အခန်း ၉၄
"မဟုတ်ပါဘူးနော်၊ ကျွန်တော်က ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေတာပါနော်"
လီချန်ဖုန်း နားထောင်ပြီးနောက် သူ့လက်ကို ဆန့်ကာ ရွှီချင်း ခေါင်းလေးကို ထိလိုက်ရင်း "ဒါဆိုလည်း များများစား၊ အိုးထဲမှာ အများကြီးရှိသေးတယ်"
ရွှီချင်းက ပြည့်နေပြီဖြစ်တဲ့ သူ့ဗိုက်လုံးလုံးလေးကို ပွတ်သပ်လိုက်ရင်း အော်ဟစ်လာလျက် "ထပ်မစားနိုင်တော့ဘူးဗျ"
လီချန်ဖုန်းလည်း ရွှီချင်း စိတ်ဆိုးနေပုံမပေါ်တာကို မြင်လိုက်ရသောကြောင့် နောက်ထပ်မေးခွန်းတွေ ထပ်မမေးတော့ပေ။ သူက အိုးခွက်ပန်းကန်တွေကို ဆေးကြောနေစဥ် ရွှီချင်းကို ထိုင်ပြီး အနားယူခိုင်းလိုက်သည်။
ညမှာ ဆိတ်ငြိမ်အေးချမ်းစွာ ကုန်ဆုံးသွားလျက်၊ နောက်တစ်နေ့တွင် ရွှီချင်းက ခြံဝင်းတံခါးကို ဖွင့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားရ၏။ "အိုး နှင်းတွေကျနေပြီပဲ"
သူ လက်ခုပ်တီးကာ အဖြူရောင်အငွေ့တွေကို မှုတ်ထုတ်လိုက်လေသည်။
"မင်း ဘာလို့ပိုမအိပ်တာလဲကွာ? အပြင်မှာ ဒီလောက်အေးနေတာကို အပေါ်အင်္ကျီတောင် မဝတ်ထားဘူး။ အအေးမိမှာ မကြောက်ဘူးလား?" လီချန်ဖုန်းက ဂျာကင်အင်္ကျီကို ကောက်ယူကာ ရွှီချင်း ပခုံးပေါ်မှာ ခြုံပေးလိုက်သည်။
"ကျွန်တော် မနေ့ညက စောစောအိပ်တော့ ဒီမနက် စောစောနိုးလာတာပေါ့"
ရွှီချင်းက သူ့ရဲ့ သွယ်လျလျ လက်ဖြူဖြူလေးကို ဆန့်ထုတ်လျက် သူ့ပခုံးပေါ်ရှိ အင်္ကျီကို ဆွဲလိုက်ရင်း "ရာသီဥတု ပိုအေးလာပြီ။ ဒုတိယကလေးက လာမယ့်နွေရာသီ ဒါမှမဟုတ် ဆောင်းဦးရာသီမှာ မွေးဖွားလာနိုင်တယ်နော်"
လီချန်ဖုန်း ပြုံးလျက် "ဒါက ကောင်းတာပဲ မဟုတ်ဘူးလား? ရိတ်သိမ်းရာသီပဲလေ"
"ထွမ်ထွမ်တောင် တစ်နှစ်နီးပါးရှိပြီနော်၊ အချိန်တွေ ကုန်မြန်တာပဲဗျာ" သို့သော်လည်း ထွမ်ထွမ်က အရမ်းငယ်လွန်းသေးချိန်မှာ ကုယ်ဝန်ထပ်ရှိလာပြန်တာကို တွေးမိလိုက်တဲ့အခါ ရွှီချင်းမှာ သူတို့ရဲ့ အရှိန်က တအားမြန်တယ်လို့ ခံစားနေမိသည်။
လီချန်ဖုန်းဟာ အနောက်ကနေ ရွှီချင်းကို ညင်သာစွာ ပွေ့ဖက်ထားကာ သူတို့နှစ်ယောက်စလုံး ရင်းနှီးတဲ့အခိုက်အတန့်လေးကို ခဏမျှ မျှဝေနေလျက်။ သူတို့က ရှယွီရဲ့ ကိစ္စကို ထပ်မပြောတော့ရန် ရွေးချယ်ခဲ့ကြသည်။
