Chapter 26
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 26 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၂)


ယွဲ့ရှင်းဝမ်တို့ လေးယောက် ‌ရဟတ်ယာဉ်ပေါ်ကနေ အရင်ခုန်ဆင်းပြီးနောက် အခန်းထဲက ကျောင်းသားတွေက ဒီမြင်ကွင်းကို မြင်သောအခါ တံခါးဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။


မိန်းကလေးတစ်ယောက်က လက်ကိုဆန့်ပြီး ဆံပင်ရှည်တွေကို ချည်လိုက်သည်။

"ခုန်ချကြရအောင်… 10 မိနစ်ပြီးရင် ငါတို့ကို အတင်းပစ်ချတာထက် ပိုကောင်းပါတယ်… ငါးစာအဖြစ်တော့ ပင်လယ်ထဲကို ငါပစ်ချမခံချင်ဘူး"


သူမက အသက်ပြင်းပြင်းရှူရင်း အောက်ကို ခုန်ချလိုက်ပြီး အခြားအဖွဲ့ဝင်သုံးယောက်ကလည်း သတိရှိရှိဖြင့် တစ်ယောက်တစ်ယောက် ခုန်ဆင်းသွားကြသည်။


များမကြာမီ လေထဲတွင် လေထီးများ ပွင့်သွားသည်။


အခန်းထဲတွင် အမြင့်ကြောက်သည့် လျှိုရှောင်းရှောင်းက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ပြောသည်။

"စီနီယာအစ်ကို၊ ကျွန်မတို့…"


ချင်းလန်က ရိုးရှင်းစွာ ဆိုသည်။

"အမှီလိုက်ရအောင်… အမြင့်ကို အာရုံစိုက်ပြီး မီတာ 500 မတိုင်ခင် လေထီးကို သေချာပေါက်ဖွင့်ပါ…"


သူ အရင်ဆုံးခုန်ချလိုက်တော့ လျှိုရှောင်းရှောင်းက အခန်းတွင်း၏ လက်တန်းကို ဖျော့တော့သောမျက်နှာဖြင့် ဖမ်းကိုင်လိုက်ပြီး သူမဘေးရှိ စီနီယာအစ်မက သူမပခုံးကို ညင်သာစွာပုတ်ပြီး ပြောသည်။

"မကြောက်နဲ့… နင့်ရဲ့မျက်လုံးတွေကိုမှိတ်ပြီး ခုန်ချလိုက်… နင် လေထီးဖွင့်မဲ့ အမြင့်ကိုရောက်ရင် ငါနင့်ကိုသတိပေးမယ်…"


လျှိုရှောင်းရှောင်းက အံကြိတ်ကာ မျက်လုံးမှိတ်ပြီး ခုန်ချသွားပြီးနောက် သူမ၏မျက်နှာက ‘သေမှာမကြောက်ဘူး’ဆိုသကဲ့သို့ သူရဲကောင်းဆန်သည်။ 


အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခုန်ချသွားပြီးနောက် အခြားအဖွဲ့များကလည်း အခန်းတံခါးဆီသို့ ရောက်လာကြသည်။


အမြင့်ကြောက်တတ်ပြီး ခြေထောက်အားပျော့နေသူများနှင့် လက်တန်းကို လွတ်ရန် ငြင်းဆန်နေသူများမှလွဲ၍ ကျောင်းသားအများစုက ရဟတ်ယာဉ်ကနေ ခုန်ချသွားကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ပွင့်နေသော လေထီးများသည် လေထဲတွင် ပန်းပွင့်များပွင့်နေသကဲ့သို့ နေရာတိုင်းတွင် ရှိနေသည်။ 


လူများစွာက ဦးတည်ရာကို မထိန်းချုပ်နိုင်သည့်အပြင် အလေးချိန်ကင်းမဲ့ခြင်းနှင့် လျင်မြန်စွာ ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုတို့က နားထဲသို့ရောက်ရှိလာသော လေဝင်သံများနှင့် ရောနှောကာ ပတ်ဝန်းကျင်တွင် “အား”ဟု အော်သံများ ထွက်ပေါ်လာသည်။


ကျန်းဖျင်စစ်သည် အခြားသူတွေကို ဂရုမစိုက်ဘဲ သူ့အောက်က အဖွဲ့ဝင်သုံးဦးကိုသာ စိုက်ကြည့်နေခဲ့သည်။


ထိုအချိန်တွင် ပထမဆုံး ခုန်ချသူ ယွဲ့ရှင်းဝမ်က မြေပြင်မှ မီတာ 500 ထက်မနည်း ကွာဝေးပြီး ကန္တာရကျွန်း၏ မြင်ကွင်းကို မြင်တွေ့နေရသည်။ ကျန်းဖျင်စစ်သည် သူတို့လေးယောက် လေထီးခုန်ဆင်းသည့် နေရာက တောင်ထိပ်နှင့် အလွန်နီးကပ်နေကြောင်း တွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ်သည် မီတာဒါဇင်အနည်းငယ်အတွင်း ချောက်ကမ်းပါးအား တိုက်မိတော့မည်ကို မြင်လိုက်ရသဖြင့် ကျန်းဖျင်စစ်က ချက်ချင်းပင် သူ၏ညာလက်ကို ဆန့်တန်းလိုက်သည်။


