၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၃၆)
ကျောက်ကျန်းဟုန်တစ်ယောက် လုယန်နှုတ်မှထွက်တဲ့ အသက်ဝင်လှစကားတွေကြောင့် စိတ်ရှုပ်ထွေးသွားရလျက် 'ငါ့မိန်းမ၊ ငါ့သားတွေတဲ့လား'
ပြီးတော့ စကားပြောနေတဲ့ ဒီကောင့်အမူအရာကလည်း... ဘယ်လိုပြောရမလဲ... နည်းနည်းလေးနူးညံ့နေသလိုပဲနော်။
သူက အသက် ၁၄၊ ၁၅နှစ် အရွယ်တုန်းက ဒီလူရဲ့ ကြမ်းကြုတ်တဲ့မျက်နှာထားကိုပဲ တွေ့ခဲ့ဖူးတာလေ။ အခု သူ့ရှေ့ကလူကတော့ ရင့်ကျက်လာပြီး ချောမောနေတာပဲကွာ။ သူ့ဇနီးအကြောင်း ပြောလိုက်တာနဲ့ သူ့နှုတ်ခမ်းထောင့်က ထွက်ပေါ်လာတဲ့ အပြုံးလေးကြောင့် လူတွေကို မေ့လဲကျစေနိုင်တယ်ဟေ့။
ကျောက်ကျန်းဟုန် အဆင်မပြေဖြစ်နေ
ချိန်တွင် နံရံပေါ်ရှိ ဓာတ်ပုံတွေကို မြင်လိုက်ရသည်။
လောင်လုရဲ့ အိမ်နံရံမှာ ဓါတ်ပုံတွေ အများကြီးရှိနေတာပဲ။ ဓာတ်ပုံထဲတွင် လုယန်ရဲ့ ဘေးမှာ အမျိုးသမီးတစ်ဦးရှိနေလေရာ မိတ်ဆက်ပေးစရာပင် မလိုတော့။ ဒါက သူ့မိန်းမ ချင်းရို့ပဲဖြစ်ရမယ်။
ဓာတ်ပုံထဲက အမျိုးသမီးဟာ ချောမောလှပသူဖြစ်ပြီး ချစ်စရာကောင်းစွာ ပြုံးထားလေ၏။ ဓာတ်ပုံတိုင်းတွင် လုယန်က သူမနှင့်အတူ ရပ်နေခဲ့ပြီး နှစ်ယောက်သား အလွန်ရင်းနှီးတယ်ဆိုတာ လိမ်ပြောစရာပင်မလိုပေ။ မျက်စိရှိတဲ့သူတိုင်း သူတို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာတွေကို မြင်နိုင်လေ၏။ သည့်အပြင် မိသားစုလေးယောက်ဓာတ်ပုံမှာ ပိုလို့တောင်သိသာပါသေးသည်။
ရုပ်တူတဲ့ သားနှစ်ယောက်ရှိနေတာပဲ...
ကျောက်ကျန်းဟုန်: "…"
သူ ခဏတာ ထိတ်လန့်သွားရကာ သူ့လာရင်းကိစ္စကိုတောင် မေ့လုမတတ်ဖြစ်သွားရလျက်။
သို့သော် ဤအခိုက်အတန့်တွင် အပြင်ဘက်မှ နူးနူးညံ့ညံ့အသံလေးတစ်ခု ထွက်ပေါ်လာကာ "လုယန် လုယန် လုကောရေ လာပြီး ကြည့်ပါဦး၊ ကျွန်မတို့ သားလေးတွေအတွက် ချစ်စရာကောင်းတဲ့ အဝတ်သေးသေးလေးတွေ ပြန်ယူလာတယ်၊ မမလုပ်ပေးထားတာတွေလေ!!"
