Ch-137
Viewers 35k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၃၇)


"ကျောက်ကျန်းဟုန် ရှင် ကျွန်းအကြောင်း ပြောချင်လို့လား? ကျွန်မ ဘာတွေထုပ်ပိုးလာဖို့လိုလဲဟင်? ရှင် ကျွန်မကို ဘယ်အချိန် ခေါ်သွားမှာလဲ?"  


"မင်း ဘာမှပြင်ဆင်စရာမလိုတော့ဘူး၊ ငါတို့ ကွာရှင်းကြရအောင်" 


ကျောက်ကျန်းဟုန်က ဒီစကားကို ပြောပြီးတဲ့နောက် တော်တော်လေးလွယ်ကူတယ်ဆိုတာကို သိရှိလိုက်ရ၏။  


သင်္ဘောတစ်စင်းဟာ ဆိပ်ကမ်းမှာ အကြာကြီးဆိုက်ကပ်နေခဲ့ပြီး ရွက်လွှင့်ရန် အချိန်ကျရောက်လို့လာလေပြီ။ သင့်တော်တဲ့ ဆိပ်ကမ်းတစ်ခုက သူ ဆိုက်ရောက်ဖို့ရာ စောင့်မျှော်နေမှာပါလေ။ 


ပိန်ချိုင့်နေတဲ့ ဖရဲသီးက မချိုပေဘူး။ (အတင်းအကြပ်အချစ်ရေးက ခါးတယ်တဲ့) 


ကျောက်ကျန်းဟုန်က စကားနှစ်ခွန်း၊ သုံးခွန်းလောက် ရှင်းရှင်းလင်းလင်း ပြောပြီးနောက် သူ့ရဲ့ စွဲလန်းစိတ်တွေကို လွှတ်ချလိုက်လေရာ ဒီလိုအိမ်ထောင်ရေးမျိုးဟာ တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်သင့်ကြောင်း သိရှိနားလည်သွားပါတော့သည်။ 


ထို့နောက် ကျောက်ကျန်းဟုန်က ညီအစ်ကိုတစ်ယောက်ဆီ ဖုန်းခေါ်လိုက်ကာ "လောင်ရွှီ မင်းကို လုယန်နဲ့ ငါ့ဇနီးဟောင်းထန်ရို့အကြောင်း မဟုတ်တာတွေ ဘယ်ကောင်ပြောလိုက်တာတုန်းကွ? ဟုတ်တယ် ငါ ကွာရှင်းတော့မှာ... လုယန်လား၊ သူနဲ့ ဘာမှမဆိုင်ပါဘူးကွာ။ သူက သူ့ဇနီးနဲ့ အရမ်းအဆင်ပြေနေတာလေ သူ့မှာ သားနှစ်ယောက်တောင်ရနေပြီကွ" 


"အဲ့ကောင်က သူ့မိန်းမရှေ့မှာ တခြားလူပုံစံပြောင်းသွားတာပဲ... မင်း မယုံသေးဘူးပေါ့၊ ဒေါသကြီးနေမှာပဲတဲ့လား... မင်းဘာမင်း လာကြည့်လိုက်စမ်းကွာ" 


"စောစောလာခဲ့ဟေ့၊ ဒါဆို မင်းလည်း ကံကောင်းဖို့အတွက် သူ့အိမ်ကိုသွားလို့ရပြီ၊ ငါကတော့ ရပြီးပြီကွာ" 


*** 


ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းချင်တယ်တဲ့လား?! 


ဖုန်းချသွားပြီးနောက် ထန်ရို့ သူမကြားလိုက်ရတာကို မယုံကြည်နိုင်ဖြစ်နေလျက်။ သူမ ချုံကျိုးကျွန်းကို သူနဲ့အတူတူလိုက်မယ်လို့ပြောထားတာလေ၊ ဒါပေမယ့် သူက ကွာရှင်းချင်တယ်လို့ တကယ်ပြောလာတာလား?  


