Ch-129
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၂၉)


လုယန်က ကျန်းချန်ပေ့ကို မြင်လိုက်ရတာကို အံ့အားသင့်မနေဘဲ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်၏။ "လောင်ကျန်း!" 


ကျန်းချန်ပေ့: "…" 


မင်းက ပြုံးနေတယ်?! မင်း ငါ့ကို သတ်မိတော့မလိုဖြစ်သွားတာ မင်းသိရဲ့လားကွ! ! 


မင်း ဘာဖြစ်နေတာတုန်းကွ! မင်းက ငါတို့အမျိုးသားထုကြီးရဲ့ သစ္စာဖောက်တစ်ယောက်ပဲ!! 


အခု မင်းက ခြံထဲမှာ ကလေးအနှီးတွေ လျှော်နေတော့ ငါ့မိန်းမမြင်သွားရင် အနာဂတ်ကျ သူမကလည်း ငါ့ကို အဲလိုခိုင်းတော့မှာလေ... 


မိန်းမတစ်ယောက်ရဲ့ နှိုင်းယှဥ်တတ်တဲ့ နှလုံးသားက ကြောက်စရာကောင်းလွန်းတယ်ကွာ! 


ကျန်းချန်ပေ့တစ်ယောက် နောက်နှစ်မှာ သူ့ရဲ့ ဝမ်းနည်းဖွယ်ရာနေ့ရက်တွေကို ကြိုမြင်နိုင်သည့်နှယ် သူ့မျက်နှာမှာ အရုပ်ဆိုးသွားရလျက်။ သူလည်း ခြံထဲမှာ ကလေးအနှီးတွေ လျှော်ရတော့မယ်ကွာ... 


ကျန်းချန်ပေ့က လုယန်လက်ထဲက အနှီးတွေကို စိုက်ကြည့်ရင်း အထိတ်တလန့်ဖြစ်နေလျက် သူ့ကိုယ်သူ မကယ်တင်နိုင်တော့ပေ။ 


လုယန်လည်း သူ့လက်ထဲက အနှီးတွေကို စိုက်ကြည့်နေတဲ့ ကျန်းချန်ပေ့ကို မြင်လိုက်ရ၍ တုံ့ဆိုင်းသွားမိလျက်။ ထို့နောက် သူက မယုံသင်္ကာလေသံဖြင့် "မင်းလည်း ကံကောင်းခြင်းတွေရယူဖို့ ဒီကို လာချင်လို့လား?" 


ကျန်းချန်ပေ့: "... " 


ကံကောင်းခြင်းတွေရယူဖို့လား? 


ကျန်းချန်ပေ့ မျက်တောင်ခတ်လိုက်ရင်း စပ်စုစွာ မေးမြန်းလိုက်သည်။ "ဘယ်လိုမျိုးလဲ?" 


မကြာသေးမီကာလက သူ နည်းနည်း ကံဆိုးနေတာတော့ အမှန်တကယ်ပဲလေ။  


ကျန်းချန်ပေ့လည်း ကံကောင်းခြင်းတွေရယူပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ပြန်လာခဲ့သည်။ 


လုယန်က တစ်ကိုယ်ကောင်းဆန်လွန်းတယ်ကွာ... 


ဒီလိုမျိုးကံကောင်းခြင်းတွေ သူမလိုချင်ပါဘူး။ 


သူ အိမ်ပြန်ရောက်တဲ့အခါ ဟွမ်ရှင်းရင်က ကိုယ်ဝန်ရှိကတည်းက အနံ့ခံအာရုံ ပိုကောင်းလာလေရာ သိချင်စိတ်ဖြင့် "ရှင် ဟိုဘက်အိမ်ကနေ အနှီးဘယ်လိုလျှော်ရမလဲဆိုတာ သွားသင်နေတာလား? ရှင်က အဖေကောင်းတစ်ယောက်ပဲနော်" 


"ကျွန်မ မနက်ဖြန်ကျ လီချင့်ဟွားနဲ့ စကားသွားပြောဦးမယ်!!" ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့နှစ်ယောက်ဟာ ကိုယ်ဝန်စရှိကတည်းက ပိုပြီးအဆက်အသွယ်ရှိလာကြ၏။ နှစ်ယောက်သား ကိုယ်ဝန်ဆောင်ခံစားချက်တွေကို ဖလှယ်ခဲ့ကြသလို တစ်ဖက်လူဆီမှာ သားလေးမွေးမလား သမီးလေးမွေးမလားလို့ တိတ်တဆိတ် တွက်ချက်နေခဲ့ကြသည်ပင်။ 


ဟုတ်တာပေါ့၊ တစ်ချိန်လုံး ကလေးအကြောင်းပဲ ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... သူတို့ရဲ့ ခင်ပွန်းသည်အကြောင်းတွေလည်း ပြောကြသေးတာပေါ့... 


