Ch-126
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၂၆)


ရွှယ်ရှောင်ဟွေ့ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေရင်တောင်မှ ချင်းရို့အပြုံးမှာ ကျရှုံးသွားမိဆဲ။ 


သူမရှေ့မှာ ရဲဘော်ချင်းဟာ အမှန်တကယ့်ကို လင်းလက်တောက်​ပနေပြီး လှပချောမောတဲ့ အလှလေးပါပဲ။ 


ဒီလောက်လှပတဲ့ မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသဖြင့် သူမ တကယ်ပင် စိတ်လှုပ်ရှားနေခဲ့ပေမယ့် သူမအရှေ့က အလှလေးကို မကြည့်ပဲလည်း မနေနိုင်ပေ။ 


"နင်လည်းလှပါတယ်နော်" 


"မဟုတ်တာ မဟုတ်တာ... မဖြစ်နိုင်တာတွေ" 


ချင်းရို့ ထိုင်ကာ သူမနှင့် ခဏတစ်ဖြုတ် စကားစမြည် ပြောနေခဲ့ရာ ဆရာမဖေးဖေးဟာ နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်း​သလို စကားပြောနေစဥ်အတွင်း သူမဟာ အလွန်စိတ်လှုပ်ရှားနေပုံပေါ်နေကြောင်း သူမတွေ့ရှိသွားခဲ့သည်။ ချင်းရို့က သူမအား ကျောင်းသားတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ သူမလုပ်ရိုးလုပ်စဥ်အတိုင်း စိတ်သက်သာရာရသွားသည်အထိ ဖြည်းဖြည်းချင်း နှစ်သိမ့်ပေးခဲ့ပေသည်။ 


ရွှယ်ရှောင်ဟွေ့ဟာ ရှက်ရွံ့နေကာ "ရဲဘော် ချင်းရေ မူကြိုဆရာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကိုသင်ပေးလို့ရမလားဟင်?" လို့ ပြောလာခဲ့သည်။ 


"နင်က မူကြိုဆရာမဖြစ်ဖို့ မွေးဖွားလာခဲ့တာလို့ ကျောင်းအုပ်ဝူပြောလို့လေ" 


ချင်းရို့: "..." ကိစ္စမရှိပါဘူး... 


"ငါ... ငါ အမြဲတမ်း တုန်လှုပ်နေပြီးတော့ စိတ်လျော့လို့မရလို့" 


ရွှယ်ရှောင်ဟွေ့က သူမဟာ ဆရာမတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကို မျက်ရည်တွေနဲ့ ပြောပြလာခဲ့သည်။ သူမက အမှန်တကယ်ပဲ လူစိမ်းတွေနဲ့ တွေ့ဆုံရတာကို ကြောက်ရွံ့တတ်သလို အပြင်လူတွေအရှေ့မှာဆို အလွယ်လေး တုန်လှုပ်တတ်လေ၏။ သို့ရာတွင် သူမကိုယ်သူမ ထောက်ပံ့ဖို့ရာ အလုပ်လုပ်ရမည်ပင်။ 


ဆရာမတစ်ယောက်ဖြစ်ရုံမှတပါး သူမနဲ့ လိုက်ဖက်တဲ့ တခြားအလုပ်လည်း မရှိပါချေ။ အရပ်ရှည်ရှည် အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနှင့် နှိုင်းယှဉ်ပါက ရွှယ်ရှောင်ဟွေ့က ကလေးများနှင့် အတူနေဖို့ကို ပို၍နှစ်သက်လေ၏။ 


သူမ မူလတန်းကျောင်းသားအုပ်စုကို လက်မခံနိုင်ဘဲ မသိနားမလည်သေးသော၊ အပြစ်ကင်းစင်သော ကလေးတွေကိုသာ လက်ခံနိုင်သောကြောင့် မူကြိုဆရာမအလုပ်ကို မြတ်နိုးပေသည်။ 


"တုန်လှုပ်နေတာတွေကို လွှတ်မချနိုင်ဘူးလား... သီချင်းဆိုတတ်၊ ကတတ်လား?" 


