အခန်း ၉၃
"ဘာတွေဖြစ်နေတာလဲ?" အရာရှိ ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။ ကျူးဖင်ဟာ များသောအားဖြင့် အလုပ်ကြိုးစားသော်လည်း ပြဿနာရှာသည့်နေရာမှာလည်း အလွန်တော်သူပင်။
အဒေါ်ရှဲ့ အဖြစ်အပျက်တစ်ခုလုံးကို ချဲ့ကားခြင်းမရှိဘဲ ဖြစ်ပျက်ခဲ့သမျှ အကျဉ်းချုံးကိုသာ ပြောပြခဲ့လေ၏။
အရာရှိများ အနောက်မှလိုက်လာတဲ့လီကျန်းမိသားစုမှာ ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရကာ ကျူးဖင်အား ကြည့်တဲ့အကြည့်တွေလည်း အနည်းငယ်ပြောင်းလဲသွားကြပြီ။
ကျူးဖင်နှင့် ရှဲ့ယွီရဲ့ ခင်ပွန်းဟောင်းတို့ဟာ ဝမ်းကွဲတွေဖြစ်ကြောင်း လီကျန်းလည်း သိထားသဖြင့် ကျူးဖင်ဟာ တမင်သက်သက် ဤကိစ္စကို အခွင့်ကောင်းယူပြီး ရှဲ့မိသားစုကို ပြဿနာရှာနေခြင်း ဖြစ်နိုင်ပေသည်။
သို့သော် မျက်လုံးတွေ နီရဲရောင်ရမ်းနေတဲ့ အဒေါ်ရှကမူ မျှော်လင့်ချက်အလင်းရောင်ကို မြင်လိုက်ရသည့်အလား ဦးလေးရှဲ့အား စိတ်လှုပ်ရှားစွာ ဖမ်းဆွဲရန်ပြေးထွက်လာခဲ့၏။
"လောင်ရှဲ့ မင်း ငါရဲ့ ရှယွီကို တကယ်တွေ့ခဲ့တာလား?"
ဦးလေးရှဲ့က အဒေါ်ရှဆီက ရုတ်တရက်ဖမ်းဆွဲခံလိုက်ရသဖြင့် အံ့အားသင့်သွားရလျက်။ အဒေါ်ရှက ကောတစ်ယောက်လေ။ ထို့ကြောင့် ဦးလေးရှဲ့ရဲ့ ဦးဆုံးတုံ့ပြန်မှုမှာ အဒေါ်ရှကို ပြန်ဖြေသည်မဟုတ်၊ သူ့ဘေးနားရှိ တုံ့ပြန်မှုမရှိသေးတဲ့အဒေါ်ရှဲ့ကို ပြန်ကြည့်လိုက်သည်ပင်။
အဒေါ်ရှဲ့လည်း ဦးလေးရှဲ့ဆီက အကြည့်ခံနေရတော့မှသာ ချက်ချင်း ရှေ့တက်လာပြီး အဒေါ်ရှကို ဆွဲခေါ်လိုက်ရသည်။ "ငါ တကယ်ပဲ ဘာမှမတွေ့ခဲ့ပါဘူး။ ငါရော ငါ့ခင်ပွန်းရော သူ့ကို တွေ့ခဲ့ရင် တခြားသူတွေကို ဘာလို့မပြောဘဲနေမှာလဲ? ငါတို့လည်း သားသမီးရှိတဲ့လူတွေပဲလေ၊ ငါတို့ရဲ့အသိစိတ်ကြောင့် သေချာပေါက်ပြောမှာပါ!"
