းဝမ်၏ အစီအစဉ်ကို သဘောတူခဲ့သည်။

"ကောင်းပြီ… ငါတို့တွေ အမှတ်ကတ်လိုက်ရှာဖို့ လူခွဲလိုက်မယ်…"


လမ်းဆုံမှာ လေးယောက်ခွဲသွားကြသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ညာဘက်ခြမ်းရှိ လမ်းဆုံလမ်းခွသို့ ပြေးသွားကြသည်။


လမ်း၏လမ်းဆုံလမ်းခွသည် အကွေ့အကောက်များပြီး လမ်းနှစ်ဘက်လုံးတွင် ရှည်လျားသော ပေါင်းပင်ကြီးများရှိကာ ပုရစ်များ ရံဖန်ရံခါ အော်ဟစ်နေပြီး မြက်ခင်းပြင်တွင် ဖားအချို့ ခုန်ပေါက်နေသည်။


ကန္တာရကျွန်းရှိ လမ်းအကျယ်သည် လူနှစ်ယောက် ဘေးချင်းကပ် သွားလာရန် လုံလောက်သည်။ ကျန်းဖျင်စစ်က သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူပြီး မြက်ထူထပ်သော နေရာကို တွေ့သောအခါ ၎င်းတွင် အမှတ်ကတ် ဝှက်ထားခြင်း ရှိမရှိ သိရှိရန် လိုက်ရှာကြည့်ပြီး ယွဲ့ရှင်းဝမ်က ဦးတည်ရာလမ်းကြောင်းကို မြေပုံနှင့် သံလိုက်အိမ်မြှောင်ဖြင့် စစ်ဆေးခဲ့သည်။


နာရီဝက်နီးပါး လမ်းလျှောက်ပြီးသည့် နောက်မှာတော့ သူတို့ရှေ့မှာ ချောက်ကမ်းပါးတစ်ခု ပေါ်လာပြီး အမြင့် 5 မီတာလောက်ရှိသော ချောက်ကမ်းပါးကြီး၏ အောက်ခြေမှာ တဟုန်ထိုး စီးဆင်းနေသော မြစ်တစ်စင်း ရှိပါသည်။ ချောက်ကမ်းပါးပေါ်၌ သစ်ပင်ကြီးတစ်ပင်ရှိပြီး နှစ်ဖက်စလုံးကို ဆက်သွယ်ထားသော သစ်လုံးတံတားတစ်ခုဖြစ်သည်။ သစ်ပင်များဖြင့် ပြုလုပ်ထားသော တံတားသည် နှစ်အနည်းငယ် သက်တမ်းရှိနိုင်ပြီး ပင်စည်များကို စိမ်းလန်းသော ရေညှိများဖြင့် ဖုံးအုပ်ထားသည်။


တံတား၏ တစ်ဖက်တွင် တောအုပ်ကြီးတစ်ခုရှိသည်။ ခပ်လှမ်းလှမ်းမှ တောအုပ်ထဲတွင် အလင်းရောင်ဖျော့တော့စွာ လင်းလက်နေသည်။ အရွက်ပေါ်ကို နေရောင်ခြည်က ရောင်ပြန်ဟပ်သော အလင်းရောင်လား? ဒါမှမဟုတ် အမှတ်ကတ်ကို ဝှက်ထားသလားဆိုတာ မသိရပေ။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ တစ်ဖက်လူ၏ထင်မြင်ချက်ကို မေးသည်။

"သွားကြည့်ကြပါလား?"


"အင်း… ငါအရင်သွားလိုက်မယ်… မင်းငါ့အနောက်လိုက်ခဲ့…"


ဒီမနက် မိုးအနည်းငယ်ရွာခဲ့တာ ဖြစ်နိုင်ပြီး သစ်ပင်၏ပင်စည်ြ အနည်းငယ်ချောနေသည်။ ကျန်းဖျင်စစ်သည် ရှေ့ခြေလှမ်းနှင့် နောက်ခြေလှမ်းကို ဟန်ချက်ထိန်းရန် ကြိုးစားကာ နှစ်လှမ်း၊သုံးလှမ်းလောက် လှမ်းပြီး ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်သည်။ 