ညာလက်စည်းမျဉ်း၊ ကာတီဆီရန်ကိုဩဒီနိတ်စနစ်။


ကျန်းဖျင်စစ်၏မျက်လုံးရှေ့တွင် ကိုဩဒီနိတ်ဝင်ရိုးသုံးခုပေါ်လာသည်။ အဖွဲ့ဝင်သုံးဦးသည် အပြာရောင်အစက်များကဲ့သို့ ကိုဩဒီနိတ်စနစ်ထဲသို့ ကျဆင်းနေပြီး ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ ကိုသြဒီနိတ်တည်နေရာကို ခန့်မှန်းပြီး အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ပါလာဘိုလစ်ဖော်မြူလာကို ရေးခဲ့သည်။


ယွဲ့ရှင်းဝမ်သည် လေထီး၏ ဦးတည်ရာကို လှည့်ရန် အပြင်းအထန် ကြိုးစားနေသည်။


လေက အလွန်ပြင်း၍ သူသည် အရှေ့ကိုဆက်သွားနေပါက ချောက်ကမ်းပါးကို တိုက်မိသွားလိမ့်မည်။


သူ အလွန်စိုးရိမ်နေချိန်၌ ရုတ်တရက် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော မှော်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က အလို‌အလျောက် ကွေ့ကောက်ပြီး ပျံတက်သွားတော့သည်——


ယွဲ့ရှင်းဝမ် အသိပြန်ဝင်လာသောအခါ သူသည် တောင်ထိပ်ပေါ်သို့ မှန်မှန်ဆင်းသက်လာခဲ့သည်။


လေထီးနဲ့ဆင်းနေချိန်မှာ လေထီးက နားမလည်နိုင်လောက်အောင် ပျံတက်ဖို့ မဖြစ်နိုင်ပေ။ ယွဲ့ရှင်းဝမ်သည် တောင်ထိပ်တွင် နှစ်စက္ကန့်ကြာရပ်နေခဲ့ပြီး သူသည် ချောက်ကမ်းပါးနှင့် တိုက်တော့မှာကို မြင်၍ ကျန်းဖျင်စစ်က သူ့လမ်းကြောင်းအား ပြောင်းလိုက်တာဖြစ်မည်။ 


သူကိုယ်တိုင်တွေ့ကြုံပြီးနောက် ယွဲ့ရှင်းဝမ်သည် သင်္ချာ၏ ကိုဩဒီနိတ်စနစ်ထိန်းချုပ်မှုနယ်ပယ်၏ စွမ်းအားကို ရှာဖွေတွေ့ရှိခဲ့သည်။ 


သင်္ချာပုံသေနည်းဖြင့် တွက်ချက်ထားသော ရွေ့လျားမှုလမ်းကြောင်းသည် လေတိုက်နှုန်းနှင့် ဆွဲငင်အားကဲ့သို့သော ပြင်ပအကြောင်းရင်များကြောင့် ထိခိုက်မည်မဟုတ်ပေ။ ကျန်းဖျင်စစ်သည် မည်သည့်အမှတ်ကို တိကျစွာ တွက်ချက်ထားသည်ဖြစ်စေ၊ သူထိန်းချုပ်ထားသော ပစ်မှတ်သည် အဆိုပါ ကိုဩဒီနိတ်အမှတ်ပေါ်တွင် အတိအကျကျရောက်မည်ဖြစ်သည်။


ယွဲ့ရှင်းဝမ် မော့ကြည့်လိုက်တော့ လျှိုကျောက်ချင်းနဲ့ ခယ်ရှောင်ပင်းတို့က သူ့ဘေးမှာ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာပြီး ကျန်းဖျင်စစ်က နောက်ဆုံးမှ ဆင်းလာကာ သူတို့လေးယောက်က နှစ်မီတာအတွင်း ဆင်းသက်ခဲ့ကြသည်။


ကျန်းဖျင်စစ်၏ ဖော်မြူလာထိန်းချုပ်မှုကြောင့်သာ မဟုတ်လျှင် သူတို့သည် လေဆွဲခေါ်မှု‌ကြောင့် ချောမွေ့စွာ ဆင်းသက်နိုင်မည်မဟုတ်ပေ။ 


ယွဲ့ရှင်းဝမ်က ရှေ့သို့လှမ်းကာ ကျန်းဖျင်စစ်၏ပခုံးကို ပုတ်လိုက်သည်။

"မိုက်တယ်… မင်းက မျက်စိတစ်မှိတ်အတွင်း ‌ဖော်မြူလာလေးခုကို ရေးခဲ့ပြီး ငါတို့ဆင်းသက်မဲ့အမှတ်ကို တွက်ချက်ခဲ့တာပေါ့…"


သူ့ဆံပင်တွေက လေတိုက်လို့ ရှုပ်ပွနေပေမဲ့ သူ့အပြုံးကတော့ တောက်ပနေသည်။


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှောက်သွားပြီး သူက စိုးရိမ်စွာ မေးသည်။

