၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၃၁)
ချင်းရို့က အမှတ်တရအဖြစ် ဓာတ်ပုံများစွာ ရိုက်ခဲ့ပြီး ပန်းနီနီလေးတွေကိုလည်း စိုက်ပျိုးရန် စီစဉ်ထားခဲ့သည်။
မကြာသေးမီက ကြက်လှောင်အိမ်ရှိ ကြက်မအိုကြီးက ကြက်ပေါက်စလေးတွေ မွေးခဲ့လေရာ နူးနူးညံ့ညံ့အမွှေးဖွာဖွာ ကြက်ပေါက်စလေးတွေက အင်မတန်ချစ်စရာကောင်းလှ၏။
အိမ်မှာ ကြက်ကလေးတွေပြည့်နေပြီမို့ ချင်းရို့လည်း ရွှယ်ရှောင်ဟွေ့ကို အနည်းငယ်ပေးလိုက်ပြီး ကျန်တဲ့ကြက်တွေကိုတော့ ပြုစုပျိုးထောင်ကာ သတ်ပြီးစားနိုင်မယ့် အရွယ်လေးတွေရောက်လာဖို့ကို မျှော်လင့်တကြီး စောင့်စားနေပါတော့သည်။
အနီရောင်ခရမ်းချဥ်သီးပင်ဟာ သူမရဲ့ခြံဝင်းကို အရမ်းကြိုက်ပုံရလေ၏။ မိုးသည်းနေပါစေ လေထန်နေပါစေ ၄င်းတို့ဟာ ပြန်လည်ရှင်သန်နိုင်ပြီး အနီရောင်တောက်တောက်အသီးတွေနှင့် တစ်ဖန်ဖုံးလွှမ်းသည်မှာ ပတ္တမြားပုတီးစေ့ကန့်လန့်ကာ ချိတ်ဆွဲထားသည့်နှယ်။
သူတို့မိသားစုတွင် ခရမ်းချဥ်သီးပြတ်လပ်မှုမရှိပေ။ ချင်းရို့ ပျင်းရိတဲ့အခါ ခရမ်းချဥ်သီးကြက်ဥမွှေကြော်ကိုပဲ ပြတ်ပြတ်သားသားရွေးချယ်ခဲ့ပေသည်။
ဒီလိုအိမ်ချက်ဟင်းလျာတွေက စားရတာငြီးငွေ့သွားတာမျိုးမရှိဘူးလေ... ကိုယ်တိုင်စိုက်တဲ့ခရမ်းချဥ်သီးတွေ၊ မွေးထားတဲ့ကြက်မဆီက ကြက်ဥတွေက သူတို့မိသားစုအတွက် လုံလောက်သည်ပင်။
ချင်းရို့စိုက်ပျိုးထားတဲ့ သပွတ်ပင်ဟာလည်း ပုံမှန်ကြီးထွားနေသလို ခရမ်းသီးတွေ၊ ပဲတောင့်တွေလည်း ကောင်းစွာကြီးထွားနေခဲ့၏။ မကြာသေးမီက သူတို့ ခရမ်းရောင်ခရမ်းသီးအကြီးကြီးတွေ အများကြီးကို ရိတ်သိမ်းခဲ့ရသဖြင့် ခရမ်းသီးပြုတ်၊ ခရမ်းသီးကြော်၊ ခရမ်းသီးကြက်ဥပန်ကိတ်၊ ကြက်သွန်ဖြူနဲ့ ခရမ်းသီးပေါင်း၊ ခရမ်းသီးနုပ်နုပ်စင်း စသဖြင့် ပြုလုပ်ခဲ့ကြလေသည်...