လီကျန်းသည် ကျူးဖင်နဲ့ ရှဲ့မိသားစုကြားက ဆက်ဆံရေးကို နားလည်ပေမယ့် အတွင်းကျကျ အခြေအနေကို တိတိကျကျမသိပါချေ။
သူက အရာရှိကို ဦးညွှတ်လိုက်ပြီး "တောင်းပန်ပါတယ်။ ကျွန်တော့်မိသားစုက အရမ်းစိုးရိမ်နေလို့ သတိလက်လွတ်ဖြစ်သွားတာပါ" ထို့နောက် အဒေါ်ရှရဲ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ရင်း ကျန်မိသားစုဝင်တွေရပ်နေတဲ့နေရာဆီသို့ ပြန်ခေါ်သွားလိုက်၏။
"အရမ်းမစိုးရိမ်ပါနဲ့ နည်းနည်းစိတ်လျှော့ထားဦး!"
အဒေါ်ရှက မျက်လုံးပြူးလျက် လီကျန်းကို ခဏလောက် ကြည့်ပြီးနောက် နောက်ဆုံးတွင် ခေါင်းငုံ့ကာ အရာရှိခေါင်းဆောင်ဆီသို့ မကျေနပ်တဲ့အမူအရာ ပြုလုပ်ခဲ့သည်။
အရာရှိခေါင်းဆောင်က ခေါင်းယမ်းကာ လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့အမူအရာက လေးနက်လာလျက်။
"ဒီရွာသား! ဒါက ငါတို့ရဲ့ စည်းကမ်းပေါ့လျော့မှုကြောင့်ပါ၊ ကျေးဇူးပြုပြီး ငါတို့ကိုခွင့်လွှတ်ပါ" အရာရှိခေါင်းဆောင်မှာ ထက်မြက်သူတစ်ယောက်ဖြစ်၍ ကျူးဖင်ရဲ့ အပြစ်ရှိတဲ့မျက်နှာနဲ့ ဒီလူတွေရဲ့ စကားသံကို မြင်လိုက်သည်နှင့် တစ်ခုခုထူးဆန်းနေတာကို သူသိလိုက်ပြီးဖြစ်သည်။ ထို့ကြောင့် သူက ရှဲ့မိသားစုကို ဦးစွာတောင်းပန်လိုက်ပြီးနောက် လီကျန်းမိသားစုဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ "မင်းတို့သားရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ သေချာစုံစမ်းပေးပါ့မယ်"
ထို့နောက် သူ့လက်အောက်ငယ်သားတွေနဲ့အတူ ထွက်သွားခဲ့လေသည်။
ဦးလေးရှဲ့က သု့ခေါင်းသူ ပွတ်လိုက်ရင်း သူတို့ရဲ့ နောက်ကျောတွေကို ကြည့်၍ ရေရွတ်မိလျက် "ဒီအရာရှိက ဘယ်လိုဖြစ်ပြီး ဒီလောက်ယဉ်ကျေးနေရတာလဲ"
လီကျန်းကြားလိုက်တော့ အားတင်းပြုံးလိုက်ရင်း "သူ့မိသားစုကိုလည်း ပညာတတ်မိသားစုလို့ သတ်မှတ်လို့ရတာမို့လို့ သူ့စကားပြောပုံက ငါတို့လို သာမန်လူတွေနဲ့ မတူဘူးလေ"
"အဲသလိုလား? ဟားဟား ငါသိပြီ။ ကံကောင်းလို့ပေါ့ကွာ အဲဒီကောင်လေး ကျူးဖင်ကလည်း ဥာဏ်ကောင်းသားပဲ၊ သူသာ ဆက်ပြဿနာရှာနေရင် ငါ လောင်ရှဲ့က ထပ်ပြီး ယဉ်ကျေးနေမှာမဟုတ်ဘူး!"
"အမှန်ပဲ! ငါတို့ ယဉ်ကျေးနေလို့မရတော့ဘူးကွ! ငါတို့လို လယ်သမားတွေကို ကြားကနေ အချောင် အပြစ်တင်လို့မရဘူး!"