ချင်းရို့ ခြံထဲသို့ ပြန်ရောက်သည်နှင့် ရေစိုနေဆဲ အနှီးတွေကို တစ်ချက်ကြည့်လိုက်၏။ စိုထောက်ချင်းကတော့ အနှီအကြောင်းအရာရိုးရိုးလေးမှတစ်ဆင့် သူမရဲ့ ခင်ပွန်း အိမ်ပြန်ရောက်နေပြီဆိုတာ ကောက်ချက်ချလိုက်လေပြီ။
"ရှင် သိရဲ့လား။ ကျွန်မ မူကြိုမှာ သွားကနေတာကိုလေ ကျွန်မအစ်မတောင် သိနေပြီ။ ရှက်စရာကြီးရှင်၊ ဒါပေမဲ့ ရှောင်ကျင်းရိက သူ့အဒေါ်, ကျွန်မကို သစ္စာဖောက်သွားတာပဲ"
ချင်းရို့ ပြောရင်းဆိုရင်း အိမ်ထဲဝင်လာခဲ့သည်။ သို့သော် သူမ အိမ်ထဲဝင်ပြီးတာနဲ့ ဧည့်သည်တစ်ယောက်ရှိနေတာကို တွေ့လိုက်ရလေ၏။
ချင်းရို့ - "..."
"မင်္ဂလာပါ ရဲဘော်"
အခန်းထဲမှာ လူစိမ်းတစ်ယောက် တကယ်ပဲ ထိုင်နေတာဖြစ်ပြီး ထိုသူလည်း အရပ်ရှည်သလို အလွန်တက်ကြွပုံပေါ်လေ၏။ သူ့တွင် နဖူးကျဥ်းကျဥ်းရှိပြီး အဝတ်အစားကို ကြည့်လိုက်ပါက သူလည်း အရာရှိတစ်ဦးဖြစ်မှန်းသိနိုင်ပေသည်။
လုယန်က သူမအား မိတ်ဆက်ပေးလာရာ "ဒါက ကိုယ့်သူငယ်ချင်းဟောင်း လောင်ကျောက်-ကျောက်ကျန်းဟုန်တဲ့"
"မင်္ဂလာပါ ရဲဘော်ကျောက်"
လုယန်က သူ့ဇနီးလေးရဲ့ ပုခုံးကို ဖက်လိုက်ပြီး ဆက်လက်၍ မိတ်ဆက်ပေးလာ၏။ "ဒါကတော့ ငါ့မိန်းမ ချင်းရို့"
"မနှစ်တုန်းက ငါ သူမကို ပထမဆုံးတွေ့တွေ့ချင်းမှာပဲ ချစ်မိသွားတာလေ။ မင်းသူငယ်ချင်းရဲ့ ၂၅နှစ်တာကာလအတွင်းမှာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာ အဲဒါပထမဆုံးအကြိမ်ပဲကွ။ သူမနဲ့တွေ့ပြီးတဲ့နောက် ငါ ပြန်ရောက်တဲ့အခါ လက်ထပ်ဖို့ လျှောက်လွှာ ချက်ချင်းတင်လိုက်တာလေ"
"ဒီနှစ်တော့ ငါတို့ဆီမှာ ကလေးနှစ်ယောက်ရှိလာပြီ"
ကျောက်ကျန်းဟုန်လည်း သူ့ရှေ့မှ စုံတွဲကို ကြည့်လိုက်ပြီး သူ မည်သို့မည်ပုံ ခံစားနေရသလဲဆိုတာကို မပြောတတ်တော့ပေ။ သူ့ဦးခေါင်းနောက်ဘက်ကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်သလိုပင်။
ထို့နောက် မသိစိတ်အလျောက် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ မရီး၊ အဲ မဟုတ်သေးပါဘူး မဒမ်"
(Xiao Hua: sister-in-lawပဲသုံးထားတာဆိုတော့ မရီး/ခယ်မထဲက မရီးကိုပဲရွေးလိုက်ပါတယ်နော်။ ဟိုးအရှေ့နားမှာတုန်းက ပြောထားဖူးလို့လေ။ လုယန်က ကျောင်းတုန်းက သူ့ကိုယ်သူ စီနီယာလိုနေခဲ့လို့ သူ့နဲ့ သက်တူရွယ်တူအားလုံးနီးပါးက သူ့ကို တာ့ကောလို့ ခေါ်ခဲ့ရတယ်လေ၊ ပြီးတော့ အမှန်သိသွားတော့လည်း နှုတ်ကျိုးသွားပြီဖြစ်တယ်ဆိုလို့ပါ 😁)
"သူမက မင်းရဲ့မရီးပဲလေ။ ငါ့အရှေ့မှာ မဒမ်လို့ ဘာလို့ခေါ်နေတာလဲကွာ ညီအစ်ကိုရေ?"
