အခန်း ၉၂
"ဘာဖြစ်လာတာလဲ? မင်း ဘာလို့ ဒီလောက်အလျင်စလိုဖြစ်နေတာလဲ? ဟေး မင်းကရော ဘာလို့ငိုနေရတာလဲကွာ!" လီချန်ဖုန်းက ရေတွင်းနားမှာ လက်ဆေးနေရင်း ရွှီချင်းက ငိုနေတဲ့ ထွမ်ထွမ်လေးကို ချီရင်း အမြန်လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။
ရွှီချင်းက လီချန်ဖုန်းကို ထွမ်ထွမ်အား ချော့ခိုင်းလိုက်ကာ "ကျွန်တော် ထွမ်ထွမ်ကို သွားပြန်ခေါ်လာတုန်းက လမ်းဆုံလမ်းခွမှာ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့ခဲ့ရတယ်။ ကျွန်တော် အသံပြုလိုက်တာနဲ့ သူ အမြန်ထွက်ပြေးသွားတာ။ ကျွန်တော်လည်း ထွမ်ထွမ်ကို ချီထားတော့ သူ့နောက်လိုက်လို့မရခဲ့ဘူး။ အဲဒီလူရဲ့ပုံသဏ္ဍာန်ကတော့ ကျွန်တော်နဲ့ ရင်းနှီးသလို ခံစားရပေမယ့် ဘယ်သူလဲဆိုတာတော့ မမှတ်မိဘူးဗျာ"
လီချန်ဖုန်းက ငိုနေတဲ့ ထွမ်ထွမ်လေးကို ချော့မော့နေကာ ညင်ညင်သာသာလေး ပုတ်ပေးနေခဲ့သည်။ သူက ရွှီချင်းစကားတွေကို ကြားလိုက်တော့ ခဏလောက်စဉ်းစားပြီးမှ "ဒါဆို ငါ့ဇနီးလေးကို ချောင်းကြည့်နေတဲ့ ကောင်တစ်ကောင် ဖြစ်နိုင်တာပဲ။ အဲဒါကို စိတ်မပူပါနဲ့တော့။ စားဖို့ အဆင်သင့်ဖြစ်နေပြီ စားကြစို့လေ"
ရွှီချင်း ခေါင်းညိတ်ပြခဲ့သော်လည်း သူ့စိတ်ထဲမှာ တစ်ခုခု မှားနေပြီလို့ အမြဲလိုလို ခံစားနေခဲ့ရသဖြင့် သံသယ ပိုဖြစ်လာခဲ့သည်။
နောက်ရက်များတွင် ရွှီချင်းက ထွမ်ထွမ်ကို အဒေါ်ရှဲ့အိမ်သို့ ပို့မည့်အစား သူနဲ့အတူ လယ်ကွင်းဆီကိုပဲ ခေါ်သွားတော့သည်။
ရွှီချင်းက ယခင်တုန်းက ကလေးတွေကို ပြန်ပေးဆွဲတတ်တဲ့ လူကုန်ကူးသမားတွေအကြောင်း ကြားထားဖူးပေသည်။ ယခု ရှေးခေတ်ကာလဖြစ်နေခဲ့ရင်တောင်မှ သတိရှိတာက ပိုကောင်းသည်လေ။
မျှော်လင့်ထားသလိုပင် ရွှီချင်းရဲ့ ပင်ကိုယ်အသိစိတ်က မှန်ကန်ပေ၏။ သူ ထိုပုံရိပ်ကို မြင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မျက်တွင်းချောင်ကျနေတဲ့ လီကျန်း(ရွာသူကြီး)မိသားစုမှ အဒေါ်ရှဟာ သူတို့အိမ်သို့ ရောက်လာခဲ့သည်။ သူက ရွှီချင်းနှင့် လီချန်ဖုန်းတို့ကိုကြည့်ရင်း ချီတုံချတုံ စကားပြောနေခဲ့၍ သူ့ရည်ရွယ်ချက်အမှန်ကို အချိန်အတော်ကြာအောင် နားမလည်ခဲ့ပေ။