ရွှီချင်းက ထွမ်ထွမ်အတွက် ဖိနပ်ချုပ်နေစဉ် လီချန်ဖုန်းသည်လည်း နံဘေးမှာ သစ်သားပရိဘောဂတွေ ပြုလုပ်နေခဲ့သည်။ ယခုဆို ထွမ်ထွမ်လေးက သူ့ဘာသူ လမ်းလျှောက်ရတာ သဘောကျနေခဲ့ပြီ။
"တတိယညီက ဒီတစ်ခါ မိသားစုနဲ့ ခွဲထွက်ဖို့ ဆုံးဖြတ်ထားတာလား?" ရွှီချင်း ထရပ်ကာ အကြောဆန့်လိုက်၏။
"အဲဒါက ချည်ကြိုးနဲ့ ချိတ်ထားသလိုပါပဲ၊ ကိုယ့်မိဘတွေအကြောင်း မင်းသိတဲ့အတိုင်း သူက သူတို့ရဲ့ အချစ်ဆုံးသားပဲလေ။ မိသားစုနဲ့ ခွဲထွက်ဖို့အတွက် သူ တကယ်ပဲ တွန်းအားပေးပြီးတော့ အဖေနဲ့အမေတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် သူက ပညာတတ်ဘွဲ့ကို ထမ်းပိုးထားသူမို့ မလိုလားအပ်တဲ့ အကျိုးဆက်တချို့ကို ရင်ဆိုင်ရလိမ့်မယ်"
ရွှီချင်းက အခုလေးတင် နိုးလာတဲ့ ထွမ်ထွမ်ကို ကောက်ချီလိုက်ပြီး ပွေ့ဖက်ထားခဲ့သည်။
"အာ...အားမား... အား..."
လီချန်ဖုန်းက ထွမ်ထွမ်ရဲ့ ကလေးဆန်ဆန် နူးနူးညံ့ညံ့အသံလေးကို ကြားလိုက်ရတဲ့အခါ သူလုပ်လက်စတွေကို ကူကယ်ရာမဲ့စွာ ချထားလိုက်ပြီး ထွမ်ထွမ်ကို ချီကာ သူ့ရဲ့ ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးကို သူ့လက်ကြီးကြီးတွေနဲ့ ပွတ်လိုက်သည်။
" 'ပါးပါး'လို့ ပြော! မင်းကို ဘယ်နှစ်ခါတောင် သင်ပေးဖူးလဲဆိုတာ ငါမသိတော့ဘူးကွာ"
"အားမား! အားမား!"
ထွမ်ထွမ်က သူ့ပါးလေးကို သူ့အဖေဆီက ပွတ်သပ်ခံနေရသဖြင့် မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးကြီးကြီးနဲ့ ရွှီချင်းဆီသို့ ကြည့်ကာ သူ့အမူအရာလေးကတော့ လီချန်ဖုန်းရဲ့ "ပြစ်မှု"တွေကို စွပ်စွဲနေသည့်အလား။
"သူက ကိုးလပဲရှိသေးတာကို 'အားမား'လို့ ပြောနိုင်တာပဲ မဆိုးလှပါဘူးဗျာ"
ရွှီချင်းက ထွမ်ထွမ်ကို ပြန်ချီလိုက်ကာ မြေပြင်ပေါ် ချပေးလိုက်သည်နဲ့ ထွမ်ထွမ်က ချက်ချင်းပင် သူ့ခြေထောက်လေးတွေကို စတင်ကန်ကျောက်လျက် လမ်းလျှောက်ပါတော့သည်။
"ဝုတ် ဝုတ်!"
ဘေးမှာ လဲလျောင်းနေတဲ့ ရှောင်ပေါင်က ရုတ်ချည်း ထရပ်ကာ ကျယ်လောင်စွာ ဟောင်လျက် ခြံတံခါးဆီသို့ ပြေးသွားခဲ့သည်။
"အပြင်မှာ တစ်ယောက်ယောက်ရှိလား?"
