Ch-130
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၃၀)


"တစ်နှစ်အတွင်းမှာ မင်း လက်ထပ်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူးကွာ" 


"ခယ်မလေးက ငါ့ကို တစ်ယောက်ယောက်နဲ့ ဘယ်တော့မိတ်ဆက်ပေးမှာလဲ?" 


ဝမ်ယွမ်ကျန်း ပြုံးနေလိုက်ရင်း သူ့မိသားစုရဲ့ဇနီးလေးဟာ တကယ်ပဲ စွမ်းအားမရှိပါဘူးလို့ တွေးတောနေမိလျက်။ 


ကျိုးဝေ့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ မိသားစုခြံဝင်းဟာ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။ တချို့ခြံဝင်းသေးသေးလေးတွေကိုလည်း အထူးတလည် လှလှပပလေး ထိန်းသိမ်းထားတာကို တွေ့လိုက်ရတော့ လောင်ဝမ်လည်း ဒီမိသားစုခြံဝင်းထဲမှာ ကိုယ်ပိုင်အိမ်တစ်လုံးရှိပြီး သူ့မိန်းမကို ပွေ့ဖက်ဖို့ အိမ်ပြန်နိုင်ကြောင်း တွေးမိသွား၍ သူ ပိုလို့တောင် အားကျမနာလိုနေခဲ့ရပြီ။ 


အရမ်းမနာလိုစရာကောင်းလိုက်တာကွာ။ 


"လုယန်ရော ဒီမှာနေတာမလား?" ကျိုးဝေ့နှင့် လုယန်တို့က ပုံမှန်ဆက်ဆံရေးရှိခဲ့ကြပြီး ငယ်ငယ်တုန်းက အတူကစားရင်း ကြီးပြင်းလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူ့အဖေက ပြောင်းရွှေ့ခဲ့ရတာကြောင့် သူလည်း ထွက်သွားခဲ့ရ၏။ သူတို့ အကြာကြီးမတွေ့ခဲ့ရတော့ပေမယ့် ငယ်သူငယ်ချင်းခင်မင်မှုနည်းနည်း ကျန်ရှိနေပါသေးသည်။ 


ကျိုးဝေ့က ဘေးအိမ်မှ သက်တူရွယ်တူလုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့်သာ မကြာခဏ အဆက်အသွယ်ရသဖြင့် ထိုသူဆီကနေ လုယန်အကြောင်း ကြားခဲ့ရသည်ပင်။  


"ဟုတ်တယ်လေ၊ သူလည်း ဒီမှာပဲနေတာ။ အခုတော့ သူအိမ်မှာမရှိဘူးကွာ။ မင်း ငါ့အိမ်ရောက်တဲ့အခါ သူ့မိန်းမနဲ့ တွေ့ရလိမ့်မယ်" 


"သူ့မိန်းမ? 'ချင်းရှီဟွမ်'ရဲ့ 'ချင်း'လား?" ကျိုးဝေ့က လုယန်ရဲ့ မိန်းမ ဘယ်လိုပုံစံလဲဆိုတာ သိချင်နေလေပြီ။ 


လုယန်ဟာ သူ့ဇနီးလေးကို မြင်မြင်ချင်း ချစ်မိသွားတာဖြစ်ကြောင်း လောင်ဝမ် ပြောပြထားသော်လည်း ကျိုးဝေ့ကတော့ မယုံနိုင်သေး။ 


လုကောက တစ်စုံတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားနိုင်လို့လား? 


လောင်ဝမ်က သူ့ကို လှည့်စားနေတာများလား? လောင်ဝမ်က လူရိုးလေးဆိုပေမယ့် တခါတလေတော့ သူ့စကားတွေကလည်း အမြဲမှန်မနေဘူးလေ။ 


စစ်အကယ်ဒမီတက်တုန်းကဆို လုယန်ကို သဘောကျတဲ့ အမျိုးသမီးတွေ အများကြီးရှိခဲ့သည်။ ကျိုးဝေ့က လုယန်နာမည်ကြီးတယ်ဆိုတာကို ကြားသိထားသလို မိန်းကလေးတချို့ဆို သူ့ဆီလာပြီး လုယန်ကို မေးခိုင်းကြသေးတယ်လေ... ဒါပေမဲ့ လုကောကတော့ သုန်မှုန်နေလျက် ပင်လယ်ကြီးကိုပဲ ချစ်ခင်နေခဲ့တာ။ ဒီသံမဏိလူသားက မိန်းကလေးတွေကို သနားကြင်နာရကောင်းမှန်းမသိသလို ပြန်ဖြေဖို့တောင် ပျင်းရိနေသေးတာကွာ... 


