Ch-90
Viewers 14k

အခန်း ၉၀



"ကိုယ် မင်းကို ခဏလောက်ဖက်ထားပါရစေကွာ၊ ခဏနေ ကိုယ်သွားမယ်နော်" လီချန်ဖုန်း ရွှီချင်းကို တွယ်ကပ်နေကာ ထွက်သွားဖို့ ငြင်းဆန်နေခဲ့သည်။ 


ရွှီချင်းလည်း အင်တင်တင်ဖြင့် လီချန်ဖုန်းကို ပွေ့ဖက်ခွင့်ပေးထားလိုက်ရပြီး မကြာခင်မှာပင် သူ မအီမသာဖြစ်လာရ၏။ 


"အော့!" ရွှီချင်းမှာ လီချန်ဖုန်း ကိုယ်ပေါ်က ဝိုင်အနံ့ကို မခံနိုင်တော့သဖြင့် လီချန်ဖုန်းကို တွန်းဖယ်လိုက်ပြီး သူ ပျို့တက်လာရ၍ ခေါင်းကို ဘေးသို့လှည့်လိုက်ရသည်။ 


ရွှီချင်းရဲ့ ရုတ်တရတ် လုပ်ရပ်ကြောင့် အရက်ဒဏ်ကြောင့် ရီဝေဝေဖြစ်နေတဲ့ လီချန်ဖုန်းမှာ အံ့အားသင့်သွားရကာ "ဘာဖြစ်လို့လဲ?!" 


လီချန်ဖုန်းက ရွှီချင်းရဲ့ နောက်ကျောလေးကို အလျင်စလို သပ်ပေးနေရင်းမှ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ရွှီချင်းထံ ကမ်းပေးကာ "ဒီမှာ ရေနည်းနည်းသောက်လိုက်" 


ရွှီချင်း သူ့လက်ကို ဝှေ့ယမ်းပြီး အချိန်အတော်ကြာ အော့အန်နေသော်လည်း ဘာမှထွက်မလာပေ။ နောက်ဆုံးတွင် သူ့ရဲ့အားအင်ပြန်ရလာပြီး ခေါင်းမော့လာရာ သူ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျနေခဲ့သည်။ 


"အဆင်ပြေပါတယ်။ ကျွန်တော် အဆင်ပြေတယ်" 


ရွှီချင်းက လီချန်ဖုန်းအား သူ့ကို လက်ဖြင့်ပုတ်ပေးနေတာကို ရပ်တန့်စေလိုက်ပြီး သူ့ကိုယ်သူ အားတင်း၍ ကုတင်ပေါ်တက်လိုက်၏။ လီချန်ဖုန်းက ရွှီချင်း အားနည်းနေတာကို သတိပြုမိသဖြင့် သူ့ဘေးမှာ အမြန်ထိုင်ကာ ညင်သာစွာ ပွေ့ဖက်ထားလိုက်လေသည်။ 


"စိတ်မပူပါနဲ့၊ အအေးမိသွားတာနေမယ်။ ဒီရက်ပိုင်းမှာ ကျွန်တော် ရေခဲတွေအများကြီး စားခဲ့တာဆိုတော့လေ" ရွှီချင်းက စိုးရိမ်တကြီးမျက်နှာထားဖြင့် အလျင်စလို ပြောလိုက်သည်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ စကားကိုကြားပြီးနောက် စိတ်မသက်မသာဖြစ်နေဆဲဖြစ်၍ အကြံပြုလိုက်၏။ "ကိုယ်တို့ မြို့ကိုသွားပြီး သမားတော်သွားပြကြရင်ရော?"  


ရွှီချင်း ခေါင်းခါလိုက်ကာ "ခင်ဗျား ဘယ်အချိန်ရှိပြီလဲ ကြည့်ပါဦး။ ပြီးတော့ ထွမ်ထွမ်က အခု နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီလေ။ ကျွန်တော်တို့ ထွက်သွားရင် သူ့ကို ဘယ်လိုလုပ်ကြမတုန်း?" 


လီချန်ဖုန်းက အိပ်ပျော်နေတဲ့ ထွမ်ထွမ်ကို ကြည့်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားရပေမယ့် သူက ရွှီချင်းရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေဆဲ။ 


"အဆင်ပြေပါတယ်နော်၊ ရေနွေးလေး ယူလာပေးလို့ ရမလား? ကျွန်တော် နည်းနည်း ချွေးတွေစိုနေသလို ခံစားနေရလို့" လီချန်ဖုန်း စိုးရိမ်နေဆဲဖြစ်ကြောင်းကို ရွှီချင်း သတိပြုမိ၍ အကြောင်းအရာ လွှဲလိုက်သည်။ 


"ကောင်းပြီ ကိုယ် ချက်ချင်းသွားလိုက်မယ်!" 