ယွဲ့ရှင်းဝမ်က အနီးကပ်လိုက်လာသည်။ သူ့ခန္ဓာကိုယ်ဟန်ချက်က ကျန်းဖျင်စစ်လောက် မကောင်းဘူးဆိုတာ သိသာပါသည်။ သစ်လုံးတံတားအလယ်သို့ရောက်သောအခါ သူအနည်းငယ်တုန်ခါလာသည်။ ကျန်းဖျင်စစ်က ချက်ချင်း သူ့လက်ကို ဆန့်လိုက်သည်။

"မင်းလက်ပေးခဲ့…"


ယွဲ့ရှင်းဝမ်က တစ်ဖက်လူ၏လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။


အနည်းငယ်အားစိုက်ထုတ်ကာ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ဆွဲလိုက်သည်။


ယွဲ့ရှင်းဝမ်က သစ်လုံးတံတားအောက်ရှိ စီးနေသောမြစ်ကို ပြန်ကြည့်ကာ သက်ပြင်းချရင်း ပြုံးကာပြောသည်။

"ဒါက တောရိုင်းခရီးစွန့်စားမှုတစ်ခုရဲ့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာရှိတယ်… ငါတို့က ကျောင်းသားကောင်စီရဲ့ အဖွဲ့လိုက် တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲထက် အများကြီး ပိုပျော်စရာကောင်းတယ်…"


သူ၏မျက်ခုံးကြားက အပြုံးကိုမြင်တော့ ကျန်းဖျင်စစ်၏နှုတ်ခမ်းကလည်း တွန့်ကွေးသွားသည်။

"သွားရအောင်…"


ယွဲ့ရှင်းဝမ်ကဲ့သို့ အကောင်းမြင်တတ်သော စိတ်နေစိတ်ထားဖြင့် ပတ်ဝန်းကျင်က မည်သို့ပင်ရှိစေကာမူ လျင်မြန်စွာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီး သူ့ကိုယ်သူ ပျော်ရွှင်အောင် နှိမ့်သိမ်ကာ ဒါက အမှန်တကယ် ကောင်းမွန်ပါသည်။ မဟုတ်လျှင် ငါ ဖယ်ထုတ်ခံရမလား၊ သေတော့မှာလား၊ ငါ့စိတ်တွေ အရမ်းပင်ပန်းတယ်ဆိုပြီး အမြဲတွေးနေမိလိမ့်မည်။ ကျန်းဖျင်စစ်သည် သူ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကို ခဏတာ လျော့ချထားခဲ့ပြီး တောရိုင်းခရီးစွန့်စားမှုတစ်ခုအဖြစ် မှတ်ယူခဲ့သည်။


နှစ်ယောက်သား တောနက်ကြီးဆီသို့ လျှောက်သွားကြသည်။


ဤအခိုက်အတန့်တွင် ခယ်ရှောင်ပင်းမှ သုတေသနအဖွဲ့ chat channel တွင် message တစ်ခုပို့လာသည်။

"ရှင်းဝမ်၊ စီနီယာအစ်ကိုလျှိုနဲ့ ငါ လမ်းတစ်လျှောက် ထောက်လှမ်းရင်း အမှတ်ကတ်တွေကို ရှာမတွေ့ခဲ့ပေမယ့် ရှောင်ထူက ငါတို့ရရှိထားသလို အစိမ်းရောင်ကတ် 5 မှတ်ကို တွေ့ရှိခဲ့တယ်…"


ယွဲ့ရှင်းဝမ်က ရှောင်ထူကို ချီးကျူးသည်: "ရှောင်ထူက အရမ်းတော်တာပဲ…"


အချင်းဝက် 10 မီတာရှိသော ရေဒါစောင့်ကြည့်ရေးက သူတို့၏မျက်လုံးများဖြင့် ထောက်လှမ်းခြင်းထက် များစွာပို၍ ထိရောက်မှုရှိသည်။ ယွဲ့ရှင်းဝမ်က ဆက်ပို့လိုက်သည်။

"ငါ ဖျင်စစ်နဲ့ မြစ်ကိုဖြတ်ပြီး အရှေ့မှာ တောအုပ်ရှိနေတယ်… မင်းတို့တွေ လမ်းဆုံမှာ စောင့်နေလိုက်… ငါတို့နှစ်ယောက် မကြာခင် ပြန်လာခဲ့မယ်…"


လျှိုကျောက်ချင်း: ‌"ကောင်းပြီ… ဂရုစိုက်နော်…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြသည်။