"ဟုတ်တယ်၊ ပြီးတော့ သူ့မိန်းမရှောင်ချင်းက ဝဝကစ်ကစ်ယောကျ်ားလေးအမြွှာ မွေးထားတယ်" 


"အမြွှာတွေ? သားနှစ်ယောက်လား?" ကျိုးဝေ့ ရင်ထဲမှာ ချဥ်သလိုလို ခံစားလိုက်ရ၏။ 


ဒီကောင် လုယန်ဆီမှာတောင် ကလေးနှစ်ယောက်ရှိနေပြီတဲ့လား?! 


ဝကစ်ကစ်ကောင်လေးနှစ်ယောက်တဲ့လားကွာ!! 


"ဟုတ်တယ်၊ မင်း သူ့သားနှစ်ယောက်ကို ခဏနေ တွေ့ရလိမ့်မယ်၊ သူတို့က တစ်ပုံစံတည်းပဲကွ" 


ကျိုးဝေ့ စိတ်ရှုပ်ထွေးနေမိလျက်။ 


'ငါ့လို အိမ်ထောင်မပြုရသေးတဲ့ အမျိုးသားတစ်ယောက်က ဒီမိသားစုခြံဝင်းကြီးထဲ ဘာလာလုပ်မိတာပါလိမ့်?! ကိုယ့်ဒုက္ခကိုယ်လာရှာမိတာများလားဟ! ငါ ဘာလို့ ဒီကြင်စဦးမောင်နှံကို လာကြည့်မိတာလဲ?! တစ်ယောက်ယောက်ရဲ့ အမြွှာလေးတွေကိုရော ငါ ကြည့်ရဦးမှာလား?! 


ဒါက အရမ်းရက်စက်တာပဲမဟုတ်လားကွာ? 


ကျိုးဝေ့က လှလှပပခြံဝင်းငယ်လေးဖြစ်သော ဝမ်ယွမ်ကျန်းအိမ်သို့ လိုက်သွားခဲ့သည်။  


ဒီနည်းနည်းသစ်လွင်တဲ့ မိသားစုအိမ်တွေဟာ လုယန်တို့အိမ်ထက် အနည်းငယ်ပိုသေးပေသည်။ 


နှစ်ယောက်သား ဝမ်အိမ်ထဲသို့ ဝင်သွားကြသည်။ စခန်းတွင် အကြာကြီးနေခဲ့တဲ့ ကျိုးဝေ့ဟာ ယောက်ျားသားတွေကိုသာ နေ့တိုင်းတွေ့နေခဲ့ရသည်ပင်။ ဒီလိုနူးညံ့သိမ်မွေ့လှတဲ့ မိန်းမလှလေးတွေအများကြီးကို သူမြင်ရတာ ဒါပထမဆုံးအကြိမ်ပါပဲ။ 


သူတို့ထဲတွင် အလှဆုံးသူကတော့ ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီအဖြူဝတ် အမျိုးသမီးဖြစ်၏။ သူမဟာ ထူးထူးခြားခြား ငယ်ရွယ်နေပြီး အနက်ရောင်ဆံနွယ်တွေကို နောက်ပြန်စုစည်းထားကာ ဘဲဥပုံမျက်နှာ၊ ဖြူဖွေးနေတဲ့အသားအရေနှင့် ထူးထူးခြားခြား လှပတဲ့မျက်လုံးတွေရှိသလို သူမ စကားပြောတဲ့အခါ ချစ်စဖွယ်ကောင်းနေပြီး အသံလေးကလည်း ပိုလို့တောင် သာယာနာပျော်ဖွယ်ရှိနေလျက်။ 


တကယ်ပဲ ဒီလောက်ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်ရှိနေတာပဲ။ သူမက သူအရင်တစ်ခေါက် တွေ့ခဲ့တဲ့ အနုပညာအဖွဲ့ထဲက မိန်းကလေးထက်တောင် ပိုလှနေသေးတယ်ကွာ။ 


သူမရဲ့ ခင်ပွန်းဖြစ်ဖို့ ဘယ်သူကများ ဒီလောက်ကံကောင်းတာလဲဟေ? 