ရှောင်ပေါင်က လူစိမ်းတွေလာမှသာ စိတ်လှုပ်ရှားစွာ ဟောင်တတ်လေသည်။
လီချန်ဖုန်းက ရွှီချင်းကို ထိုင်ခိုင်းပြီး ခြံတံခါးကို သွားဖွင့်ခဲ့ပေမယ့် ဘယ်သူမှ မရှိတာကို တွေ့လိုက်ရ၏။
လီချန်ဖုန်းက ရည်ရွယ်ချက်ရှိရှိ အပြင်ဘက် ထွက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မမြင်ပါချေ။
"ဘယ်သူလဲ?"
ရွှီချင်းက လီချန်ဖုန်းခြံတံခါးကိုဖွင့်ပြီး ဝင်လာရမယ့်အစား အပြင်ဘက်သို့ ထွက်သွားတာကို တွေ့လိုက်ရ၍ သူလည်း သိချင်လာကာ ထွမ်ထွမ်ကို ချီထားရင်း အပြင်ထွက်လာခဲ့သည်။ သို့သော် အပြင်ဘက်မှာ လီချန်ဖုန်းကလွဲပြီးတော့ ဘယ်သူမှမရှိတာကို တွေ့လိုက်ရလေသည်။
"ချိုးသာ့ ဖြစ်နိုင်မလား?"
ရွှီချင်းမှာ နောက်ဆုံးအကြိမ်တုန်းက သူတို့အနောက်လိုက်နေခဲ့တဲ့ ချိုးသာ့ကို ချက်ချင်း တွေးမိသွားရလျက်။
လီချန်ဖုန်းက ထွမ်ထွမ်လေးဟာ ရွှီချင်းရဲ့ ရင်ခွင်ထဲမှာ ရုန်းကန်နေမှာကို စိုးရိမ်မိသဖြင့် သူ ထွမ်ထွမ်ကို ချီလိုက်ရင်း ရွှီချင်းကို အိမ်ထဲ အရင်ပြန်ဝင်ခိုင်းလိုက်သည်။
သူတို့နှစ်ယောက် အထဲကို ပြန်ဝင်ခါနီးမှာပင် ရှောင်ပေါင်က ခြံဝင်းမှထွက်လာကာ မြစ်ဘက်ကို ပြေးသွားလေ၏။
"မင်း သားလေးနဲ့ အထဲအရင်ဝင်သွားလိုက်။ ဘာဖြစ်တာလဲဆိုတာ ကိုယ်သွားကြည့်လိုက်ဦးမယ်!"
ရှောင်ပေါင်ဟာ အလွန်ပါးနပ်သောကြောင့် သူ့ရဲ့ ရုတ်တရက် စိတ်လှုပ်ရှားမှုဟာ အကြောင်းပြချက်ရှိမည်ပင်။ လီချန်ဖုန်းက ထွမ်ထွမ်ကို ရွှီချင်းဆီ ပြန်လွှဲပေးလိုက်ပြီး ရှောင်ပေါင်သွားတဲ့အနောက်သို့ အမြန်လိုက်သွားလိုက်သည်။
လီချန်ဖုန်းက ရှောင်ပေါင်ရဲ့ ဟောင်သံကို ကြားလိုက်ရပြီး အခင်းဖြစ်ရာနေရာသို့ ရောက်လာချိန်တွင် ရှောင်ပေါင်က ကောက်ရိုးဦးထုပ်ကြီးကို ဝတ်ဆင်ထားတဲ့ လူပေါ်သို့ ခုန်တက်ပြီးဖြစ်၏။ အဲဒီလူက ချိုးသာ့ပါပဲ။
"ငါ့ကိုကယ်ပါဦး! ငါ့ကိုကယ်ပါဦး!"