"အဒေါ်ရှ မင်းပြောစရာရှိရင် ပြောသာပြောလိုက်ပါ။ ရှင်းရှင်းလင်းလင်းမပြောရင် မင်း ဘာပြောဖို့ကြိုးစားနေလဲဆိုတာ ကျွန်တော်တို့မသိဘူးလေ" ရွှီချင်းက အဒေါ်ရှ အချိန်ဆွဲနေတာကို သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်မေးလိုက်၏။
အဒေါ်ရှလည်း ရွှီချင်းရဲ့ စကားကိုကြားတဲ့အခါတွင် အလွန်တရာ စိတ်မသက်မသာဖြစ်သွားရသလို စိုးရိမ်သောကများနေလျက်။ သူ အမြန်ပြောလိုသော်လည်း သူ့သားလေးရဲ့ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေခြင်းကြောင့်သာ။
"ဟုတ်ပါတယ် အဒေါ်ရှ၊ မင်းမှာ ပြောစရာရှိရင် ဒီတိုင်းပြောလိုက်ပါ။ ကျွန်တော်တို့ ကူညီနိုင်သလောက် ကူညီပေးမှာပါဗျာ" လီချန်ဖုန်းလည်း သည်းမခံနိုင်တော့ပေ။ သူတို့ ကုန်စုံဆိုင်ဖွင့်ပြီးနောက်ပိုင်း ရွာလူကြီးမိသားစုနဲ့ ဆက်ဆံရေး တိုးတက်လာပေမယ့်လည်း အရမ်းရင်းနှီးနေသည်တော့မဟုတ်။ အဒေါ်ရှက ရုတ်တရက်ကြီး သူတို့ဆီ ရောက်လာရသည့် အကြောင်းရင်းကိုလည်း လီချန်ဖုန်း မတွေးတတ်ပါချေ။
"ဒါဆို ငါ *ခြုံပုတ်တွေကို ရိုက်မနေတော့ဘူး။ ငါမေးချင်တာက…" အဒေါ်ရှတစ်ယောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့ရဲ့ မျက်နှာပေါ်က ကူကယ်ရာမဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အခါ ရပ်တန့်သွားပြန်ပြီးမှ သတ္တိမွေးကာ မေးလိုက်လေ၏။ "မင်းတို့ ငါ့သား ရှယွီကို မြင်လိုက်သေးလား တွေ့လိုက်သေးလား?"
(*စကားကို ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူး)
သူ ပြောပြီးသည်နှင့် ရွှီချင်းနှင့် လီချန်ဖုန်းတို့ကို မျှော်တလင့်တကြီး ကြည့်နေခဲ့သည်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း အကြည့်ချင်းဖလှယ်လိုက်ရင်း ခေါင်းယမ်းလိုက်ကြသည်။ ရွှီချင်းက ရှယွီနဲ့ ယခင်က တစ်ခါမှမတွေ့ဖူးခဲ့သလို လီချန်ဖုန်းကလည်း ရှယွီရဲ့ ပုံသဏ္ဍာန်ကိုတောင် မမှတ်မိပါချေ။ ပြီးခဲ့တဲ့ အခေါက်တုန်းက လမ်းဆုံလမ်းခွမှာ ငိုနေတဲ့ကောင်လေးဟာ ရှယွီမှန်း သူမသိလိုက်ပေ။
