Ch-91.2
Viewers 14k

အခန်း (၉၁.၂) 


လီချန်ဖုန်း သူ့အနောက်က စကားတွေကို ကြားတဲ့အခါ ရွှီချင်းရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း သူ့မျက်လုံးထဲမှာ စိတ်ပျက်တဲ့အရိပ်အယောင်ပေါ်လာကာ "သွားကြစို့။ ကိုယ်တို့ပွဲမတက်တော့ဘူး" 


အစောတုန်းက လီချန်ဖုန်း ချန်ချီဆီက ထွက်မလာခင်မှာ ချန်ချီ​က "လီချန်ဖုန်း မင်းငါ့ကို ညီအကိုလို့ တကယ် သတ်မှတ်တယ်ဆိုရင် ဒီနေ့ မင်္ဂလာအရက်ကို မသောက်နဲ့ကွာ။ ဘာလို့ဆိုတော့ ဒါ... မင်းရဲ့ ညီအကိုရဲ့ စွန့်လွှတ်အနစ်နာခံတဲ့အရက်မို့လို့ပဲ..." 


ရွှီချင်းက ထွမ်ထွမ်နှင့်အတူ ထွက်ခွာသွားချိန်တွင် ခုနက ဘာဖြစ်သွားတာလဲဆိုပြီး စပ်စုလိုသူတစ်ချို့က မေးမြန်းကြလေ၏။ ရွှီချင်းလည်း မရှင်းပြနေတော့ဘဲ ပြုံးရုံသာပြုံးလိုက်ပြီး လီချန်ဖုန်းနှင့်အတူ ထွက်သွားခဲ့သည်။ ချန်မိသားစု ခြံဝင်းတံခါးသို့ ရောက်သည့်အခါ ကျိုးဝမ်၊ ချန်ဟုန်တို့နဲ့ အမှတ်မထင် ဆုံတွေ့ခဲ့လေ၏။ 


"ဒုတိယအကိုလီ ဘာလုပ်နေတာလဲ?" ကျိုးဝမ်က လီချန်ဖုန်းနဲ့ ရွှီချင်းတို့ရဲ့ ကိုယ်ဟန်အနေအထားတွေကို ကြည့်လိုက်ရာ သူတို့က လေညင်းခံဖို့ ထွက်လာတဲ့ပုံနဲ့ မတူပါချေ။ 


"ငါ အိမ်မှာ လုပ်စရာရှိသေးလို့ အရင်ပြန်နှင့်တော့မယ်ကွာ" လီချန်ဖုန်းက ကျိုးဝမ်နဲ့ ချန်ဟုန်တို့အတွက် ဘာခံစားချက်မှမရှိတာမို့ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ရွှီချင်းနှင့် ချန်ဟုန်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေပေမယ့် စကားတစ်လုံးမှ မပြောခဲ့ကြပေ။ 


"ဒါ မင်းရဲ့ဇနီးလားဗျ? သူ အရမ်းချောတာပဲဗျာ! ပြီးတော့ ကလေးလေးကလည်း အရမ်းချစ်စရာကောင်းပြီး သန်မာတယ်နော်! တစ်ချက်လေးကြည့်လိုက်ရုံနဲ့ သူက မင်းနဲ့တူတယ်ဗျာ အကိုလီရေ" ကျိုးဝမ်က ရွှီချင်းနှင့် တက်ကြွနေတဲ့ ထွမ်ထွမ်လေးကို တွေ့တဲ့အခါ အပြုံးလေးနဲ့ ချီးမွမ်းလိုက်လေသည်။ 


လီချန်ဖုန်းဆိုသည်မှာ တခြားသူတွေက သူ့ဇနီးလေးနှင့် ကလေးလေးအကြောင်း ချီးကျူးစကားတွေ ကြားရတာကို အမြဲသဘောကျသူမို့ ကျိုးဝမ်အား ရှားရှားပါးပါး "ကြင်နာ"တဲ့အပြုံးကို ပေးခဲ့ပေသည်။ 


"ကျေးဇူးတင်ပါတယ်ကွာ" 


ရွှီချင်းက ချန်ဟုန်ကို ကြည့်နေတာကို မြင်တော့ ကျိုးဝမ်က ပြုံးလျက် "ကျွန်တော့်ဇနီးလည်း ကိုယ်ဝန်ရှိနေပြီလေ။ အဲ့ဒါကြောင့် အစ်ကိုချန်ရဲ့ မင်္ဂလာပွဲကိုတောင် ကျွန်တော်တို့ နည်းနည်းနောက်ကျသွားတယ်ဗျာ။ အဓိကအကြောင်းရင်းကတော့ သူက အော့အန်တာ ပြင်းထန်နေလို့လေ။ အဲ့ဒါ သက်သာစေနိုင်တဲ့ တစ်ခုခုများ အကိုတို့သိကြလား?" 


