၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၃၅)
ကျောက်ကျန်းဟုန် စိတ်မသက်မသာဖြစ်နေလျက်။ သူ လုယန်အိမ်သို့ မရောက်မီတွင် ခြံထဲမှာ အဝတ်လျှော်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ကျောက်ကျန်းဟုန် မတတ်နိုင်ဘဲ ရပ်ပြီး စောင့်ကြည့်မိလေရဲ့။
- ဒါက အမျိုးသမီးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးလား?
အဝတ်လျှော်၊ အချက်အပြုတ်နှင့် ကလေးထိန်းတာတွေက အမျိုးသမီးတွေ လုပ်သင့်တဲ့အလုပ်တွေပဲလေ။ အရင်တုန်းက အိမ်မှာ ရဲဘော်တွေက ဒီလိုအရာတွေလုပ်နေတယ်လို့ ပြောသံတစ်ခါမှ မကြားဖူးဘူးပဲ၊ ကြားဖူးရင်တောင် ရယ်စရာအဖြစ်ပဲ ယူဆမိမှာလေ။
ကျောက်ကျန်းဟုန်: "..."
ဒါက လုယန်ရဲ့ အိမ်နီးချင်းဖြစ်ပုံရတယ်။ ကျောက်ကျန်းဟုန် လှည့်ပတ်ကြည့်ရှုသော်လည်း လုယန် နေထိုင်လောက်မယ့် ခြံဝင်းကို ရှာမတွေ့ခဲ့။
လုယန်ရဲ့ ခွေးလိုဒေါသမျိုးနဲ့ဆို အမျိုးသမီးတွေကို ကောင်းပေးဖို့ ဟန်ဆောင်နေမှာမဟုတ်ဘူး... သူ့အမျိုးသမီးကိုလည်း ဂရုစိုက်မှာ၊ ချော့မော့မှာ မဟုတ်ဘူးလေ။ သူက အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့လို့ ဒီမျက်နှာချောချောလေးနဲ့ဆိုရင်တောင်မှ သူ့လိုဒေါသကြီးပုံမျိုးနဲ့ဆို ဘယ်သူကများ သူ့ဒေါသကို ခံနိုင်ရည်ရှိမှာတဲ့လဲ။
ကျောက်ကျန်းဟုန် အဝတ်လျှော်နေတဲ့သူကိုသာ စိုက်ကြည့်နေမိလျက်။
သူ့ရှေ့က စစ်သားဟာ ခြိမ်းခြောက်ဖွယ်ဖြစ်နေသော်ငြား ခြံထဲတွင် သူ့ဇနီးအတွက် အဝတ်အစားတွေ ကူညီလျှော်ဖွပ်ပေးနေဆဲဖြစ်ကြောင်း ကျောက်ကျန်းဟုန် တွေးနေမိ၏။
ကျောက်ကျန်းဟုန်: "…"
ကျန်းချန်ပေ့ မော့ကြည့်လိုက်တဲ့အခါ ထူးဆန်းတဲ့လူတစ်ယောက်က တိရစ္ဆာန်ရုံထဲက ဂေါ်ဇီလာကို တွေ့နေရသည့်အလား သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။
မစ္စတာကျန်း သူ့နှလုံးသားထဲတွင် ဆဲရေးလိုက်မိသည်။ 'မင်း ဘာကြည့်နေတာတုန်းကွ၊ ယောကျာ်းတစ်ယောက် အဝတ်လျှော်နေတာကို မင်းတစ်ခါမှမမြင်ဖူးဘူးလားကွ'
"ရဲဘော်ရေ လုယန်-စစ်ဦးစီးချုပ်လုကို မင်းသိလား?"
"ငါ သူ့ကိုသိတယ်၊ လောင်လုက ဘေးအိမ်ကပဲလေ၊ ငါ သူ့ကို မသိဘဲ ဘယ်နေမလဲ"
ကျန်းချန်ပေ့က ဒင်းကြောင့်ပဲ ဒီမှာ အဝတ်လျှော်နေရတာပဲလေလို့ သူ့ဘာသူတွေးနေမိလျက်။
လုယန်နာမည်ကို တစ်စုံတစ်ယောက်ရဲ့ နှုတ်ကနေ ကြားလိုက်ရသဖြင့် ကျောက်ကျန်းဟုန် အံ့အားသင့်သွားရလျက်။ သူ လုယန်ကို ချက်ချင်းကြီး မတွေ့ချင်သေး၍ သူ့အရှေ့ကလူနဲ့ပဲ စကားစမြည်ဆက်ပြောလိုခဲ့သည်။
"ယောက်ျားတစ်ယောက်ကိုပဲ နှစ်အတော်ကြာ နောင်တမရှိဘဲ ပေးဆပ်လိုတဲ့ မိန်းမတစ်ယောက်ကို မင်း မြင်ဖူးလား?"