(T/N: ရွှီချင်းက ရှယွီနဲ့ တွေ့ဖူးတယ်နော်။ ဟင်းချက်နည်းမေးရင်း လင်းဖန်းလျန်အကြောင်းလာအစ်အောက်တာလေ။ စာရေးသူကိုယ်တိုင်က မေ့သွားတာလားမသိဘူးနော်)
ရွှီချင်းနှင့် လီချန်ဖုန်းတို့ နှစ်ယောက်လုံး ခေါင်းခါလိုက်ကြတာကို အဒေါ်ရှ မြင်လိုက်သည်နှင့် သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်မှာ ပျက်စီးသွားချေပြီ။ ယခုဆို ရှယွီ ပျောက်နေခဲ့သည်မှာ နှစ်ရက်ရှိနေပြီဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ရက်က အဒေါ်ရှမှာ ရှယွီရဲ့ စိတ်ထဲတွင် တစ်ခုခုရှိနေပုံပေါ်တာကို သတိပြုမိ၍ မေးမြန်းခဲ့သော်လည်း ရှယွီက လွန်စွာတုန်လှုပ်သွားကာ ဘာမှပြောမလာခဲ့ချေ။ သို့သော် ထိုနေ့နောက်ပိုင်းမှာတော့ ရှယွီက အိမ်ပြန်မလာခဲ့တော့ပေ။
လီကျန်းမိသားစုက နေရာတိုင်းမှာ လျှို့ဝှက်စွာ စုံစမ်းနေခဲ့ပေမယ့် ရှယွီရဲ့ ခြေရာကို ရှာမတွေ့ခဲ့သည့်နောက် အဒေါ်ရှက အနောက်ဘက်တောင်ရှိ ရွှီချင်းတို့မိသားစုကို တွေးတောမိကာ အမြန်ပြေးလာသော်လည်း စိတ်ပျက်စရာအဖြေကိုသာ ရခဲ့လေသည်။ အဒေါ်ရှဟာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့ သားလေးအကြောင်း တွေးမိချိန်မှာတော့ မငိုမိဘဲ မနေနိုင်တော့ပေ။
"အဒေါ်ရှ ကျေးဇူးပြုပြီး မငိုပါနဲ့။ ကျွန်တော်တို့ကို ဖြစ်ပျက်ခဲ့တာတွေ ပြောပြနိုင်မလား?" လီချန်ဖုန်းမှာ အဒေါ်ရှက အဘယ်ကြောင့် ရုတ်တရက်ကြီး ထငိုလာရသလဲဆိုတာ နားမလည်သဖြင့် တိုက်ရိုက်မေးလိုက်သည်။
ရွှီချင်းက လက်ကိုင်ပုဝါကို ထုတ်ကာ အဒေါ်ရှကို ကမ်းပေးလိုက်၏။ ရွှီချင်းက လီချန်ဖုန်းရဲ့ စကားကိုကြားသည့်အခါ သူ့အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး အဒေါ်ရှဘက်ကို လေးလေးနက်နက်အမူအရာဖြင့် လှည့်ကြည့်လိုက်ရင်း "အဒေါ်ရှ၊ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော်တို့လို သာမန်လူတွေက မဖြေရှင်းနိုင်ရင် အစိုးရကို အကူအညီတောင်းဖို့ သွားရှာလို့ရတယ်လေ။ ဒီကိစ္စကို အချိန်အကြာကြီးဆွဲထားရင် ဘယ်သူ့အတွက်မှ မကောင်းဘူးလေ ဟုတ်တယ်မလားဗျ?"