မြေပြင်တွင် လေတိုက်၍ လွင့်ကျလာသော သစ်ရွက်ခြောက်များနှင့် ပြည့်နေပြီး သစ်ရွက်များပေါ်တွင် မိုးရေများ ရှိနေသည်။ သစ်ရွက်များကြားရှိ ကွက်လပ်များတွင် နေရောင်သည် လင်းထိန်နေတာကြောင့် ရေများဖြင့် ဖျော့တော့သော အလင်းရောင်ကို ထင်ဟပ်စေသည်။ ယွဲ့ရှင်းဝမ်က သူ့ကိုယ်သူ တွေးနေသည်။ သူ အခုလေးတင် မြင်လိုက်တာက နေရောင်ရဲ့ ရောင်ပြန်ဟပ်တာလား? သူတို့နှစ်ယောက်စလုံး ဘာမဟုတ်တာအတွက် ဒီကိုလာခဲ့ရတာလား?


သူ့မျက်လုံးများဖြင့် ပတ်ပတ်လည်ကို သေချာကြည့်သည်။ မနီးမဝေးက သစ်ပင်တစ်ပင်မှာ အလင်းရောင်တစ်ခု ရှိနေတာကို ရုတ်တရက် သူသတိပြုမိလိုက်ပြီး ပတ်ဝန်းကျင်က နေရောင်၏ ရောင်ပြန်ဟပ်မှုနဲ့ သိသိသာသာကွဲပြားသွားကာ အရင်က သူမြင်ဖူးသော အမှတ်ကတ်လိုပဲ ဖျော့တော့သော အလင်းရောင်တစ်ခုရှိနေသည်။


ယွဲ့ရှင်းဝမ်က အလင်းရောင်၏ ဦးတည်ရာကို ညွှန်ပြရင်း ပြောသည်။

"ဟိုမှာ ကတ်တစ်ခုရှိပုံရတယ်…"


ကျန်းဖျင်စစ်က သူ့နောက်ကို ချက်ချင်းလိုက်သွားပြီး နှစ်ယောက်သား သစ်ပင်အောက်ကို အလျင်အမြန်လျှောက်သွားကာ ယွဲ့ရှင်းဝမ်က အဘိဓာန်ကို ဆင့်ခေါ်လိုက်သည်။


လေးလံသောအဘိဓာန်ကို မှော်စွမ်းအားတစ်ခုက ထိန်းချုပ်ထားပုံရပြီး ယွဲ့ရှင်းဝမ်၏လက်ထဲတွင် ဖြည်းညှင်းစွာ လွင့်ပျံလာသည်။ ယွဲ့ရှင်းဝမ်သည် သစ်ပင်၏ထိပ်ကို ချိန်ရွယ်ပြီး အဘိဓာန်ဖြင့် ပစ်ပေါက်ကာ သစ်ကိုင်းများကျိုးသွားပြီး အပြာရောင်ကတ်ကို အရွက်အနည်းငယ်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


အပြာကတ်လား? အစိမ်းရောင်ကတ်ထက် အမှတ်ပိုများမှာလား?


ယွဲ့ရှင်းဝမ်က ကောက်ယူရန် လှမ်းခါနီးတွင် ကျန်းဖျင်စစ်၏ တိုးညှင်းသောအသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

"သတိထား!"


သူဘာမှမတုံ့ပြန်နိုင်ခင်မှာဘဲ သူ့ပခုံးက ရုတ်တရက် အဆွဲခံလိုက်ရပြီး ကျန်းဖျင်စစ်၏ ပြင်းထန်သော ဆွဲအားကြောင့် သူ့ခန္ဓာကိုယ်က အတင်းလိမ်သွားသည်။ ယွဲ့ရှင်းဝမ်က ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ သူ၏ခြေထောက်ကို တည်ငြိမ်ရပ်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းလှည့်ကြည့်လိုက်သည်——


ကျန်းဖျင်စစ်၏ မျက်နှာက အေးစက်နေပြီး သူ့မျက်ခုံးက အနည်းငယ် မျက်မှောင်ကြုတ်နေကာ သူ့လက်ထဲတွင် မြွေစိမ်းလေးတစ်ကောင်အား ကိုင်ထားတာကို မြင်လိုက်ရသည်။ မြွေကို သူ၏သွယ်လျသော လက်ချောင်းများဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် အပြင်းအထန် ရုန်းကန်နေလေသည်။


ယွဲ့ရှင်းဝမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"…မြွေလား?!"


