၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၂၄)
ဟွမ်ရှင်းရင်နှင့် ကျန်းချန်ပေ့တို့နှစ်ယောက်အတူ ဗေဒင်နက္ခတ်တို့ကို တွက်ချက်ကြည့်ပြီး ဒီကလေးဟာ မိန်းကလေးဖြစ်မယ်လို့ ကောက်ချက်ချလိုက်လေ၏။ သူတို့အိမ်နီးချင်းထက်အရင် သားလေးရော သမီးလေးရော လိုချင်နေတဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ရော၊ ကျန်းရိချောင်ကို ညီမလေးတစ်ယောက်ပေးချင်တဲ့အတွက်ပါ ဒီကလေးကို မွေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့နှစ်ယောက်ဟာ လီချင့်ဟွားရဲ့ အနာဂတ်ကိုလည်း ကြည့်ရှုခဲ့ပြီး သူမဟာ သားယောကျ်ားလေး ကိုယ်ဝန်လွယ်ထားသင့်တယ်လို့ သိရှိလိုက်ရသည်။
ဟွမ်ရှင်းရင်က သူမရဲ့ကိုယ်ဝန်ဟာ သမီးလေးဖြစ်မယ်လို့ သိပေမယ့်လည်း နောက်ဆုံး သားအကြီးဆုံးကို ကိုယ်ဝန်ဆောင်စဥ်ကလို အဖြစ်မျိုးနဲ့ အရမ်းတူနေတယ်လို့ ခံစားမိနေခဲ့သည်။ သို့အတွက် ဒီကလေးဟာ သားလေးလား သမီးလေးလားဆိုတာ မကျိန်းသေခဲ့ပါချေ။
"မစ္စစ်ဟွမ်ရေ... မင်းက သမီးလေးမွေးမှာ သေချာတယ်"
ဒီစကားကိုကြားတဲ့ ဟွမ်ရှင်းရင်က အရမ်းပျော်သွားခဲ့သည်။
သို့သော် ရုံးတစ်ခုထဲမှာ အတူတူအလုပ်လုပ်နေတဲ့ ဆရာမရှောင်ကျိုးက "နောက်ဆုံးတခေါက် ရိချောင်ကို ရှင် ကိုယ်ဝန်လွယ်တုံးကလဲ ရှင် အစပ်တွေ စားရတာ ကြိုက်တယ်လို့ ပြောခဲ့တယ်လေ။ တကယ်တော့ အစပ်စားရတာ ကြိုက်ရုံလောက်နဲ့တော့ သမီးလေးဖြစ်လိမ့်မယ်လို့ အတပ်မပြောနိုင်ပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ဆရာမဟွမ်ကလည်း အမြဲ အစပ်တွေပဲ ကြိုက်ခဲ့တာဆိုတော့လေ။ တက်ကြွတဲ့သားယောကျာ်းလေးဖြစ်တော့လည်း ကောင်းတာပါပဲ၊ ရှင့်သားလေးလည်း ညီလေးတစ်ယောက် ရတာပေါ့"
ဒီစကားကို ကြားတဲ့အခါ ဟွမ်ရှင်းရင်ရဲ့ မျက်နှာ ပုပ်သိုးသွားပြီး မပျော်ရွှင်တော့ပေ။ သူမက ဒီတစ်ခါ သမီးလေး လိုချင်နေခဲ့တာလေ။
လီချင့်ဟွားသည်လည်း ခြံဝန်းထဲမှာ မဆင်မခြင်ပြောနေခဲ့လျက်။ "ကျွန်မလည်း သမီးလေးလိုချင်လိုက်တာ"
သူမနှင့် သူမယောကျာ်း နိုင်ငံရေးအရာရှိလျိုတို့ကလည်း ကလေးမရတာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ နိုင်ငံရေးအရာရှိလျိုဟာ သူ့မိန်းမက ကလေးမလိုချင်တော့ဘူးလို့ တွေးမိသဖြင့် သူမအား ကလေးယူကြဖို့လည်း အတင်းဖိအားမပေးခဲ့ခြင်းပင်။ လီချင့်ဟွားကလည်း သူမယောကျာ်းရဲ့ ရင်ထဲမှာ သူမ မရှိတော့ဘူး၊ သူ့အတွက် ကလေးမွေးပေးခဲ့ရင်လည်း ပျော်ရွှင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့လေသည်။
အချိန်တစ်ခု ကြာပီးနောက် သူတို့စုံတွဲဟာ သူတို့သားလေးအတွက် ညီမလေးတစ်ယောက် မွေးပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြ၏။
"ဟွားဟွားရေ... ရှင်က သမီးလေးလိုချင်တယ်ဆိုရုံနဲ့ သမီးလေး ရနိုင်မယ်လို့ ထင်နေတာလား? သားလေးဖြစ်ရင်ကော ဘယ်လိုလုပ်မလဲ?"