"ဟင့်အင်း အရမ်းကြီးတော့မကောင်းဘူး" 


"ဒါဆို အနာဂတ်မှာ ကလေးတွေနဲ့အတူတူ သီချင်းဆို၊ ကဖို့ ကြိုးစားကြည့်ပါ" ချင်းရို့ သူမကို အကြံတစ်ခုပေးလိုက်၏။ 


လူတွေရှေ့မှာ မကြာခဏ သီချင်းဆိုခြင်းနဲ့ ကခုန်ခြင်းပြုလုပ်ပါက အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း လူမှုရေးဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို လွှတ်ချနိုင်သွားလိမ့်မည်ပင်။ 


မူကြိုဆရာမအလုပ်ဟာ လူမှုရေးဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အသင့်တော်ဆုံးပင်။ တစ်ယောက်ယောက်က ကလေးတွေနဲ့အတူတူ ရှိနေနိုင်သလို ကိုးရိုးကားယားကခုန်နိုင်ကြမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လူတိုင်း ကလေးတွေနဲ့ဆို အတူတူ ကနိုင်တယ်လေ။ 


"… ငါ အကမတော်ဘူး" 


"ငါ နင့်ကို သင်ပေးနိုင်ပါတယ်" ချင်းရို့ စဉ်းစားကြည့်ပြီးနောက် "ငါ နင်နဲ့ အတူတူကပေးဖို့ မူကြိုကို လာခဲ့မယ်လေ"လို့ ပြောလိုက်လေ၏။ 


ရွှယ်ရှောင်ဟွေ့ အံ့အားသင့်သွားလျက် "တကယ်လား? အဲလိုဆို နင့်အတွက် ဒုက္ခအရမ်းများသွားမယ်မဟုတ်လား?!!" 


"ဒုက္ခမများပါဘူး"  


ချင်းရို့က ဒါဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်ပစ်လိုက်တယ်လို့ပဲ တွေးခဲ့ပေသည်။ သူမက ကလေးမွေးဖွားခါစဖြစ်ကာ သုံးလကျော်ပဲရှိပါသေးသည်။ မကြာသေးမီက သူမရဲ့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ယောဂကျင့်ခဲ့သည်။ အမှန်တကယ်တော့ သူမဟာ လေ့ကျင့်ခန်းအတွက် ရိုးရှင်းတဲ့အကတွေ ကချင်နေခဲ့တာလေ။ 


သို့သော် သူမသိတဲ့ အကအများစုဟာ ကလေးတွေအတွက် ကကွက်တွေပဲ ဖြစ်နေခဲ့သည်။ ကကွက်တွေဟာ ရိုးရှင်းပြီး နှေးကွေးသလို သင်ယူရလွယ်ကူ၍ သူမရဲ့ လက်ရှိအခြေအနေနဲ့ သင့်တော်လေသည်။ 


ဒါပေမယ့် အဲဒါတွေက ကလေးအကတွေပဲလေ။ ကလေးတွေ ကတဲ့အခါ ချစ်စရာကောင်းပေမယ့် လူကြီးတွေကရင်တော့ အရူးလို ရယ်စရာကြီးဖြစ်နေမှာ...  


ချင်းရို့တစ်ယောက် အိမ်မှာ ကရတာ ရှက်ရွံ့နေပေမယ့် မူကြိုမှာ သွားကရမယ်ဆိုရင်တော့ အဆင်ပြေတယ်လေနော်။ 


ကလေးတွေရှေ့မှာဆို သူမ လွတ်လွတ်လပ်လပ် ကနိုင်ပြီး ပတ်ဝန်းကျင်ရှိ လူတွေကလည်း သူမရဲ့ဦးနှောက်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားရမှာ မဟုတ်ဘူးလေ။ 


"ရဲဘော်ရှောင်ချင်းရေ နင်က တကယ့်ကို ကြင်နာတတ်တာပဲဟာ!!!" ရွှယ်ရှောင်ဟွေ့ သူမအား အလွန့်အလွန် ကျေးဇူးတင်နေလျက်။ 


သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ကလေးနှစ်ယောက်ရဲ့ "ဦးလေး!" "ဦးလေး!"လို့ ခေါ်သံတွေကို ကြားလိုက်ရလေ၏။ 


လုယန် အိမ်ထဲဝင်လာတဲ့အခါ ချင်းရို့က ပြုံးလိုက်ပြီး သူမရဲ့ခင်ပွန်းအနား လျှောက်သွားလိုက်၏။ ရွှယ်ရှောင်ဟွေ့က အိမ်ထဲဝင်လာတဲ့ အရပ်ရှည်ရှည်အမျိုးသားကို တွေ့လိုက်ရတဲ့အခါ သူမတစ်ကိုယ်လုံး တင်းမာသွားလျက် သူမခေါင်းထဲမှာ ရေဒါအချက်ပေးသံအမျိုးမျိုး ထွက်ပေါ်လာပါတော့သည်။ 


ဒီလူကို ကြည့်ရတာ အရမ်းကြောက်စရာကောင်းတာပဲ... 