ရွှီချင်း စကားမပြောခင်မှာပင် လီချန်ဖုန်းက ဂုဏ်ယူတဲ့မျက်နှာနဲ့ ပြောလိုက်လေ၏။ "မဟုတ်ဘူး ငါ့ဇနီးလေးက ကျန်းမာရေးကောင်းပြီးတော့ ဘာပြဿနာမှမရှိဘူး!" 


ရွှီချင်း: …… ခွေးပါးစပ်က ဆင်စွယ်ကို ထွေးထုတ်လို့မရဘူးပဲ! 

(T/N: မကောင်းတဲ့လူတွေက ကောင်းတဲ့အရာတွေကို ပြောမထွက်လာနိုင်ဘူးဆိုတဲ့ ဥပမာတစ်ခုပါ) 


ကျိုးဝမ်မှာ လီချန်ဖုန်းရဲ့ မှတ်ချက်ကို ဘယ်လိုပြန်ပြောရမှန်းမသိတာကြောင့် လီချန်ဖုန်းနဲ့ ရွှီချင်းကို ပြုံးရုံပြုံးပြခဲ့ပြီး စကားတစ်ခွန်းမှမပြောတဲ့ချန်ဟုန်ကို ခြံဝင်းထဲသို့ခေါ်သွားပါတော့သည်။ 


အိမ်အပြန်လမ်းတွင် ရွှီချင်းကတော့ ချန်ဟုန်ဟာ သူနဲ့တွေ့တဲ့အခါ တွန့်ဆုတ်နေတတ်ပုံကို တွေးမိနေလျက်၊ ထို့နောက် သူက ကျိုးဝမ်ထက် အရပ်ပိုရှည်ပြီး ပိုသန်မာသလို ပိုမိုချောမောတဲ့ လီချန်ဖုန်းကို ကြည့်လိုက်ရင်း "ခင်ဗျားနဲ့ ချန်ဟုန်က အတူတူကြီးပြင်းလာတာလား?"  


"မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူးကွာ။ ကိုယ်နဲ့ ချန်ချီက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတာလေ၊ ချန်ဟုန်ကတော့ ကိုယ့်ညီလေးလိုပါပဲ။ ဒါပေမဲ့ ချန်ချီက ငယ်ငယ်တုန်းကတော့ သူ့ကို မကြာမကြာ ခေါ်လာတတ်တယ်" လီချန်ဖုန်း ပြောတာကို ကြားပြီးနောက် ရွှီချင်းတစ်ယောက် ချန်ဟုန်က လီချန်ဖုန်းအပေါ်ခံစားချက်တွေ ရှိနေနိုင်တယ်ဆိုတာကို သိလိုက်ချေပြီ။ မမှည့်သေးတဲ့ ဆီးသီးလေးလိုမျိုးပေါ့လေ။ 


ရွှီချင်းက ချန်ဟုန်ရဲ့ အရပ်ရှည်ရှည် ချောမောတဲ့အသွင်အပြင်ကို ပြန်စဥ်းစားမိသည့်အခါ သူ့ရဲ့ သေးသေးသွယ်သွယ်ကိုယ်လုံးလေးကို တစ်ချက်မကြည့်မိဘဲ မနေနိုင်တော့။ ဝိဥာဥ်စမ်းရေကို သောက်နေသော်ငြား သူဒီကိုရောက်ခါစက ၁.၆ မီတာမှ ယခု ၁.၇ မီတာခန့်အထိ ကြီးထွားလာခဲ့ပြီဖြစ်၏။ သို့သော်လည်း သူက ချန်ဟုန် အရပ်နဲ့ ယှဥ်လို့တောင်မရပါချေ။ ခေတ်သစ်မှာဆို ဆယ်လီနဲ့ သူ့ရဲ့လက်ထောက်တို့ကြား ကွာခြားနေသကဲ့သို့ပင်!! 


သို့ရာတွင် ရွှီချင်းက သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ထွမ်ထွမ်ကို ကြည့်လိုက်ကာ အခုဆို သူက လီချန်ဖုန်းနှင့် လက်ထပ်ထားပြီးဖြစ်သလို ကလေးတစ်ယောက်တောင်ရှိနေပြီပဲလေနော်။ 


အဲ့ဒီ*ရှောင်ချင်းကလည်း အိမ်ထောင်ကျပြီး အခြားတစ်ယောက်နှင့် ကလေးတောင် ရနေပြီဟာ။ ရွှီချင်း သူ့ပေါင်ကို ရိုက်မိလျက်  "ဒီဦးလေးက သိတောင်မသိလိုက်ဘဲ သူ့ရဲ့အချစ်ပြိုင်ဘက်ကို အနိုင်ရခဲ့တာပဲဟ! အံ့သြစရာပဲကွာ!"