"အင်း ဒါပေါ့ ငါမြင်ဖူးတယ်" ကျန်းချန်ပေ့က သူ့အကြောင်းသူ တွေးနေမိလျက်။ 'အဲဒါ အရင်တုန်းက ငါ့မိန်းမပုံစံပဲမဟုတ်ဘူးလား၊ သူမက နေ့တိုင်း အိမ်မှုကိစ္စနိုင်နင်းပြီးတော့ ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား'
သို့သော် ယခုတော့ သူမက တခြားအမျိုးသမီးတွေနဲ့ ယှဥ်ပြိုင်ဖို့ ပျင်းရိသွားလေပြီ။
ကျောက်ကျန်းဟုန် အံ့သြသွားရကာ "ဒါဆို အဲဒီအမျိုးသမီးကို အရမ်းကြီးခေါင်းမမာဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိလား?"
"အင်း သူမကို ပိုကောင်း ပိုစာနာတတ်တဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ပေးလိုက်"
"ဒါဆို ငါနဲ့ လုယန်ထဲက ဘယ်သူက ပိုကောင်းမယ်လို့ မင်းထင်လဲ?"
ကျန်းချန်ပေ့: "..." မင်းဘာတွေပြောနေတာလဲ?
ကြည့်ရတာ ဒီကောင်လည်း ယောက်ျားတွေကြားထဲက သစ္စာဖောက်တစ်ယောက်ပဲပေါ့။
"မင်းလက်ထပ်ပြီးပြီလား? မင်းမိန်းမရဲ့ အဝတ်တွေကို လျှော်ဖွပ်ဖူးလား? မင်းမိန်းမအတွက် ဘန်းမုန့်ပေါင်းတွေ လုပ်ကျွေးပြီးပြီလား? သားသမီးတွေရဲ့ အနှီးကို မင်းလျှော်ပြီးပြီလား?"
ကျောက်ကျန်းဟုန် မဆိုင်းမတွပြောလာလေရဲ့။ "ဒါက မိသားစုထဲက အမျိုးသမီးတွေ လုပ်သင့်တာပဲလေ"
"ဒါဆို လောင်လုက မင်းထက်အများကြီးသာတယ်ကွာ။ ငါသာ မိန်းမတစ်ယောက်ဆိုရင်တော့ လောင်လုကိုပဲ သေချာပေါက်လက်ထပ်မှာ"
ကျန်းချန်ပေ့ ဝန်မခံချင်ပေမယ့် သူသာ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် သူ့ဘေးအိမ်က လောင်လုကိုပဲ လက်ထပ်ချင်လိမ့်မည်ဖြစ်ကြောင်းကိုတော့ ရိုးရိုးသားသား ပြောရပေမည်။
လောင်လျိုကို လက်ထပ်ပြီး ပေါ့ပေါ့ပါးပါးနေရတာ ကောင်းတယ်ဆိုသော်ငြား သူကတော့ ရုပ်ရည်ပိုရှိတဲ့ လောင်လုကို ရွေးနေဦးမှာပဲ။
မဟုတ်သေးဘူး၊ နှစ်ယောက်စလုံးမကောင်းပါဘူးလေ၊ သူတို့တွေက သူ့ကို ဒုက္ခတွေဆောင်ကျဥ်းလာကြတဲ့ အယုတ်တမာကောင်တွေပဲ။
"ကြည့်လိုက် ဘေးအိမ်က လောင်လုက သူ့သားတွေရဲ့ အနှီးတွေကို လျှော်ဖွပ်ဖို့ ထွက်လာပြန်ပြီဟေ့" ကျန်းချန်ပေ့ ဘေးအိမ်က ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။ နတ်ဆိုးအကြောင်း ပြောနေရင်း နတ်ဆိုးရောက်လာလေပြီ။
"ဘာ?!!"
"မင်းကိုကြည့်လိုက်စမ်း၊ မင်း ဒီလောက်မိုက်မဲနေတာ မင်းလက်ထပ်မရသေးဘူးမလား? အိမ်ထောင်မပြုရသေးရင် လုယန်ဆီက ကောင်းချီးနည်းနည်းလောက် သွားယူလိုက်လေ"
"လု- လုယန်?" ကျောက်ကျန်းဟုန်က အဝေးတစ်နေရာ ဘေးအိမ်က လူတစ်ယောက်ဟာ ခြံထဲဆင်းလာတာကို တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားရလျက်။
သူ့မိတ်ဆွေဟောင်းကြီးနဲ့ ဒီလိုမျိုးတွေ့ဖို့ သူ့စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားရသေးဘူးလေ။
လာသင့်တာကတော့ လာမှာပဲပေါ့။
ကျောက်ကျန်းဟုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးခြံဝင်းဆီသို့ လျှောက်သွားလိုက်၏။ လုယန်က အနှီးတွေလျှော်ဖွပ်နေဆဲ။
အမှန်တကယ်မှာတော့ လုယန်က ကျောက်ကျန်းဟုန်ကို သတိပြုမိသော်လည်း အတွေ့အကြုံရှိတဲ့ ဖခင်ကောင်းတစ်ဦးအနေဖြင့် သူ့သားတွေရဲ့ အနှီးတွေကို တတ်နိုင်သမျှ အမြန်ဆုံး လျှော်ဖွပ်သင့်သည်ပင်။ သူ အခုမှ စလျှော်ခါစဖြစ်သလို မကြာခင် ပြီးသွားတော့မှာပဲလေ။
"လောင်ကျန်းရေ မတွေ့ရတာ အတော်ကြာပြီကွာ"
မူလကတော့ ကျောက်ကျန်းဟုန်ဟာ လုယန်ကို တွေ့တွေ့ချင်း တိုက်ခိုက်ချင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လုယန်ကို ရိုးရိုးသားသား ပွေ့ဖက်လိုက်ပြီး သူ့ရဲ့ လက်မောင်းကို ပုတ်ကာ "ညီအစ်ကိုရေ ငါမင်းကို မတွေ့ရတာ တော်တော်ကြာပြီကွာ၊ မင်း ငါ့ကိုတောင် မဆက်သွယ်ဘူးနော်"
- သူငယ်ချင်းဟောင်းတွေရဲ့ တွေ့ဆုံပွဲလေးပဲ...