"မင်း မတိုက်မိခဲ့ဘူးမလား"


ယွဲ့ရှင်းဝမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေသည်။ 

"ငါအဆင်ပြေပါတယ်… မင်းက လှုပ်ရှားမှုလမ်းကြောင်းကို ထိန်းချုပ်ထားတာကြောင့် ငါအခုလေးတင်ပဲ အေးအေးဆေးဆေး ဆင်းသက်ခဲ့တာ"


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့ကလည်း သူတို့ဆီသို့ လျှောက်လာကြသည်။


ခယ်ရှောင်ပင်းသည် သူ့မျက်မှန် ပြုတ်ကျလုနီးပါး အလွန်ထိတ်လန့်ခဲ့ပြီး သူက အလျင်အမြန် မျက်မှန်ကို ပင့်တင်ကိုကာ ကျန်းဖျင်စစ်ကို ကြည့်သည်။

"ဒီတော့ အဲဒါက ဖျင်စစ်ရဲ့ ထိန်းချုပ်မှုကြောင့်ပေါ့… တောင်ထိပ်ပေါ်ကို ငါဆင်းနိုင်ခဲ့တာ မဆန်းပါဘူး… ငါပြုတ်ကျလာရင် ငါ့မျက်နှာနဲ့ မြေကြီးနဲ့များ ရိုက်မိမလားလို့ တွေးနေခဲ့တာ…"


လျှိုကျောက်ချင်းက စနောက်သည်။

"မျက်နှာနဲ့ မြေကြီးနဲ့ ရိုက်မိတာကမှ ခံသာဦးမယ်… ငါတို့တွေ PUBG ထဲလို box ထဲပြုတ်ကျတော့မလားလို့ စိုးရိမ်နေခဲ့တာ…"


ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမရှိလို့ ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချပြီး ပြောသည်။

"တောင်ထိပ်မှာ ဆင်းသက်ရတာက ပိုကောင်းပါတယ်… မြင့်တဲ့နေရာကနေ ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပြီးတော့ ဘယ်လိုသွားရမလဲဆိုတာ ဆွေးနွေးလို့ရတယ်…"


"မြေပုံက ဘယ်မှာလဲ" 

ကျန်းဖျင်စစ်က မေးသည်။


ယွဲ့ရှင်းဝမ်က သူ့လေထီးကို ဖယ်လိုက်ပြီး မြေပုံကိုရှာရန် သူ၏ကျောပိုးအိတ်ကို ဖွင့်လိုက်သည်—— ကျောပိုးအိတ်ထဲရှိ ပစ္စည်းများမှာ မြေပုံ၊ အိမ်မြှောင်၊ ရှေးခေတ်အိတ်ဆောင်နာရီနှင့် မီးခြစ်တစ်ခု ပါဝင်သည်။


အတော်လေးရိုးရှင်းသော ပစ္စည်းလေးသာရှိသည်။


လျှိုကျောက်ချင်းက မနေနိုင်ဘဲ အပြစ်တင်လေသည်။

"စာကြည့်တိုက်က ငါတို့ကို ရေတစ်ပုလင်းတောင် မပေးဘဲ သုံးရက်နေခိုင်းတယ်… စာကြည့်တိုက်က ငါတို့ကို သေစေချင်နေတာလား"


ခယ်ရှောင်ပင်းက လှည့်ပတ်ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောသည်။

"စာကြည့်တိုက်က ငါတို့ကို ကိုယ်တိုင်ရှာခိုင်းတာဖြစ်မယ်… ဒီမှာ တောရိုင်းအသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိနိုင်တယ်… ငါတို့ ငှက်တွေ၊ ယုန်တွေကို အမဲလိုက်ပြီး ကင်စားလို့လည်းရတယ်… မီးခြစ်နဲ့ မီးမွှေးလို့ရတယ်လေ…"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ မေးသည်။

"တောရိုင်းအသီးတွေက အဆိပ်ရှိ၊မရှိကို ဘယ်သူပြောနိုင်မှာလဲ"


သုံးယောက်သား တစ်ချိန်တည်း တိတ်သွားကြသည်။


သူတို့က သာမန်တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး တောအုပ်ထဲက ရှင်သန်ခြင်းအတွေ့အကြုံကို ဘယ်သူ့မှာရှိမည်နည်း။


ယွဲ့ရှင်းဝမ်က ခါးသက်သက်ပြုံးလိုက်သည်။

"တောရိုင်းအသီးအနှံတွေ၊ မှိုတွေကို မစားတာပိုကောင်းတယ်… အဲဒါက အဆိပ်သင့်ဖို့ ပိုလွယ်တယ်… ရှောင်ခယ်ပြောခဲ့သလို ငှက်တွေ ယုန်တွေကတော့… ဒီကန္တာရကျွန်းမှာ ငါကြည့်ရသလောက်ကတော့ သေးငယ်တဲ့ တိရစ္ဆာန်တွေ ရှိပုံမပေါ်ဘူး… ဒါပေမဲ့ ပင်လယ်ထဲမှာတော့ ငါးတွေရှိနိုင်တယ်…"