ဦးလေးရှဲ့က အိမ်ထဲကို ပြန်ဝင်သွားသည်နဲ့ ရွာသားတွေလည်း အသံကျယ်ကျယ်ဖြင့် စကားစမြည် စပြောလာကြတော့သည်။ ရွှီချင်းနဲ့ လီချန်ဖုန်းတို့လည်း နောက်ထပ်ပြဿနာမရှိတော့တာကို မြင်လိုက်ရ၍ ဦးလေးရှဲ့တို့စုံတွဲကို နှုတ်ဆက်ခဲ့ပြီး အိမ်ပြန်ခဲ့ကြသည်။
"အဲဒီအရာရှိနဲ့ သူ့ရဲ့ ရဲဘော်တွေအားလုံး ပြောနေကြတာကို ခင်ဗျား ယုံကြည်လား?" ရွှီချင်းက အခြေအနေကို နားလည်ခဲ့ပြီး ဘာမှမဖြစ်သွားခဲ့ဘဲ ကိစ္စတွေဟာ ပြေလည်သွားကြောင်း သိလိုက်ရသဖြင့် နှစ်ဖက်စလုံးတွင် ဝင်ပါဖို့ မလိုအပ်တော့။
"ဒီလို အသုံးမကျတဲ့လူကို အစိုးရက ဘာလို့များ ခန့်အပ်ထားရတာလဲဆိုတာ ကိုယ်နားမလည်ရုံလေးပါပဲ!" လီချန်ဖုန်းက ကျူးဖင်ကို သဘာဝကျကျ ရည်ညွှန်းသည်ပင်။
"ခင်ဗျား နားလည်နိုင်ရင် ခင်ဗျား အရာရှိဖြစ်လိမ့်မယ်!" ရွှီချင်းက ထွမ်ထွမ်ကို ကောက်ချီလျက် သူ့မျက်နှာလေးကို သုတ်ပေးလိုက်သော်လည်း ထွမ်ထွမ်က သူ့လက်ချောင်းကို ဆွဲကာ ပါးစပ်ထဲကို ထည့်လိုက်လေ၏။ ထွမ်ထွမ်က သွားပေါက်လာပြီဖြစ်၍ ဒီရက်တွေထဲမှာ အရာရာတိုင်းကို ကိုက်ချင်နေခဲ့ခြင်းသာ။
လီချန်ဖုန်းက ထွမ်ထွမ်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်သည်နဲ့ သူ ကိုက်လေ့ရှိတဲ့ အရာလေးကို အမြန်ထုတ်ပေးလိုက်ပြီး ရွှီချင်းရဲ့ လက်ချောင်းကို ကယ်တင်လိုက်ပါ၏။ ထွမ်ထွမ်က ငယ်သေးပေမယ့် ပြင်းပြင်းကိုက်တတ်သဖြင့် နာကျင်နိုင်တယ်လေ။
"ကိုယ်ကတော့ အရာရှိမဖြစ်နိုင်ပါဘူး။ စာလုံးတွေတောင် မသိတာကို။ ဒါပေမဲ့ ကိုယ်မဖြစ်နိုင်ဘူးဆိုပေမယ့်လို့ ထွမ်ထွမ်လေး ဖြစ်မလာနိုင်ဘူးလို့ မဆိုလိုဘူးလေ ဟုတ်တယ်မလား ထွမ်ထွမ်ရေ" ထွမ်ထွမ်မှာ လီချန်ဖုန်းရဲ့ စကားကို လျစ်လျူရှုလျက် သူ့ရဲ့ ကိုက်ဝါးနေခြင်းကိုသာ အာရုံစိုက်နေခဲ့၏။
"ကျွန်တော်ကတော့ သူ့ကို အရာရှိမဖြစ်စေချင်ပါဘူး။ ဒီတိုင်း ဖြောင့်မတ်တဲ့သူပဲ ဖြစ်စေချင်တာပါ" ရွှီချင်းက ဝဝကစ်ကစ် ထွမ်ထွမ်လေးကို နမ်းလိုက်ရင်း လီချန်ဖုန်းဆီ လွှဲပေးလိုက်ကာ သူကတော့ ဝက်စာမြက်သွားဖြတ်ဖို့ ပြင်ဆင်နေလိုက်သည်။
မကြာခင် ဆောင်းရာသီရောက်လာတော့မှာဖြစ်လို့ ဝက်တွေကို မဆာလောင်စေချင်ပါဘူးနော်။ မဟုတ်လို့ သူတို့ နောက်ပိုင်းကျ သတ်တဲ့အခါ ပိန်လှီနေမှာလေ။
"ကိုယ့်အထင်တော့ ထွမ်ထွမ်က သူ့တစ်ယောက်တည်း နည်းနည်းအထီးကျန်နေသလိုပဲနော် မင်းရော မထင်ဘူးလား?" လီချန်ဖုန်းက ထွမ်ထွမ်ကို ချီထားရင်း ရုတ်တရက် ပြောလာခဲ့သည်။
ရွှီချင်းက သူ့စကားကြောင့် တောင့်တင်းသွားရလျက် လှည့်ကြည့်လာကာ "ခင်ဗျား ဘာကိုဆိုလိုတာလဲ?"