"ရှင်ရော သမီးလေး လိုချင်လို့ဆိုပီး တကယ်ပဲ သမီးလေး ရမှာတဲ့လားနော်? ငါကတော့ ကိုယ်ဝန်မရှိခင်ကထဲက သမီးလေး မွေးလိမ့်မယ်လို့ အိမ်မက်မက်ခဲ့တာလေ"
"ဆရာမဟွမ်ရေ ရှင်ကတော့ သားလေးလွယ်ထားရတာ ဖြစ်နိုင်တယ်နော်"
ဟွမ်ရှင်းရင်ကတော့ 'ငါ သမီးလေးမွေးမှာပါ'လို့ စိတ်ထဲ တွေးနေခဲ့လေသည်။ ပြီးတော့ သူမက ပြောခဲ့ပါသေးသည်။ "လက်တွေ့ အမှန်တရားတွေက အိမ်မက်တွေနဲ့ ပြောင်းပြန်ဖြစ်တတ်တယ်လို့ ငါ
ကြားဖူးတယ်။ နင် အရင်တုန်းကလဲ သမီးလေး မွေးမယ်လို့ အိမ်မက်မက်ခဲ့တယ်ဆို၊ ဒါပေမဲ့ တကယ်မွေးလာတော့ သားလေး ဖြစ်နေတယ်လေ"
"ငါ့အိမ်မက်က မမှားပါဘူး။ ဒီတခေါက်က အရင်တစ်ခါ သားလေးမွေးတုန်းကနဲ့ လုံးဝကိုမတူဘူး"
ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့ နှစ်ယောက်လုံးက "ဘယ်သူက သားလေးမွေးပြီး ဘယ်သူက သမီးလေးမွေးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့ အတွေးကိုယ်စီ တွေးနေခဲ့ကြတော့သည်။
၉လပိုင်းအကုန်လောက်တွင် ဝမ်ယွမ်ကျန်းတစ်ယောက် လုအိမ်ကို ရောက်လာခဲ့၏။ အခုချိန်မှာ သူဟာ ပျော်ရွှင်လွန်းလို့ တစ်ကိုယ်လုံး လေထဲ လွင့်နေတယ်လို့ ခံစားနေခဲ့ရကာ သတင်းကောင်းတစ်ခု ပြောပြချင်လို့ ရောက်လာခဲ့တာ ဖြစ်လေသည်။
နောက်ဆုံးမှာတော့ သူ လက်ထပ်မှတ်ပုံတင်တဲ့ကိစ္စကို အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပြီး သူ့ရဲ့ မိသားစုဝင်အသစ်လေးနဲ့အတူ မိသားစုခြံဝင်းထဲကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ကြောင်း လာပြောပြခြင်းပင်။
ထိုဒာချိန်တုန်းက လူတွေဟာ သူတို့မှာ ပျော်စရာ ဝမ်းသာစရာ ကိစ္စတစ်ခုခုရှိလျှင် တွေ့တွေ့သမျှ လူတိုင်းကို ပြောပြတတ်ကြပြီး ပျော်ရွှင်မှုကို မျှဝေခံစားတတ်ကြလေသည်။
နောက်ဆုံးတော့ ဒီနှစ်ထဲမှာ သူ့ဆီ ကံကောင်းခြင်းတွေ ရောက်လာခဲ့ချေပြီ။ သူ မိန်းမရသွားခဲ့သလို အိမ်တစ်လုံးလည်းရခဲ့ပြီ။
ဝမ်ဟွမ်ကျန်းက အလွန်ယဥ်ယဥ်ကျေးကျေးဖြင့် "လောင်လုရေ... ငါ မင်းရဲ့ အိမ်နီးချင်း တကယ်ဖြစ်ချင်တာကွာ! နှမြောစရာကောင်းတာက မင်းရဲ့အိမ် ဘေးနှစ်ဖက်လုံး တခြားလူတွေ နေနှင့်ပြီးသားဖြစ်နေတာပဲ။ ဒါပေမဲ့ မင်းအိမ်ကနေ သိပ်မဝေးတဲ့ ဟိုဘက်နားမှာ အိမ်တစ်လုံး ရအောင် ရှာလိုက်မယ်။ ငါ ရှာလို့တွေ့တာနဲ့ မင်းကို အသိပေးမယ်လေ။ မင်း ငါ့အိမ်ကို လာလည်ရမယ်နော်၊ ငါတို့ တစ်ခွက်လောက် အတူတူသောက်ပြီး ရေဒီယိုလည်း နားထောင်ကြမယ်လေကွာ!!"
လုယန်က သူ့စကားတွေကို ထူးမခြားနားစွာ နားထောင်နေလျက်။ သူက သူ့သားရဲ့ အနှီးထုပ်တွေကို ပစ်ချလိုက်ကာ အဲဒီလက်နဲ့ပဲ လောင်ဝမ်ပုခုံးကို ပုတ်၍ "ဂုဏ်ပြုပါတယ်ကွာ"လို့ ပြောလိုက်လေ၏။
ဝမ်ယွမ်ကျန်း နောက်တချက်ဆုတ်သွားကာ နှာခေါင်းတွန့်သွားလျက် "ဒါ ဘာအနံ့ကြီးလဲ?"