လျှိုကျောက်ချင်းက ပြောသည်။

"သုံးရက်လောက် ငါတို့မစားရရင်တောင် ငတ်သေမှာမဟုတ်တာကြောင့် အဲဒါကို စိတ်မပူပါနဲ့… မြေပုံက အခြေအနေကို အရင်ကြည့်ရအောင်… ဒီပုံစံက PUBG အစစ်နဲ့ အတော်လေးဆင်တူတယ်… ငါတို့တွေ ဘေးကင်းရေးဇုန်ကို သွားရမှာလား"


ယွဲ့ရှင်းဝမ်သည် ကျောက်ဆောင်တစ်ခုကို တွေ့ရှိခဲ့ပြီး ကျောက်ဆောင်ကြီးပေါ်တွင် မြေပုံကိုဖြန့်ကာ လူတိုင်းနှင့် ခွဲခြမ်းစိတ်ဖြာခဲ့သည်။


ဒီမြေပုံက သူထင်ထားတာထက် အများကြီး ပိုကြီးသည်။ မြေပုံတွင် လမ်းညွှန်ချက်များနှင့် အကွာအဝေးပြောင်းလဲခြင်း အညွှန်းများပါရှိပြီး အလယ်ဗဟိုတွင် အနီရောင်အလံကို "အဆုံးမှတ်" ဟူသော စာလုံးဖြင့် အမှတ်အသားပြုထားသည်။


ယွဲ့ရှင်းဝမ်က မြေပုံပေါ်ရှိ တောင်တစ်လုံးနဲ့ ဆင်တူသောနေရာကို ညွှန်ပြပြီး ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောသည်။

"ငါတို့တည်နေရာက ဒီတောင်ထိပ်မှာ ဖြစ်နိုင်တယ်… မြေပုံစကေးက 1:500 မီတာ၊ ငါတို့နဲ့ အဆုံးမှတ်ကြားက အကွာအဝေးကို တွက်ချက်လို့ရမလား"


ကျန်းဖျင်စစ်၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းပြီး သူ့စိတ်ထဲတွင် အမြန်တွက်ချက်မှုများ ပြုလုပ်ခဲ့သည်။


မကြာမီ ရလဒ်ဖြင့် သူရောက်လာသည်။

"မျဉ်းဖြောင့်တစ်ခုရဲ့ အကွာအဝေးက ကီလိုမီတာ 20 ဆိုပေမယ့် လမ်းတစ်လျှောက် စိမ့်တောတွေ၊ ‌တောအုပ်တွေလို အတားအဆီးတွေကြောင့် 3 ရက်အတွင်း အဆုံးမှတ်ကို ငါတို့တွေ လျှောက်လို့မရဘူး… ငါတို့တွေ လမ်းလွဲကသွားရင်…" သူက လက်ညှိုးဖြင့်ညွှန်ပြပြီး မြေပုံပေါ်မှာ မြွေလိမ်မြွေကောက်လမ်းကို အလျင်အမြန်ဆွဲပြခဲ့သည်။

"45 ကီလိုမီတာလောက် ရှိတယ်…" 


လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ဆဲသည်။

"Fuck… 45 ကီလိုမီတာကို ခြေလျင်လျှောက်မယ်… ငါတို့နှစ် စစ်လေ့ကျင့်ရေးတုန်းကတောင် အဲဒီလောက်ဝေးဝေး မလျှောက်ဖူးဘူး"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး လေးနက်စွာ မေးသည်။

"မင်း ပါလာဘိုလစ်ဖော်မြူလာကို ရေးပြီး ငါတို့ကို တစ်ခါတည်း လွှင့်ပစ်လိုက်ပါလား"


ကျန်းဖျင်စစ်: "…"


ခယ်ရှောင်ပင်း၏မေးခွန်းအတွက် သူ အနည်းငယ် ပြောစရာစကားပျောက်သွားသည်။


ယွဲ့ရှင်းဝမ်က သူ၏လေးနက်သောမျက်နှာကို မြင်သောအခါ ရှင်းပြရန် အစပျိုးခဲ့သည်။

"လုံးဝမရဘူး… ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်က သူ့အမြင်အာရုံနယ်ပယ်အတွင်းက ကိုဩဒီနိတ်တွေနဲ့ လမ်းကြောင်းတွေကိုပဲ ထိန်းချုပ်နိုင်ပြီး 45 ကီလိုမီတာအကွာအဝေးကို သူမမြင်နိုင်ဘူး… ဒုတိယအချက်က ကိုဩဒီနိတ်စနစ်လို ကြီးမားတဲ့လှုပ်ရှားမှုရဲ့ စောင့်ဆိုင်းချိန်က ကြာနိုင်ပြီး အဲဒါကို အကန့်အသတ်မရှိ အသုံးပြုဖို့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"အင်း…"


ခယ်ရှောင်ပင်းက အနည်းငယ် ရှက်သွားသည်။

"အဟန့်… ငါက ဒီအတိုင်း ပြောလိုက်ရုံပါ…"


လျှိုကျောက်ချင်းက ပြောသည်။

"ဂျူနီယာညီလေးကျန်း၊ ငါတို့ အခုကစပြီး လမ်းလျှောက်ရင် အဆုံးကိုရောက်ဖို့ ဘယ်လောက်ကြာနိုင်လဲ"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောလာသည်။