"မင်းတွေးနေတာက ကိုယ်ဆိုလိုတာပါပဲကွာ။ အခုတလော မင်းရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေတယ်လို့ ကိုယ်ခံစားနေရလို့" လီချန်ဖုန်းက ရွှီချင်းအနားသို့ လျှောက်သွားကာ လျှို့ဝှက်သည့်နှယ် ပြောလိုက်လေသည်။
"ကျွန်တော် မသိဘူး..." ရွှီချင်းက နားမလည်နိုင်စွာ တုန်လှုပ်သွားရလျက်။
"ဒါဆို ဒီနေ့လည်ကျ ဆေးခန်းသွားဖို့ မြို့ကို သွားကြတာပေါ့" လီချန်ဖုန်းက ရွှီချင်းကို အလွတ်မပေးပါချေ။
ရွှီချင်းလည်း လီချန်ဖုန်းရဲ့ ရင်ခွင်ထဲတွင် ထွမ်ထွမ်ကို ကြည့်လျက် အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။
သူတို့နှစ်ယောက် ဆေးခန်းသို့ ရောက်လာတဲ့အခါ လင်းဖန်းလျန်က ရွှီချင်းရဲ့ သွေးခုန်နှုန်းကို စစ်ဆေးပေးပြီးနောက် အာမေဍိတ်သံဖြင့် "ဂုဏ်ယူပါတယ် အကိုလီရေ! မင်းအတွက် သတင်းကောင်းပဲ!"
လီချန်ဖုန်း ပြုံးဖြဲဖြဲဖြစ်နေလျက် ရွှီချင်းက သူ့မှာ တကယ်ပဲ သူတို့ရဲ့ ဒုတိယကလေးရှိနေပြီမှန်း သိလိုက်ချေပြီ။
ဘေးကင်းစေရန်အလို့ငှာ လီချန်ဖုန်းက ကိုယ်ဝန်အတွက် ဆေးအချို့ယူခဲ့သလို အရင်ကလိုမျိုး ရွှီချင်းအတွက် စွပ်ပြုတ်ချက်ပေးရန် အရိုးကြီးအချို့လည်း ဝယ်ခဲ့ပေသည်။
သူတို့ဆေးခန်းမှ ထွက်လာခဲ့ပြီးနောက် လမ်းပေါ်မှာ လမ်းလျှောက်နေစဉ် ရွှီချင်းက သူတို့အနောက်ကို တစ်ယောက်ယောက် လိုက်နေသလို အမြဲခံစားနေရ၏။ ကမ္ဘာပျက်ကပ်တုန်းက နိုးကြားမှုဟာ လုံးလုံးမပျောက်ကွယ်သွားသေးဘဲ သူ့စိတ်အတွင်းပိုင်းထဲမှာ နစ်မြှုပ်လို့နေဆဲပင်။
ရွှီချင်းက လီချန်ဖုန်းကို ရည်ရွယ်ချက်ရှိရှိ ဆွဲကာ သူတို့နောက်လိုက်နေတဲ့လူကို စိတ်ရှုပ်သွားအောင်လို့ စက်ဝိုင်းပုံစံ လှည့်ပတ်လျှောက်နေခဲ့သည်။ ထို့နောက်တွင်မူ သူက ပဟေဠိဖြစ်နေတဲ့ လီချန်ဖုန်းအား ဘေးကိုဆွဲလိုက်ကာ အသံတိုးတိုးဖြင့် "တစ်ယောက်ယောက်က ကျွန်တော်တို့နောက်ကို လိုက်နေတယ်"