ရှောင်ပေါင်က ချိုးသားရဲ့ ခြေထောက်ကို အသားတုံးနှယ် ကိုက်ခဲထားရာ ချိးသာ့တစ်ယောက် နာကျင်စွာ ရှုံ့မဲ့နေလျက်။ သို့သော်လည်း ရှောင်ပေါင်က လွှတ်မပေးဘဲ သူ့လည်ချောင်းကို ကိုက်ဖို့ ကြိုးစားနေသဖြင့် ချိုးသာ့တစ်ယောက် လီချန်ဖုန်းကို မြင်လိုက်တာနဲ့ အော်ဟစ်အကူအညီတောင်းလာတော့သည်။
"ရှောင်ပေါင် ပြန်လာခဲ့!"
ရှောင်ပေါင်က လီချန်ဖုန်း အသံကို ကြားသည့်အခါ ချိုးသာ့ကို ခေါင်းငုံ့ကြည့်လိုက်ပြီးမှ လီချန်ဖုန်းဘက်သို့ ပြန်သွားခဲ့သည်။
လီချန်ဖုန်းက အဆင်မပြေလှတဲ့ အနေအထားတွင်ရှိနေတဲ့ ချိုးသာ့ထံ အမူအရာမဲ့စွာ လျှောက်လာကာ ဆောင့်ကြောင့်ထိုင်လျက် နာကျင်မှုကြောင့် ရှုံ့တွနေတဲ့ ချိုးသာ့ရဲ့ မျက်နှာကို ကြည့်လိုက်လေသည်။
"နောက်ဆုံးတစ်ခေါက်တုန်းက မင်း ငါတို့အနောက်ကို လိုက်နေတာ မဟုတ်လား?"
"အဲ့တော့ ဘာဖြစ်လဲ! လီချန်ဖုန်း၊ ငါနဲ့ လော့ကျောင်းကိစ္စပေါ်သွားပြီးတော့ ရွာကနှင်ထုတ်ခံလိုက်ရတာတွေအားလုံးက မင်းကြောင့်ဆိုတာ ငါမသိဘူးလို့ ထင်မနေနဲ့ကွ။ ငါက တခြားသူတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံနေရပြီးတော့ ကိုယ့်အိမ်ကိုတောင် ပြန်မလာနိုင်တော့ဘူး!"
ချိုးသာ့က လီချန်ဖုန်းကို မုန်းတီးစွာ အငြိုးတကြီးနဲ့ ကြည့်နေခဲ့သည်။
ချိုးသာ့နှင့် ရင်ဆိုင်ရချိန်တွင် လီချန်ဖုန်းမှာ ထိတ်လန့်မနေဘဲ "ငါမဟုတ်ရင်တောင် မင်းတို့ကိစ္စက အနှေးနဲ့အမြန်ဆိုသလို ဖော်ထုတ်ခံရမှာပဲလေ။ မင်းနဲ့ အဲဒီမုဆိုးမတွေရဲ့ အချစ်ဇာတ်ခင်းနေတာတွေလည်း ပေါ်သွားမှာပဲ။ ငါက မင်းကို အဲဒီခံစားချက်ကို ကြိုမြည်းစမ်းခိုင်းလိုက်ရုံလေးပါကွာ"
"လီချန်ဖုန်း ငါတို့ကြားမှာ နာကျည်းစရာတွေ၊ ရန်ငြိုးတွေလည်း မရှိဘဲနဲ့ မင်းက ဘာလို့ ငါ့ကို ဒုက္ခပေးချင်တာလဲ?!"