ထန်ရို့ စိတ်ခံစားချက်တွေရောပြွန်းနေလျက်။ သူမက ကျောက်ကျန်းဟုန်ကို မချစ်သော်လည်း သူက သူမအား လေးစားသမှုများစွာပေးခဲ့ရာ ဆေးရုံကလူတွေဆို သူမကို မနာလိုအားကျမှုတွေဖြစ်စေခဲ့သည်။ (ထန်ရို့က သူနာပြုပါနော်) 


လုယန်က သူမကို ကြိုက်နေပြီး သူမအတွက် သူတို့ညီအစ်ကိုကောင်းနှစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်ဆိုတာဟာ ထန်ရို့ တိတ်တိတ်လေး ဖြန့်ခဲ့တဲ့ ကောလဟာလပါပဲ။ 


သူမက လုယန်ကို နှစ်ပေါင်းများစွာ ကြိုက်ခဲ့ပြီး သူ့ဆီက အငြင်းခံခဲ့ရတာတောင်မှ သဘောကျနေဆဲ။ တစ်နည်းအားဖြင့်ဆိုရသော် ထန်ရို့ဟာ လုယန်ထက်သာတဲ့လူမျိုးနဲ့ မတွေ့ဆုံခဲ့သေးပေ။ 


ကျောက်ကျန်းဟုန်ဟာ သူမမိဘတွေရဲ့ အတင်းအကြပ်စီစဥ်ပေးမှုအောက်တွင် လက်ထပ်ခဲ့ရတဲ့ ဒုတိယအကောင်းဆုံးရွေးချယ်မှုပင်။ သည့်အပြင် လက်ထပ်ပြီးတာနဲ့ နှစ်ယောက်သား ခွဲခွာခဲ့ကြရသဖြင့် ထန်ရို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အလွန်သာသာယာယာနေထိုင်ခဲ့ရပြီး ကျောက်ကျန်းဟုန် အားလပ်ရက်ရလို့ အိမ်ပြန်လာတဲ့အချိန်တိုင်း သူမကတော့ သူ့ကို တပ်မတော်ထဲသာ မြန်မြန်ပြန်သွားစေချင်ခဲ့သည်။ 


ကံကောင်းထောက်မစွာဖြင့် စစ်သားတွေမှာ တစ်နှစ်လုံးနေမှ တစ်လသာ အားလပ်ရက်ရလေ၏။ သူမ ၁လကြာ တောင့်ခံထားဖို့သာလိုအပ်ပြီး တစ်နှစ်ပြီးဆုံးသွားပေလိမ့်မည်။ 


သို့သော် ယခုမူ ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းတော့မည်ဖြစ်၍ ထန်ရို့လည်း နောက်ဆုံးတော့ အထိတ်တလန့်ဖြစ်သွားခဲ့ပြီ။ 


ကျောက်ကျန်းဟုန်ရဲ့ အချစ်က သူမအတွက် အမြဲတမ်းရှိနေခဲ့ပြီး ထိုအရာမှာ ဆေးရုံက သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူမကို အားကျမနာလိုဖြစ်စေရတဲ့ အကြောင်းရင်းပင်။ သူမက သူ့ကို မချစ်မနှစ်သက်သော်လည်း ဒီအိမ်ထောင်ရေးဟာ သူမအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရပေမည်။ 


ကျောက်မိသားစုဟာ ကြီးပွားတိုးတက်နေစဥ် သူမရဲ့ထန်မိသားစုကတော့ ဆုတ်ယုတ်လာပြီဖြစ်၏။ သူမသာ ကျောက်ကျန်းဟုန်ကို ကွာရှင်းခဲ့ရင် သူမလို ကွာရှင်းထားတဲ့အမျိုးသမီးက သူ့ထက်သာလွန်တဲ့ ယောကျ်ားတစ်ယောက်ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ 