ကျန်းဖျင်စစ်က တုတ်ဖြင့် မြွေကို ရိုက်သတ်ပြီး ပြောသည်။

"ဒါက ဝါးမျိုးစိတ်ပဲ…"


"အဆိပ်ပြင်းဝါးမြွေပွေးလား?" ယွဲ့ရှင်းဝမ်၏နောက်ကျောက ရုတ်တရက် အေးစက်သွားသည်။ *ငါတို့သာ အကိုက်ခံရရင် အဆုံးသတ်သွားလောက်ပြီ!"


တောအုပ်ထဲတွင် ပုန်းအောင်းနေတာက အဆိပ်ပြင်းဆုံး မြွေ 10 မျိုးထဲက တစ်ကောင်ဖြစ်သော ဝါးမြွေပွေးဖြစ်သည်။ စာမေးပွဲက ဒီထက်ပိုပြီးညှာတာပေးလို့မရဘူးလား?


ထိုအခိုက်တွင် ထူးဆန်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သစ်ရွက်များပေါ်မှ တစ်စုံတစ်ခု လျှောသွားနေသောအသံဖြစ်သည်။ သူတို့အရှေ့ရှိ သစ်ပင်များရှေ့တွင် မြွေစိမ်းလေးတွေ အများကြီးပေါ်လာသည်။ သူတို့အားခေါ်ထားသကဲ့သို့ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်ဆီကို အမြန်လာပြီး ချက်ချင်းဝိုင်းရံလိုက်သည်။


မြွေအုပ်စုသည် သူတို့နှစ်ဦးကို လျှာအနီများထုတ်ပြနေပြီး ‘စီး စီး’အသံက လူတွေကို ကျောချမ်းသွားစေသည်။ ရွှေရောင်မျက်လုံးများက သားကောင်နှစ်ကောင်အား စိုက်ကြည့်နေသလိုမျိုး သူတို့ကို စိုက်ကြည့်နေကြသည်။ 


မြွေများ စိုက်ကြည့်တာ ခံနေရသောကြောင့် ယွဲ့ရှင်းဝမ်၏တစ်ကိုယ်လုံးရှိ သွေးများက အေးခဲသလိုခံစားရပြီး သူမထိန်းနိုင်ဘဲ ဆဲလိုက်သည်။

"Fuck! စာကြည့်တိုက်က အမှတ်ကတ်ကို တကယ်ကြီး မြွေတွင်းထဲ ထည့်ထားတာပဲ!"


ကျန်းဖျင်စစ်၏မျက်နှာက အေးစက်သွားကာ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များသည် ရုပ်တုတစ်ခုအဖြစ် တောင့်ခဲသွားတော့မည်ဖြစ်သည်—— သူတို့သည် ငယ်စဉ်ကတည်းက ဒီလောက်မြွေများစွာကို မမြင်ဖူးကြပေ။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏နားထဲသို့ ပြောလိုက်သည်။

"ငါ့ရဲ့ coordinate system က စောင့်ဆိုင်းချိန်ပြီးဖို့ 3 မိနစ်ကျန်သေးတယ်…"


အဆိပ်ပြင်းမြွေတွေက သူတို့ကို သုံးမိနစ်စောင့်ပေးရန် မဖြစ်နိုင်သလို မြွေအုပ်စုနှင့် တိုက်ခိုက်ရန် သစ်ကိုင်းများနှင့် အဘိဓာန်များကိုလည်း အသုံးပြုလို့မရပေ။ ဒီနေရာမှာ မြွေတွေ အများကြီးရှိပြီး အတော်လေး သေးငယ်သောမြွေများက သစ်ပင်ထိပ်တွင် တွဲလောင်းချရင်း သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကာ လေထဲကနေ အချိန်မရွေး တိုက်ခိုက်နိုင်သည်။ 


ယွဲ့ရှင်းဝမ်၏မျက်နှာက ဖြူဖျော့လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"ငါမင်းကို ခေါ်သွားပေးမယ်!"


အနီးနားရှိမြွေများ ခုန်လာတော့မည်ကို မြင်လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်က အဘိဓာန်ကို ရုတ်တရက် ဖွင့်လိုက်သည်—— ရွှေပုစဉ်းရင်ကွဲခွံ!