လီချန်ဖုန်း ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်ရှုလိုက်တဲ့အခါ ကောက်ရိုးဦးထုပ်ကြီးကို ဆောင်းထားတဲ့ အမျိုးသားတစ်ဦးဟာ သူတို့လမ်းကြောင်းကို ရှာနေတာကို တကယ်ပဲ မြင်တွေ့လိုက်ရ၏။ သူ့ဇနီးလေးက တစ်ခုခုကို သတိထားမိခဲ့ပေမယ့် သူကိုယ်၌ကတော့ သတိမထားမိလိုက်ဘူးပဲ။ လီချန်ဖုန်းရဲ့ မျက်လုံးထဲမှာ လေးလေးနက်နက်ဆင်ခြင်သုံးသပ်နေတဲ့ အလင်းတချို့ ဖျတ်ခနဲ လင်းလက်သွားရ၏။
"အဲဒါ သူပဲ! ဟိုတစ်နေ့က လမ်းဆုံလမ်းခွမှာ တွေ့ခဲ့တဲ့လူပဲ!" ရွှီချင်းက ကောက်ရိုးဦးထုပ်ကြီးကို ဆောင်းထားတဲ့သူကို မြင်လိုက်တဲ့အခါ ပြန်လည်သတိရလာလျက်။
လီချန်ဖုန်း ခေါင်းလှည့်ကာ သေချာကြည့်လိုက်ပြီးနောက် "ကိုယ်အမြင်မမှားရင်တော့ အဲဒီလူက ချိုးသာ့ပဲ!"
"ချိုးသာ့?!" ချိုးသာ့ဆိုသူမှာ လော့ကျောင်းနဲ့ ဖောက်ပြန်ခဲ့သဖြင့် လီကျန်း ရွာက နှင်ထုတ်လိုက်တဲ့ လူပဲပေါ့။ ရွှီချင်းဆို သူ့အကြောင်းကို မေ့လုနီးနီးဖြစ်နေပြီလေ။
"ရှယွီပျောက်ဆုံးသွားတာက သူနဲ့ သက်ဆိုင်တာ ဖြစ်နိုင်တယ်နော်!" အဆုံးမှာတော့ သူ့ကို ရွာမှ နှင်ထုတ်ခဲ့သူမှာ လီကျန်းဖြစ်သောကြောင့် ချိုးသာ့က လီကျန်းကို ရန်ငြိုးထားပြီး လက်စားချေရန်အလို့ငှာ ရှယွီကို တမင်တကာ ပြန်ပေးဆွဲခဲ့တာ ဖြစ်နိုင်လေသည်။
ရွှီချင်းက ဒီဖြစ်နိုင်ခြေကို တွေးမိသွားသည့်အခါ ရှယွီရဲ့ လက်ရှိအခြေအနေမှာ မကောင်းတော့ဘူးလို့ ခံစားရလိုက်ရ၏။
"ကိုယ်တော့ မထင်ဘူး" လီချန်ဖုန်းက ခေါင်းလှည့်လာကာ ဆက်ပြောလာလျက် "အဲ့လူက တကယ်ပဲ ချိုးသာ့ဆိုရင် သူ ကိုယ်တို့နောက်ကို ဒီလိုမျိုး ပြောင်ပြောင်တင်းတင်း လိုက်ဝံ့မှာ မဟုတ်ဘူးလေ! အဲလိုဆို သူက သူ့ကိုယ်သူ ထောင်ချောက်ထဲ ပစ်ဝင်လာတာပဲ ဖြစ်သွားမှာ မဟုတ်လား? နောက်ပြီးတော့ ကိုယ်တို့နောက်ကို လိုက်နေလို့ သူဘာအကျိုးရှိမှာလဲ?"