"အရွယ်ရောက်သူတစ်ယောက်ရဲ့ ပုံမှန်းလမ်းလျှောက်နှုန်းက 1 ကီလိုမီတာကို 12 မိနစ်ကြာပြီး 10 ကီလိုမီတာဆိုရင် 2 နာရီကြာတယ်… ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုနဲ့ဆိုရင် သီအိုရီအရ 45 ကီလိုမီတာကို လမ်းလျှောက်ဖို့ 10 နာရီကျော်ကြာတယ်…"


သူက မြေပုံပေါ်ရှိ ကိုဩဒီနိတ်အမှတ်နှစ်ခုကို ညွှန်ပြပြီး ပြောသည်။

"စာမေးပွဲအချိန်က 3 ရက်ဖြစ်ပြီး နေ့တိုင်း 15 ကီလိုမီတာ အကွာအဝေးကို ရွှေ့သွားလို့ရတယ်… ဒီနဲ့ အဲဒီနေရာနှစ်ခုကို အပြောင်းအရွှေ့အတွက် အနားယူဖို့နေရာအဖြစ် အသုံးပြုခြင်းက မမျှော်လင့်ထားတဲ့အခြေအနေမှာ လုံလောက်တဲ့ ကာယခွန်အားကို ရရှိစေနိုင်ရုံသာမက အမှတ်တွေကို လုံလောက်အောင်စုဆောင်းပြီး သုံးရက်မြောက်နေ့ စာမေးပွဲမပြီးခင် အဆုံးမှတ်ကို အချိန်မီရောက်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က မြေပုံပေါ်တွင် ကျန်းဖျင်စစ် ဆွဲထားသော လမ်းကြောင်းကိုငုံ့ကြည့်ကာ သဘောတူခဲ့သည်။

"ရွှေ့လျားနေတဲ့လမ်းကြောင်းက ဒီဧရိယာရဲ့ ဘယ်ဘက်နဲ့ ညာဘက်ခြမ်းကို လွှမ်းမိုးထားနိုင်တယ်… ငါတို့တွေ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဒီဧရိယာက အမှတ်ကတ်တွေအားလုံးကို ရရှိနိုင်တယ်… နားလည်ပြီ"


လျှိုကျောက်ချင်းသည် မြေပုံကို အနီးကပ်ကြည့်ကာ မဆိုးဘူးဟု ခံစားမိသည်။


သင်္ချာဌာနရှိ ထိပ်တန်းကျောင်းသားမှ စီစဉ်ထားသော လမ်းကြောင်းသည် ထိရောက်ပြီး မြန်ဆန်သည့် အကောင်းဆုံးလမ်းကြောင်းဖြစ်သည်မှာ သေချာပါသည်။ ဆေးကျောင်းသားတစ်ယောက်အနေနဲ့ မြေပုံကိုကြည့်ပြီးနောက် တွေးတောရန် လက်လျော့လိုက်ပြီး လမ်းကြောင်းအတိုင်းသာ လိုက်သွားတော့မည်။


ခယ်ရှောင်ပင်းက သူ့လက်တော့ပ်ကို ထုတ်လိုက်ပြီး ပြောသည်။

"မြေပုံပျောက်တာမျိုးမရှိအောင် လက်တော့ပ်ထဲမှာ ငါ ကော်ပီကူးထားပြီး ဖျင်စစ်က လမ်းကြောင်းကို ပုံစံထုတ်လိုက်… ဒါမှမဟုတ် ရှောင်ထူကို ပတ်ဝန်းကျင်ကို စုံစမ်းခိုင်းလိမ့်မယ်…"


"အင်း… ငါမင်းကို ကူညီပေးမယ်…" 

ကျန်းဖျင်စစ်က ပြောခဲ့သည်။


သိပ္ပံကျောင်းသား နှစ်ဦးသည် လက်ပ်တော့ပေါ်တွင် ပုံစံစတင်ရေးဆွဲခဲ့ကြသည်။ 


ဤကဲ့သို့သော မြေပုံ ပုံစံငယ်သည် မခက်ခဲဘဲ ကျန်းဖျင်စစ်က ဒေတာများကို စုစည်းရာတွင် ကူညီပေးခြင်းဖြင့် ခယ်ရှောင်ပင်းသည် ကီးဘုတ်ပေါ်ကို သူ့လက်ချောင်းများဖြင့် နှိပ်ကာ မြေပုံ၏ 3D ဗားရှင်းကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။


စာမေးပွဲက သူတို့ မူကြမ်းမြေပုံတစ်ခု ပေးခဲ့သည်။ ခယ်ရှောင်ပင်းက 3D အဖြစ် ဖန်တီးခဲ့သည်။ တောင်ထိပ်များ၏ အမြင့်များကိုလည်း မှတ်သားထားပြီး အကောင်းဆုံးလမ်းကြောင်းတစ်ဝိုက်ရှိ ‌ဖြာထွက်နေသည့်ဧရိယာကို အပြာရောင်မျဉ်းကြောင်းဖြင့် အသုံးပြုပြီး ပြောသည်။