တစ်ချိန်တည်းမှာပင် ကျန်းဖျင်စစ်သည် အနီးဆုံးမြွေကို သူ့လက်ထဲကသစ်ကိုင်းတစ်ခုဖြင့် ရိုက်လိုက်ပြီး ချက်ချင်း အောက်ငုံ့ကာ မြက်ခင်းပေါ်ရှိ အပြာရောင်ကတ်ကို သူ့လက်ဖြင့် လျင်မြန်သွာ ကောက်ယူလိုက်သည်။ 


သူ့အရှေ့ရှိ မြင်ကွင်းက တုန်ခါသွားပြီး ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို မီတာ 20 အကွာအဝေးက တစ်နေရာဆီ ပို့လိုက်သည်။ 


မြွေများကို ချန်ထားခဲ့သော်လည်း မီတာ 20 အကွာအဝေးတွင် လုံခြုံသည်ဟု မယူဆပေ။


ယွဲ့ရှင်းဝမ်၏နှလုံးက သူ့လည်ချောင်းဆီ ရောက်လာသကဲ့သို့ အလျင်အမြန် အော်သည်။

"ပြေးတော့!"


ကျန်းဖျင်စစ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ယွဲ့ရှင်းဝမ်၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဆန့်ကျင်ဘက်သို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ၏အဘိဓာန်ကိုဖွင့်ပြီး ‘အလင်းကဲ့သို့လျင်မြန်ခြင်း’စွမ်းရည်ကို တိုက်ရိုက်အသက်သွင်းပြီး လှုပ်ရှားမှုအမြန်နှုန်းကို 500 တိုးစေခဲ့သည်။


သူတို့၏လှုပ်ရှားမှုနှုန်းက တိုးလာပြီး သူတို့၏ခြေထောက်အောက်၌ မီးတောက်ဘီးများ ‌ရှိနေသကဲ့သို့ အသက်ဘေးကနေ လွတ်မြောက်ရေးအတွက် တောအုပ်ထဲ၌ သူတို့တတ်နိုင်သမျှ မြန်မြန်ပြေးခဲ့ကြသည်။


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်၏စိတ်ထဲ၌ အတွေးတစ်ခုပဲ ရှိနေသည်—— မြန်မြန်ပြေးရမယ်! ဒီကန္တာရကျွန်းထဲက မြွေတွေ အကိုက်ခံရပြီး သေတာမျိုး မဖြစ်ချင်ဘူး!


သူတို့နောက်မှ မြွေအုပ်စုသည် လိုက်လာခဲ့ကြပြီး ပတ်ဝန်းကျင်သစ်ပင်များရှိ မြွေများစွာလည်း လိုက်ဖမ်းသည့်အဖွဲ့တွင် ပါဝင်လာကြသည်။


ယွဲ့ရှင်းဝမ်၏ ဦးရေပြားသည် ပေါက်ကွဲတော့မည်ဖြစ်ပြီး နှစ်ယောက်သား မီတာ 100 အပြေးနှုန်းဖြင့် တောအုပ်ထဲမှ ပြေးထွက်လာကြသည်။


အကျွမ်းတဝင်ရှိသော ချောက်ကမ်းပါးတစ်ခုနှင့် သစ်လုံးတံတားတစ်ခုက ရှေ့တွင် ပေါ်လာသည်။


ယွဲ့ရှင်းဝမ်က ရုတ်တရက် ဘရိတ်အုပ်ပြီး မြစ်ဘေးတွင် ရပ်လိုက်သည်။ သစ်လုံးတံတားက ဖြတ်သန်းဖို့ မလွယ်ချေ။ ဖြည်းညှင်းစွာ လျှောက်သွားလျှင် မြွေများက မှီလာမှာ သေချာသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ကျန်းဖျင်စစ်ကိုကြည့်ရန် ခေါင်းလှည့်လိုက်ကာ ကျန်းဖျင်စစ်၏မျက်နှာက တည်ငြိမ်နေတာကို မြင်လိုက်ရပြီး သူ၏ညာဘက်လက်ကို ရုတ်တရက် ဆန့်လိုက်သည်——  


သူ၏သွယ်လျသောလက်ချောင်းများက coordinate system ကို ထပ်မံဆွဲကာ အမြန်ဆုံးအမြန်နှုန်းဖြင့် formula တစ်ကြောင်းကို ရေးခဲ့သည်။


အရေးကြီးသောအခိုက်အတန့်တွင် ယွဲ့ရှင်းဝမ်၏ခါးကို ကျန်းဖျင်စစ်က ရုတ်တရက် ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ ပျံတက်သွားသည်——


ကျန်းဖျင်စစ်က သူ့ကို လေထဲသို့ တိုက်ရိုက်ခေါ်သွားသည်!


