Ch-125
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၂၅)


ဝမ်ယွမ်ကျန်းမှာ လုပ်စရာရှိနေသေး၍ သူတို့အိမ်မှာ အကြာကြီးမနေခဲ့ပေ။ သူက သတင်းကောင်းပြောပြပြီးတဲ့နောက် သူတို့အိမ်မှာ ပစ္စည်းတွေ အများကြီးချန်ထားခဲ့လေသည်။ 


ချင်းရို့ ကြည့်လိုက်တော့ ရှမင်ရှီးနှင့် ကျင်းရိလေးတို့အတွက် ချောကလက်တွေ၊ သကြားလုံးတွေ၊ ဘီစကစ်တွေ၊ မက်မွန်ကိတ်တွေနှင့် တခြားအရာတွေမှန်း တွေ့လိုက်ရလေသည်။ သည့်အပြင် ဝိုင်ကောင်းနှစ်ပုလင်းနှင့် အာဟာရဖြည့်စွက်စာတွေအများကြီး ပါလာသေးသည်။ 


ချင်းရို့ အလွန်စိတ်ရှုပ်ထွေးသွားရပြီး ဝိုင်ပုလင်းကို ကောက်ယူ၍ တချက်ကြည့်လိုက်ရာ ယင်းမှာ ဝိုင်ကောင်းတစ်ပုလင်းဖြစ်နေလေရဲ့။ 


"သူ ကျွန်မတို့ကို သတင်းကောင်းလာပြောပြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာလို့ လက်ဆောင်တွေအများကြီးယူလာရတာတုန်း? ရှင့်ဆီမှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဘယ်လောက်ရှိလဲ? လူတိုင်းက ဒီလိုမျိုးလက်ဆောင်တွေပေးနေရင်တော့ သူတို့ ဒေဝါလီခံကုန်တော့မှာပဲနော်" 


လုယန်က အနှီးကို လျှော်နေရင်း သာမန်ကာလျှံကာဖြင့် "ပြဿနာမရှိပါဘူး၊ ဒါက ကျေးဇူးတင်တဲ့လက်ဆောင်ပဲ" 


ချင်းရို့: "???!!!" ကျေးဇူးတင်လက်ဆောင်? 


"ဘာကိစ္စရှိလို့လဲ? ရှင်က အောင်သွယ်လုပ်ပေးခဲ့လို့လား?" 


"ကိုယ့်တူလေး ရှီးရှီးပါကွာ" 


"ဘယ်လို?!" 


ချင်းရို့ အံ့အားသင့်သွားရလျက်။ ထိုမှသာ ဝမ်ယွမ်ကျန်းအတွက် အောင်သွယ်တော်က ရှမင်ရှီးဖြစ်ကြောင်း သူမသိလိုက်ရလေ၏။ 


ဒီကလေးက လေးငါးနှစ်သားအရွယ်လေးနဲ့တင် အောင်သွယ်လုပ်တတ်နေပြီပဲ... 


ဝမ်ယွမ်ကျန်းရဲ့ သတို့သမီးမှာ ရှမင်ရှီးရဲ့ မူကြိုဆရာမဖြစ်၏။ ပျော်ပွဲစားထွက်ကြစဥ် ရှမင်ရှီးက ဝမ်ယွမ်ကျန်းနဲ့ မတော်တဆတွေ့ဆုံခဲ့ကြရာ ကလေးငယ်ဟာ စိတ်သဘောကောင်းသူမို့ သူရင်းနှီးတဲ့လူကို တွေ့တာနဲ့ "ဦးလေးဝမ် ဦးလေးဝမ်!!!" လို့ နှုတ်ဆက်ခဲ့ပေသည်။ 


"ဟေး ဒါက လုမိသားစုက ကလေးလေးပဲ" 


"ဦးလေးဝမ် ဒါက သားဆရာမ ဖေးဖေးပါ" 


ဝမ်ယွမ်ကျန်းလည်း ရှောင်မင်ရှီးကို သတိထားမိသွားပြီးနောက် သူ့ဘေးနားက မူကြိုဆရာမကိုပါ သတိပြုမိသွားခဲ့သည်။  


အနှီဝကစ်ကစ်ကလေးငယ်ဟာ ထူးထူးခြားခြား ကောင်းမွန်သူပင်။ သူဟာ တစ်ယောက်တည်း သူငယ်ချင်းလုပ်တာတင်မကဘဲ တခြားသူတွေကိုပါ မိတ်ဆွေသူငယ်ချင်းဖြစ်စေရန် တိုက်တွန်းတတ်လေရာ သူတို့တွေကို မိတ်ဆက်ပေးလိုက်ပါသေးသည်။ ဒီလိုနဲ့ နှစ်ယောက်သား စုံတွဲဖြစ်သွားကြလေရဲ့။ 


ချင်းရို့: "..." ဒီလိုပဲပေါ့! 