ရွှီချင်း စကားကို နားထောင်ပြီးနောက် လီချန်ဖုန်းလည်း အခန်းထဲမှ ချက်ချင်း ထွက်သွားခဲ့သည်။ ရွှီချင်းတစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်ကျမှ အတွေးတွေက စတင် လွင့်မျောလာတော့သည်။ 


သူနဲ့ ချန်ဖုန်းက ထွမ်ထွမ်ကို မွေးပြီးတဲ့နောက်မှာ မကြာခဏ လိင်ဆက်ဆံဖြစ်ကြပြီးတော့ ဒီကမ္ဘာမှာလည်း သန္ဓေတားနည်းမရှိပုံပဲ၊ ပြီးတော့ ချန်ဖုန်းရဲ့ ပူပူနွေးနွေးသုတ်ရည်တွေကလည်း သူ့အထဲမှာ အကြိမ်ကြိမ်အခါအခါ ချန်ထားခဲ့တာကို သူတွေးတောနေမိသွားရလျက် ရွှီချင်း သူ့လက်ကို တုန်တုန်ယင်ယင်နဲ့ ဝမ်းဗိုက်အောက်နားပေါ် တင်လိုက်၏။ သူ နောက်ထပ်ကလေးတစ်ယောက်ယူဖို့ မတတ်နိုင်သေးဘူးလေနော်။ 


ရွှီချင်းမှာ ခြောက်လသားအရွယ်သာရှိသေးတဲ့ အိပ်ပျော်နေတဲ့ ထွမ်ထွမ်လေးကို ကြည့်ရင်း သူ့ရဲ့ နှလုံးသားလေး လေးလံလာခဲ့သည်။ အကယ်၍များ သူ ကိုယ်ဝန်ထပ်ရခဲ့မယ်ဆိုရင် ဒါဟာ သူ့အတွက် သုံးနှစ်လောက် အိပ်ယာပေါ်မှာ လှဲနေရတယ်လို့ ဆိုလိုတာပဲ မဟုတ်လား။ လီချန်ဖုန်း ရေနွေးပူပူနဲ့ ပြန်လာတဲ့အခါ ရွှီချင်းက သူ့ကို ဗလာအကြည့်နဲ့ လှည့်ကြည့်လိုက်လေသည်။ 


"ချန်ဖုန်းရေ မနက်ဖြန် မြို့ကိုသွားကြတာပေါ့!" 


နောက်တစ်နေ့နံနက်စောစောတွင် သူတို့နှစ်ယောက်က ထွမ်ထွမ်ကို အဒေါ်ရှဲ့ထံ အပ်ခဲ့ပြီး လင်းမိသားစုဆေးခန်းကို အမြန်သွားလိုက်ကြသည်။ 


"ဟေ့ မင်းတို့နှစ်ယောက်ကို ကြည့်ပါဦးကွာ၊မျက်လုံးတွေက ညိုမဲနေရောပဲ! တစ်ခုခုဖြစ်လို့လား?" လင်းဖန်းလျန်က သူ့ဆေးခန်းကို အခုမှစဖွင့်ခါစဖြစ်၏။ 


ရွှီချင်း နောက်တစ်ကြိမ် ကိုယ်ဝန်ရနိုင်ခြေကို စိုးရိမ်နေပြီး ထွမ်ထွမ်က သူ့ဘာသူလမ်းတောင်မလျှောက်နိုင်သေးချိန်တွင် နောက်ထပ်ကလေးယူဖို့ဆိုတဲ့အတွေးက သူ့ကို ပူပန်စေသည်။ ရလဒ်အနေနဲ့ မနေ့ညက သူကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ 


လီချန်ဖုန်းကမူ ရွှီချင်းရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေတာကြောင့် တစ်ညလုံး အိပ်လို့မရခဲ့ပေ။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်စလုံးရဲ့ မျက်လုံးအောက်မှာ အမည်းကွင်းကြီးနဲ့ လင်းမိသားစုဆေးခန်းကို ရောက်လာခဲ့ကြပေသည်။ 


