Ch-123
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၂၃)


ချင်းရို့ ကလေးမွေးပြီးသွားပြီဖြစ်ရာ သူမရဲ့ ခန္ဓာကိုယ်လည်း ပြန်လည်ကောင်းမွန်လာသလို ကိုယ်အလေးချိန်လည်း အများကြီးမတက်လာခဲ့ပေ။ မီးတွင်းကာလပြီးနောက် ချင်းရို့ရဲ့ ပုံစံမှာ အရင်အတိုင်းနီးပါး ပြန်ဖြစ်လာခဲ့ပြီး သူမရဲ့ ရင်သားတွေကသာ နည်းနည်းပိုကြီးလာခဲ့သည်။ 


ကလေးနှစ်ယောက်ဟာ ဖြူဖွေးနူးညံ့ကာ ချစ်ဖို့ကောင်းကြပေမယ့် သူတို့လေးတွေက အမေဖြစ်သူကို အမြဲလိုလို တွယ်ကပ်နေတတ်ကြ၏။ သူတို့အဖေပြန်လာရင်တော့ သူတို့အဖေဆီမှာ ကပ်နေပေလိမ့်မည်။ နှစ်ယောက်စလုံးက ငိုတာတွေ၊ ဒုက္ခပေးတာတွေ မလုပ်ကြပေ။ 


ချင်းရို့က သူတို့လေးတွေအတွက် နို့တိုက်ကျွေးတဲ့အချိန်ကို သေချာစီစဥ်ထားရာ ဘေဘီလေးနှစ်ယောက်ဟာလည်း အတော်လေးပူးပေါင်းဆောင်ရွက်တတ်ကြလေ၏။ 


ဖြစ်နိုင်တာကတော့ သူတို့လေးတွေဟာ လုမိသားစုဝင်ကလေးတွေဖြစ်ကြတာမို့အကျင့်စာရိတ္တကောင်းပြီး ဆိတ်ဆိတ်နေတတ်ကြတာပဲဖြစ်မယ်။ 


ညီအကိုနှစ်ယောက်က အတူတူပွေ့ဖက်တိုးဝှေ့နေကြရင်း ဗလုံးဗထွေးတွေပြောနေတတ်ပြီး တွန်းထိုးနေကြရာ အလွန်ချစ်စဖွယ်ကောင်းနေလျက်။ အမြွှာလေးတွေက အတော်လေးရုပ်ဆင်ကြသည်ပင်။ 


ချင်းရို့အတွက်မူ အမြွှာရှိတာက တော်တော်ကောင်းတယ်လို့ ထင်မြင်မိကာ ညီအကိုတွေ အတူတူဆော့ကစားနိုင်တယ်လို့ ခံစားရသည်ပင်။ 


ကလေးပိစိလေးတွေဟာ သူတို့ဘာသာ မလှည့်တတ်မပြုတတ်သေးတာကြောင့် ငါးဆားနယ်သေးသေးလေးတွေလိုမျိုး နေရာမှာပဲ လဲလျောင်းနေနိုင်ပြီး အများဆုံးကမှ ခုံးကြွနိုင်ကြလေသည်။ 


အတိတ်တုန်းက ချင်းရို့ ပန်ဒါပေါက်လေးတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့အခါ မွေးမြူရေးသမားက ပန်ဒါပေါက်လေးတွေကို စားပွဲပေါ်မှာ ပြားပြားလေးတင်ထားတတ်တာကို တွေ့ခဲ့ဖူးပေသည်။ 


အခုလောလောဆယ်မှာ အမြွှာလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ထောက်ပံ့နိုင်ဖို့ရာ ခြေလက်သေးသေးလေးတွေက အားနည်းနေပါသေးသည်။ သူတို့ပိုကြီးလာရင် အဆင်ပြေသွားမှာပဲလေ ဟုတ်တယ်မဟုတ်လား... 


ချင်းရို့က မီးတွင်းကာလပြီးသွားတဲ့နောက် အကြောဆန့်လျက် အပြင်ထွက်လာနိုင်ခဲ့ပြီဖြစ်ရာ သူမ ပို၍သက်တောင့်သက်သာရှိသလို ခံစားရ၏။ သူမက သူမရဲ့ ကိုယ်ပိုင်အလုပ်ကို ပြန်လည်စတင်ခဲ့ပြီး အပြင်ဘက်ခြံဝင်းကို ပြန်လည်စီမံပါတော့သည်။ 


သဘာဝတရားဟာ အလွန်ရက်စက်ပေမယ့်လည်း မျှော်လင့်ချက်ရှိပါသေးသည်။ သူမရဲ့ ခြံဝင်းဟာ ရှုပ်ထွေးနေပြီး မဖြစ်ထွန်းသော်လည်း အချို့နေရာတွေကတော့ အဆင်ပြေပါသေးသည်။  