လောင်ဝမ်က လူစိမ်းတစ်ယောက်နှင့်အတူ ပြန်လာတာကို အမျိုးသမီးတစ်ယောက်က မြင်သွားခဲ့ရာ "ဟေး ရဲဘော်ဝမ် ရောက်လာပြီပဲ၊ နင့်ဘေးက ဘယ်သူတုန်း"လို့ အလျင်စလိုမေးမြန်းလိုက်၏။ 


"ငါ့ရဲဘော်ကျိုးဝေ့ပါ" 


"မင်္ဂလာပါဗျာ" 


"ဒါက စွင်းမိသားစုကပဲ... သူမကတော့ လုယန်ရဲ့ မိန်းမ... ဒါက ငါ့မိန်းမလေ"  


ဝမ်ယွမ်ကျန်းက ကျိုးဝေ့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးပြီးတဲ့နောက် သူက သူ့ဇနီးလေး ရွှယ်ရှောင်ဟွေ့ကိုသာ စိုက်ကြည့်နေလျက် တောက်ပစွာ ပြုံးနေလေ၏။ 


လောင်ဝမ်ဟာ သူ့ဇနီးလေးဖြစ်တဲ့ ဆရာမရှောင်ရွှယ်ဟာ အကောင်းဆုံးပဲလို့ တွေးနေမှန်း ကြည့်လိုက်တာနဲ့ သိနိုင်လေရဲ့။ 


ကျိုးဝေ့: "???!!!" 


လုယန်မိန်းမလား?! လုယန်ရဲ့ သားနှစ်ယောက်တဲ့လား?! 


သူ့ရဲ့ ငယ်သူငယ်ချင်းအားလုံးဟာ အိမ်ထောင်ပြုပြီးသွားကြပြီ၊ ကလေးတွေတောင်ရှိနေကြပြီပဲ... 


ကျိုးဝေ့ သူ့အကြောင်းသူ တွေးမိကာ 'ငါ မနာလိုမဖြစ်ပါဘူး၊ ငါ မနာလိုမဖြစ်ဘူးဆိုတာသေချာတယ်' 


ကျိုးဝေ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေကို ထပ်မခံစားနိုင်တော့ဘဲ လောင်ဝမ်ကို ဘေးဘက်သို့ ဆွဲသွားလိုက်ပြီး အရမ်းသိချင်နေတာကို မေးလိုက်လေသည်။ "ငါ့ကောင်ရေ ကျေးဇူးပြုပြီးတော့ ငါ့ကိုပြောပြစမ်းပါကွာ... ဘယ်လိုလုပ်ရင် ငါမြန်မြန်အိမ်ထောင်ကျပြီးတော့ မြန်နိုင်သမျှမြန်မြန် မိသားစုခြံဝင်းထဲကို ပြောင်းရွှေ့လို့ရမလဲ?" 


ဝမ်ယွမ်ကျန်းက ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်လေသည်။ "မင်း လုယန်ဆီက ကံကောင်းခြင်းတွေ ရယူဖို့ သူ့အိမ်ကိုသွားလို့ရတယ်"  


"ကံကောင်းခြင်းတွေယူဖို့လား?" 


"ငါလည်း သူ့အကြံကြောင့်ပဲ အိမ်ထောင်ပြုနိုင်ခဲ့တာလေ..." 


"သူ့ကြောင့်သာမဟုတ်ရင် ငါ လက်ထပ်နိုင်ခဲ့မှာမဟုတ်ဘူးကွာ" 


ကျိုးဝေ့: "...တကယ်ကြီးလား?" 


ကျိုးဝေ့ကတော့ ဝမ်ယွမ်ကျန်း သူ့ကို လှည့်စားနေတယ်လို့ သံသယရှိနေလျက်။  


အဲဒါက လုယန်ကြောင့်တဲ့လား? လုယန်က အကြံပေးလုပ်ပေးခဲ့တယ်ပေါ့လေ။ သူက ဘာတွေများ အကြံပေးခဲ့တာပါလိမ့်? 


ကျိုးဝေ့က ဝမ်ယွမ်ကျန်းရဲ့ စကားတွေကို အတည်ပြုချင်သော်လည်း လုယန်က အိမ်မှာမရှိပေ။ သူက မြို့စောင့်တပ်ဧရိယာမှာ တာဝန်ရှိနေတာကြောင့် အခုတော့ လက်လျော့လိုက်ရပေဦးမည်။ သူ့ရဲ့ငယ်သူငယ်ချင်းဟောင်းကြီးကို ပြန်လည်တွေ့ဆုံဖို့အတွက် နောက်တစ်ခေါက် ပြန်လာရုံသာရှိပေတော့သည်။ 