ကျောက်ကျားဟုန်ရဲ့ လစာလည်း ကောင်းလေ၏။ 


… 


သူမက ဆေးရုံတွင် အားကျစရာကောင်းတဲ့ဘဝမျိုး နေထိုင်ခဲ့ပြီး သူမရဲ့ အိမ်ထောင်ရှင် လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျပ်ကျပ်တည်းတည်းနေထိုင်ခဲ့ရသည်ပင်။ သူမက ကျက်သရေရှိစွာ ဝတ်စားတတ်ကာ မကြာခဏဆိုသလို အဝတ်အစား၊ သားရေဖိနပ်မျိုးစုံကို ဝယ်လေ့ရှိပြီး အစိုးရပိုင်စားသောက်ဆိုင်တွင်လည်း ရံဖန်ရံခါ သွားစားတတ်၏။ သူမက ကျောက်ကျန်းဟုန်ရဲ့ လစာတွေကို ဖြုန်းတီးကာ သက်တောင့်သက်သာဘဝဖြင့် နေထိုင်ခဲ့သည်ပင်။  


ထန်ရို့ဟာ သူမကိုယ်သူမ မြင့်မြင့်တွေးတောတတ်ပြီး လုယန်အကြောင်း စုံစမ်းဖို့ဆို ပိုလို့တောင် စိတ်မပါခဲ့။ 


ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းသို့ ပြောင်းရွှေ့တော့မယ်လို့ ကြားသိရတဲ့အခါ လုယန်လည်း ထိုနေရာမှာရှိနေသည်ဖြစ်၍ ထန်ရို့ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမက နှစ်ပေါင်းများစွာ အလိုလိုက်ချစ်ခင်ခြင်းခံခဲ့ရပြီး လက်ရှိဆေးရုံတွင် နေရတာလည်း ငြီးငွေ့လာခဲ့ပြီ။ 


ထန်ရို့ သူမရဲ့ အဝတ်အစားတွေနှင့် သူမရဲ့အသားအရေကို ကြည့်လိုက်၏။ သူမရဲ့ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ အသားအရေ၊ ဆံပင်တွေဖြင့် လုယန်ရဲ့ လက်ရှိဇနီးနှင့် သွားရောက်နှိုင်းယှဥ်ပြပြီးတော့ သူ ဘယ်လောက်မျက်စိကန်းခဲ့သလဲဆိုတာကို သိစေလိုက်မယ်။ 


ထန်ရို့လည်း လုယန်ရဲ့ ဇနီး ချင်းရို့ကို ရွှံ့နွံထဲ တက်နင်းလိုက်မယ့်အကြောင်း စိတ်ကူးယဉ်နေလေ၏။ အနှီချင်းရို့ဟာ သူမရဲ့ အစားထိုးဟုတ်ဟုတ် မဟုတ်ဟုတ် သူမကတော့ ဒါကို အလေးအနက်ထားရမှာပဲလေ။ 


ဒီချင်းရို့က သူမလောက်မကောင်းကြောင်း၊ လုယန်ဟာ သူမနဲ့အတူတူမရှိနိုင်ခဲ့ရင်တောင်မှ သူမလောက် မတော်တဲ့မိန်းမတစ်ယောက်နဲ့ သူ လက်ထပ်ခဲ့ကြောင်း သိစေလိုက်မယ်လေ၊ အဲဒါက အကောင်းဆုံးပဲ မဟုတ်လား? 


ဒီလူဆိုးကြီးကို နောင်တရစေချင်တယ်! 


သူကန်းနေခဲ့လို့၊ သူမလို မိန်းမကောင်းတစ်ယောက်နဲ့ လွဲချော်ခဲ့ရလို့ သူ့ကို နောင်တရစေချင်တယ်... 


ဒါပေမယ့် ရုတ်တရက်ကြီး... ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းတော့မှာတဲ့လား ? ! 


ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ? ! 


ထန်ရို့ရဲ့ ချုံကျိုးကျွန်းကို သွားရတော့မယ့် အိပ်မက်လေးဟာ ပျက်စီးသွားလေပြီ။ 


ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းလိုက်ရင် သူမ ချုံကျိုးကျွန်းကို မသွားနိုင်တော့ရုံသာမက သူမရဲ့ သာယာလှပတဲ့ဘဝလေးလည်း ဆုံးရှုံးသွားတော့မှာလေ။ ပိုကြောက်စရာကောင်းသည်မှာ ဆေးရုံရှိ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲ ဟာသဖြစ်သွားမှာကိုပါပဲ။ 


ဘုရားရေ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? 


