Ch-127
Viewers 21k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၂၇)


ချင်းရို့က နေ့ခင်း၌ စောစောအလုပ်ဆင်းခဲ့ပြီး အပြန်လမ်းတွင် မူကြိုကို ဝင်ခဲ့ပေသည်။ ရှမင်ရှီးက သူမကိုတွေ့ရတာ အရမ်းပျော်နေတာကြောင့် "ဒါက ငါ့အဒေါ်လေး!"လို့ လိုက်မိတ်ဆက်ပေးနေတော့သည်။ 


ကျောင်းအုပ်လည်း ချင်းရို့ရဲ့ အကြံပြုချက်ကို သိရှိခဲ့ပြီးဖြစ်ရာ ကလေးတွေနဲ့အတူတူ သီဆိုကခုန်ရန် သူမအား ခွင့်ပြုပေးခဲ့သည်။ 


ကလေး အယောက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ရှိသော အတန်းတစ်တန်းကို ကစားကွင်းသို့ ဖိတ်ခေါ်လိုက်ကာ စပီကာများမှ သီချင်းဖွင့်လိုက်ပြီး ချင်းရို့က ကလေးငယ်များရှေ့တွင် ရပ်နေခဲ့ရာ သူမ မူကြိုဆရာမဖြစ်ခါစ အတိတ်တစ်ချိန်ကို အနည်းငယ် ပြန်သတိရမိသွားတော့သည်။ 


သို့သော် ယခုအချိန်၌ ကလေးတွေရဲ့အဝတ်အစားဟာ နောက်ပိုင်းမျိုးဆက်တွေရဲ့ အရောင်အသွေးစုံလင်လှတဲ့ ကလေးအဝတ်အစားတွေနှင့် လုံးဝကွဲပြားနေသလို သူမကလည်း လှုပ်ရှားရအဆင်ပြေစေရန်အတွက် သူမရဲ့အစ်မချင်းမျန့် ချုပ်ပေးထားတဲ့ ယောဂချည်ထည်ဖြစ်တဲ့ လက်တိုအင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားခဲ့ပေသည်။ 


"ရှောင်ရွှယ်ရေ ငါ့ဘေးမှာ ရပ်ပြီး ငါနဲ့ အတူတူကနော်" 


ရွှယ်ရှောင်ဟွေ့ရဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းသွားလျက် "ကောင်းပါပြီ" လို့ ပြန်ပြောလာခဲ့သည်။ 


ချင်းရို့က မရေမတွက်နိုင်တဲ့ ကလေးအကတွေကို သိထားသဖြင့် သူမ မလာခင်ကတည်းက အမျိုးမျိုး စဉ်းစားထားခဲ့ပြီးသားပင်။ သီချင်းသံစဥ်အတိုင်း သူမရဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားစေမည်ဖြစ်သည်။  


အစပိုင်းမှာတော့ နည်းနည်း သံချေးတက်နေသလိုဖြစ်နေခဲ့ပေမယ့် သူမ သီချင်းနားထောင်ရင်း ခန္ဓာကိုယ်ကိုလည်း အဆင်ပြေအောင်လှုပ်ရှားလာနိုင်ခဲ့ပြီး လွတ်လွတ်လပ်လပ် ရွေ့လျားကခုန်နေပါတော့သည်။ 


သူမက အရှေ့ကနေ အကကို ဦးဆောင်ကပြပေးနေပြီး စည်းချက်ရေတွက်ပေးနေရင်း အတူတူကခုန်ရန်အတွက် ကလေးတွေကို သင်ပေးနေခဲ့သည်။ 


… 


ကျောင်းအုပ်ဝူမင်နှင့် အမျိုးသမီးဆရာမတစ်ဦးက ဒုတိယထပ်တွင်ရပ်ကာ အောက်ကိုငုံ့ကြည့်နေလျက်။ သူတို့ရဲ့ မျက်လုံးတွေဟာ အရပ်ပုပုကလေးတွေနှင့် တူညီစွာပင် အကကို ဦးဆောင်ရွေ့လျားနေတဲ့ ခေါင်းဆောင်အလှလေးဆီမှ ဆွဲဆောင်ခံလိုက်ရလေ၏။ 