သူမရဲ့ ခင်ပွန်းသည်ဟာ အနှီးလျှော်ဖို့ သင်ယူလိုစိတ်ရှိနေ​ပြီလေ၊ ဒါဟာ ရှားရှားပါးပါးအဖြစ်အပျက်ပဲဆိုတော့ လီချင့်ဟွားကို သူမပြောကိုပြောပြရမှာပေါ့! 


ကြွားရတော့မယ်ဟေ့!! 


ကျန်းချန်ပေ့: "…" 


ကျန်းချန်ပေ့တစ်ယောက် လောင်လျိုအတွက် စိတ်မကောင်းဖြစ်သွားရလျက်။ 


*** 


ချင်းရို့က ကလေးလေးတွေကို မှောက်တတ်ရန် လေ့ကျင့်ပေးပြီးဖြစ်သည်။ 


ညီအကိုနှစ်ယောက်ရဲ့ လက်တွေက တော်တော်လေး သန်မာနေပြီး သွားရည်တွေယိုစီးကျနေရင်းနဲ့ အတူတူ ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ကြလေရဲ့။ 


မှောက်လိုက်ပြီ... 


နောက်ဆုံးတော့ အောင်မြင်သွားပြီပဲဟေ့!! 


ချင်းရို့ သူမဘေးနားက ပလုတ်တုတ်ကို လှုပ်ယမ်း၍ ကလေးနှစ်ယောက်ကို လက်ခုပ်တီးပေးကာ "ဘန်း ဘန်း ဘန်း... မားမားရဲ့ ကျိုးကျိုးလေးက အရမ်းတော်တာပဲကွာ၊ မားမားရဲ့ ဖက်ထုပ်လေးလည်း မှောက်တာ အောင်မြင်သွားပြီကွယ်။ အချစ်လေးတို့ရေ နောက်တခါ ထပ်လုပ်ချင်ကြသေးလား?" လို့ သူမ ရယ်ရယ်မောမော ပြောလိုက်လေသည်။ 


မှောက်တာကို အောင်မြင်သွားလို့ ပျော်ရွှင်နေတဲ့ ဘေဘီလေးနှစ်ယောက်ကတော့ အချိန်ခဏလောက် သူတို့ရဲ့အမေအိုကြီးကို အာရုံမစိုက်လိုကြပေ။ 


ကလေးနှစ်ယောက်ဟာ အမြွှာဖြစ်ဖို့ တကယ်ကို ထိုက်တန်ပေ၏။ တစ်ခါတစ်ရံတွင် သူတို့ရဲ့ အမူအရာနှင့် ကိုယ်ဟန်အနေအထားတွေဟာ အနည်းငယ်ထပ်တူကျနေခဲ့သည်။ မိခင်တစ်ယောက်အနေဖြင့် ချင်းရို့က ဂရုတစိုက်လေ့လာခဲ့ပြီး ကလေးနှစ်ယောက်ကြားထဲက ကွဲပြားချက်ပါးပါးလေးတချို့ ရှိနေသေးကြောင်း သူမတွေ့ရှိခဲ့ပေသည်။ 


သူမက ကလေးတွေဘယ်သူဆိုတာ ခန့်မှန်းတဲ့ဂိမ်းအမျိုးမျိုးကို မကြာမကြာ ဆော့ကစားလေ့ရှိပြီး သူမရဲ့ တိကျမှုနှုန်းမှာ အလွန်မြင့်မားလေရဲ့။ 


ဒါကြောင့် ချင်းရို့ သူ့ကိုယ်သူ အရမ်းဂုဏ်ယူမိနေတာလေ။ 


သို့ပေတည့် ဒါဟာ သူမ လုယန်အား 'ကလေးတွေကို ခန့်မှန်းတဲ့ဂိမ်း'ကို ကစားဖို့ မမေးခင်ကပါပဲ။ 


ဘေဘီလေးတွေကို အရမ်းချစ်တဲ့ လုယန်ဟာ တချက်ကြည့်ရုံနဲ့ မှန်အောင် ပြောနိုင်လေသည်။ 


"ပါးပါးရေ ဖက်ထုပ်လေးက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်" 


"သူပဲ" ဖက်ထုပ်လေးရဲ့ပါးပါးဟာ ဖက်ထုပ်လေးကို လက်ညှိုးထိုးပြခဲ့၏။ 


လုယန်ဟာ ဖက်ထုပ်လေးကို အချိန်တိုင်း မှန်ကန်စွာ ပြောနိုင်ခဲ့ပေသည်။ 


ချင်းရို့: "!!!" 