"ဒီနယ်မြေက ငါတို့ဟာပဲ"


လျှိုကျောက်ချင်းက ဘေးကနေကြည့်ကာ ‌ချီးကျူးသည်။

"မင်းတို့နှစ်ယောက်သာရှိနေရင် ငါတို့တွေ မရင်းနှီးသေးတဲ့နေရာကို သွားတိုင်း မြေပုံတစ်ခုကို ပုံဖော်နိုင်မှာလား… သိပ္ပံကျောင်းသားတွေ အကုန်လုံးက အရမ်းတော်ကြတာလား"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"သိပ္ပံကျောင်းသားအားလုံးကတော့ ဒီလောက်တော်တဲ့သူတွေ မဟုတ်ပါဘူး… ရှောင်ခယ်နဲ့ ဖျင်စစ်တို့က အရမ်းသန်မာနေတာ…"


စာကြည့်တိုက်မှ ပေးအပ်သော စွမ်းရည်များကို အကောင်းဆုံး အသုံးချနိုင်သည့် ခယ်ရှောင်ပင်းနှင့် ကျန်းဖျင်စစ်တို့အတွက် တည်နေရာပုံစံပြုလုပ်ခြင်းက တကယ်ကို အလွယ်လေးဖြစ်သည်။ တကယ်၍ စာမတော်သောကျောင်းသားက ကိုသြဒီနိတ်စနစ်၏ စွမ်းရည်ကို ရရှိခဲ့မည်ဆိုလျှင် ဖော်မြူလာကိုသာ လျင်မြန်စွာ မတွက်ချက်ပါက သူ၏အဖွဲ့ဝင်များ ပြုတ်ကျပြီး သေသွားလိမ့်မည်…


ဒါကိုတွေးနေရင်း လေးထောင့်ဘောင်၏ အပေါ်ညာဘက်ထောင့်၌ အချက်ပြတစ်ခု ထွက်ပေါ်လာသည်——


[စာမေးပွဲတရားဝင်စတင်ပါပြီ]


[ကန္တာရကျွန်းပေါ်ရှိ စာမေးပွဲဖြေဆိုသူအရေအတွက်: 88]


လူတိုင်းက ဒီအချက်ပြကို မြင်ခဲ့ကြသည်။


ခယ်ရှောင်ပင်းက အံ့အားသင့်သွားသည်။

"ကျွန်းပေါ်မှာ လူ 88 ယောက်ပဲ ရှိတာလား"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"စာမေးပွဲဖြေဆိုသူ 12 ယောက်က ပြုတ်ကျပြီးသေတာ ဒါမှမဟုတ် ပင်လယ်ထဲကျပြီး ရေနစ်သေသွားတာ ဖြစ်နိုင်တယ်…"


သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကောင်းကင်မှခုန်ချသည့် မြင်ကွင်းကို သတိရပြီး ကြောက်ရွံ့ထိတ်လန့်သွားသည်။ လေထီးခုန်ချခြင်းက လူတိုင်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ချောမွေ့စွာဆင်းသက်နိုင်ခြင်းက ကောင်းချီးတစ်ခုပဲဖြစ်သည်။


ထိုသို့ကံမကောင်းသော စာမေးပွဲဖြေဆိုသူ 12 ယောက်သည် စီနီယာအစ်ကိုလျှို၏ စကားအတိုင်း: box ထဲကို ပြုတ်ကျသွားတာက တကယ်ကိုစိတ်မကောင်းစရာပင်။


ချက်ချင်းဆိုသလို အပေါ်ညာဘက်ထောင့်ရှိ အကြည်ရောင် လေးထောင့်ဘောင်တွင် အချက်အလက်အတန်းတစ်ခုကို ဖော်ပြထားသည်——


[အမှတ်ကတ် အဆင့်သတ်မှတ်ချက်]


[A-76 သုတေသနအဖွဲ့ 20 မှတ်]


[B-16 သုတေသနအဖွဲ့ 15 မှတ်]


[C-11 သုတေသနအဖွဲ့ 10 မှတ်]


[A-53 သုတေသနအဖွဲ့ 5 မှတ်]


လက်ရှိတွင် စာရင်းထဲ၌ သုတေသနအဖွဲ့လေးခုသာ ရှိသေးသည်။ စာမေးပွဲစသည်နှင့် အမှတ်ကတ်များကို စုဆောင်းရမည်။ သူတို့ ဆင်းသက်သည့်နေရာအနီးတွင် ကတ်များရှိနေသည်မှာ ထင်ရှားပြီး ကံကောင်းခြင်းတစ်မျိုးပင်ဖြစ်သည်။


ဤအချက်အလက်အတန်းကိုမြင်တော့ လျှိုကျောက်ချင်းက မနေနိုင်ဘဲ ပါးစပ်မှထွက်သွားသည်။

"PUBG ရဲ့ တကယ့် အရသာအတိုင်း အဆင့်တွေကို အချိန်နဲ့တစ်ပြေးညီ update လုပ်ပေးတယ်" သူက ခဏရပ်ကာ စိတ်ပူစွာမေးသည်။ "နောက်ဆုံးအဆင့်မှာ ကျောင်းသားတွေက အမှတ်ကတ်ရဖို့အတွက် တိုက်ခိုက်ကြမှာလား"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ခေါင်းခါလိုက်သည်။