"ဒါက…" ရွှီချင်းက အကြောင်းပြချက်ကို ခဏမျှ မစဥ်စားနိုင်ဖြစ်သွားရလျက်။ ချိုးသာ့မရှိတော့သည့်နောက်ပိုင်း ရွှီချင်းက သူ့အကြောင်းကို မေ့တောင်နေပြီလေ။
ရွှီချင်းတို့လည်း ချိုးသာ့က သူတို့မြင်ကွင်းထဲမှာ မရှိတော့တာကို တွေ့ရှိလိုက်သည့်နောက် ဆက်လက် လမ်းလျှောက်လာခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့် ထွမ်ထွမ်အိပ်ပျော်နေခဲ့၍သာ၊ မဟုတ်ပါက ကလေးသာ အသံတစ်ချက်ထွက်သွားခဲ့ရင် သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေက အလဟဿဖြစ်သွားမည်ပင်။
"အိမ်အရင်ပြန်ကြရအောင်လေ။ အခုချိန်မှာတော့ အများကြီးမတွေးပါနဲ့ကွာ။ မင်းဗိုက်ထဲမှာ ကလေးလေးရှိနေပြီလေ" လီချန်ဖုန်းက ရွှီချင်းကို အများကြီး မတွေးစေချင်ပါဘူး။ ဒီကိစ္စက သူတို့နဲ့ မဆိုင်ဘူးလေ။
ရွှီချင်းတစ်ယောက် ကလေးလေးအကြောင်း ကြားလိုက်တာနဲ့ သူ့ဗိုက်ကို ထိလိုက်မိ၏။ ကိုယ်ဝန်ရှိစဉ်မှာ အများကြီးမတွေးတောသင့်မှန်း သူသိသော်လည်း သူတို့အနောက်ကို လိုက်နေရတဲ့ အကြောင်းရင်းကို မသိရသေးသဖြင့် စိတ်မသက်မသာခံစားနေရလျက်။
ညဘက်တွင် ရွှီချင်းက ဟိုဘက်လိမ့်လိုက် လှန်လိုက်ဖြင့် အိပ်မပျော်သေးချေ။
လီချန်ဖုန်း ကူကယ်ရာမဲ့စွာဖြင့် "မင်းခန္ဓာကိုယ်မှာ မှော်လက်နက်တစ်ခုရှိနေလို့ ကိုယ် မင်းကိုမထိနိုင်ဘူးလို့ မင်းထင်နေပြီးတော့ အားအင်တွေပြည့်ဝနေတယ်ပေါ့?"
"မဟုတ်ဘူး၊ မဟုတ်ဘူး" ရွှီချင်း အလျင်စလို ရှင်းပြလိုက်ရ၏။ လီချန်ဖုန်းက လှည့်ဖျားတတ်တဲ့သူဖြစ်ကြောင်း သူသိသဖြင့် သူ့အတွေးတွေကို ဝန်မခံသေးရင် နောက်ကျ သူလက်တုံ့ပြန်ခံရမှာ အသေအချာပင် "ကျွန်တော်က ရှယွီမှာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေရုံပါပဲ"
အကယ်၍ ရှယွီသာ ချိုးသာ့လက်ထဲမှာ အမှန်တကယ်ရှိနေခဲ့ပြီး ရွှီချင်းက သံသယဝင်နေခဲ့ပေမယ့် ကူညီဖို့ ဘာမှမလုပ်မိခဲ့ရင် အပြစ်မဲ့သူတစ်ယောက်ကို ဒုက္ခရောက်စေလိမ့်မည်ပင်။
လီချန်ဖုန်းက စိုးရိမ်ပူပန်နေတဲ့ ရွှီချင်းကို ပွေ့ဖက်လိုက်ရင်း "မင်းရဲ့ သိချင်စိတ်က ပြင်းပြလွန်းနေတာပဲကွာ"
သိချင်စိတ်က ပြင်းပြလွန်းတယ်...