အမေတစ်ယောက်ဖြစ်တဲ့ ချင်းရို့က တကယ်ပဲ အံ့အားသင့်သွားမိသည်။ 


ဘေဘီလေးတွေရဲ့ ပါးပါးဟာ သူ့ကလေးတွေအကြောင်း ကောင်းကောင်းသိနေတာပဲ။ အမြွှာလေးတွေက အရမ်းဆင်တူနေပုံရတာကြောင့် သူမရဲ့ယောက္ခမရော သူမပါ မကြာခဏ ရှုပ်ထွေးတတ်ပါသေးသည်။ 


ချင်းရို့က လုယန်အား အမြွှာလေးတွေကို မှန်အောင် ပြောနိုင်တဲ့ လျှို့ဝှက်ချက်ကို ပြောပြဖို့ နှောင့်ယှက်နေခဲ့သော်လည်း လုယန်က "ကိုယ် ကလေးတွေကို ချစ်လို့လေ"လို့ ပေါ့ပေါ့ပါးပါး ပြောလာခဲ့လေသည်။ 


ချင်းရို့: "…" 


သူမကတော့ လုယန်ဆီက အဖြေတစ်ခုရဖို့ ဆက်လက်နှောင့်ယှက်နေဆဲ။ 


"မင်းတကယ်သိချင်တာလား?" 


ချင်းရို့ ခေါင်းညိတ်လိုက်ရာ 


"ဒါဆို ကိုယ့်ကို ကပြလေ" 


ချင်းရို့: "…" 


"ကျွန်မ မသိချင်တော့ဘူး" 


စစ်မှန်တဲ့သူရဲကောင်းဟာ ဘယ်တော့မှ အရှုံးမပေးဘူးပဲ! 


သို့သော် ချင်းရို့ကတော့ လုယန်နှင့် အမြွှာလေးတွေကို ခန့်မှန်းခြင်းဂိမ်းကို ဆော့ကစားနေရတာကို စွဲလမ်းနေဆဲ။ ကလေးတွေရဲ့ မျက်နှာကို ဖုံးကွယ်တာမျိုး စသဖြင့် အခက်အခဲအမျိုးမျိုးမြင့်တင်လိုက်ပြီး သူ့ကို မေးပါသေးသည်။ "သူက ဘယ်သူလဲ?" 


"ကျိုးကျိုး" 


"မှားတယ်" 


"ကိုယ်မယုံဘူး" 


ချင်းရို့: "…" 


လုယန်က အရမ်းကို စွမ်းအားကြီးလိုက်တာနော်... 


*** 


ဒီဇင်ဘာလအစောပိုင်းတွင် ဝမ်ယွမ်ကျန်းနှင့် သူ့ဇနီးဖြစ်သူ ရွှယ်ရှောင်ဟွေ့တို့က မိသားစုခြံဝင်းထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုနေ့တွင် လုယန် အိမ်မှာမရှိ၍ ချင်းရို့နှင့် ညီအစ်မတစ်သိုက်က ကျိုးကျိုးနဲ့ ဖက်ထုပ်လေးတို့ကို ခေါ်ပြီး သွားရောက်ဂုဏ်ပြုပေးခဲ့ကြသည်။ 


သူတို့က ကြင်စဦးဇနီးမောင်နှံရဲ့ အိပ်ရာပေါ်တွင် ကျိုးကျိုးနှင့် ဖက်ထုပ်လေးကို တင်ထားလိုက်ပြီး လိမ့်ဖို့ တောင်းဆိုနေကြလျက်။ 


အမြွှာလေးတွေဟာ သွားရည်တွေစီးကျနေလျက် အမျိုးသမီးအုပ်စုကို တွေ့ရတော့ အလွန်ပျော်ရွှင်နေလေသည်။ 


အမျိုးသမီးတွေဟာ သူတို့ကို ချီးကျူးကြလေရဲ့ - 


"ဒီကလေးနှစ်ယောက်က အရမ်းချစ်စရာကောင်းတာပဲ" 


"သူတို့လေးတွေက စစ်ဦးစီးချုပ်လုနဲ့ တူကြတယ်နော်၊ အနာဂတ်မှာ ချောမောလာကြ

မှာ အသေအချာပဲ။ နောက်ကျ ငါတို့သမီးတွေအတွက် ရွေးဖို့ သားမက်ကောင်းလေးတွေရှိနေပြီဟေ့! ဆုံးဖြတ်ချက်ချပြီးပြီနော်!" 


