Ch-91.1
Viewers 14k

အခန်း ၉၁.၁



"ချန်ချီရဲ့ မင်္ဂလာပွဲကရော ဘယ်လိုလဲ? ကျွန်တော်တို့သွားမှာလား?" ချန်ချီက လီချန်ဖုန်းရဲ့ ညီအကိုကောင်းဖြစ်၍ သူက မင်္ဂလာပွဲကို ကျင်းပဖို့ စိတ်မဝင်စားခဲ့ရင်တောင်မှ သူတို့တက်ရောက်ဖို့ တာဝန်ရှိတယ်လို့ ခံစားရပေသည်။ 


လီချန်ဖုန်း ပြောလိုက်၏။ "အင်း သွားရမှာပေါ့။ ဝေ့လောင်အာ့နဲ့ လင်းဖန်းလျန်တို့လည်း သွားကြမှာဆိုတော့ ကိုယ်တို့လည်း သေချာပေါက်သွားရမှာပေါ့" 


ဒီလိုနဲ့ပဲ ချန်ချီမင်္ဂလာဆောင်နေ့တွင် လီချန်ဖုန်းနှင့် ရွှီချင်းတို့က ထွမ်ထွမ်ကိုခေါ်ကာ လူစည်ကားနေပြီဖြစ်တဲ့ ချန်မိသားစုအိမ်သို့ သွားခဲ့လေသည်။ 


"ဟေး ဝေ့လောင်အာ့၊ ချန်ဖုန်းနဲ့ ချင်းကောအာ၊ မင်းတို့က ငါ့ထက်ခြေတစ်လှမ်းသာနေတာပဲကွာ" လင်းဖန်းလျန်က သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ရင်း အပြုံးလေးနဲ့ နှုတ်ဆက်လိုက်၏။ 


"ဒီကောင်ကတော့! မင်းရဲ့ အရုပ်သေးသေးလေးနှစ်ယောက်ရော ဘယ်မှာတုန်းကွ? သူတို့ကို မင်း ဘာလို့မခေါ်လာတာလဲ?" ဝေ့လောင်အာ့က အသံကျယ်ကြီး အော်မေးလိုက်သဖြင့် အနီးအနားရှိ ရွာသားတွေက ခေါင်းလှည့်ကြည့်လာကြသည်။ မနီးမဝေးမှာ ရပ်နေတဲ့ အဖေလီတို့လင်မယားကလည်း လီချန်ဖုန်း ရောက်လာတာကို သတိထားမိသွားခဲ့သည်။ 


လင်းဖန်းလျန်က ပတ်ဝန်းကျင်ရှိ လူတွေရဲ့ စူးစမ်းလိုတဲ့အကြည့်တွေကို သတိပြုမိလိုက်သဖြင့် ဝေ့လောင်အာ့ကို အသံတိုးတိုးဖြင့် "အိုး ညီအကိုရယ် ကျေးဇူးပြုပြီး အသံလျှော့ပါဦးဗျာ။ ဗရုတ်လုပ်ချင်ရင်တော့ တခြားတစ်နေရာသွားကြတာပေါ့" 


ထွမ်ထွမ်ကို ချီထားရတဲ့ရွှီချင်းက လျှောက်သွားရန် ခက်ခဲသောကြောင့် ရွာထဲက သူသိတဲ့ အဒေါ်တစ်ချို့နဲ့ စကားစမြည်ပြောနေလိုက်သည်။ ထိုအချိန်တွင် လီချန်ဖုန်းက ချန်ချီကို ရှာဖို့ သွားခဲ့၏။ 


ချန်ချီက သတို့သားဝတ်စုံကို ဝတ်ဆင်ထားကာ အခန်းထဲမှာ ထိုင်နေခဲ့သည်။ သူ့ပုံစံကတော့ ပျော်ရွှင်နေတဲ့သတို့သားနဲ့ နည်းနည်းလေးမှမတူပါချေ။ သူ့မျက်နှာပေါ်က မုတ်ဆိတ်တွေကိုလည်း မရိတ်ထားရသေးတာ ရက်အနည်းကြာပြီဖြစ်သလို သူ့ရဲ့မျက်လုံးတွေကလည်း ခံစားချက်မဲ့နေလျက်။ 


လီချန်ဖုန်း လမ်းလျှောက်လာတာကို မြင်တော့ ချန်ချီရဲ့ မျက်နှာမှာ တုန်လှုပ်သွားပေမယ့် အသံထွက်မလာပေ။ 