"ဒါက PUBG နဲ့ အတော်လေး ကွာခြားပါတယ်… PUBG မှာ အနိုင်ရချင်တဲ့သူက အခြားအဖွဲ့တွေကို သတ်ပစ်ရပြီး အဆုံးထိရှင်သန်နိုင်ရင် အနိုင်ရတယ်… ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက အဖွဲ့တွေအချင်းချင်း ဆန့်ကျင်ရတာမျိုးမရှိဘဲ အမှတ် 60 ရရင် စာမေးပွဲ အောင်လိမ့်မယ်… ဒါ့အပြင် အခြားဘာသာရပ်တွေရဲ့ စွမ်းရည်တွေကို လူတိုင်းက ကောင်းကောင်းမွန်မွန် မသိတာကြောင့် အလျင်စလိုလှုပ်ရှားရင် ကိုယ့်ဘက်ကို ပြန်ထိနိုင်ခြေရှိတယ်…"


လျှိုကျောက်ချင်းက ထောက်ခံသည်။

"မှန်တယ်… လျှိုရှောင်းရှောင်းလို့ နူးညံ့တဲ့မိန်းကလေးတောင် မျောက်တွေကို စာသင်ပေးပြီး 15 စက္ကန့်ကြာအောင် မတ်တပ်ရပ်ခိုင်းခဲ့တယ်… အခြားဘာသာရပ်တွေမှာ ဘယ်လိုထူးထူးခြားခြား စွမ်းရည်တွေရှိလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး… ဒီအတန်းမှာ ငါတို့က သုတေသနအဖွဲ့တွေအားလုံးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အလျင်စလိုလုပ်ဖို့ မလိုပါဘူး…"


ခယ်ရှောင်ပင်းက ပြောသည်။

"ဟုတ်တယ်… တကယ်လို့ ကျွန်တော်တို့က ဓာတုဗေဒဌာနရဲ့ ဆာလဖျူရစ်အက်စစ်နဲ့ အတိုက်ခံခဲ့ရပြီး ကျွန်တော်တို့တွေ အနိုင်ရသွားရင်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်လိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"ငါတို့က အခြားအဖွဲ့တွေကို ရန်မစဘူး… ဖျင်စစ် စီစဉ်ထားတဲ့ ဧရိယာက ကျယ်ဝန်းပြီး အမှတ်ပေးကတ်တွေ အများကြီး စုဆောင်းလို့ရနိုင်တယ်…"


ခယ်ရှောင်ပင်းဘက်မှ မြေပုံ ပုံစံငယ် ပြင်ဆင်၍ ပြီးသွားသည်။


ကျန်းဖျင်စစ်က တည့်တည့်ရပ်ကာ ပြောသည်။

"မမှောင်ခင်က တောင်ပေါ်မှာ အမှတ်ကတ်တွေ ရှိ၊မရှိ ရှာကြည့်ရအောင်…"


အရပ် 189 ရှိသော ယောင်္ကျားလေးက အစိမ်းရောင်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ခြေတံရှည်များဖြင့် လမ်းလျှောက်သောအခါ သူ၏လှုပ်ရှားမှုတွေက သပ်ရပ်နေသည်။ ဒီဝတ်စုံက သူ့ကို အလွန်ကြည့်ကောင်းစေသည်။ မူလက တင်းမာသောမျက်နှာအသွင်အပြင်သည် စစ်ဝတ်စုံဖြင့် ပို၍ပင် သူရဲကောင်းဆန်သည်။


ယွဲ့ရှင်းဝမ်က ‌သူ့နောက်သို့ အမြန်လိုက်ကာ သူနှင့် ဘေးချင်းကပ် လျှောက်ပြီး အသံတိုးတိုးဖြင့် မေးသည်။

"အခု နေ့လယ် နှစ်နာရီရှိနေပြီ… ငါတို့ ဒီည တောင်ထိပ်မှာ အိပ်မှာလား၊ အောက်ဆင်းမှာလား"


ကျန်းဖျင်စစ်က ပြောသည်။

"တောင်အောက်ဆင်းမယ်… ငါတို့အဖွဲ့ပဲ တောင်ထိပ်ကိုရောက်နေတာ… ကျန်အဖွဲ့တွေအားလုံးက တောင်အောက်မှာရှိတယ်… ငါတို့အောက်ဆင်းတာ နောက်ကျသွားရင် တောင်အောက်နားက အမှတ်ကတ်တွေကို အခြားအဖွဲ့တွေ ယူသွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်လည်း ဒီလိုတွေးမိသည်။

"အင်း… တောင်ထိပ်ကို အရင်ဆုံး မြန်မြန်ရှင်းရအောင်…"


နှစ်ယောက်သားက နားလည်မှုဖြင့် ဘယ်ညာလှည့်ပတ်ကြည့်ပြီး ဆယ်မီတာခန့် လမ်းလျှောက်ပြီးနောက် ကျန်းဖျင်စစ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ့အရှေ့က သစ်ပင်ကို လက်ညှိုးထိုးပြသည်။