မူလကတည်းက သူစိမ်းတွေနဲ့ တွေ့ရမှာကို ကြောက်တတ်တဲ့ ရွှယ်ရှောင်ဟွေ့ဟာ အရပ်ရှည်ရှည်အမျိုးသားကို တွေ့ရတဲ့အခါ ပိုလို့တောင် ကြောက်ရွံ့လာခဲ့ပြီ။ 


"ဒါက လောင်လုလေ။ မင်းရဲ့လောင်ဝမ်နဲ့ သူငယ်ချင်းတွေပဲ။ သူတို့က အကယ်ဒမီမှာ အတူတူ ပညာသင်ခဲ့ကြတာတဲ့" 


"အိုး ဟုတ်ကဲ့... ရဲဘော်လု... ကျွန်မ ဝမ်ဆီကနေ ရှင့်အကြောင်းတွေ ကြားဖူးပါတယ်။ သူ... သူက ရှင့်အကြောင်းတွေ အများကြီးပြောပြဖူးတယ်" 


ရွှယ်ရှောင်ဟွေ့သည် လုယန်ကို မြင်ပြီးနောက် အပ်တွေပေါ်မှာ ထိုင်နေရသလိုမျိုး ခံစားရတာကြောင့် မိနစ်အနည်းငယ်အတွင်းမှာပဲ နှုတ်ဆက်ဖို့ အကြောင်းပြချက်ပေးကာ ထွက်ပြေးသွားတော့သည်။ 


"သူမက လောင်ဝမ်နဲ့ စေ့စပ်ထားတဲ့သူလား?" 


"ရှင် အရင်က သူမကို မမြင်ဖူးဘူးလား?" 


"ကိုယ်ကြားပဲကြားဖူးတာ။ ဒါပေမယ့် တစ်ခါမှ မတွေ့ဖူးဘူး"  


လုယန်နှင့် ချင်းရို့တို့က ဘေဘီလေးတွေကို ကြည့်ဖို့ အခန်းထဲဝင်သွားကြ၏။ ပိစိလေးတွေဟာ လုံလုံလောက်လောက်စားပြီးသွားသည်နှင့် အိပ်ပျော်သွားခဲ့ကြကာ သူတို့နိုးလာတဲ့အခါ ချင်းရို့က ပလုတ်တုတ်လေးကို ကိုင်၍ သူတို့နဲ့ ဆော့ကစားပေးခဲ့သည်။ 


လုယန်လည်း ကလေးလေးတွေကို ချော့မြူပေးခဲ့လေ၏။ 


"လောင်ဝမ်က ဒီလိုမိန်းကလေးမျိုးကို ရှာတွေ့လိမ့်မယ်လို့ ကိုယ်မမျှော်လင့်ထားခဲ့ဘူး" 


"ဘာလို့လဲ?" ချင်းရို့ အတင်းပြောလိုစိတ်ဖြင့် မေးလိုက်၏။ 


လုယန်လည်း ယမန်နှစ်က အကယ်ဒမီမှာ ကျောင်းတက်နေချိန်က လောင်ဝမ်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်တဲ့ လိုအပ်တဲ့စံနှုန်းတွေအကြောင်း ပြောပြလိုက်သည်။ သူ့မိန်းမက ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်၊ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ရမယ်၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုပဋိပက္ခတွေကို ရှောင်ရှားတဲ့သူလည်းဖြစ်ရမယ်တဲ့... 


ချင်းရို့: "... ရဲဘော်ဝမ်က တကယ့်ကို တွေးခေါ်တတ်တာပဲနော်" 


"ဒါပေမဲ့ မင်းကြိုက်တဲ့လူနဲ့တွေ့တဲ့အခါ ဒါတွေကို ဘယ်လိုထည့်တွေးနိုင်မှာလဲကွာ" လုယန် ပြုံးလျက် သူမအား လျှို့ဝှက်စွာ နမ်းလိုက်လေ၏။ 


"ကျွန်မရဲ့ လောင်လုက အတော်ဆုံးပါပဲနော်" 


လုယန် ဖက်ထုပ်လေးကို အောက်ပြန်ချလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလာလေ၏။ "ဒါပေမယ့် သူမက တော်တော့်ကို ထူးဆန်းတာပဲ၊ ကိုယ့်ကိုတွေ့တာနဲ့ အရမ်းတုန်လှုပ်သွားတာ" 


ချင်းရို့လည်း အရမ်းထူးဆန်းတယ်လို့ သူမဘာသာ တွေးနေမိသည်ပင်။ 


'သူမရဲ့ မျက်လုံးထဲမှာ လုယန်က ဂေါ်ဇီလာဖြစ်နေလို့များလား'  


xxx