ချင်းရို့က ကလေးနှစ်ယောက်ကို ခေါ်ကာ ဝမ်အိမ်ကနေ ပြန်လာခဲ့၏။ 


ရွှယ်ရှောင်ဟွေ့ မိသားစုခြံဝင်းဆီ ပြောင်းရွှေ့လာချိန်မှစ၍ ရှမင်ရှီးနှင့် အခြားသူတွေဟာ ကျောင်းသွားချိန်၌ စက်ဘီးနဲ့ အလုပ်သွားတဲ့ ဆရာမဖေးဖေးနှင့် မကြာခဏ တွေ့ဆုံတတ်ကြလေသည်။ 


ပျော်ပျော်နေတတ်တဲ့ ရှမင်ရှီးကတော့ အမြဲလိုလို အဝေးကနေ လှမ်းအော်နှုတ်ဆက်တတ်၏။ "ဆရာမဖေးဖေး မင်္ဂလာနံနက်ခင်းပါ!!" 


ထိုအခါ လူတိုင်းရဲ့ မျက်လုံးတွေကလည်း ရွှယ်ရှောင်ဟွေ့ ထံ ရောက်သွားပေလိမ့်မည်။ 


ရွှယ်ရှောင်ဟွေ့ ရှက်ရွံ့နီမြန်းနေတဲ့ မျက်နှာလေးနှင့် သူ့ကို ပြန်နှုတ်ဆက်လိုက်၏။ 


တစ်ခါတရံ ချင်းရို့က ဒါကိုမြင်တဲ့အခါ ကျိတ်ရယ်တတ်လေသည်။ ကျောင်းပေါင်းစုံကနေ ဘွဲ့ရပြီး ဆရာမဖြစ်လာခဲ့တဲ့ စီနီယာတွေရဲ့ ညည်းညူတာတွေကို ပြန်မတွေးမိဘဲ မနေနိုင်တော့၊ အထူးသဖြင့် မူလတန်းပြဆရာမတွေပေါ့လေ။ 


ဆရာမကို တွေ့တဲ့အခါ တခြားကျောင်းသားတွေက ကြည့်ရုံကြည့်နေတတ်ပေမယ့် အတန်းထဲမှာ အယဥ်ကျေးဆုံးကျောင်းသားကတော့ ထူးဆန်းတဲ့သက်ရှိသတ္တဝါကို တွေ့လိုက်ရသည့်နှယ် အရှေ့ဆုံးမှထရပ်ကာ "မင်္ဂလာပါ ဆရာမ" လို့ အော်ပေလိမ့်မည်။ 


*** 


စက်တင်ဘာလအစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းကြီးကို ကြုံတွေ့ခဲ့ရသော်လည်း ယခု ဒီဇင်ဘာလမှာတော့ ချင်းရို့ရဲ့ ခြံဝင်းဟာ အများကြီး ပြောင်းလဲသွားခဲ့ချေပြီ။ 


ကြက်လှောင်အိမ်ကို လှပစွာ ပြန်လည်မွမ်းမံထားခဲ့ပြီးဖြစ်သလို စိမ်းစိုစိုမြက်ခင်းလေးကိုလည်း သေသေသပ်သပ် ညှပ်ထားကာ ဟင်းသီးဟင်းရွက်တွေ ပန်းပင်တွေနဲ့ ပြန်လည်ဝေဆာလာခဲ့ပြီ။ 


ခြံဝင်းထဲက ဒန်းကိုလည်း အဝါရောင်ပန်းတို့ဖြင့် ဖုံးလွှမ်းနေလျက်။ ပန်းတွေက ယှက်နွယ်ပေါက်ရောက်နေကြရာ သက်တံ့အလား ဒန်းပေါ်မှာ ဖုံးလွှမ်းနေကြလေ၏။ ပန်းတွေဟာ လှလှပပလေး ဖူးပွင့်နေကြသလို ပန်းရနံ့လေးတွေဟာလည်း ပိုလို့တောင် မွှေးပျံ့နေပါသေးသည်။ 


လေတိုက်ခတ်တဲ့အခါ ပန်းရနံ့လေးတွေဟာ အဝေးကို လွင့်ပျံ့သွားလေရဲ့။ 


ပန်းရနံ့မှာ ဗနီလာရေခဲမုန့်ကဲ့သို့ဖြစ်နေသလို သိပ်မအေးလွန်းတဲ့ "ဆောင်းရာသီ"တွင် သဟဇာတဖြစ်နေလျက်။ 


xxx