ရွှီချင်း ထိုစကားကို ကြားလိုက်သည်နဲ့ သူ့မျက်ဆံတွေ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလျက်။
ဟုတ်တယ်၊ သိချင်စိတ်ပြင်းပြနေတာဟာ ကောင်းတဲ့အရာမဟုတ်ဘူးလေ။ ကမ္ဘာပျက်ကပ်မှာဆို အဲဒီသိချင်စိတ်က လူတစ်ယောက် ဒါမှမဟုတ် တစ်ဖွဲ့လုံးကို သေစေနိုင်တယ်လေ...
သူဘာဖြစ်နေတာလဲ? ဒီလိုမျိုး အေးချမ်းသာယာတဲ့ဘဝမှာ နေရတာ ကြာလာလို့ ရှင်သန်လွတ်မြောက်တဲ့စွမ်းရည်အားလုံးကို သူ မေ့သွားခဲ့ပြီလား?
ခဏအကြာတွင် လီချန်ဖုန်းရဲ့ ရင်ခွင်ထဲမှ ရွှီချင်း ပြောလာခဲ့သည်။
"ခင်ဗျားပြောတာမှန်တယ်။ ကျွန်တော်တို့ကိုယ်ပိုင်ဘဝကိုပဲ ရှင်သန်နေထိုင်ကြတာပေါ့"
လီချန်ဖုန်းမှာ အံ့အားသင့်သွားရလျက်။ ဒီလိုစကားတွေကို သူ့ရဲ့ နူးညံ့လွန်းတဲ့ ဇနီးလေး ပြောနေကျ မဟုတ်သဖြင့် သူ ခေါင်းငုံ့ကြည့်လိုက်တော့ ရွှီချင်းက အိပ်ပျော်နေသကဲ့သို့ မျက်လုံးတွေကို ပိတ်ထားကြောင်း တွေ့လိုက်ရ၏။ သူစကားဆက်မပြောချင်တော့ဘူးဆိုတာ လီချန်ဖုန်း သိလိုက်သဖြင့် တွန်းအားမပေးတော့ဘဲ သူ့ဇနီးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တော့သည်။
လီချန်ဖုန်းဟာ သွေးအေးနေတာမျိုးတော့ မဟုတ်ပါချေ။ တခြားသူတွေ မဆင်မခြင် လုပ်ခဲ့တဲ့ အမှားတွေအတွက် သူတို့ရဲ့ကိစ္စတွေကို လိုက်ဖြေရှင်းမပေးချင်ရုံသာ။ သူ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောနိုင်ပါတယ်။
ရွှီချင်းတစ်ယောက် မနေ့ညက ထိုစကားတွေကို ပြောပြီးသွားကတည်းက သူ့ဇနီးလေးဟာ အနည်းငယ် ပြောင်းလဲသွားတယ်ဆိုတာကို လီချန်ဖုန်း သတိထားမိခဲ့သည်။ အရင်က မကြိုက်တဲ့ စားစရာတွေကိုတောင်မှ ညည်းညူခြင်းအလျဥ်းမရှိ စားနေခဲ့သဖြင့် လီချန်ဖုန်းမှာ ပျော်ရွှင်နေသင့်သော်ငြား ရွှီချင်းပုံစံလေးကို မြင်သောအခါတွင်မူ သူ မပျော်ရွှင်နိုင်တော့ပေ။
ရွှီချင်းဟာ အရင်က သူမကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ကျေးဇူးတင်တဲ့အမူအရာလေးနဲ့ စားသောက်နေခဲ့၏။
ကမ္ဘာပျက်ကပ်မှာဆို ဒီလိုစိမ်းလန်းတဲ့ အသီးအရွက်တွေ စားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ! သူ ဘာလို့များ အရင်က ချေးများနေခဲ့ရတာပါလိမ့်? သူ တကယ်ပဲ ပြောင်းလဲသွားပြီလား? သူ့ကိုယ်သူ လေးလေးနက်နက် ပြန်သုံးသပ်ရမယ်!