"ငါ့သမီးက သုံးနှစ်ကြီးနေတာ သနားစရာပဲ၊ မဟုတ်ရင် ငါလည်း သားမက်အဖြစ် နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးလို့ရမှာ" 


"သုံးနှစ်ကြီးတာ ဘာဖြစ်တုန်း? သုံးနှစ်ပိုကြီးတဲ့ အမျိုးသမီးက ရွှေအုတ်ခဲတွေ သယ်နိုင်တယ်တဲ့" (ဇနီးသည်က ခင်ပွန်းသည်ထက် ၃နှစ်ပိုကြီးရင် ချမ်းသာတဲ့ဘဝကို ရနိုင်တယ်လို့ ပြောတာပါ) 


"မဟုတ်တာတွေ ပြောမနေနဲ့တော့" 


… 


အမျိုးသမီးတချို့ စုဝေးကြတဲ့အခါ ဟင်းရွက်ဈေးကဲ့သို့ အသက်ဝင်နေသည်မှာ သဘာဝကျသည်ပင်။ လူတိုင်းက ကံကောင်းစေဖို့အတွက် အမြွှာလေးတွေကို ကြည့်ဖို့ ရောက်လာကြ၏။ 


"နင် ဘာလို့ ငါ့အိမ်ကို မလာတာလဲနော်?" 


"ကလေးတွေရဲ့ သွားရည်တွေ အိပ်ရာပေါ် မကျစေဖို့ သတိထားဦး" 


"အဲဒါက ကိစ္စကြီးမှမဟုတ်ဘဲ၊ ကံကောင်းစေတာပဲကို" 


"က​လေးတွေက အိပ်​ရာစိုအောင်လုပ်လိုက်ရင် ငါတို့ ဘယ်လိုလုပ်သင့်..." 


… 


အမျိုးသမီးတွေထဲမှ တစ်ယောက်က ကျိုးကျိုးရဲ့ တင်ပါးကို ဆွဲဆိတ်ချင်ပေမယ့် ချင်းရို့က တားလိုက်လေသည်။ အပြင်လူတွေကြောင့် သူမရဲ့ကလေးတွေကို မထိခိုက်စေချင်ပါဘူး။ 


အပြင်ဘက်၌ ဝမ်ယွမ်ကျန်းက လူတစ်ယောက်ကို မိသားစုခြံဝင်းထဲသို့ ခေါ်ဆောင်လာလေ၏။ လမ်းတစ်လျှောက်တွင် လူများစွာနှင့် တွေ့ဆုံခဲ့ပေသည်။ 


သူ့ဘေးမှာရှိနေတဲ့သူဟာ ကျိုးဝေ့ဖြစ်ပြီး သူလည်း လုယန်နှင့် အတူတူကြီးပြင်းလာခဲ့သူပင်။ ပြီးခဲ့တဲ့နှစ်က ဝမ်ယွမ်ကျန်းဟာ ထန်ရို့အကြောင်းကို သူ့ဆီကနေ ကြားခဲ့ရပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကုန်သွားလေပြီ။ 


နှစ်စဉ်နို၀င်ဘာလဟာ ဝန်ထမ်းအပြောင်းအရွှေ့များ မကြာခဏပြုလုပ်လေ့ရှိသည့် အချိန်အခါပင်။ သည့်အပြင် တောင်တရုတ်ပင်လယ်(နန်ဟိုင်)ဘက်မှလည်း ကြိုတင်ကာကွယ်မှု အားကောင်းရန် လိုအပ်လေ၏။ 


ကျိုးဝေ့လည်း ဒီဘက်ကို ပြောင်းရွှေ့လာခဲ့ရပေမယ့် သူက ချုံကျိုးကျွန်းပေါ်တွင် မဟုတ်ဘဲ အနီးနားရှိ ကျွန်းတစ်ကျွန်းရဲ့ အစောင့်ဧရိယာမှာ တာဝန်ကျသည်ပင်။ 


ဝမ်ယွမ်ကျန်းက လက်တွဲဖော်တစ်ဦးကို တွေ့ရှိသွားခဲ့ပြီး လက်ထပ်လိုက်ကာ မိသားစုခြံဝင်းဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သူကြားသိခဲ့ရတဲ့အတွက် သူ ချုံကျိုးကျွန်းသို့ လာလည်ကာ ပျော်စရာတွေကို လာရောက်ဆင်နွှဲမယ်လို့ ပြောလာခဲ့သည်။ 


တစ်ချိန်တည်းမှာပဲ သူ့အတွက်ရော ပါတနာတစ်ယောက်လောက်မိတ်ဆက်ပေးဖို့ သူငယ်ချင်းရဲ့ဇနီးသည်အား ပူဆာမလို့ပေါ့။ 


သူ့အတွက်လည်း တစ်ယောက်လောက်တွေ့နိုင်မှာ ဖြစ်နိုင်တာပဲလေ။ 


လူပျိုကြီးတစ်ယောက်ဖြစ်ရတာလည်း မလွယ်ပါဘူးကွာ။ 


xxx