ချင်းရို့ ဝိုင်ပုလင်းကို အနည်းငယ်ထုံထိုင်းစွာဖြင့် လက်ညှိုးထိုးပြပြီး "ဒီဝိုင်ကရော ဘာတုန်း? ကျေးဇူးတင်လက်ဆောင်ပေါ့လေ? ရှင့်ကိုယ်ရှင် ရဲဘော်ကောင်းတစ်ယောက်လို့ ပြောနိုင်သေးတာလား?!" 


သူမရဲ့ မီးတွင်းကာလအချိန်လေးမှာ ဒီဦးလေးနှင့်တူလေးအတွဲက သူမကို ဖုံးကွယ်ထားတာတွေ များနေတာပဲနော်။ 


ထိုအခါ လုယန် ပေါ့ပေါ့ပါးပါးနဲ့ "ကိုယ် သူ့ကို အကြံတစ်ခုပေးခဲ့တာ" လို့ပြောလာခဲ့သည်။ 


ထိုလူရဲ့ လေသံမှာ တည်ငြိမ်အေးဆေးနေသော်ငြား ချင်းရို့ကတော့ သူ့ကိုယ်သူဂုဏ်ဖော်အားရကျေနပ်နေမှုနှင့် ထူးထူးခြားခြား ကြွားဝါနေမှုတို့ ပါဝင်နေတာကို ကြားနိုင်လေရဲ့။။ 


ချင်းရို့: "…" 


မျက်မမြင်ကြောင်က ကြွက်သေကို တွေ့ခဲ့တာ ဖြစ်နိုင်မလား? (မမျှော်လင့်ဘဲ ကံကောင်းသွားတယ်လို့ပြောချင်တာပါ) 


"ရှင် သူ့ကို ဘာအကြံ​ပေးခဲ့လို့လဲ?" 


သူမ ထင်နေတဲ့ဟာပဲ ဖြစ်နိုင်မလား... 


"ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်အနေနဲ့ ဆိတ်ဆိတ်နေသင့်တယ်" 


ချင်းရို့: "…" 


မေ့လိုက်ပါတော့... သူမ အဲဒီလုပ်ငန်းစဉ်ကို မသိချင်တော့ပါဘူးနော်။ အနည်းဆုံးတော့ ရလဒ်က ကောင်းနေတာပဲလေ။ 


ဒါပေမယ့် ဝမ်ယွမ်ကျန်း ဘယ်သူနဲ့ လက်ထပ်မလဲဆိုတာကို သူမ အရမ်းသိချင်နေခဲ့ပေသည်။ 


နှစ်ရက်အကြာတွင် ချင်းရို့က သူမအိမ်ဆီသို့ ကလေးငယ်နှစ်ယောက်နှင့်အတူတူ လိုက်လာတဲ့ ရွှယ်ရှောင်ဟွေ့ကို တွေ့ဆုံခဲ့ရချေပြီ။ ရှမင်ရှီးက သူမအား ဆရာမဖေးဖေးလို့ ခေါ်ပြီး သူမဟာ မကြာသေးမီကမှ သူတို့ရဲ့ မူကြိုသို့ အသစ်ရောက်လာတဲ့ ဆရာမဖြစ်လေသည်။  


ရွှယ်ရှောင်ဟွေ့သည် မူလက ကွမ်တုန်းပြည်နယ်မှ ပညာတတ်လူငယ်တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းတွင် မူလတန်းပြဆရာမအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သူမက မူလတန်းကျောင်းတွင် ရက်အနည်းငယ်ကြာ နေပြီးနောက်မှ မူကြိုဆရာမအဖြစ် ပြောင်းရွှေ့ရန် တောင်းဆိုခဲ့လေ၏။ 


"ဟယ်လို ရဲဘော်ချင်းရေ ငါ့နာမည်က ရွှယ်ရှောင်ဟွေ့ပါ။ ငါတို့ကျောင်းအုပ်ကြီးဆီကနေ နင့်အကြောင်းတွေ ကြားဖူးတယ်" 


"မင်္ဂလာပါ ဆရာမရွှယ်"  


ချင်းရို့က သူမကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်မိသွားရလျက်။ 