"အဲဒီအပေါ်မှာ အလင်းရောင်တွေ့တယ်… အမှတ်ကတ်ဖြစ်မယ်ထင်တယ်…"


ဤသစ်ပင်၏ ပင်စည်က အရွယ်ရောက်ပြီးသူ၏ လက်မောင်းများကဲ့သို့ တုတ်ခိုင်ပြီး သစ်ပင်ထိပ်တွင် သစ်ရွက်များဖြင့် ထူထပ်ကာ ကြီးမားသော သဘာဝအရိပ်အာဝါသ ဖြစ်ပေါ်စေသည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ အကြည့်နောက်လိုက်ကာ မျှော်လင့်ထားသည့်အတိုင်း သစ်ရွက်များအလယ်တွင် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်တစ်ခု ရှိနေသည်။ ဂိမ်းထဲတွင် စုဆောင်းခြင်းလုပ်ငန်းကို ကြုံတွေ့ရသောအခါ ဆက်စပ်ပစ္စည်းများသည် တောက်ပလာသကဲ့သို့ အလင်းရောင်က အလွန်ဖျော့သည်။ 


သို့သော် သစ်ပင်က အလွန်မြင့်သည်မဟုတ်ပါလား။ ပင်စည်က အလွန်ချောကာ အပေါ်တက်လို့မရပေ။


ယွဲ့ရှင်းဝမ်က မေးသည်။

"ငါတို့ အဲဒီကို ဘယ်လိုတက်ရမှာလဲ"


လေးယောက်သားက သစ်ပင်အောက်မှာ ရပ်‌ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဤတောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက ကျောင်းသားများ၏ သစ်ပင်တက်နိုင်စွမ်းကို စမ်းသပ်တာလား။


ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် ပြောသည်။

"ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်နဲ့ တစ်ယောက်ယောက်ကို အဲဒီအပေါ် ပို့ပေးလို့မရဘူးလား"


ကျန်းဖျင်စစ်က အသက်မပါစွာ ပြောသည်။

"စောင့်ဆိုင်းချိန်ရောက်သွားပြီ…"


"အိုး…" ခယ်ရှောင်ပင်းက ခေါင်းကုတ်ကာ ပြောသည်။ "ငါ့စက်ရုပ်ကလည်း သစ်ပင်မတတ်နိုင်ဘူး…"


လျှိုကျောက်ချင်းက ပြောလာသည်။

"ကတ်က သစ်ရွက်တွေရဲ့ အလယ်မှာရှိနေတာဆိုတော့ ငါ့ခွဲစိတ်ဓားနဲ့ ချိန်လို့မရဘူး…"


"ငါ့ကိုကြည့်လိုက်…" ယွဲ့ရှင်းဝမ်က ရုတ်တရက် အဘိဓာန်ကို ထုတ်လိုက်ပြီး ပြုံးပြသည်။ "အဝေးမှာရပ်နေကြ… ဒါမှ မင်းတို့ကို မထိခိုက်နိုင်မှာ…"


သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အမြန်နောက်ပြန်ဆုတ်သွားကြသည်။


ယွဲ့ရှင်းဝမ်က မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး သစ်ပင်ပေါ်ရှိ အလင်းရောင်ကို ချိန်ရွယ်ထားသည်။ သူက ခေါင်းကိုမော့ပြီး အဘိဓာန်ကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်—— ‘ဘမ်း’ဆိုသော ပေါက်ကွဲသံနှင့်အတူ သစ်ကိုင်းများ အရိုက်ခံရပြီး တုန်ခါသွားကာ ပြုတ်ကျလာတော့သည်။


အကိုင်းအခက်များ ပြုတ်ကျလာသောအခါ အစိမ်းရောင်ကတ်ပြားလေးက ညင်သာစွာ လွင့်ပျံလာသည်။ 


ယွဲ့ရှင်းဝမ်က အလွန်ဝမ်းသာသွားကာ ကတ်ကိုယူရန် လက်ဆန့်လိုက်ပြီး အစိမ်းရောင်ကတ်နောက်ကျောတွင် ရေးထားသော "5" ဟူသော စာလုံးကို မြင်လိုက်ရကာ လူတိုင်း၏နားထဲတွင် system မှ အချက်ပြသံမြည်လာသည်။

"C-183 သုတေသနအဖွဲ့က အစိမ်းရောင်ကတ်ကို ရရှိခဲ့ပါတယ်… 5 မှတ် ထည့်လိုက်ပါပြီ…"

 

ယွဲ့ရှင်းဝမ်က ကတ်ကို အိတ်ကပ်ထဲထည့်ကာ အပြုံးဖြင့် သူ့အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ "ပြီးပြီ"


အခြားလူသုံးယောက်: "..."


အရေးကြီးသောအချိန်တွင် ယွဲ့ရှင်းဝမ်၏အဘိဓာန်က အသုံးပြုရလွယ်ကူသည်။ သူ၏အဘိဓာန်က အုတ်ခဲတစ်ခုလိုဖြစ်နေပြီး ဘယ်နေရာမဆို ရွှေ့သွားလို့ရသည်။  


#TK