ချိုးသာ့က သူ့ခြေထောက်နာကျင်နေတာကို အံကြိတ်လျက် ထထိုင်ကာ လီချန်ဖုန်းကို စိုက်ကြည့်လိုက်၏။
"မင်း သိချင်လား? အနားတိုးလာခဲ့" လီချန်ဖုန်းက ချိုးသာ့အား သူ့ခေါင်းကို ဘေးဘက်လှည့်စေကာ ပိုနီးကပ်လာခိုင်းလိုက်လေသည်။
ချိုးသာ့ သူ့ခေါင်းကို လှည့်လိုက်သည်နှင့် သူ့ခေါင်းနောက်ဘက်တွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။
လီချန်ဖုန်းသည် မြေပြင်ပေါ်သို့ လဲကျသွားတဲ့ ချိုးသာ့ကို အမူအရာမဲ့စွာ စိုက်ကြည့်လျက် သူ့ကို မလိုက်ရင်း မြစ်ကမ်းနားလမ်းတစ်လျှောက် ရွာဘက်ကို လျှောက်သွားလိုက်သည်။
ရွှီချင်းကမူ လီချန်ဖုန်း အိမ်ပြန်လာတာကို စောင့်ဆိုင်းနေခဲ့သော်လည်း အချိန်ကြာသည့်တိုင်အောင် လီချန်ဖုန်းရဲ့ အရိပ်အယောင်ကို မတွေ့ရသဖြင့် သူ စစ်ဆေးကြည့်ရှုရန် အပြင်ထွက်တော့မည့်အချိန်မှာပင် လီချန်ဖုန်း ပြန်ရောက်လာခဲ့သည်။
"ခင်ဗျား ဘာဖြစ်သွားတာလဲ? ခင်ဗျားကိုယ်မှာ ဘာလို့သွေးတွေရှိနေတာလဲ?" ရွှီချင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် လီချန်ဖုန်းရဲ့ အဝတ်အစားပေါ်မှာ သွေးစွန်းနေတာကို မြင်လိုက်ရလေ၏။
"ခင်ဗျား ဘာဖြစ်သွားတာလဲ? ခင်ဗျားကိုယ်မှာ ဘာလို့သွေးတွေရှိနေတာလဲ?" ရွှီချင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် လီချန်ဖုန်းရဲ့ အဝတ်အစားပေါ်မှာ သွေးစွန်းနေတာကို မြင်လိုက်ပေသည်။
"ဒါ ကိုယ့်သွေးတွေ မဟုတ်ပါဘူး။ အနားမလာနဲ့ဦး။ မင်း ကိုယ်ဝန်ရှိချိန်မှာ သွေးနံ့ရရင် ပျို့အန်ချင်သလို ခံစားရနိုင်တယ်လေ" လီချန်ဖုန်းက ရွှီချင်းကို သူ့အနားမကပ်စေဘဲ ခြံထဲ ဝင်လာပြီးနောက် သူ့အင်္ကျီကို ချွတ်လိုက်၏။ ရွှီချင်းလည်း အိပ်ခန်းထဲသို့ဝင်ကာ လီချန်ဖုန်း အတွက် သန့်သန့်ရှင်းရှင်း အင်္ကျီတစ်ထည်ကို ထုတ်လာပေးလိုက်သည်။
လီချန်ဖုန်းက သူအဆင်ပြေတယ်လို့ ပြောတဲ့အတွက် ရွှီချင်းလည်း အရမ်းစိုးရိမ်မနေတော့ဘဲ "မြန်မြန်လေး ဝတ်လိုက်ဦး"
လီချန်ဖုန်းက အင်္ကျီဝတ်ပြီးနောက် သွေးစွန်းနေတဲ့ အဝတ်တွေကို လျှော်ဖွပ်ရန် ရေမှာစိမ်ထားလိုက်၏။ ထိုအချိန်တွင် သူက ရွှီချင်း အား ရှင်းပြလာခဲ့သည်။ "ဒါက ချိုးသာ့ရဲ့ သွေးတွေပါ။ ရှောင်ပေါင်ဆီက အကိုက်ခံလိုက်ရတာလေ"
ရှောင်ပေါင်မှာ သူ့သခင်ဆီက သူ့နာမည်ခေါ်သံကို ကြားလိုက်ရ၍ အမြီးလေးနှံ့ကာ ရွှီချင်းခြေထောက်နားတွင် နာနာခံခံလေး လှည့်ပတ်နေလျက်။ ရွှီချင်းလည်း လက်ဆန့်ထုတ်ကာ ရှောင်ပေါင်ရဲ့ ခေါင်းကြီးကြီးကို ပွတ်သပ်ပေးလိုက်လေသည်။
"တကယ် သူပဲကိုး။ အခု သူဘယ်မှာလဲ?"