အမျိုးသမီးဆရာမက "သူမက အရမ်းလှတာပဲ၊ သီချင်းလည်းဆိုတတ်၊ ကလည်းကတတ်တယ်နော်။ အနုပညာအဖွဲ့ထဲက ဖြစ်ထိုက်တာပဲ"လို့ ချီးကျူးခဲ့သည်။ 


ဝူမင် ပြုံးလျက် "ကလေးတွေအကုန်လုံးကလည်း သူမကို ကြိုက်ကြတယ်... မင်းကြည့်လိုက်... သူတို့အားလုံး သူမကိုပဲ ကြည့်နေကြတာလေ" 


"ကျွန်မတို့ကလေးတွေက အကကို သေသေချာချာ ကြည့်နေကြတာမဟုတ်ဘူး။ သူမရဲ့လှုပ်ရှားမှုတိုင်းက ကလေးတွေကို ဆွဲဆောင်နိုင်နေတာပဲ" 


"သူမက ကလေးတွေကို သင်ကြားပေးဖို့အတွက် သင့်တော်တယ်လို့ ငါပြောဖူးပါတယ်" 


… 


မူကြို၌ ချင်းရို့ ရက်အနည်းငယ်ကြာ သွားရောက်ကပြခဲ့လေ၏။ မူလကတော့ သူမက အတန်းတစ်တန်းကိုသာ သင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တခြားအတန်းတွေကပါ လိုက်ပါလာခဲ့ကြသည်။ ရလဒ်အနေနဲ့ မူကြိုက ကလေးတွေအားလုံးဟာ သူမအား 'အကဆရာမချင်း'အဖြစ် သိသွားကြပါတော့သည်။ 


"ကျွန်မက ဆရာမချင်း မဟုတ်ပါဘူး" 


"ဘာဖြစ်လို့လဲ? မင်းကောင်းကောင်းသင်ပေးနိုင်တယ်လို့ ငါထင်တာပဲ" ကျောင်းအုပ်ဝူမင်က သူမအား အပြုံးလေးနဲ့ ကြည့်ကာ "ငါ မင်းကို အလကားမသင်ခိုင်းပါဘူး၊ ထောက်ပံ့ကြေးတစ်ချို့ပေးမှာပါ" 


ဝူမင်က ချင်းရို့ကို သူမရဲ့မူကြိုမှာ ဆရာမအဖြစ် ထားချင်နေခဲ့တာဖြစ်သည်။ 


ချင်းရို့က မူကြိုဆရာမမဟုတ်သဖြင့် ကျောင်းအုပ်က သူမကို လစာပေးလို့မရပေမယ့် ဆန်၊ ဂျုံမှုန့်၊ အစေ့အဆန်နှင့် ဆီကဲ့သို့သော ထောက်ပံ့ကြေးတချို့ ပေးနိုင်လေ၏။ မူကြိုက သူမကို ဂျုံမှုန့်နှစ်ဆယ်ကတ်တီ ပေးမယ်လို့ ဝူမင်က ပြောလိုက်၏။ 


ဘန်းမုန့်ပေါင်းစားရတာ ကြိုက်နှစ်သက်ကြတဲ့ အိမ်ရှိလူတစ်စုကို ချင်းရို့ တွေးကြည့်မိတဲ့အခါ အပိုဝင်ငွေရှာလိုက်တော့သည်။ 


ရွှယ်ရှောင်ဟွေ့က သူမနှင့်အတူ ရက်အနည်းငယ်ကြာ ကခုန်ခဲ့ကြပြီးနောက် သူမ ပိုကလေလေ ပိုစိတ်ပေါ့ပါးလာခဲ့၏။ ဂီတနဲ့ အကတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကလေးအကတွေပဲလို့ ပုံကြီးချဲ့ခြင်းမရှိကြတော့ပါချေ။  


"လူတိုင်းပဲ ငါနဲ့ အတူလိုက်ကကြမယ်!!" 


ရဲဘော်ရှောင်ချင်းက ပြင်းပြင်းထန်ထန် ကခုန်နေလျက်... သူမ ဘယ်လိုလုပ်ပြီး နောက်ကျကျန်ရစ်နိုင်မှာလဲနော်... 