ထန်ရို့ ကျောက်ကျန်းဟုန်ကို ဆက်သွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် ကျောက်ကျန်းဟုန်က သူမကို လျစ်လျူရှုခဲ့ပြီး သူမလည်း သူ့ကို ဆက်သွယ်လို့မရခဲ့ပေ။ 


"ကွာရှင်းတော့! မြန်မြန် ကွာရှင်းလိုက်စမ်း!" 


"ထန်ရို့ အခု ငါ့မောင်က နင့်ကို ကွာရှင်းချင်နေပြီ၊ မြန်မြန်သဘောတူလိုက်တော့ဟဲ့။ ငါ့မောင်က နင့်လိုမိန်းမမျိုးကို မကြိုက်တော့ဘူး..." 


ကျောက်မိသားစုလည်း ကျောက်ကျန်းဟုန်က နောက်ဆုံးမှာတော့ ထန်ရို့ကို ကွာရှင်းဖို့ ဆန္ဒရှိကြောင်း သိသွားကြတဲ့အခါ သူတို့အားလုံး ဂုဏ်ပြုရန် မီးရှူးမီးပန်းတွေတောင် ပစ်ဖောက်လိုကြ၏။  


ဒီကလေးက နောက်ဆုံးတော့ ကြိုးပေါ်မှာ တွဲလောင်းချိတ်မနေတော့ဘူးပဲ။ 


ကျောက်ကျန်းဟုန် ကွာရှင်းရန် ဆန္ဒရှိလာပြီဆိုကတည်းက သူတို့ကလည်း သူတို့ကွာရှင်းစေဖို့အတွက် တတ်နိုင်သမျှနည်းလမ်းမျိုးစုံကို လုပ်ရပေမည်။ ဒီလူနှစ်ယောက်ကို ပြန်လည်​ပေါင်းစည်းခွင့် လုံးဝအခွင့်အရေးမပေးနိုင်ဘူးပဲ။ 


ကျောက်မိသားစုရဲ့ အမျိုးသမီးနှစ်ယောက်ဟာ ထန်ရို့ဆေးရုံမှာ အလှည့်ကျပြဿနာသွားရှာတတ်ကြပြီး ကွာရှင်းတော့မယ့် ဇနီးသည်တစ်ယောက်ဟာ ကျောက်မိသားစုနှင့် ဘာမှမသက်ဆိုင်တော့ကြောင်း ပြသရန်ပင်။ ပြဿနာပိုကြီးလေ ပိုကောင်းလေပဲပေါ့။ 


အရင်တုန်းက အကြီးဆုံးယောက်မကို အမြဲဆန့်ကျင်ခဲ့တဲ့ ထန်ရို့ဟာ အားကိုးစရာလူမရှိတော့ပေ။ 


ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အနှီစိတ်လှုပ်ရှားဖွယ်ကြီးကို အပျော်သဘော တိတ်တဆိတ် ကြည့်ရှုခဲ့ရာ သူမကို ပို၍ အရှက်ရစေခဲ့၏။ 


ထန်ရို့ သူမကိုယ်သူမ အားပေးလိုက်ရင်း ပြောလ်ုက်လေ၏။ "ဒါက နားလည်မှုလွဲနေတာပါ။ ကျောက်ကျန်းဟုန်က တစ်ခုခုကို နားလည်မှုလွဲနေတာပဲဖြစ်ရမယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ သူ ငါ့ဆီ ဖုန်းခေါ်ပြီး ချုံကျိုးကျွန်းကို သူနဲ့အတူတူလိုက်မလားလို့ မေးခဲ့တာလေ။ ဒါပေမဲ့ သူ့စိတ်က ၁ရက်၊ ၂ရက်အတွင်းမှာပဲ ပြောင်းသွားတာဆိုတော့ သူ ဟိုမှာ တစ်ယောက်ယောက်နဲ့တွေ့သွားပြီး တစ်ခုခုကို နားလည်မှုလွဲသွားတာပဲဖြစ်ရမယ်" 


xxx