"ဘာမှတော့မဟုတ်ပါဘူး၊ ဒီတိုင်း နေလို့သိပ်မကောင်းလို့။ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပေးလို့ရမလား?" ရွှီချင်းက သူ့ရဲ့ အခြေအမြစ်မရှိတဲ့ သံသယတွေကို ထုတ်မပြောချင်၍ အနည်းငယ် ရှက်ရွံ့နေတဲ့ အမူအရာနှင့် ပြောလိုက်သည်။ 


"တကယ်လား? လာ၊ တစ်ချက်စမ်းသပ်ကြည့်ရအောင်" လင်းဖန်းလျန်က လီချန်ဖုန်း မျက်နှာ မကောင်းတာကို မြင်လိုက်ရသဖြင့် စိုးရိမ်သွားရတာကြောင့် ရွှီချင်းရဲ့ သွေးခုန်နှုန်းကို စစ်ဆေးဖို့ ဆေးခန်းထဲသို့ မြန်မြန်ခေါ်သွားလိုက်သည်။ 


"ဘယ်လိုလဲ? 


လင်းဖန်းလျန်က ရွှီချင်းရဲ့ သွေးခုန်နှုန်းကိုစစ်ဆေးပြီးသည်နှင့် လီချန်ဖုန်းက ရလဒ်ကို အဆောတလျင် မေးမြန်းလိုက်သလို ရွှီချင်းသည်လည်း လင်းဖန်းလျန်ကို မေးခွန်းထုတ်တဲ့ အမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။ 


"ဒါက ဘာမှမစိုးရိမ်ရပါဘူးဗျာ။ ဒီရက်ပိုင်းမှာ ချင်းကောအာက အအေးစာတွေ စားများသွားလို့ သူ့အစာအိမ်ကို အေးသွားတာ ဖြစ်လိမ့်မယ်။ အခုနောက်ပိုင်း ရာသီဥတုက ပူလာပြီဆိုတော့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ သူ့အတွက် ဆေးနှစ်မျိုး ညွှန်းပေးလိုက်မယ်။ ပြီးတော့ အအေးစာတွေ အလွန်အကျွံမစားဖို့ သတိရပါ" လင်းဖန်းလျန်က လီချန်ဖုန်းနှင့် ရွှီချင်းကို ပြောပြပြီးတဲ့နောက် ဆေးယူရန် ထသွားပေသည်။ 


လင်းဖန်းလျန်ရဲ့ စကားကို ကြားပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်း နှစ်ယောက်လုံး စိတ်သက်သာရာရသွားချေပြီ။ လီချန်ဖုန်းက သူ့ဇနီးလေး မဖျားနာလို့ ဝမ်းသာနေချိန်တွင် ရွှီချင်းကတော့ သူ့မှာ ဒုတိယကိုယ်ဝန်မရသေးတဲ့အတွက် တိတ်တဆိတ် ကျေးဇူးတင်နေခဲ့သည်။ 


ဆေးဖိုးပေးပြီးနောက် နှစ်ယောက်သား ဆေးကို လက်ထဲမှာ ကိုင်ထားရင်း ဆေးခန်းမှ ထွက်လာခဲ့ကြ၏။ ထို့နောက် တစ်ယောက်နဲ့ တစ်ယောက် ပြုံး၍ ကြည့်နေပါတော့သည်။ 


လီချန်ဖုန်းအတွေး : 'ကံကောင်းထောက်မစွာနဲ့ ငါ့ဇနီးလေး နေကောင်းလို့ပေါ့' 


ရွှီချင်းအတွေး : 'ကံကောင်းလို့ပေါ့ ဒုတိယကိုယ်ဝန်မဟုတ်တာ' 


ရွှီချင်းနှင့် လီချန်ဖုန်းတို့နှစ်ယောက် ရွာသို့ ပြန်ရောက်တဲ့အခါ အဒေါ်ရှဲ့အိမ်မှာ ထွမ်ထွမ်လေးကို သွားခေါ်လိုက်၏။ အံ့သြစရာကောင်းသည်ကား ယခုဆို ထွမ်ထွမ်က သူ့ဘာသူ လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ သူ့ခြေလှမ်းတွေက နှေးကွေးကာ တုန်ယင်နေတာတောင်မှ ကိုးယိုးကားယားနဲ့ ချစ်စဖွယ်ကောင်းနေပြီး မကြာခင်မှာ တည်တည်ငြိမ်ငြိမ် လျှောက်နိုင်တော့မယ်ဆိုတဲ့ လက္ခဏာကို ပြသနေလျက်။ 