မရှင်သန်နိုင်တဲ့ အပင်တွေဟာ ပိုးမွှားတွေကြောင့် သေဆုံးခဲ့ကြပေမယ့် အဝါရောင်ငရုတ်သီးလိုမျိုး ရှင်သန်နိုင်တဲ့ အပင်တွေကတော့ ကောင်းကောင်းမွန်မွန် ကြီးထွားနေဆဲဖြစ်တာကြောင့် မိသားစုက ငရုတ်သီးမစားရမှာကို စိတ်ပူစရာမလိုတော့ပေ။ 


ပန်းတွေနှင့် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခြင်းဟာ အံ့သြစရာများနှင့် ပြည့်နှက်နေတတ်သည်။ 


ချင်းရို့ အငတ်ဘေးလို့ခေါ်တဲ့ ဂိမ်းတစ်ခုကို ပြန်မတွေးမိဘဲ မနေနိုင်တော့။ 


နောက်ဆုံးတော့ သူမရဲ့ အိမ်ကို ထူထောင်ပြီးနောက် နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းရာသီတို့ရဲ့ ဒဏ်ကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရတယ်။ ဆောင်းရာသီမှာ အေးစိမ့်နေတတ်ပေမယ့် နွေဦးရောက်တဲ့အခါ အရာရာတိုင်း ပြန်လည်ရှင်သန်လာခဲ့ပြီးတော့ နွေရာသီမှာ နေအရမ်းပူပြင်းတဲ့အခါ ကောက်ပဲသီးနှံတွေက သူ့အလိုလိုရှင်သန်နေဆဲဖြစ်လိမ့်မယ်။ ဆောင်းဦးရောက်မှသာ သာယာလှပတဲ့ ရိတ်သိမ်းချိန်ကို ခံစားနိုင်လိမ့်မယ်။ 


စိုက်ပျိုးတဲ့ကာလအတွင်းမှာ မတော်တဆမှုများစွာ အမျိုးမျိုးပေါ်လာတတ်လေသည်။ 


ဒါဟာ သဘာဝရဲ့ ကျက်သရေပဲ ဖြစ်နိုင်လေရဲ့။ 


သူမမှာ ခွန်အားမရှိသလို ခံစားရပေမယ့် သူမရဲ့ ခန္ဓာကိုယ်ထဲက အပင်စိုက်ပျိုးချင်စိတ်ကတော့ ပြင်းပြနေဆဲ။ အနည်းဆုံးတော့ ဒီနှစ်ရဲ့အစက မနှစ်ကထက် ပိုကောင်းပါတယ်လေ။ 


သစ်ပင်ပန်းမန်တွေဟာလည်း အလှည့်ကျဖြစ်ဖို့ လိုအပ်လေ၏။ မနှစ်က သေဆုံးသွားခဲ့ကြပြီး မြေသြဇာပြန်လည်ဖြည့်တင်းသွားတာကြောင့် ယခုနှစ် အပင်တွေဟာ သန်သန်မာမာကြီးထွားလာနိုင်သည်။ 


ချင်းရို့နှင့် လုယန်တို့က တူလေးနှစ်ယောက်ကိုခေါ်ကာ ကြက်လှောင်အိမ်နှင့် ကြက်ခြံစည်းရိုးကို အတူတူပြန်ဆောက်ခဲ့ကြပြီး ခိုင်ခိုင်ခံ့ခံ့သက်ကယ်ထီးကိုလည်း ပြန်လုပ်ခဲ့ကြ၏။ ရှောင်မင်ရှီးနှင့် ရှောင်ကျင်းရိတို့က ပေါင်းပင်တွေကိုလည်း ကူညီနှုတ်ပေးခဲ့ပါသေးသည်။ 


သူမ ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ မိသားစုခြံဝင်း၌ တစ်ခုခုဖြစ်သွားခဲ့၏။ ဆောင်းဦးပေါက်ခါနီးအချိန်တွင် ဘေးအိမ်က ဟွမ်ရှင်းရင်နှင့် လီချင့်ဟွားတို့လည်း တယောက်ပြီးတယောက် ကိုယ်ဝန်ရှိလာကြသည်။ 


တပ်ရင်းတူတဲ့ ကျန်းချန်ပေ့နှင့် နိုင်ငံရေးအရာရှိလျိုတို့က အတူတူ ပွဲကျင်းပခဲ့ကြရာ ထိုအကြောင်းကို လူအများက ပြောဆိုဆွေးနွေးခဲ့ကြ၏။ 


ကျန်းချန်ပေ့ရဲ့ ဘေးအိမ်မှာနေတဲ့ ခေါင်းဆောင်လုက ဝဝကစ်ကစ် သားယောကျ်ားလေးအမြွှာရခဲ့သည်ဖြစ်ရာ... ထို့ကြောင့် လောကုတ္တရာပညာကို တိတ်တဆိတ်လေ့လာနေသူအများအပြားဟာ ဒီနှစ်ယောက်ဟာ လုမိသားစုအိမ်ရဲ့ ကောင်းချီးတွေကြောင့် တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်ရလာတယ်လို့ ပြောနေခဲ့ကြပေသည်။ 