လီချန်ဖုန်းက စကားများများစားစား မပြောဘဲ ချန်ချီရဲ့ မျက်နှာချင်းဆိုင်နေရာမှာ တိတ်တဆိတ် ထိုင်လိုက်၏။ မတွေ့တာကြာပြီဖြစ်တဲ့ သူ့ညီအစ်ကိုကောင်းကို ကြည့်လိုက်တဲ့အခါ သူဟာ လုံးဝကို မတူတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်နှယ်။ 


အခန်းထဲ၌ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာကာ "ငါ လက်မထပ်ချင်ဘူး" 


လီချန်ဖုန်းက ဒါကိုကြားတော့ မျက်မှောင်ကြုတ်မိသွားပြီး စားပွဲပေါ်က ရေခွက်ကို လှမ်းယူ၍ ကမ်းပေးတော့မယ့်အချိန်မှာပင် အေးစက်နေကြောင်း သိလိုက်ရ၍ တုန့်ဆိုင်းသွားရသည်။ လီချန်ဖုန်းလည်း တစ်ဖက်လူရဲ့ အသံကို တွေးမိသွားသဖြင့် ခေတ္တရပ်ကာ ရေခွက်ကို ပြန်ချလိုက်၏။ 


လီချန်ဖုန်းရဲ့ လှုပ်ရှားမှုတွေကို မြင်လိုက်ရတဲ့အခါ ချန်ချီရဲ့ နှုတ်ခမ်းတွေက အနည်းငယ်လှုပ်သွားခဲ့သော်လည်း သူ့အခြေအနေကို ပြန်တွေးမိလိုက်ချိန်မှာတော့ သူ့အမူအရာမှာ လဲပြိုသွားရပြန်သည်။ 


"မင်းလက်မထပ်ရင် မင်းကို သစ္စာမဲ့တယ်လို့ သတ်မှတ်ခံရပြီးတော့ မင်းမိသားစုမှာလည်း ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး" လီချန်ဖုန်းက ချန်ချီတစ်ယောက် ဒီလက်ထပ်ပွဲကို ဘာကြောင့် ဆက်လုပ်သင့်သလဲဆိုတဲ့အကြောင်းရင်းကို ရှင်းပြပေးခဲ့သည်။ 


"ဟုတ်တယ်၊ ငါ့မှာ ရွေးချယ်စရာမရှိမှန်း ငါသိပါတယ်။ ဒါပေမယ့်..." ချန်ချီရဲ့ မျက်နှာမှာ  တဖြည်းဖြည်း ပို၍တင်းမာလာကာ "ငါ့မှာ ကလေးမရှိတဲ့ ကံပါလာတာလေ! ငါ့နှလုံးသားထဲကလူကိုလည်း ငါ့ကြောင့် မခံစားရစေချင်ဘူး။ ငါ့ကိုလက်ထပ်ချင်တဲ့လူအတွက်ကတော့ သူ့ဆန္ဒတွေပြည့်နိုင်ပါ့မလားဆိုတာ ငါစောင့်ကြည့်ရမှာပေါ့! သူတို့နဲ့ဆိုရင်ရော ဖြစ်လာနိုင်မလား!!" 


စကားအဆုံးတွင် ချန်ချီ ဒေါသတကြီး ထရပ်လိုက်သည်။ 


လီချန်ဖုန်း သူ့ခေါင်းကိုမော့ပြီး ချန်ချီအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ရာ အမြဲလိုလို ရွှတ်နောက်နောက် ပြုံးရွှင်စနောက်နေတတ်တဲ့ သူ့ညီအကိုရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေတာကို တွေ့လိုက်ရသည်။ 


ရွှီချင်းက ထွမ်ထွမ်အတွက် အစာကြေလွယ်တဲ့ သရေစာအချို့ကို ခွံ့ကျွေးနေစဥ် အနားက အဒေါ်တစ်ယောက်က သူ့အင်္ကျီလက်ကို ရုတ်တရက် ဆွဲလာကာ "အားချင်းရေ ဟိုမှာ" 


တစ်ဖက်လူရဲ့ အကြည့်အတိုင်း ကြည့်လိုက်တဲ့အခါ ရွှီချင်းက အမေလီ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။ သူက ထွမ်ထွမ်ကို တစ်ရွာတည်းနေ အဒေါ်တစ်ယောက်ဆီမှာ အပ်ခဲ့လိုက်ပြီး ထရပ်ကာ အမေလီဆီ တည့်တည့်လျှောက်သွားလိုက်သည်။ 