(*ရှောင်ချင်းဆိုတာက ဟိုးအရှေ့ပိုင်းမှာပြောထားဖူးတဲ့ မြွေစိမ်းလေးပါနော်။ Legend of White Snakeထဲက ဇာတ်ကောင်ပါနော်) 


လီချန်ဖုန်းက အနောက်မှ ရိုက်တဲ့အသံကို ကြားလိုက်ရ၍ ရွှီချင်းနှင့် ထွမ်ထွမ်တို့ မတော်တဆ တိုက်မိသွားတယ်လို့ တွေးမိသွားကာ အမြန်လှည့်ကြည့်လိုက်တော့ ရွှီချင်းက ကျေနပ်ဂုဏ်ယူနေတဲ့ မျက်နှာဖြင့် အိပ်ပျော်နေတဲ့ ထွမ်ထွမ်ကို ချီထားတာကို မြင်လိုက်ရသည်။ လီချန်ဖုန်းလည်း သူ့ဇနီးလေး စိတ်ပျော်နေတာကို တွေ့လိုက်ရသဖြင့် ကျေနပ်နေကာ မြည်းလှည်းမောင်းလျက် အိမ်ပြန်ခဲ့ပါတော့သည်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က ချန်အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားခဲ့ပြီး လယ်အလုပ်တွေနဲ့ ရှုပ်နေကြပြန်သည်။ ဆောင်းရာသီအတွက် အရေးပါတဲ့ ကန်စွန်းဥနဲ့ အာလူးတွေကို ရိတ်သိမ်းဖို့ အာရုံစိုက်ထားခဲ့သလို၊ အရန်အစားအစာအဖြစ် မြေအောက်ခန်းမှာ သေချာသိမ်းဆည်းထားခဲ့သည်။ 


မွန်းလွဲပိုင်း၌ ရွှီချင်းက လယ်ကွင်းမှာ သူ့အလုပ်တွေ ပြီးသွားတဲ့အခါ အဒေါ်ရှဲ့ဆီမှ ထွမ်ထွမ်ကို သွားခေါ်လိုက်၏။ ဒီရက်ပိုင်းတွင် အဒေါ်ရှဲ့တစ်ယောက် သူ့မြေးနှစ်ယောက်ကို ဂရုစိုက်နေရသလို ထွမ်ထွမ်လေးကိုပါ စောင့်ရှောက်ပေးနေရင်း သူ့အချိန်တွေ မအားလပ်နိုင်ခဲ့ပါချေ။ ရွှီချင်းက ထွမ်ထွမ်ကို ဖက်ထားရင်း အဒေါ်ရှဲ့ကို နှုတ်ဆက်ပြီးနောက် အနောက်ဘက်တောင်ဆီသို့ ပြန်လာခဲ့လေသည်။ 


သို့ရာတွင် ရွှီချင်းက သစ်ပင်တွေရှိတဲ့ လမ်းဆုံလမ်းခွကို လျှောက်လာရင်းနဲ့ မနီးမဝေးက သစ်ပင်တစ်ပင်မှာ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ရွှီချင်းက ပုံမှန်ဆို သံသယများလွန်းသူ မဟုတ်ပေမယ့် ယခု ပုံရိပ်ကတော့ သံသယဖြစ်စရာကောင်းနေခဲ့သည်ပင်။ 


"ဘယ်သူလဲ?!" 


ရွှီချင်း အသံပြုလိုက်သည်နှင့် ထိုအရိပ်မှာ ထိတ်လန့်သွားပြီး အလျင်စလို ထွက်ပြေးသွားခဲ့သည်။ ရွှီချင်းက ထွမ်ထွမ်ကို ချီထားရင်း ထိုလူအနောက်ကို မလိုက်တော့ပါချေ။ 


ဒီနေရာမှာ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး လမ်းဆုံလမ်းခွတစ်ခုသာရှိသဖြင့် နောက်လိုက်သွားဖို့ ခဲယင်းပေသည်။ ရွှီချင်းလည်း သက်ပြင်းတစ်ချက်ချရင်း ထိတ်လန့်သွားတဲ့ ထွမ်ထွမ်လေးကို ညင်ညင်သာသာလေး ပုတ်ပေးလိုက်ရင်း အိမ်အမြန်ပြန်သွားတော့သည်။ 


Thanks for reading! 



ဘယ်သူကြီးလဲမသိဘူးနော် 👀👀