သူတို့တွေ ဆိုးသွမ်းခဲ့ကြတဲ့အချိန်တွေကို မှတ်မိနေတုန်းပဲကွာ။
နှစ်အတော်ကြာ စစ်မှုထမ်းခဲ့တဲ့ သူ့လိုလူတစ်ယောက်အတွက်တော့ တစ်နှစ်ပတ်လုံး အိမ်ပြန်ခဲလေ၏။ သူတို့တွေက တစ်နေရာဆီ ကွဲကွာသွားခဲ့ကြသလို အချိန်အတော်ကြာ အဆက်အသွယ်မရှိတော့တဲ့ အခြေအနေရောက်သွားခဲ့ကာ သူ နေ့တိုင်းတွေ့နေခဲ့ရတဲ့သူတွေကတော့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေပင်။
ဤအချိန်တွင် အတိတ်က မိတ်ဆွေကောင်း ညီအစ်ကိုကောင်းတွေ ပြန်လည်တွေ့ဆုံကြတဲ့အခါ အမျိုးသမီးရေးရာကိစ္စတွေကို ခဏတာ ဘေးဖယ်ထားနိုင်လေ၏။
လုယန် ပြုံး၍ သူ့လက်ကို ရိုက်လိုက်ရင်း "မင်းလည်း ငါ့ကို မဆက်သွယ်ဘူးလေကွ"
"ဝင်ခဲ့ ငါ့အိမ်မှာလာထိုင်ဦး"
ကျောက်ကျန်းဟုန် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ ခုနကအထိ သတိမထားမိသေးပေမယ့် အခုတော့ ခြံဝင်းက တကယ့်ကို လှပနေတာကို တွေ့လိုက်ရလေ၏။ လေတိုက်တဲ့အခါ လေထဲမှာ မွှေးကြိုင်တဲ့ ပန်းရနံ့တွေရှိနေပြီး လှမ်းကြည့်လိုက်တာနဲ့ ခြံထဲက ဒန်းပေါ်မှာ ပန်းလေးတွေ ဝေဝေဆာဆာ ယှက်နွယ်ဖူးပွင့်နေကြတာကို တွေ့မြင်လိုက်ရသည်။
ပွင့်ချပ်လေးတွေဟာ လေထဲမှာ တလှုပ်လှုပ်ယိမ်းနွဲ့နေပြီး နေရောင်အောက်တွင် မြက်ခင်းပြင်ဟာလည်း အထူးတလည် စိမ်းစိုတောက်ပနေလျက်။ ကျွန်းရဲ့ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူဖွေးဖွေးလေးတွေကြောင့် အရောင်အသွေးမှာ ထူးထူးခြားခြား ပိုမိုသန့်စင်နေပြီး လှပနေတာပဲ ဖြစ်နိုင်လေရဲ့။
အခြားတစ်ဖက်တွင် ဟင်းသီးဟင်းရွက်ဥယျာဥ်ရှိပြီး မဟူရာကျောက်လေးနဲ့တူတဲ့ ခရမ်းချဥ်သီးသေးသေးလေးတွေ၊ ခရမ်းရောင်ခရမ်းသီးတွေနှင့် အပြာရောင်သပွတ်သီးတွေရှိနေလေ၏။ ဆောင်းရာသီမှန်း သိသာထင်ရှားနေပေမယ့် ရိတ်သိမ်းမှုကောင်းမွန်နေဆဲ။
"ဒါ မင်းခြံလား?" ကျောက်ကျန်းဟုန် လွန်စွာအံ့အားသင့်နေမိသည်။
"အင်းလေ ငါ့မိန်းမက လှလှပပလေး လုပ်ပေးထားတာပဲ" လုယန်က သူ့ကို အိမ်ထဲဖိတ်ခေါ်လိုက်ပြီး "ငါ့မိန်းမက အခု သူ့အစ်မအိမ်သွားနေတာလေ၊ ငါ့အမေနဲ့အဖေက အိမ်ပြန်သွားတော့ အခု သားလေးတွေကို ကြည့်ဖို့အတွက် ငါတစ်ယောက်ထဲကျန်နေခဲ့တာ။ ငါ့သားတွေတော့ အိပ်ပျော်နေတယ်ကွာ"
xxx