"ကိုယ် သူ့ကို လီကျန်းဆီ ခေါ်သွားလိုက်တယ်။ သူ့ကို တစ်သက်လုံး ရွာထဲမ၀င်ဖို့ တားမြစ်ထားပေမယ့် အခု ခိုးဝင်လာခဲ့တာလေ။ သူနဲ့ထိုက်တန်တာပဲ။ ရှယွီအကြောင်းမေးမြန်းသင့်တယ်လို့ ကိုယ် သူတို့ကို ပြောပြထားခဲ့တယ်"
ချိုးသာ့က ရှယွီကို ပြန်ပေးဆွဲသူမဟုတ်ပါချေ။ သူက လီချန်ဖုန်းကို လက်တုံ့ပြန်ချင်သောကြောင့် ရွာကို ပြန်ရောက်လာခဲ့ခြင်းပင်။ လီကျန်းနှင့် ရွာသားတွေရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးတဲ့နောက် ရှင်းဖူရွာမှ ထပ်မံနှင်ထုတ်ခံခဲ့ရပြီး နောင်အနာဂတ်တွင် နောက်တစ်ကြိမ် ထပ်မပေါ်လာရဲအောင်လို့ ခြိမ်းခြောက်ခဲ့လေသည်။
လီချန်ဖုန်းရဲ့ ခွေးနဲ့အကိုက်ခံရသည့် အကြောင်းရင်းကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ ဂရုမစိုက်ကြပါချေ။ သို့သော်လည်း နောက်ပိုင်းတွင် လူတွေက ရွှီချင်းတို့ ကုန်စုံဆိုင်မှာ လာဝယ်ကြသည့်အခါ ရှောင်ပေါင်ကို ချောင်းကြည့်တတ်ကြလေ၏။
စပ်စုလိုတဲ့ ရွာသားတွေဆီက တစ်နေ့လျှင် သုံးကြိမ် ဝိုင်းရံခံနေရတဲ့ ရှောင်ပေါင်: "......"
ချိုးသာ့က ရှယွီကို ပြန်ပေးမဆွဲခဲ့ဖူးဆိုတော့ ရှယွီက ဘယ်သွားနေတာလဲ? လီကျန်းမှာ စိုးရိမ်သောကများနေလျက် ရှယွီ မတော်တဆတစ်ခုခုဖြစ်နေမှာကို ကြောက်လန့်နေခဲ့သည်။
"ကျွန်တော့်အထင်အမြင်တွေ မှားနေတဲ့ပုံပဲနော်။ ကံကောင်းလို့ပေါ့ ကျွန်တော် ပေါ့ပေါ့ဆဆ မလုပ်မိလိုက်လို့၊ မဟုတ်ရင် ကျွန်တော့်ရဲ့ ဒီမျက်နှာအိုကြီး အရှက်ရရလိမ့်မှာ" ရွှီချင်းက အိပ်ယာပေါ်မှာ သူ့လက်နှစ်ဖက်ကို ခေါင်းအနောက်မှာ ထားကာ လဲလျောင်းနေလျက် အေးအေးဆေးဆေး ပြောလာလေသည်။
"ဘာမျက်နှာအိုကြီးလဲ? မင်း အသက်မကြီးသေးပါဘူးကွာ!"
ရွှီချင်း: "....... အဲဒါက အဓိကမဟုတ်ဘူးလေဗျာ!"
နောက်တစ်နေ့တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ လီရှောင်းအာက ရွှီမိသားစုဆီ ရောက်လာခဲ့၏။
"မင်းရဲ့ အသားအရောင်က ပိုကောင်းလာတာပဲ။ လုံးဝနေပြန်ကောင်းလာပြီလား"
ရွှီချင်းက အသားအရောင် ပြန်ကောင်းလာသော်ငြား ကိုယ်အလေးချိန် တစ်ဝက်လောက်ကျသွားရှာတဲ့ လီရှောင်းအာကို ကြည့်ကာ မေးလိုက်သည်။
လီရှောင်းအာ ပြုံးလျက် "ပိုကောင်းလာပါပြီ။ ကျွန်တော် ပိုစားပေမယ့်လည်း ကိုယ်အလေးချိန် မတက်နိုင်သေးဘူးဗျာ။ ဒါနဲ့ စကားမစပ် ဒုတိယယောက်ဖကို ဂုဏ်ပြုပါတယ်နော်"
"ပြီးတော့ ငါ့ကိုလည်း ဂုဏ်ပြုရမှာပေါ့!"