"အစိုးရလား?" အဒေါ်ရှက ရွှီချင်းရဲ့ စကားကို ကြားပြီးနောက် သူ့နှလုံးသားထဲမှာ မျှော်လင့်ချက် အလင်းရောင်တစ်ခု ပြန်လည်တောက်ပလာသည့်နှယ်၊ ရွှီချင်းတို့ကို အမြန်နှုတ်ဆက်ခဲ့ပြီး ရွာဘက် ပြန်လျှောက်သွားခဲ့သည်။ သို့သော်လည်း သူ ရွှီမိသားစုမှ ထွက်ခွာလာပြီး မကြာခင်မှာပဲ သူ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ရ၏။
အစိုးရက သူ့သားကို ရှာတွေ့တဲ့အခါ သူ့သားက ယောကျ်ားတစ်ယောက်နဲ့ အတူရှိနေခဲ့ရင် သူ့သားရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားမှာ မဟုတ်ဘူးလား? မဟုတ်ဘူး၊ သူ နည်းနည်းကြာကြာထပ်စောင့်ရမယ်။ သူ့သားက သေချာပေါက် အိမ်ပြန်လာမှာပါ။ ဟုတ်တယ်၊ သူနည်းနည်းထပ်စောင့်ရမယ်။
ထိုအချိန်တွင် ရွှီချင်းနှင့် လီချန်ဖုန်းတို့က ခြံဝင်းထဲ၌ တိတ်တဆိတ် မျက်နှာချင်းဆိုင်ထိုင်နေကြလျက်။ ရွှီချင်းက အဒေါ်ရှကို ပြောလိုက်တဲ့ လီချန်ဖုန်းရဲ့ စကားတွေကို ပြန်တွေးနေမိရင်း တစ်ခါတစ်လေဆို လီချန်ဖုန်းဟာ သာမန်အသိမရှိဘူးလို့ သူ ခံစားမိသည်။
တစ်ဖက်တွင်မူ ရွှီချင်းရဲ့ အကြည့်အောက်မှာ ရှိနေတဲ့ လီချန်ဖုန်းက သူ တစ်ခုခုမှားပြောမိတယ်လို့ ခံစားမိသော်လည်း သူမမှားပါဘူးလို့လည်း တွေးနေမိလျက်။
"စောနတုန်းက အချက်အလက်တွေပိုသိချင်တာအတွက်နဲ့ ခင်ဗျား အဒေါ်ရှကို အတင်းမမေးသင့်ဘူးလေ။ သူက ရှယွီနဲ့ ပတ်သက်တဲ့ သတင်းကို ပြောပြီးနေပြီသားပဲ။ ဆိုလိုတာက ရှယွီက အိမ်မှာရှိမနေဘူး၊ ပြီးတော့ ရှယွီက လက်မထပ်ရသေးတဲ့ ကောတစ်ယောက်လေ။ ကျွန်တော်တို့က သူပျောက်နေတယ်လို့ ပြောလိုက်ရင် အဲ့ဒါက သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လေ" ရွှီချင်းက ဒီကမ္ဘာမှာ ရောက်နေခဲ့တာ အချိန်အတော်ကြာပြီဖြစ်လို့ ဒီနေရာက လူတွေဟာ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြောင်း သိရှိခဲ့ပြီးဖြစ်သည်။
"ကိုယ်သိပါတယ်။ အဲ့ဒါကြောင့်ပဲ သူက တစ်ခုခုပြောချင်ပေမယ့် ချီတုံချတုံဖြစ်နေတာပဲလေ" လီချန်ဖုန်း လေးလေးနက်နက် ပြောကာ "ဒါပေမယ့် စောစောက မင်းပြောခဲ့သလိုပဲ၊ တစ်ယောက်ယောက် ပျောက်နေပြီးတော့ ကိုယ်တို့ကလည်း ရှာမတွေ့ဘူးဆိုရင် အစိုးရရဲ့အကူအညီကို ရှာသင့်တယ်လေ၊ အဲ့ဒါဆို အားလုံးအဆင်ပြေသွားမှာပါ"
သူ့မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားလိုတဲ့ အဒေါ်ရှကတော့ ရှယွီပြန်လာလိမ့်မယ်လို့ ယုံကြည်ကာ စောင့်ဆိုင်းနေခဲ့ပေမယ့် ငါးရက်တိုင်တိုင် ပျောက်ဆုံးနေဆဲဖြစ်၍ လီကျန်းမိသားစုမှာ ထိတ်လန့်လာကာ မျက်နှာပျက်ရတာတွေကို ဂရုစိုက်မနေတော့ဘဲ ညတွင်းချင်း အရာရှိတွေထံ သတင်းသွားပို့လိုက်၏။