အဒေါ်ရှဲ့က ရွှီချင်းနှင့် လီချန်ဖုန်းတို့ရဲ့ အံ့အားသင့်နေတဲ့အမူအရာကို သတိထားမိလိုက်၍ တစ်ခစ်ခစ်ရယ်မောကာ "ဒါက မင်းတို့ ကလေးတွေကို ပထမဆုံးအကြိမ် ပြုစုပျိုးထောင်တာဆိုတော့ မင်းတို့မသိတာတွေ အများကြီးရှိသေးတာပေါ့။ တခါတလေကျ ကလေးလေးတွေဟာ အိပ်ပျော်နေချိန်မှာ လမ်းလျှောက်ချင်သလိုမျိုး ခြေထောက်တွေကို ကန်ကျောက်နေတတ်တယ်လေ" 


အဒေါ်ရှဲ့လည်း သူတို့နှစ်ယောက်ရဲ့ လေးနက်နေတဲ့ အမူအရာကို ကြည့်လိုက်ပြီး ဆက်ပြောလာခဲ့သည်။ "ဒါကြောင့် ဒီနေ့ မင်းရောက်လာတဲ့အခါ ငါ သူ့ကို ချီထားတုန်း သူ့ခြေထောက်သေးသေးလေးတွေက ငါ့လက်ကို ဆက်တိုက် 

ကန်ကျောက်နေသလို ခံစားရတာနဲ့ ကလေးလေးက လမ်းလျှောက်ချင်နေတာ ဖြစ်နိုင်တယ်လို့ တွေးမိလို့ သူ့ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး သူ့လက်သေးသေးလေးတွေကို ထိန်းပေးထားလိုက်တာလေ။ သူတစ်လှမ်းလှမ်းလိုက်တော့ သူထိန်းကိုင်ဖို့ ခွေးခြေတစ်လုံး ထားပေးလိုက်တယ်။ ထွမ်ထွမ်က တဖြည်းဖြည်းနဲ့ ခုံကိုကိုင်ရင်း လမ်းလျှောက်နိုင်လာရော" 


ရွှီချင်းက နားလည်စွာ ခေါင်းညိတ်ပြလာခဲ့ပြီးနောက် မတည်မငြိမ်ဖြစ်နေတဲ့ ထွမ်ထွမ်လေးကို ကောက်ချီလိုက်ပြီး သူ့ရဲ့ ဖောင်းဖောင်းတုတ်တုတ်ခြေထောက်လေးကို ညင်သာစွာ ဆုပ်နယ်ပေးလိုက်၏။ လီချန်ဖုန်းလည်း အဒေါ်ရှဲ့အား ကျေးဇူးတင်စကား ပြောလိုက်ပြီးမှ သူတို့နှစ်ယောက် ထွမ်ထွမ်နဲ့အတူတူ အိမ်ပြန်ခဲ့ကြသည်။ 


"ကလေးလေးရေ မင်းက အရမ်းတော်တာပဲနော်။ မင်းက အဒေါ်ရှဲ့ အရှေ့မှာ ပထမဆုံးအကြိမ် လမ်းလျှောက်ခဲ့ပြီးတော့ မင်းရဲ့ အားမားက မြင်တောင်မမြင်ခဲ့ရဘူး" ရွှီချင်းက ထွမ်ထွမ်ရဲ့ ပထမဆုံးအကြိမ် လမ်းလျှောက်တဲ့ အရေးကြီးတဲ့ အခိုက်အတန့်ကို လွတ်သွားရတဲ့အတွက် ဝမ်းနည်းနေလျက်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ မှတ်ချက်ဟာ ရယ်စရာကောင်းသလို ခံစားရကာ "ကောင်းပါပြီကွာ။ သူ ပြေးတာ၊ ခုန်တာ၊ ကြီးပြင်းလာပြီးတော့ အိမ်ထောင်ပြုမယ်၊ နောက်ပြီး သူ့ကိုယ်ပိုင်ကလေးလေးတွေရလာမယ်... အဲ့တာတွေကို မင်းမြင်ဖို့ အခွင့်အရေးရှိပါသေးတယ်။ အဲဒါက အချိန်တစ်ခုပါပဲလေ" သို့သော်လည်း သူက ထွမ်ထွမ် ပထမဆုံးအကြိမ် လမ်းလျှောက်တာနဲ့ လွှဲချော်ခဲ့ရတာကို အနည်းငယ် စိတ်မကောင်းဖြစ်နေဆဲပင်။ 