သူတို့နှစ်ဦးသည် လေထဲတွင် ပြီးပြည့်စုံသော parabolic လှုပ်ရှားမှုဖြင့် ပျံဝဲသွားပြီး မြစ်တစ်ဖက်ကမ်းသို့ ဆင်းသက်ခဲ့ကြသည်။ ကျန်းဖျင်စစ်သည် တစ်ဖက်သို့လှည့်ကာ တစ်စက္ကန့်မျှတွေးတောခြင်းမရှိဘဲ မြွေတွေ ဖြတ်လာမှာကိုတားဆီးရန် သစ်လုံးတံတားကို မြစ်ထဲကို ပစ်ချလိုက်သည်!


ကျယ်လောင်သော အသံနှင့်အတူ ချောက်ကမ်းပါးပေါ်ရှိ သစ်လုံးတံတားသည် မြစ်ထဲသို့ ပြုတ်ကျပြီး အဖြူရောင်လှိုင်းလုံးများက သူတို့နှစ်ဦးပေါ်သို့ စင်ကျသွားသည်။


ယွဲ့ရှင်းဝမ်သည် မြစ်တစ်ဖက်ကမ်းရှိ မြွေအုပ်စုကို ကြည့်လိုက်ရာ သူ့လက်ဖဝါးတွင် အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။


ကျန်းဖျင်စစ်သည် သူ့လက်ကောက်ဝတ်ကို တောက်လျှောက်ဆွဲထားရင်း ပြင်းထန်စွာ ပြေးခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံး လုံခြုံသွားပြီဖြစ်တာကြောင့် ကျန်းဖျင်စစ်က သူ့လက်ကိုလွတ်ပေးကာ သူ့ကိုပြန်ကြည့်ပြီး အသံတိုးတိုးနဲ့မေးသည်။

"မင်း တစ်ခုခုဖြစ်ခဲ့သေးလား?"


ယွဲ့ရှင်းဝမ်က ခေါင်းခါလိုက်သည်။

"ငါအဆင်ပြေပါတယ်… မင်း အမှတ်ကတ်ရခဲ့လား?"


ကျန်းဖျင်စစ်က သူ့အိတ်ကပ်ထဲကနေ အပြာရောင်ကတ်ကို ထုတ်လိုက်ပြီး ‌အနောက်မှာ “10 မှတ်”ဟု ရေးထားတာကို တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်သွားသည်။

"10 မှတ်ကတ်ရဖို့ ဒီလောက်တောင် ခက်ခဲတာလား?"


5 မီတာမြင့်သော ချောက်ကမ်းပါးသည် ‌မြွေအုပ်စုကို ပိတ်ဆို့ထားသော်လည်း တစ်ဖက်မှ မြွေအုပ်စုသည် သူတို့နှစ်ဦးကို စိုက်ကြည့်နေဆဲဖြစ်သည်။ သူတို့သည် မပျံသန်းနိုင်သောကြောင့် အဝေးမှ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်ဆီသို့ ဒေါသတကြီး အော်ဟစ်နေတော့သည်။


ယွဲ့ရှင်းဝမ်က ကြက်သီးတောင်ထသွားပြီး ညည်းညူသည်။

"မြွေတွေအများကြီးတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ…"


ကျန်းဖျင်စစ်က ပြန်ပြောသည်။

"ငါရောပဲ…"


ယွဲ့ရှင်းဝမ်က ခါးသက်သက် ပြုံးလိုက်သည်။

"အမှတ်ကတ်ကိုတစ်ခု ငါတို့ ရှာတွေ့ခဲ့ပေမယ့် အဲဒါက မြွေအသိုက်ထဲမှာ ဖြစ်နေတယ်… စာကြည့်တိုက်ကိုတော့ ငါတကယ်လေးစားတယ်…"


ဒီသင်တန်းကို “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”လို့ ခေါ်နေသေးတာလား? အဲဒါကို “ကန္တာရကျွန်းမှ လွတ်မြောက်ခြင်း”လို့ ခေါ်လိုက်ပါတော့လား?!


#TK