ရွှီချင်းကမူ လီကျန်းမိသားစုက အခုမှ အရာရှိတွေဆီ သတင်းသွားပို့တာကို ကြားမိတော့ တော်တော်လေးနားမလည်နိုင်ဖြစ်နေခဲ့ရ၏။ သို့သော်လည်း ရှယွီပျောက်ဆုံးမှုဟာ ထိုနေ့က လမ်းဆုံလမ်းခွမှာ သူတွေ့လိုက်ရတဲ့ ပုံရိပ်ကို ပြန်သတိရမိသွားကာ အဖြစ်အပျက်နှစ်ခုဟာ ဆက်စပ်နေမလား တွေးမိသွား၍ တုန်လှုပ်သွားခဲ့ရသည်။
လီကျန်းမိသားစုက သတင်းပို့ပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူများဟာ အခြေအနေကို စစ်ဆေးရန် ရွာသို့ရောက်လာခဲ့ကြသည်။ ဒါဟာ လုပ်ရိုးလုပ်စဥ်တစ်ခုပင်။ သို့သော်လည်း အရာရှိတစ်ဦးက ရှဲ့မိသားစုအိမ်မှ ထွက်ခွာရန် ငြင်းဆိုခဲ့ပြီး ဦးလေးရှဲ့အား စစ်ဆေးမေးမြန်းရန် ပြန်ခေါ်သွားလိုခဲ့သည့်အတွက် အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြလေ၏။
ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း ထိုအဖြစ်အပျက်ကို ကြားသိပြီးနောက် ရှဲ့မိသားစုအိမ်သို့ အမြန်ပြေးသွားခဲ့ကြသည်။
"မင်းမှာ အပြစ်ရှိတယ်လို့ ငါထင်တယ်! ငါ မင်းကို စစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်သွားချင်တာ အဲ့ဒါ ဘာမှားနေလို့လဲ? မင်းမှာ တကယ်အပြစ်မရှိဘူးဆိုရင် ငါနဲ့ လိုက်ခဲ့သင့်တာပေါ့!" ပြောသူမှာ အရာရှိယူနီဖောင်းကို ၀တ်ဆင်ထားသော မျက်နှာချွန်ချွန်နဲ့ မျက်လုံးကျဉ်းကျဥ်း အမျိုးသားတစ်ဦးပင်။
"ကျူးဖင်! လူတွေကို အသရေဖျက်မနေနဲ့၊ မာဖူကွေ့ရဲ့ ကိစ္စကြောင့်နဲ့ မင်း ငါ့ကို ပုဂ္ဂိုလ်ရေးအရ အငြိုးထားနေတာပဲ! ငါ့အသက်တွေကြီးလာလို့ မမြင်နိုင်ဘူးထင်နေတာလား? မင်းဘာလုပ်ချင်နေလဲဆိုတာကို ငါ အတိအကျသိတယ်ကွ!" ဦးလေးရှဲ့က ဒေါသတကြီးဖြစ်နေလျက် ကျူးဖင်ဆိုတဲ့အရာရှိနဲ့ အော်ဟစ်ငြင်းခုံနေခဲ့သည်။
"အမှန်ပဲ! ငါတို့မိသားစုက အနိုင်ကျင့်ဖို့ မလွယ်ဘူးဟေ့!" အဒေါ်ရှဲ့လည်း လွန်လွန်ကဲကဲ ငြင်းဆန်နေခဲ့၏။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ?" လီချန်ဖုန်းရဲ့ အရပ်ရှည်ရှည်ခန္ဓာကိုယ်က ရှဲ့မိသားစုကို ကာကွယ်လိုဟန်ဖြင့် အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့ဘေးမှာ ရပ်နေလိုက်သည်။
ကျူးဖင်လည်း လီချန်ဖုန်းရဲ့ အရပ်ရှည်ရှည်ပုံသဏ္ဍာန်ကို မြင်သည့်အခါ သူ့ရဲ့ ပိန်ပိန်ပါးပါးကိုယ်နဲ့ နှိုင်းယှဥ်မိသွားရလျက်။ သူ အနည်းငယ် ကြောက်လန့်သလို ခံစားခဲ့ရသော်လည်း လီချန်ဖုန်း ဝတ်ဆင်ထားတဲ့ အထည်ကြမ်းတွေကို မြင်လိုက်သောအခါတွင် ထိုလူဟာ လယ်သမားတစ်ယောက်ပါပဲလို့ တွေးမိပြီး အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။
"မင်းက ဘယ်သူလဲ? ငါ တရားဝင်အလုပ်လုပ်နေတာ မင်းမမြင်ဘူးလားကွ?" ကျူးဖင်က လီချန်ဖုန်းထံမှ လေးစားသမှုကို ရလိုရငြား သူ့ရင်ဘတ်ကို ဖွဖွပုတ်ပြရင်း ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို ထုတ်ပြလိုက်၏။
လီချန်ဖုန်း နှာခေါင်းရှုံ့လိုက်ပြီး "အရာရှိလား? ဒီလို အနိုင်ကျင့်တတ်တဲ့အရာရှိကို ငါ တစ်ခါမှ မတွေ့ဖူးဘူး!"