ကျောက်ကျန်းဟုန်: "…"
"ရဲဘော်ကျောက် ဒီနေ့ ကျွန်မတို့အိမ်မှာ ညစာစားသွားမယ်မလား? ကျွန်မ နည်းနည်းပိုချက်လိုက်ဦးမယ်"
"ဟင့်အင်း၊ မလိုပါဘူးဗျာ"
"နေပါကွာ" လုယန် သူ့ပခုံးကို ဖိထားလိုက်သည်။
ကျောက်ကျန်းဟုန်တစ်ယောက် သူဘာကြောင့် ဒီကိုလာတာလဲ မသိတော့သလို တခြားသူရဲ့အိမ်မှာ စားသောက်ဖို့ ဘာကြောင့်နေမိသလဲဆိုတာကို မသိတော့ချေ။ သူ အပ်တွေပေါ်မှာ ထိုင်နေရသလို ခံစားနေမိလျက်။
သူ့ရှေ့ရှိ စားပွဲက အစားအစာတွေဟာ ထူးထူးခြားခြား ကောင်းမွန်နေသည်မှာ အစိုးရပိုင်စားသောက်ဆိုင်မှ ဟင်းလျာတွေထက် ပိုမိုကောင်းနေသည့်နှယ်။ ဟင်းပွဲတွေဟာ ပို၍နှစ်လိုဖွယ်ကောင်းပြီး လှပနေပါက ယင်းမှာ စားဖိုမှူးရဲ့အလှနှင့် ဥာဏ်ရည်ထက်မြက်မှုကို ဖော်ပြနေသည်ပင်။ ၄င်းနောက်တွင်မူ သူ့ရဲ့မွေးရပ်မြေကို ပြန်လည်အမှတ်ရစေတဲ့ ရဲဘော်လုယန်ရဲ့ ဘန်းမုန့်ပေါင်းကြီးပါ ရှိနေခဲ့သည်။
ညစာစားချိန်တွင် တူလေးနှစ်ယောက်လည်း ပြန်လာကြ၏။ ကောင်လေးနှစ်ယောက်ဟာ လူကြီးတွေ နားမလည်နိုင်တဲ့ စကားတစ်ချို့ကို ပြောဆိုနေကြစဥ် လုယန်ရဲ့ ဘေးမှာတော့ သူ့ရဲ့ချစ်စဖွယ်ဇနီးလေးနဲ့ သားလေးနှစ်ယောက်ရှိနေလေသည်။
တစ်ပုံစံတည်း တူညီကြတဲ့ အမြွှာလေးတွေဟာ ဖြူဖွေးပြီး နူးညံ့နေကြကာ သူတို့အား စနောက်လိုက်ပါက ရယ်ပြလာလေ၏။ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ စိတ်ချင်းဆက်သွယ်မှုရှိကြသည်ပင်။ အကြီးလေး ရယ်ရင် အငယ်လေးပါ လိုက်ရယ်ရောပဲကွာ။
အရမ်းချစ်ဖို့ကောင်းတာပဲ...