သူတို့ဘေးမှာထိုင်နေတဲ့ အဖေဖြစ်သူက ပြောလာသည့်အခါ လီရှောင်းအာက အလျင်စလိုဖြင့် "ဟုတ်တာပေါ့၊ ဒုတိယအစ်ကိုကိုလည်း ဂုဏ်ပြုပါတယ်ဗျာ!"
လီချန်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ဝမ်လေ့က ဘာလို့ မင်းနဲ့အတူ မလာတာလဲ?"
"သူက ကျွန်တော့်ကို ရွာအစွန်ထိ လိုက်ပို့ပေးခဲ့တာပါ။ သူ့ဆိုင်မှာ အရမ်းအလုပ်ရှုပ်နေတော့ သူ့ကို လိုက်မပို့ခိုင်းပေမယ့် သူက ခေါင်းမာနေတယ်လေ" ဝမ်လေ့အကြောင်းပြောနေစဉ် လီရှောင်းအာရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုအပြည့်ရှိနေလျက်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ရင်း "ဒါဖြင့် ငါ ဟင်းသီးဟင်းရွက်နည်းနည်း သွားခူးလိုက်ဦးမယ်။ မင်းတို့ စကားပြောကြ" လီချန်ဖုန်း မတ်တပ်ထရပ်ကာ ထွက်လာခဲ့သည်။
လီရှောင်းအာမှာ လီချန်ဖုန်းရဲ့ ထွက်သွားတဲ့ ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းချမိကာ ရွှီချင်းကို ပြောလာခဲ့သည်။ "သူက ကျွန်တော့်အကိုဆိုပေမယ့် သူက အမျိုးသားတစ်ယောက်ဖြစ်နေတုန်းပဲလေ။ သူ့ရှေ့မှာ ပြောလို့မရတဲ့ တချို့အရာတွေ ရှိတယ်"
"ဘာဖြစ်လို့လဲ?" ရွှီချင်း ပဟေဠိဖြစ်သွားရလျက်။
လီရှောင်းအာက စိုးရိမ်တကြီး ပြောလာသည်မှာ "ကျွန်တော့်ခန္ဓာကိုယ်က နေပြန်ကောင်းနေပြီလေ။ ဒါပေမယ့် အခုထိ ဘာသတင်းမှ မရသေးတာလဲဟင်? ပြီးတော့ အကိုကျတော့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး ကိုယ်ဝန်ရလာတာလဲ?"
ရွှီချင်းမှာ သူ့စကားတွေကို ကြားလိုက်ရတော့ လန့်ဖျပ်သွားရပြီး သူကိုယ်၌က ကိုယ်ဝန်ရှိနေပြီဖြစ်၍ ကိုယ်ဝန်မရသေးလို့ ပူပန်နေတဲ့ လီရှောင်းအာကို ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတော့ပေ။
လီရှောင်းအာမှာ ရွှီချင်းရဲ့ အမူအရာကို မြင်လိုက်တဲ့အခါ သူ စကားလွန်သွားတာကို သဘောပေါက်သွားရသဖြင့် အလျင်စလို ပြန်ရှင်းပြလာခဲ့သည်။ "အကို ကျွန်တော် ဘာအဓိပ္ပါယ်နဲ့မှ ပြောတာမဟုတ်ပါဘူးနော်။ ဒီတိုင်း စိုးရိမ်နေမိလို့ပါ"
"ငါသိပါတယ်ကွာ။ ဒါပေမယ့် အလျင်လိုနေစရာ မလိုပါဘူး။ သူ ရောက်လာလိမ့်မယ်" ရွှီချင်းလည်း လေထုက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။