"မင်း!" ကျူးဖင်သည် လီချန်ဖုန်းက ဒီလိုမျိုး သူ့ကို မလေးမစားလုပ်လိမ့်မယ်လို့ မထင်ခဲ့၍ သင်ခန်းစာတစ်ခုပေးရန် ကြံရွယ်လိုက်သော်လည်း လီချန်ဖုန်းရဲ့ တင်းတင်းကျပ်ကျပ်ဆုပ်ထားတဲ့ လက်သီးကို သူ့မျက်လုံးထောင့်က မြင်လိုက်ရ၍ သူ့စကားလုံးများကို မျိုချလိုက်ရသည်။
"ငါ မင်းနဲ့ ငြင်းမှာမဟုတ်ဘူးကွ!" ကျူးဖင်က ဦးလေးရှဲ့ဘက်ကို ပြန်လှည့်သွားကာ "မင်းက ငါနဲ့ ရိုးရိုးသားသား လိုက်လာတာ ပိုကောင်းမယ်နော်၊ မဟုတ်ရင်တော့ နောင်တရလိမ့်မယ်!"
ရွှီချင်းမှာ သည်းမခံနိုင်ဘဲ ကျူးဖင်ကို ရင်ဆိုင်ဖို့ ရှေ့တိုးလာကာ "ဦးလေးရှဲ့ကို ခင်ဗျားက ဘာအကြောင်းကြောင့် သံသယရှိရတာလဲ? ခင်ဗျားအထင်ကြောင့်နဲ့ပဲ ဘယ်သူ့ကိုမဆို စွပ်စွဲလို့ရတာလား?"
ထို့နောက် ရွှီချင်းက စုဝေးနေတဲ့ရွာသားတွေကို ကြည့်လိုက်ရင်း "ခင်ဗျားရဲ့ အရာရှိတာဝန်ကို ဒီလိုလုပ်နေတာဆိုရင်တော့ နောက်ဆို ငါတို့ရွာက ခင်ဗျားမကြိုက်တဲ့လူတိုင်းကို လိုက်စွပ်စွဲနေတော့မှာလား?"
ရွှီချင်းရဲ့ စကားကြောင့် ရွာသားတွေလည်း ရုန်းရင်းဆန်ခတ်ဖြစ်လာကြလျက်။ မူလကတည်းက ဒီအရာရှိဟာ ယုံကြည်လို့မရဘူးလို့ သူတို့တွေးနေပြီးသားပင်။ ဦးလေးရှဲ့တို့မိသားစုမှာ ဘယ်သောအခါမှ ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းမရှိဖူးသလို ရွာသူရွာသားတွေနဲ့လည်း အမြဲတမ်း ရင်းနှီးဖော်ရွေနေခဲ့သည်လေ။
"ဟုတ်တယ်၊ ဟုတ်တယ်။ သက်သေမရှိဘဲ မင်းဘယ်လိုပြောနိုင်တာလဲ!" ဝူမိသားစုမှ တစ်ယောက်ယောက်က အမြန်ပြေးပြီး ချက်ချင်းပြောလိုက်သည်။
"ဟုတ်တယ်၊ အမှန်ပဲ! ဟေ့ အားလုံးကြားကြတယ်မဟုတ်လား? ဒီအရာရှိက ကိုယ်ရေးကိုယ်တာမကျေနပ်ချက်တွေအတွက် ရှဲ့မိသားစုကို လက်စားချေဖို့ ကြိုးစားနေတာတဲ့ကွာ!" စွင်းမိသားစုက တစ်ယောက်လည်း ပျော်ပျော်ကြီး ပါဝင်လာခဲ့သည်။
"ငါမြင်တယ်…" ရွာသားတွေက ထိုစကားကိုကြားလိုက်သည်နှင့် ထောက်ခံလာကြလျက်။ သူတို့အမုန်းဆုံးအရာမှာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေအတွက် လက်စားချေတာတွေပဲလေ၊ အထူးသဖြင့် သူတို့လို သာမန်ပြည်သူတွေကို ဖိနှိပ်ချင်တဲ့ အရာရှိကိုရောပေါ့။