လီချန်ဖုန်း: "……… ငါ့ဇနီးလေး ဘာဖြစ်နေတာလဲ?"
သူတို့ အရိုးစွပ်ပြုတ် သောက်ကြသည့်အခါ လီချန်ဖုန်းက ရွှီချင်းဟာ စွပ်ပြုတ်ကို ကုန်သွားမှာ ကြောက်နေသလိုမျိုး ဖြေးဖြေးချင်း သောက်နေတာကို ကြည့်ရှုနေခဲ့သည်။
ရွှီချင်းသည်ကား အရိုးစွပ်ပြုတ်ကို သောက်နေရင်း အရင်က ငြီးငွေ့နေခဲ့မိတာကို အပြစ်ရှိသလို နောင်တရနေခဲ့သည်။ ဒါဟာ အရိုးစွပ်ပြုတ်ပဲလေ! ဘာပဲပြောပြော အသားစွပ်ပြုတ်ပဲ! သူ ဘယ်လိုလုပ်ပြီး ငြီးငွေ့လာတယ်ဆိုပြီး ပြောနိုင်ရတာလဲ? အကယ်၍ ကမ္ဘာပျက်ကပ်မှာဆို အနံ့ခံနိုင်ရုံနဲ့တင် တက်ကြွလုနီးနီးဖြစ်နေရမှာလေ။
လီချန်ဖုန်း: "ဇနီးလေးရေ မီးဖိုချောင်ထဲမှာ တစ်အိုးလုံးရှိသေးတယ်နော်။ ထိန်းပြီးသောက်မနေနဲ့လေ"
ထိုနေ့တစ်ရက်လုံး သူတို့ စားသောက်သည့်အချိန်တိုင်း ရွှီချင်းအတွက်မူ ပွဲတော်ကြီးအလား ထင်မှတ်နေသည်မို့ လီချန်ဖုန်းလည်း ကြာကြာထိန်းမထားနိုင်တော့ဘဲ ထုတ်မေးလိုက်၏။
"မင်း ဘာဖြစ်နေတာလဲ?"
"ကျွန်တော် ဘာဖြစ်နေလို့လဲ?"
ရွှီချင်းမှာ ရေခဲအမှုန့် ပန်းကန်လုံးကြီးကို မြိန်ရေရှက်ရေစားနေလျက်။ ယခင်က တစ်နေ့မှာ နှစ်ပန်းကန်လုံး စားလေ့ရှိသော်လည်း ယခု ကိုယ်ဝန်ရှိနေပြီဆိုတော့ သူ တစ်နေ့ကို ပန်းကန်လုံးတစ်ဝက်ပဲ စားနိုင်လေသည်။
"မင်း အရမ်းသတိထားပြီး စားနေတာလေ။ ဒါတောင် အားလုံးအဆင်ပြေတယ်လို့ ပြောနေတုန်းပဲလားကွာ? ကိုယ် မင်းကို အရင်က ဒိလိုမျိုးတစ်ခါမှ မမြင်ဖူးဘူးနော်။ မင်း ကိုယ့်ကို အာဃာတထားနေတုန်းပဲလား?"
Thanks for reading!