"ဒါနဲ့ အခု ထွမ်ထွမ်နိုးပြီလား? ကျွန်တော် သူ့ကိုသွားကြည့်လိုက်မယ်နော်" လီရှောင်းအာမှာ သူပြောလိုက်တာတွေက နည်းနည်းကျိုးကြောင်းဆီလျော်မှုမရှိတာကို သိလိုက်၍ ခေါင်းစဥ် ပြောင်းလိုက်လေ၏။
"သူ နိုးသင့်နေပြီ၊ အခန်းထဲမှာရှိတယ်" ရွှီချင်းလည်း ယခုအချိန်တွင် ထွမ်ထွမ်လေး နိုးလာရန် မျှော်လင့်နေလျက်။
နေ့လည်စာစားချိန်တွင် လီချန်ဖုန်းလည်း ရွှီချင်းနှင့် လီရှောင်းအာတို့ကြားရှိ လေထုမှာ နည်းနည်းထူးဆန်းနေတာကို သတိပြုမိခဲ့သည်။ သူက လီရှောင်းအာရဲ့ အနည်းငယ် အပြစ်ရှိနေတဲ့ အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဘာတွေဖြစ်သွားတာလဲလို့ မေးမြန်းတော့မည့်အချိန်မှာပဲ ရွှီချင်းက သူ့ကို စားပွဲအောက်ကနေ ကန်လိုက်လေသည်။
လီချန်ဖုန်းက ရွှီချင်းကို ကြည့်လိုက်တဲ့အခါ ရွှီချင်းက အနည်းငယ် ခေါင်းယမ်းပြနေတာကို တွေ့လိုက်ရ၏။ လီချန်ဖုန်းလည်း သူ့စကားလုံးတွေကို မျိုချလိုက်ပြီး ရှယွီအကြောင်းသာ ပြောလိုက်တော့သည်။
"ရှယွီ?"
လီရှောင်းအာက ရှယွီနာမည်ကို ကြားလိုက်တဲ့အခါ ခေါင်းမော့လာခဲ့သည်။
"မင်း ရှယွီကို သိတာလား?"
လီချန်ဖုန်းက လီရှောင်းအာကို ကြည့်လိုက်သည်။
လီရှောင်းအာလည်း သူ့ပါးစပ်ထဲက စားစရာတွေကို မျိုချလိုက်ပြီး သတိထားလျက် ပြောလိုက်၏။ "ကျွန်တော်တို့ဆိုင်ရဲ့ လမ်းတစ်ဖက်က လက်ဖက်ရည်ဆိုင်မှာ ရှယွီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် အလုပ်လုပ်နေတာ။ သူက ပိန်ပိန်သေးသေးလေးနဲ့ ကောနဲ့တူနေလို့ ကျွန်တော်က သူ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတာပါ"
လီချန်ဖုန်းနှင့် ရွှီချင်းတို့က အချင်းချင်းကြည့်လိုက်မိ၏။ ဒါဆို ရှယွီက သူ့ခြေထောက်နဲ့သူ ထွက်သွားပုံရတဲ့အပြင် သူက ယောက်ျားတစ်ယောက်လို ပြုမူနေထိုင်နေသေးတာပေါ့။
အမျိုးသားနဲ့ ကောတွေကို ခွဲခြားနိုင်တဲ့ နည်းလမ်းမှာ ရုပ်ပိုင်းဆိုင်ရာ ကွာခြားမှုအပြင် မျက်ခုံးကြားက မှဲ့နီလည်းရှိလေသည်။ ရှယွီက မှဲ့နီကို တစ်ခုခုနဲ့ ဖုံးကွယ်ထားတာပဲဖြစ်ရမယ်။ သည့်အပြင် သူဟာ ယမန်နှစ်က ငတ်မွတ်ခေါင်းပါးမှုကြောင့် ဒီနေရာကို လွတ်မြောက်လာသူဖြစ်ကြောင်း ပြောထားပါသေးသည်။ ကြင်နာတတ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူ့ကို လူငယ်လေးအဖြစ် အထင်မှားကာ သူ့ကို နေခွင့်ပေးထားခဲ့သည်ပင်။
Thanks for reading!