သူတို့က ခရမ်းသီးစားရန် နည်းလမ်းမျိုးစုံကို တီထွင်ခဲ့သည်။ ယခုနှစ်ရဲ့ဖုန်းရွှေ (ကံကောင်းခြင်း)ဟာ ခရမ်းသီးတွေ ပိုမိုပေါများကြွယ်ဝပြီး သီးနှံရိတ်သိမ်းမှုကောင်းမည်ဆိုတာ ဖြစ်နိုင်လောက်လေရဲ့။
တစ်ခါတစ်ရံတွင် သီးနှံတွေအပေါ် ရာသီဥတုနဲ့ ဖုန်းရွှေတို့ရဲ့ သက်ရောက်မှုဟာ သိပ်မသေချာပါချေ။ ဥပမာဆိုရသော် မနှစ်ကဆို လိုင်ချီးသီးတွေ အများကြီးရိတ်သိမ်းနိုင်ခဲ့တယ်ဆိုတာကို ချင်းရို့မှတ်မိလေရဲ့။
သေချာတာပေါ့၊ လယ်သမားတွေကတော့ ဒီလိုအားပါးတရ ရိတ်သိမ်းနိုင်တာမျိုးကို မပျော်ရွှင်ကြဘူးလေ။ လိုင်ချီးသီးတွေ အထွက်များတော့ တစ်ပေါင်ကို ဆင့်အနည်းငယ်လောက်ပဲ ဈေးနိမ့်နိမ့်နှင့်သာ ရောင်းချရပြီး တော်တော်များများကတော့ လယ်ကွင်းထဲမှာတင် ပုပ်သိုးသွားကုန်ကြတယ်လေ။
ယခု သူမအိမ်မှာ ခရမ်းသီးတွေ အများကြီးထွက်ရှိနေပြီဆိုတော့ နည်းနည်းတော့ စိတ်ပူစရာကောင်းနေလေရဲ့။ ချင်းရို့က ခရမ်းသီးကို စားနည်းမျိုးစုံ တီထွင်ထားခဲ့ရင်တောင်မှ ကလေးတွေက တစ်ချိန်လုံး ဒါတွေကိုပဲ မစားချင်ကြပေဘူး။
ချင်းရို့ ခရမ်းသီးနှင့် ပဲတောင့်တစ်ခြင်းကို ခူးဆွတ်လိုက်ပြီးနောက် နောက်ကျ ခရမ်းသီးတွေကို ပေးပစ်လိုက်မည်ဖြစ်ပြီး ပဲတောင့်တွေကိုတော့ အချဉ်ဖြစ်အောင်လုပ်ကာ သိမ်းဆည်းထားခဲ့၏။
"ရှောင်ချင်းရေ တံငါလှေပြန်လာပြီလို့ ငါကြားလိုက်ရတယ်။ လတ်လတ်ဆတ်ဆတ်ငါးတွေ မြန်မြန်သွားဝယ်ကြရအောင်လေ!" လီချင့်ဟွားက သူမအိမ်သို့ ရောက်လာကာ အတူတူ ငါးသွားဝယ်ဖို့ လာခေါ်လေပြီ။ လီချင့်ဟွားက ကိုယ်ဝန်ရှိနေပြီဆိုပေမယ့် သူမရဲ့ဗိုက်ကတော့ အများကြီးမထွက်သေးသော်လည်း လူကတော့ အရင်ကထက် ပိုမို ဝီရိယရှိလာခဲ့သည်။
"မေမေဟွားရေ ငါ နင့်ကို ခရမ်းသီးနည်းနည်းပေးမယ်နော်"
"ကောင်းတာပေါ့၊ ငါတို့မိသားစု ဒီနေ့ ခရမ်းသီးဖုတ်လုပ်စားလိုက်မယ်"
ကန်တင်းမှာ တစ်ချိန်လုံးစားသောက်နေခဲ့တဲ့ လီချင့်ဟွားကတော့ အိမ်မှာ မီးဖိုချောင်တည်လိုက်ပြီဖြစ်သည်။
ဒါဟာ ကလေးက ယူလာပေးတဲ့ ဖိအားတွေပါပဲ...
ပျင်းရိတဲ့သူတွေတောင် ပျင်းရိဖို့ မတတ်နိုင်တော့ဘူးလေ...
အရင်တုန်းကတော့ လီချင့်ဟွားက ဘဝကို ဂရုမစိုက်စွာ နေထိုင်ခဲ့သည်ပင်။ နေ့တိုင်း ကန်တင်းမှာပဲ စားသောက်တယ်၊ ကန်တင်းက အစားအစာတွေက အရမ်းအရသာမရှိပေမယ့် ဆိုးရွားတာတော့မဟုတ်။ သည့်အပြင် လီချင့်ဟွားက သူမကိုယ်သူမ ဆိုးရွားစွာ မဆက်ဆံဘဲ နေ့တိုင်း အသားဟင်းတွေလည်းမှာစားခဲ့သည်။
ယင်းမှာ ပျားအုံကို တုတ်နဲ့ ထိုးလိုက်သည့်နှယ်... လီချင့်ဟွားက ပေါ့ပေါ့ပါးပါးဘဝမှာ နေထိုင်နေခဲ့ပြီး သူမက ဘာမှမလုပ်ဘဲ အသားစားနေခဲ့ပေသည်။ လူတွေဘယ်လောက်များများ သူမအပေါ် အားကျမနာလိုဖြစ်နေသလဲဆိုတာကို သူမမသိခဲ့။
မိသားစုခြံဝင်း၌ လီချင့်ဟွားရဲ့ နောက်ကွယ်မှာ သူမကို ပျင်းရိတဲ့ဇနီးသည်လို့ ကောလဟာလတွေ ပျံ့နေတာ ဘာကြောင့်လဲဆိုတော့ သူမကို မုန်းကြလို့ပါပဲ...