လူတော်တော်များများက ကျိုးကျိုးနဲ့ ဖက်ထုပ်လေးကို ထိကိုင်ဖို့အတွက် လုမိသားစုအိမ်သို့လာချင်နေခဲ့ကြသည်။ ဒီညီအစ်ကိုတွေကို ထိကိုင်လိုက်ရင် သူတို့ဆီမှ ကံကောင်းခြင်းတွေကို ရနိုင်လိမ့်မယ်လို့ ထင်မြင်နေကြလျက်။ တချို့ကလည်း ချင်းရို့ဆီမှ ကောင်းချီးတွေ ရယူချင်ကာ အမြွှာလေးတွေမွေးလိုကြပေသည်။ 


တစ်ချို့လူတွေဆို သူမကို ကွမ်ရင်မယ်တော်က လွှတ်လိုက်တယ်လို့တောင် ထင်နေကြတာလေ။ မဟုတ်ရင် သူမနဲ့ မကြာမကြာ စကားပြောနေတတ်တဲ့ အမျိုးသမီးနှစ်ယောက်က ဘာလို့ကိုယ်ဝန်ရသွားမှာလဲတဲ့။ 


ချင်းရို့ကတော့ သူတို့ကိုယ်ဝန်ဟာ သူမနဲ့ဘာဆိုင်လို့လဲလို့ တွေးနေမိလျက်။ အဲဒါက သူတို့ယောက်ျားနဲ့ပဲ သက်ဆိုင်နေတာချည်းကို။ 


ကံကောင်းခြင်းတွေရဖို့ သူမအိမ်ကို လာလည်တာက နှစ်သစ်ကူးကောင်းချီးမင်္ဂလာငါးပါးပဲမဟုတ်ဘူးလား? သူတို့ စာရွက်တွေကပ်သင့်တာမဟုတ်လားနော်? 

(နှစ်ကူးမှာဆို ကောင်းချီးမင်္ဂလာငါးပါး စာရွက်နီလေးတွေကို အိမ်မှာကပ်ကြတာပါ၊ ကံကောင်းစေဖို့ ဆုတောင်းတာပေါ့) 


ဒါပေမယ့် သူတို့တွေ ကလေးလေးတွေကို ထိကိုင်ချင်တယ်ဆိုလည်း သူမစိတ်မရှိပါဘူးနော်။ 


သူမတို့မိသားစုက မိုက်မဲတဲ့ဘေဘီလေးနှစ်ယောက်ဟာ လူစိမ်းတွေကို မကြောက်ကြဘူးလေ။ အဲဒီအစား လူအများကြီးကို တွေ့ရရင် ပျော်နေကြရောပဲ။ သူတို့အမေက သူတို့အနားမှာရှိနေသရွေ့ သူစိမ်းတွေ လာပွေ့ဖက်ရင်လည်း ပျော်ပျော်ကြီးအဖက်ခံနေတတ်ကြတာပဲ။ 


ဒီညီအကိုနှစ်ယောက်အတွက် ချင်းရို့ နည်းနည်းတော့ စိတ်ပူမိလေသည်။ လူစိမ်းတွေကို မကြောက်တတ်ကြတဲ့ သူမရဲ့ ခြင်္သေ့ပေါက်လေးတွေဟာ အနာဂတ်မှာ ဆိုးသွမ်းတဲ့ ကောင်စုတ်လေးတွေဖြစ်လာမှာကို စိုးရွံ့နေမိလျက်။ 


သူမ အရင်တုန်းက မိသားစုခြံဝင်းထဲက ကောင်လေးတစ်ယောက်အကြောင်း ကြားဖူးထားလေသည်။ ထိုကောင်လေးကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ပြန်ရောက်တဲ့အချိန်မှာ လူကုန်ကူးသူတစ်ယောက်က ပြန်ပေးဆွဲတာခံလိုက်ရ၏။ သူ့အဖေက အနောက်မှလိုက်တဲ့အခါ အဲဒီပြန်ပေးဆွဲသမားဟာ ကောင်လေးကို စက်ဘီးပေါ်တင်ကာ နင်းပြေးလေရာ သူ့အဖေက သူ့အနောက်ကနေ လိုက်နေချိန်မှာ ဒီမိုက်မဲတဲ့ကလေးက ရယ်ကာမောကာဖြင့် "ဟားဟား ဖေဖေ လိုက်မမှီဘူး!!" 


အဆုံးမှာတော့ ပြန်ဖမ်းမိသွားခဲ့ပေသည်။ 


အခုလည်း သူတို့ဆီမှာ ကလေးနှစ်ယောက်ရှိနေတာကြောင့် သူတို့မှာ တာဝန်တွေ အများကြီးရှိပေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ခြံက ကြီးမားသလို မိသားစုခြံဝင်းထဲမှာလည်း အစောင့်တွေရှိနေခဲ့သည်။ အနာဂတ်တွင် ကလေးလေးတွေ ပြေးလွှားဖို့ နေရာတစ်ခုရှိလာလိမ့်မည်ပင်။ 


xxx