အမေလီက သူနဲ့ လီချန်ဖုန်းတို့ကို ဒီနေ့ လွှတ်ပေးမည်မဟုတ်ကြောင်း သူသိထားပြီးဖြစ်တာမို့ တည့်ပြောလိုက်တာပဲ ပိုကောင်းပါတယ်လေ။ 


အမေလီက မျက်နှာပျက်ရမည်ကို ကြောက်သူမို့ ရွှီချင်းအား ပို၍ချောင်ကျတဲ့နေရာဆီသို့ သူ့အနောက်လိုက်ခဲ့ရန် အချက်ပြလိုက်၏။ တင်းမာတဲ့မျက်နှာထားနဲ့ သူ့ မကျေမနပ်ဖြစ်မှုကို ထုတ်ဖော်ပြလျက် "မိသားစုထဲမှာ ကိစ္စကြီးဖြစ်နေတာ မင်းမသိဘူးလား? ဒါတောင်မှ ပြန်မလာနိုင်ကြဘူးလား? ငါတို့လူအိုကြီးတွေ မသေသေးပေမယ့် မင်းကတော့ ဂရုမစိုက်တဲ့ပုံပဲ!" 


ရွှီချင်း သူ့ဘေးက မြက်တွေကို ဆွဲနှုတ်နေရင်း အမေလီရဲ့ စကားတွေကို ကြားလိုက်သည့်အခါ သူ့ခေါင်းကို အေးအေးဆေးဆေးလှည့်ကြည့်လာကာ စိတ်ရှုပ်ထွေးနေသလို အမူအရာဖြင့် ပြန်ဖြေလာခဲ့သည်။ "ကျွန်တော်တို့မိသားစုမှာ ဘာမှမဖြစ်နေပါဘူးဗျာ" တစ်ခဏမျှ တွေးကြည့်ပြီးနောက်တွင် တစ်ခုခုမှားနေကြောင်း သတိပြုမိဟန်ဖြင့် ပြုံးလျက် "အိုး ခဏလေး တစ်ခုခုတော့ ဖြစ်သွားတာပဲ!" 


အမေလီက ရွှီချင်းရဲ့ တုံ့ပြန်မှုကို တွေ့တဲ့အခါ ဒေါသတကြီးဖြစ်သွားရသော်ငြား ရွှီချင်း သူ့အမှားသူ သတိပြုမိကြောင်း တွေ့လိုက်ရ၍ သူ့ဒေါသကို ပြန်ထိန်းလိုက်ပြီးမှ တမင်တကာ ပြောလိုက်၏။ "မင်း အခြေအနေကို နားလည်တယ်ဆိုရင် ဘာလို့အိမ်ပြန်လာဖို့ မသိရတာလဲ? တတိယသားက ပြဿနာတွေရှာနေတာ၊ မင်းက သူ့ရဲ့ ဒုတိယမရီးပဲ။ ဒီတော့ မင်းယောကျ်ားကို သူ့ညီကို စည်းရုံးဖို့အတွက် အိမ်ပြန်လာဖို့ ဖျောင်းဖျသင့်တယ်လေ" 


"ဘယ်လို? အမေ​ ဘာတွေပြောနေတာလဲဗျာ?" ရွှီချင်းက ကြောက်စရာကောင်းတဲ့ တစ်ခုခုကို ကြားလိုက်ရသလိုမျိုး အလျင်စလို ပြောလိုက်ကာ "ကျွန်တော်ပြောတဲ့ ကျွန်တော်တို့မိသားစုမှာ တစ်ခုခုဖြစ်သွားတယ်ဆိုတာက ကျွန်တော်တို့မိသားစုရဲ့ ထွမ်ထွမ်လေးအကြောင်းကို ပြောတာပါဗျာ။ သူက အခုဆို "အားမား"လို့ ခေါ်နိုင်နေပြီလေ၊ ပြီးတော့ နံရံကိုကိုင်ပြီးတော့ လမ်းနည်းနည်းလျှောက်တတ်နေပြီ။ ဒါတွေက လတ်တလော ကျွန်တော်တို့ မိသားစုမှာ ဖြစ်ပျက်နေတာတွေပေါ့။ ဒါပေမဲ့ အမေက ဘာလို့ ရုတ်တရက်ကြီး တတိယညီအကြောင်းပြောတာလဲဟင်?" 