(မုန်းတယ်ဆိုတာကလေ သူတို့ကခြိုးခြံချွေတာစားသောက်နေရချိန်မှာ ဟွားဟွားက ဘာအလုပ်မှမလုပ်ဘဲ အသားဟင်းတွေ နေ့တိုင်းစားနေရလို့ မနာလိုဖြစ်ကြရတာကိုပြောတာပါနော်၊ အဲ့ဒါကြောင့် တချို့လူတွေက သူ့ကို ငပျင်းမတို့ ဘာအလုပ်မှမလုပ်တဲ့မိန်းမဆိုပြီး နောက်ကွယ်မှာ မနာလိုစိတ်တွေနဲ့ လျှောက်ပြောကြတာ)
လီချင့်ဟွားနှင့် ဟွမ်ရှင်းရင်တို့နှစ်ယောက်ဟာ မိသားစုခြံဝင်းထဲ၌ တစ်ယောက်က အလုပ်ကြိုးစားတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်သလို နောက်တစ်ယောက်ကတော့ ပျင်းရိတဲ့ဇနီးသည်အဖြစ် ကျော်ကြားလေ၏။ သူတို့နှစ်ယောက်မှာ တူညီတာတစ်ခုရှိတာက ကလေးတစ်ယောက်ပဲရှိကြသည်ပင်။
မိသားစုခြံဝင်းထဲက လူတော်တော်များများဟာ ကလေးသုံး၊လေးယောက်ရှိကြသဖြင့် ဘဝဟာ အလွန်ကျပ်တည်းလေရဲ့။
ကလေးပြုစုပျိုးထောင်တာဟာ အကုန်အကျများလွန်းသလို အချိန်လည်းအများကြီးယူရသည်ပင်။
အိမ်မှာ ကလေးတွေ အများကြီးရှိပါက မိခင်ဖြစ်သူဟာ အလုပ်လုပ်ဖို့ အဆင်မပြေပေဘူး။ အိမ်က ကလေးတွေကို မိခင်က ပြုစုစောင့်ရှောက်ရမယ်လေ။ ယောက္ခမကို ကလေးထိန်းစေဖို့ ခေါ်ထားရင်လည်း အခြေအနေတွေက ပိုလို့တောင် ပြင်းထန်ဦးမှာ... အသေးအဖွဲကိစ္စလေးအတွက်နဲ့တောင် ယောက္ခမနဲ့ ချွေးမ စကားများရန်ဖြစ်တာတွေ ရှိလာလိမ့်မယ်...
အရင်တုန်းကတော့ လီချင့်ဟွားက အလုပ်မလုပ်ခဲ့ဘဲ နိုင်ငံရေးအရာရှိလျိုက သူမနှင့် သူ့သားကို ပြုစုပျိုးထောင်ပေးခဲ့သည်။ နိုင်ငံရေးအရာရှိလျိုရဲ့ လစာမှာ လုံလောက်သည်ထက် ပိုလျှံနေခဲ့ပြီး မိသားစုသုံးယောက်က ဆန်ကောင်းကောင်းစားနိုင်လေရဲ့။
ကန်တင်းရှိ အစားအစာတွေဟာ ဈေးမကြီးပါချေ။ ငါးနှင့် ဥတွေက တစ်ပွဲကို ၂၀ဆင့်သာရှိပြီး အသားဟင်းကောင်းကောင်းလေးဆို ၃၀ဆင့်သာရှိလေသည်။
လီချင့်ဟွားက နေ့တိုင်း အသားဟင်းတွေမှာစားခဲ့သည်ဖြစ်ရာ တစ်ရက်ကို ၂၀ဆင့်ကုန်ကျရာ တစ်လမှာ ၃၆ယွမ်သာကုန်လေ၏။ နိုင်ငံရေးအရာရှိလျိုက သူ့မိသားစုကို ငွေတွေပို့ခဲ့ရင်တောင်မှ သူတို့ရဲ့ နေရေးထိုင်ရေးစရိတ်မှာ ဝန်ထုပ်ဝန်ပိုးရှိလာမှာ မဟုတ်ပေဘူး။
ဒါပေမယ့် အခု ဒုတိယကလေးရှိလာတော့ ဘဝရဲ့ ဖိအားတွေ တိုးလာလေပြီ။
နောက်ထပ်ကလေးတစ်ယောက်ရှိလာပြီဆိုရင် ပါးစပ်တစ်ပေါက်ပိုရှိလာမှာပဲလေ... ဒါပေမဲ့ မိသားစုမှာ ကလေး သုံး၊ လေးယောက်ရှိလာပြီဆိုရင်တော့ မလွယ်တော့ဘူးပေါ့...