ရွှယ်ရှောင်ဟွေ့သည် ကလေးတွေနဲ့အတူတူ နေ့တိုင်း ပျော်ရွှင်စွာ ကခုန်ပြီးနောက် ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ပိုပိုပြီး သဟဇာတဖြစ်လာလေပြီ။ ချင်းရို့လည်း မူကြိုဆရာမကောင်းတစ်ယောက်ဖြစ်ဖို့ အကြံဉာဏ်အချို့ပေးခဲ့ပါသေးသည်။ 


"ရှောင်ချင်းရေ မင်းက တကယ်ကို တွေးခေါ်တတ်တဲ့သူပဲ။ မင်းမှာ ကလေးတွေကို သင်ကြားပေးတာနဲ့ ပတ်သက်ပြီး အဲဒီလို အကြံဥာဏ်တွေရှိနေမှန်း ငါ သိခဲ့မယ်ဆိုရင် မင်းကို ကြေညာသူအင်တာဗျူးမဖြေဖြစ်အောင်လို့ တားခဲ့သင့်တာကွယ်။ ငါတို့မူကြိုမှာ ဆရာမလာလုပ်မယ်ဆိုရင် အရမ်းကောင်းမှာ" ဝူမင်က ချင်းရို့နှင့် စကားစမြည်ပြောနေရင်း အကြံဥာဏ်တချို့ပေးခဲ့လေ၏။ 


မူကြိုစာသင်ခန်းရဲ့ အလှဆင်ထားတာ ညံ့ဖျင်းနေတာကို မြင်လိုက်ရ၍ ချင်းရို့ရဲ့ နှလုံးသားလေးမှာ အဆင်မပြေတော့တာကြောင့် သူမနှင့် ရွှယ်ရှောင်ဟွေ့တို့က စာသင်ခန်းရဲ့ အတွင်းနှင့် အပြင်ကို အတူတကွ စီစဉ်ခဲ့ကြသည်။ 


သူတို့က အစိမ်းရောင်အပင်တွေ၊ wind chimeတွေ၊ ရုပ်ပုံကားချပ်တွေ... စသဖြင့် အလှဆင်ခဲ့ကြ၏။ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ပိုမိုနွေးထွေးလာသလို ကလေးဆန်တဲ့လေထုကို ပေးစွမ်းလာခဲ့သည်။ 


"ဒေါ်လေး ဒေါ်လေး ဒေါ်လေး!!!" မူကြိုမှာ သူ့ရဲ့ဒေါ်လေးကို မကြာခဏတွေ့နေရတဲ့ ရှောင်မင်ရှီးသည်လည်း အရမ်းစိတ်လှုပ်ရှားနေလျက်။ 


"ဒေါ်လေး သားပန်းချီကို ကြည့်ပါဦး!" ချန်ကျင်းရိလည်း အတူတူပင်။ 


ချန်ကျင်းရိက အကမှာ သိပ်မတော်ပေမယ့် သူ့ဒေါ်လေးက သင်ပေးနေတာမို့ လေးလေးနက်နက်လိုက်သင်ခဲ့ရာ နေ့တိုင်း ကလေးတွေကြားထဲမှာ သူ့လက်လေးခြေလေးတွေကို လှုပ်ရှားနေပေလိမ့်မည်။ 


သူအိမ်ပြန်ရောက်တော့ သူ့အမေကို ကပြတဲ့အခါ ချင်းမျန့်လည်း ပျော်မြူးနေလျက်။ 


"ဒါတွေကို သားရဲ့ဒေါ်လေးက တကယ်ပဲ သင်ပေးခဲ့တာလား?" 


"ငါ့ညီမက ဒီလိုတွေလုပ်တတ်တယ်ပေါ့?" 


တစ်ညနေခင်းတွင် ချင်းရို့က မူကြိုမှာ ကခုန်ခဲ့ပြီးနောက် နဖူးပေါ်မှချွေးတွေကို သုတ်၍ ရွှယ်ရှောင်ဟွေ့ကို စနောက်လိုက်လေ၏။ "နောက်ကျရင် နင်လည်း နင့်ရဲ့လူရှေ့မှာ ကပြဖို့အတွက် ယုံကြည်ချက်ရှိလာမှာပါနော်" 


ရွှယ်ရှောင်ဟွေ့ ရှက်သွေးဖြာတဲ့မျက်နှာလေးနဲ့ ခေါင်းညိတ်လာလေ၏။ 


ချင်းရို့ သိချင်စိတ်ဖြင့် "ဒီနေ့ နင်ဘာဖြစ်နေတာလဲ? နင်အရင်ကလိုမျိုး စိတ်အေးလက်အေးဖြစ်နေပုံမရဘူးနော်" 


xxx