အကြောင်းသည်ကား ရွှယ်ရှောင်ဟွေ့ဟာ မျက်နှာဝိုင်းဝိုင်းနဲ့ အလွန်နူးညံ့ပြီး ချစ်စဖွယ်အသွင်အပြင်ရှိကာ အလွန်ရှက်တတ်ပုံပေါ်လေ၏။ သူမက ကျစ်ဆံမြီးကျစ်ထားလျက် သူမ စကားပြောတဲ့အချိန် တဖက်လူရဲ့ မျက်လုံးထဲသို့ တိုက်ရိုက်မကြည့်ဝံ့သလို ရိုးရှင်းပြီး မသိနားမလည်သော ယုန်ဖြူလေးတစ်ကောင်လို ရှက်ရွံ့ထိတ်လန့်နေလေ၏။ 


သူမက လူမှုရေးကြောက်တဲ့ ယုန်ဖြူလေးလိုပဲ။ 


အလိုလေး! ! 


ချင်းရို့ သူမကို လူချင်းတွေ့လိုက်ရတဲ့အခါ ဤမိန်းကလေးဟာ အမှန်တကယ် ဖြူစင်ပြီး လှပကြောင်း ခံစားခဲ့ရလျက်။ သည့်အတွက် လောင်ဝမ်က သူမလေးကို လက်ထပ်ဖို့ အရမ်းစိတ်အားထက်သန်နေတာဟာ အံ့သြစရာမဟုတ်ဘူးပဲနော်။ 


အရည်လဲ့နေတဲ့ မက်မွန်သဏ္ဍာန်မျက်ဝန်းတွေကို ကြည့်လိုက်ပါက သဘာဝကျကျ အပြစ်ကင်းစင်နေမှုတို့ကို ဖော်ပြနေရာ ချင်းရို့က သူမကိုယ်သူမ ပြန်တွေးကြည့်မိတဲ့အခါ သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုဟာ ညုတုတုမြေခွေးမလေးနှင့် ရိုးရိုးစင်းစင်းယုန်ဖြူလေးတို့လိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။ 


ချင်းရို့: "…" 


"ဒေါ်လေး! ဆရာမဖေးဖေး!!" 


"ဒေါ်လေး!!" ရှမင်ရှီးက ရှောင်ကျင်းရိနဲ့ အတူတူ ခုန်ပေါက်နေသည်မှာ ယုန်ဖြူလေးကို မြေခွေးမလေးဆီသို့ ဦးဆောင်ခေါ်လာတဲ့ ကြက်ဖလေးနှစ်ကောင်အလား။ 


ချင်းရို့က ဆရာမရွှယ်အတွက် လှီးစိတ်ထားပြီးတဲ့ အသီးအနှံတချို့ကို ထုတ်ယူလာကာ လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်၏။ 


ရွှယ်ရှောင်ဟွေ့အတွက်မူ တစ်စုံတစ်ယောက်ရဲ့ အိမ်ကို ပထမဆုံးအကြိမ် ဧည့်သည်အဖြစ်သွားခြင်းဖြစ်လေ၏။ သူမ လက်ဖက်ရည်ခွက်ကို အလျင်စလိုကိုင်လိုက်ပြီး ကျောင်းအုပ်ကြီးကို ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး မတ်မတ်ကြီးထိုင်နေခဲ့သည်။ 


ချင်းရို့: "…" 


ခေါင်းဆောင်လုရဲ့ "ဆိတ်ဆိတ်နေခြင်း" စစ်ဆင်ရေးဟာ ဘာကြောင့် အောင်မြင်သွားရသလဲဆိုတာ သူမတော့ နားလည်သွားပြီနော်... 


လူမှုရေးကြောက်တတ်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ်ယောက်က တအားစိတ်ပါလက်ပါပြောဆိုနေခဲ့ရင် အဲဒီလူကို ကြောက်လန့်သွားစေလိမ့်မှာလေ။ 


"ချင်း... ရဲဘော်ချင်းရေ နင်က အရမ်းလှတာပဲ!!" ရွှယ်ရှောင်ဟွေ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမရှေ့က ချင်းရို့ကို မချောင်းကြည့်ဘဲမနေနိုင်ဖြစ်နေလျက်။ ရဲဘော်ချင်းက လှတယ်ဆိုတာ သူမသိပေမယ့်လည်း ဒီလောက်လှပကျက်သရေရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ။ 


သူမရဲ့မျက်လုံးတွေက အရမ်းလှပသလို သူမပြုံးလိုက်တဲ့အခါမှာလည်း နွေဦးမှာ ပန်းတွေပွင့်လန်းလာသလိုမျိုး စွဲမက်ဖွယ်ကောင်းနေပြီး လှပကာ ညှို့ယူဖမ်းစားနိုင်သည်ပင်။ 


xxx