ထို့အပြင် သူတို့လေးတွေရဲ့ မျက်နှာပေါက်က လုယန်နှင့် ဆင်တူနေလေရဲ့။
ကျောက်ကျန်းဟုန်: "…"
သူ့လက်ထဲက ဘန်းမုန့်ပေါင်းကို ဖြဲကြည့်လိုက်ရင်း ဒီဘန်းမုန့်ပေါင်းဟာ ဆို့နင့်နေသလို ခံစားလိုက်ရ၏။
ကျောက်ကျန်းဟုန် သူ ဘာကြောင့် ဒီနေရာသို့ လာခဲ့ရသလဲဆိုတာကို သူ့ကိုယ်သူ နားမလည်နိုင်တော့။
သူ လုယန်နဲ့ တိုက်ခိုက်ချင်ခဲ့တာမဟုတ်ဘူးလား? ဒါပေမယ့် အခု သူက လုယန်ရဲ့ ညစာစားပွဲမှာ ထိုင်နေပြီး သူလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းကို စားနေတာလေ။
- ချီးပဲ၊ ဒီဘန်းမုန့်တွေက တအားဆို့နင့်စရာကောင်းလိုက်တာကွာ။
ကျောက်ကျန်းဟုန်လည်း အရင်က သူ့ခေါင်းထဲမှာ ရေတွေရှိနေတာပဲဖြစ်မယ်လို့ သူ့ကိုယ်သူ တွေးတောနေမိလျက်။
သူ့ဘေးနားရှိ ရေဒီယိုက ရုပ်ရှင်ရဲ့ နောက်ခံအသံဖြစ်တဲ့ စာပေပရိုဂရမ်ကို ထပ်မံစတင်လာခဲ့သည်။
လုယန် ဒါကိုကြားလိုက်သည်နဲ့ အံ့အားသင့်မိသွားကာ "တိုက်ဆိုင်လိုက်တာကွာ၊ ဒါက ငါ့မိန်းမနဲ့ ငါ ပထမဆုံးစတွေ့တုန်းက အတူတူကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်ပဲ"
ချင်းရို့: "အမှန်ပဲ၊ ဒါပေမယ့် ဒါကတော့ ဒုတိယပိုင်းပေါ့။ အရင်က ကျွန်မ ရှင့်ကို သီချင်းဆိုပြဖူးတာပဲလေ"
"ငါ့မိန်းမက အနုပညာအဖွဲ့မှာ သီချင်းဆိုဖူးတယ်လေ။ သူမက အသံကောင်းပြီးတော့ သီချင်းဆိုလည်း တော်တယ်ကွ။ ငါ့မိန်းမက ကလည်းကတတ်တယ်-"
"လုယန်!!! ရှင် လေးနက်တယ်ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲ သိရဲ့လား?"
…
ကျောက်ကျန်းဟုန် ဘန်းမုန့်ပေါင်းကိုသာ တိတ်တိတ်လေး စားနေလျက်။ ဘန်းမုန့်ပေါင်းတွေက ခြောက်နေပေမယ့် အချဥ်ဖောက်ခြင်းတွင် ပြဿနာရှိနေသည့်အလား - ချဥ်နေသလို ခံစားနေရ၏။ (တကယ်ချဥ်တာမဟုတ်၊ စိတ်ထဲမှာ ချဥ်နေတာ-မနာလိုအားကျနေတာကိုပြောတာပါ)
ဘန်းမုန့်ချဥ်ချဥ်ကြီးတွေ စားပြီးတဲ့နောက် သူ တစ်စုံတစ်ယောက်ရဲ့အိမ်မှာ တစ်ညလောက်နေခဲ့ရပြီး ဝေဒနာတွေ ခံစားခဲ့ရလေ၏။ (ခွေးစာတွေစားခဲ့ရတာပေါ့လေ😂)
သူ လူးလှိမ့်လိုက်၊ လှန်လိုက်နဲ့ အိပ်မပျော်နိုင်ခဲ့ဘဲ ဘာမှလည်းတွေးတောလို့မရခဲ့။ သူ့ကိုယ်သူ ဒီနှစ်တွေထဲမှာ ရယ်စရာကောင်းတဲ့ဘဝမျိုး နေထိုင်မိခဲ့တာပဲလို့ ခံစားလိုက်ရချေပြီ။
သူ အသက်ကြီးလာလို့၊ တစ်နေ့တစ်နေ့ အပြင်မှာ အထီးကျန်နေထိုင်ခဲ့ရတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်လေ၏။ အမှန်တကယ်မှာတော့ သူလည်း ဇနီးနဲ့ သားသမီးတွေနဲ့ သာမန်ဘဝလေးတစ်ခုမှာ နေထိုင်ချင်ခဲ့ရုံသာဖြစ်ပြီး ထပ်ပြီးတော့ ကွေ့ပတ်မနေချင်တော့ပေ။
နောက်တစ်နေ့၌ ကျောက်ကျန်းဟုန် လုအိမ်ကနေ ထွက်လာပြီးနောက် ထန်ရို့ဆီ ဖုန်းခေါ်လိုက်သည်။ ယခင်ကတော့ ဖုန်းဖြင့် ဆက်သွယ်ရခက်ခဲပေမယ့် ယခုအခါ ဆက်သွယ်ရန် လွယ်ကူလာခဲ့လေပြီ။
xxx