အမေလီက ရွှီချင်းရဲ့ အဓိပ္ပာယ်မရှိမှုကြောင့် သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လာတော့သည်။ "ငါက ငါတို့မိသားစုအကြောင်း ပြောနေတာလေ! ငါတို့မိသားစု! ငါပြောနေတာ ဘယ်မိသားစုလို့ မင်းထင်နေတာလဲ?!" 


"ဟားဟား အမေရယ် တကယ်နောက်တတ်တာပဲဗျာ။ ဟုတ်တာပေါ့၊ အမေပြောနေတာ အမေတို့မိသားစုကိစ္စလေ။ ဒါပေမဲ့ ချန်ဖုန်းက ရွှီမိသားစုထဲ လက်ထပ်ဝင်ခဲ့ပြီးပြီဆိုတာ မမေ့နဲ့ဦးလေ။ သူက လီမိသားစုနဲ့ ဘာမှမသက်ဆိုင်တော့ဘူးလေဗျာ" အမေလီရဲ့ ဒေါသထွက်နေတဲ့အမူအရာကို ကြည့်ရင်း ရွှီချင်းထပ်ပြောလိုက်၏။ "ကြည့်ရတာ အမေ အသက်ကြီးလာတော့ မေ့သွားတာနေမယ်နော်" 


လက်ကြီးကြီးတစ်စုံက ရွှီချင်းရဲ့ ပခုံးတစ်ဝိုက်ကို နူးညံ့စွာ ပွေ့ဖက်လာသဖြင့် ရွှီချင်းမှာ သူ့ဦးနှောက်က မတုံ့ပြန်ခင်မှာပဲ သူ့ခန္ဓာကိုယ်ကတော့ ထိုလူရဲ့ ရင်ခွင်ထဲသို့ အလိုလိုမှီလိုက်မိသည်။ ထိုသူမှာ လီချန်ဖုန်းပင်။ 


"ဒုတိယသား! မင်းဇနီးပြောတာကို ကြည့်လိုက်စမ်း! သူပြောတာကို မင်းကြားလိုက်တယ်မလား?!!" ရွှီချင်းမှာ လီချန်ဖုန်းကို မြင်လိုက်သည်နဲ့ တိတ်ဆိတ်သွားပြီး စကားထပ်မပြောတော့ပေ။ 


လီချန်ဖုန်းက အမေလီကို အော်ဟောက်နေခွင့်ပေးထားသဖြင့် အနီးအနားရှိ ရွာသားတွေရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး သူတို့နေရာဆီသို့ လှည့်ကြည့်လာကြသည်။ 


"သူပြောတာမှန်တာပဲလေ။ အမေ မေ့သွားပြီလား? ကျွန်တော်က ရှောင်းအာလိုပဲ တခြားမိသားစုထဲ လက်ထပ်ဝင်ခဲ့ပြီးသား။ ပြီးတော့ အမေက တတိယညီကို အရမ်းချစ်တဲ့အတွက် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာ အံ့သြစရာတော့မရှိပါဘူး။ အမေက အမြဲတမ်း သူ့ကို မျက်နှာသာပေး၊ အလိုလိုက်နေခဲ့တာပဲလေ။ ဒါဆို အမေတို့လူကြီးနှစ်​​ယောက်​လုံး ကိုယ့်ကိုယ်ကို ဂရုစိုက်​ပါ"  


ထိုသို့ပြောပြီးနောက် သူက လေးစားမှုအပြည့်ရှိနေတဲ့ ရွှီချင်းကိုဆွဲကာ မယုံကြည်နိုင်တဲ့အကြည့်နှင့် အမေလီကိုထားခဲ့ပြီး ထွက်လာခဲ့ပေသည်။ 


"ဒါက ဘာကိုဆိုလိုတာလဲ?! ငါက တတိယသားကိုပဲ ဘက်လိုက်နေပြီးတော့ အလိုလိုက်နေတယ်ပေါ့? သူက ငါတို့မိသားစုထဲမှာ အလားအလာအရှိဆုံးသူ မဟုတ်ဘူးလား? ငါက သူ့အပေါ် ဘက်လိုက်တာ ဘာမှားလို့လဲ?! ဘာဖြစ်နေတာလဲ!! ဒုတိယသား ဒီကိုပြန်လာစမ်း!" 


Thanks for reading!