"ငါ့သားဆီက အနံ့ပါကွာ"
"မင်း ကံမကောင်းချင်ဘူးလား?"
လုယန်က သူ့ခေါင်းကို စောင်းငဲ့၍ သူ့ကို ကြည့်လိုက်လေ၏။ သူ့ရဲ့ချောမောခန့်ညားတဲ့ မျက်နှာဟာ အရင်အတိုင်းပါပဲ။
မနှစ်က သူတို့ အတူတူ ကျောင်းတက်တဲ့ နေ့ရက်တွေဟာ မနေ့တစ်နေ့တုန်းကလိုပါပဲ။သင်တန်းကျောင်းက ပြန်ယူလာခဲ့တဲ့ ရေဒီယိုဟာလည်း ကောင်းကောင်းမွန်မွန်ရှိနေဆဲဖြစ်သလို သူ့အိမ်ကလည်း လက်ရှိနေရာမှာပဲ ရှိနေဆဲပင်။
ဒီနှစ်ရဲ့ လုတကောဟာ မနှစ်က လုတကောလိုမျိုး လူလွတ်လုတကော မဟုတ်တော့ဘူးလေ။
"ကောင်းချီးလား?"
ဝမ်ယွမ်ကျန်း တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ၎င်းကို လက်နှင့်ထိရန် ဆုံးဖြတ်လိုက်သည်။
လုယန်: "…"
- သိပ်ကောင်းတယ်!!
"မင်းက ရဲဘော်ကောင်းတစ်ယောက်ပဲကွာ၊ ငါ မင်းကို ကျေးဇူးတင်ရမယ်!" ဝမ်ယွမ်ကျန်း ကောင်းချီးရယူပြီးနောက် လုယန်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူ့ရဲ့ လေးလေးနက်နက် ကျေးဇူးတင်မှုကို ထုတ်ဖော်ပြောပြနေလျက်။
လုယန်က သူတို့နှစ်ယောက်ရဲ့ လက်တွေကို ငုံ့ကြည့်ပြီးနောက် သူ့ဘေးနားရှိ အနှီးထုပ်တွေကိုကြည့်လိုက်၏။ "..."
လောင်ဝမ်ရဲ့ မျက်နှာပေါ်ရှိ ကျေးဇူးတင်နေတဲ့ အမူအရာမှာ အတုအယောင်မဟုတ်ပေ။ ထိုရိုးရိုးသားသားမျက်လုံးများထဲတွင် ရေးထားသော "ငါ ထပ်ထိချင်သေးတယ်"ဆိုတဲ့ ဆန္ဒကို မှန်ဘီလူးဖြင့်ပင် မြင်နိုင်လေသည်။
ချင်းရို့ အိမ်ပြန်ရောက်လာတဲ့အခါ လက်တွေဆုပ်ကိုင်ထားတဲ့ ယောက်ျားနှစ်ယောက်ရယ်၊ ရင်းနှီးတဲ့ရနံ့တစ်ခုနဲ့ သူ့ဘေးမှာ ကလေးတွေရဲ့ အနှီးတွေကို သူမတွေ့လိုက်ရသည်။
ချင်းရို့: "... ဒါက?"
လုယန်က လောင်ဝမ်ရဲ့ လက်တွေကို ခါထုတ်လိုက်လေသည်။ "..."
ငါ့ဇနီးလေးရှေ့မှာ ငါ့ကိုလာဆွဲမနေနဲ့ကွ။
ဝမ်ယွမ်ကျန်းက နောက်တစ်ဖန် ပျော်ရွှင်နေတဲ့ ငှက်အသွင် ပြောင်းသွားပြန်ကာ "မရီးရေ ကျွန်တော် အိမ်ထောင်ပြုလိုက်ပြီဗျ၊ မိသားစုခြံဝင်းထဲကို ပြောင်းလာရတော့မှာ။ အနာဂတ်မှာ ကျွန်တော်တို့ မကြာမကြာတွေ့ရတော့မှာဗျာ။ ရှောင်ရွှယ်ကို ကူညီစောင့်ရှောက်ပေးဖို့အတွက် မရီးကို ဒုက္ခပေးရတော့မှာပဲ..."
ချင်းရို့ ထိုအကြောင်းကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ "ဂုဏ်ပြုပါတယ်!" လို့ ပြောလိုက်လေသည်။
"ရှီးရှီးက ဒီမှာမရှိဘူးလား?"
"သူ့အဖိုးအဖွားအိမ်ကို သွားတယ်"
"အိုး...သူ့အတွက် ပေးစရာရှိနေလို့ဗျာ..."
xxx