ဒါကြောင့်ပဲ ကျောင်းဆရာတွေရဲ့ မိသားစုတွေတောင်မှ ဂျုံ၊ ဆန်ကြမ်းတွေကို အလှည့်ကျ စားရတတ်လေသည်။
ဟွမ်ရှင်းရင် ဇနီးကောင်းတစ်ယောက်ဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ သူတို့မိသားစုမှာ ကလေးတစ်ယောက်သာရှိခြင်းကြောင့်ပင်။
ဇနီးမောင်နှံနှစ်ယောက်လုံး အလုပ်လုပ်ကြသည်ဖြစ်၍ ဝင်ငွေရှိကြသည်။ ဟွမ်ရှင်းရင်က အလုပ်မှ အိမ်ပြန်ရောက်တဲ့အခါ လုပ်စရာအိမ်အလုပ်များများစားစားမရှိဘဲ ထမင်းဟင်းချက်ပြုတ်၊ ညစ်ပေနေတဲ့အဝတ်အစားတွေလျှော်၊ အိမ်သန့်ရှင်းရေးလုပ်တာတွေပဲ ရှိလေ၏။
သူတို့နှစ်ယောက်လုံးက လစဥ် ဆန်စပါးအထောက်အပံ့တွေ လုံလုံလောက်လောက်ရကြသည်ဖြစ်ရာ မိသားစုဟာ မကြာခဏ နည်းနည်းပိုပြီး စားသောက်သုံးစွဲနိုင်ကြသလို သူတို့ရဲ့ ဘဝဟာလည်း သာယာအေးချမ်းပြီး တောက်ပနေလေသည်...
ဆန်နှင့်ဆီမရှိဘဲ ချက်ပြုတ်ဖို့ဆိုတာ အရမ်းတော်တဲ့ဇနီးသည်တွေအတွက်တောင် လုပ်ရကိုင်ရခက်ခဲတာပဲလေ။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့မိသားစုနှစ်ခုဟာ တူညီကြလေရဲ့။
တခြားမိသားစုအဖွဲ့ဝင်တွေ၊ အထူးသဖြင့် သားသမီး လေး၊ ငါးယောက်ရှိတဲ့ မိသားစုတွေက ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ငွေစုရမည်ပင်။
"ကလေးပြုစုပျိုးထောင်ရတာ မလွယ်ဘူးနော်!" ချင်းရို့ ငါးပုံးကိုယူရန် မီးဖိုချောင်သို့ ပြန်သွားလိုက်ပြီး လီချင့်ဟွားရဲ့ လတ်တလောပြောင်းလဲမှုတွေနှင့် အိမ်ထဲက ဖက်တီးလေးနှစ်ယောက်ကို ပြန်တွေးကြည့်နေမိရင်း သူမ ရုတ်တရက်ကြီး ကလေးပြုစုပျိုးထောင်ရတဲ့ ဖိအားတွေကို ခံစားလိုက်ရသည်။
ယေဘူယျအားဖြင့် လေကြောင်း၊ ရေအောက်၊ မြေပြင်နှင့် ကမ်းရိုးတန်းတို့တွင် လုပ်ခလစာမှာ မြင့်ရာမှ နိမ့်လေ၏။ အန္တရာယ်များလေလေ လစာနှင့် အကျိုးခံစားခွင့်တွေ ပိုကောင်းလေလေဖြစ်သည်။
လုယန်က ရေမျက်နှာပြင်ပေါ်မှာ အလုပ်လုပ်သည်မို့ လစာနှင့် ခံစားခွင့်တွေဟာ ပိုများသည့်အပြင် သင်္ဘောမှ ထောက်ပံ့ကြေးလည်း ရှိပါသေးသည်။ အလုပ်က ပင်ပန်းပေမယ့် လစာလည်း ကောင်းလေ၏။ အားလုံးပေါင်းလိုက်ပါက တစ်လကို ပျမ်းမျှ ၂၀၀လောက်ရှိလေရဲ့။
xxx