"မင်းတို့ ဘာကိုဆိုလိုတာလဲ? ပုန်ကန်ဖို့ ကြိုးစားနေတာလားကွ!" ကျူးဖင်က ရွာသားတွေ သူ့ဆီ တဖြည်းဖြည်းချဥ်းကပ်လာတာကို တွေ့လိုက်သည်နဲ့ သူ့လက်တွေခြေတွေ တုန်ယင်လာကာ အော်ငေါက်ဟန်ဆောင်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ? ရှောင်ကျူး ဒီနေရာကို စစ်ဆေးဖို့အတွက် မင်းကို ငါပြောခဲ့တယ် မဟုတ်လား?" အားကောင်းလှတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ လူတိုင်းလှည့်ကြည့်လိုက်တဲ့အခါ လီကျန်းမိသားစုနဲ့ အရာရှိအနည်းငယ်ကို တွေ့လိုက်ရလေသည်။ ခုနက စကားပြောလိုက်သူမှာ အရှေ့ဆုံးမှာ ရပ်နေတဲ့အရပ်ရှည်ရှည်အရာရှိတစ်ယောက်ပင်။
"ခေါင်းဆောင် ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး" ကျူးဖင်က ထိုအရာရှိကို မြင်သည့်အခါ လက်ကို အလျင်အမြန်ဝှေ့ယမ်းပြရင်း ကသိကအောက်ပြုံးနေခဲ့သည်။ သူ့ဝမ်းကွဲ မာဖူကွေ့ရဲ့ လက်ရှိအခြေအနေက သနားစရာကောင်းလွန်းတယ်လို့ သူတွေးခဲ့မိလို့ ဒီနေ့ ရှဲ့မိသားစုနဲ့ တွေ့လိုက်ရသဖြင့် သူ့ဒေါသကို ဖွင့်ထုတ်ချင်ခဲ့သည်။ ခေါင်းဆောင်သာ သူ့အကြံအစည်ကို သိသွားခဲ့ရင် သူ့အရေခွံခွာခံရလိမ့်မယ်။
"ဘာကို ဘာမှမဟုတ်တာလဲ! ငါ့ယောက်ျားကို တရားခံလို့ မင်းပြောနေတာမဟုတ်ဘူးလား? မင်းရဲ့လေသံကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ပြောင်းလိုက်နိုင်တာလဲ!"
အဒေါ်ရှဲ့ဆိုတာက အနိုင်ကျင့်ဖို့ လွယ်တဲ့လူမဟုတ်ဘူးလေ။ ဒီလူကြောင့်သာ မဟုတ်ခဲ့ရင် သူ့သားလေးက လွယ်လွယ်နဲ့ ကွာရှင်းခဲ့ရမှာ မဟုတ်ဘူး! ကွာရှင်းတာက ကောင်းတဲ့ဘက်ဖြစ်သွားခဲ့ပြီး သူ့သားအတွက် ပျော်ရွှင်စရာတွေ ဆောင်ကျဥ်းပေးခဲ့ပေမယ့်လည်း ထိုကိစ္စဟာ ထိုကိစ္စသက်သက်ပင်။ ဒီကျူးမျိုးရိုးကို သူက သွားမရှာရသေးပေမယ့် ဒီလူကိုယ်တိုင်က သူ့ကိုရှာဖို့ အရောက်လာခဲ့တယ်ပေါ့လေ!
Thanks for reading!