ရွှီချင်းက ရေကို စိတ်အားထက်သန်စွာ သောက်နေတဲ့ ထွမ်ထွမ်လေးကို ကြည့်ရင်း အချိန်တွေ မြန်မြန်ကုန်ဆုံးသွားမယ့်အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပါချေ။ 


သူမသိလိုက်ခင်မှာပဲ ထွမ်ထွမ်က ကြီးပြင်းလာပြီး အိမ်ထောင်ပြုကာ သူ့ကိုယ်ပိုင်ကလေးတွေ ရလာလိမ့်မယ်။ အဲ့ဒီအချိန်ကျ သူနဲ့ လီချန်ဖုန်းတို့ကလည်း အသက်တွေကြီးလာပြီးတော့ လူအိုကြီးတွေ ဖြစ်သွားလိမ့်မယ်ဆိုတာကို သဘောပေါက်သွားချေပြီ။ 


"ကိုယ် မင်းအတွက် ဆေးကျိုပေးမယ်နော်။ ဆေးသောက်ပြီးရင် တစ်ရေးအိပ်လိုက်လေ" လီချန်ဖုန်း ဆေးကိုယူကာ မီးဖိုချောင်သို့ သွားလိုက်၏။ ရွှီချင်းမှာ မနေ့ညက အတွေးလွန်နေခဲ့ရသည်မို့ အိပ်မပျော်ခဲ့၍ အနည်းငယ်ပင်ပန်းနွမ်းနယ်သလို ခံစားရသဖြင့် ထွမ်ထွမ်ကိုခေါ်ကာ အခန်းထဲတွင် အနားယူရန် ဆုံးဖြတ်လိုက်တော့သည်။ 


ရိတ်သိမ်းရာသီ ကုန်ဆုံးသွားပြီဖြစ်သလို ယခုနှစ်၌ အထွက်နှုန်းမှာ ထူးထူးခြားခြား ကောင်းမွန်ခဲ့၏။ အိမ်ထောင်စုတစ်ခုစီတိုင်း အခွန်တွေ ပေးဆောင်ပြီးတာတောင်မှ အပိုအလျှံဆန်စပါးတွေရရှိခဲ့ရာ နောက်တစ်ကြိမ်စိုက်ပျိုးဖို့အတွက် လုံလောက်ပေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သုံးလကြာသွားခဲ့ပြီး ရာသီဥတု အနည်းငယ်အေးလာချေပြီ။ ရွှီချင်းလည်း သစ်ပင်ပေါ်က ကြွေကျလာတဲ့ သစ်ရွက်ဝါတွေကို ကြည့်ကာ ယခုနှစ် ဆောင်းရာသီမှာ မဝေးတော့မှန်း သဘောပေါက်သွားခဲ့၏။ 


ဒီလိုဆိုတော့လည်း ဒီကမ္ဘာပေါ်မှာ သူနေထိုင်လာခဲ့တာ ၂နှစ်နီးပါးရှိသွားပြီပေါ့လေ။ ဒီကာလအတွင်းမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့တာပဲ။ 


ရှဲ့ယွီက အမြွှာတစ်​​စုံကို ဖွားမြင်​ပြီး​နောက်​ သူ့ခန္ဓာကိုယ်​မှာ လွန်စွာပျက်စီးသွားသဖြင့် နောက်တစ်ကြိမ်ကိုယ်ဝန်ထပ်မဆောင်နိုင်တော့ပေ။ ထိုအရာကလွှဲပြီး ​ရှဲ့မိသားစုနှင့် လင်းဖန်းလျန်တို့အားလုံး အလွန်ပျော်ရွှင်နေခဲ့ကြလေသည်။  


ရှဲ့မိသားစုတွင် ရှဲ့ယွီတစ်ယောက်တည်းသာရှိ၍ လင်းဖန်းလျန်က အမြွှာတစ်ယောက်ကို လင်းမျိုးရိုး ခံယူစေပြီး နောက်တစ်ယောက်ကို ရှဲ့မျိုးရိုး ခံယူစေရန် ဆုံးဖြတ်လိုက်သည်။ 


ယင်းဆုံးဖြတ်ချက်ကြောင့် အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားခဲ့ရ၏။ 


လီမိသားစုခြံဝင်းတွင်မူ လီရှောင်းအာနှင့် အမေလီတို့ကြား အငြင်းပွားမှုကြောင့် လီလောင်စန်းရဲ့ ဇနီးမှာ ကလေးကို မတော်တဆ ဆုံးရှုံးသွားခဲ့ရသည်။ ရလဒ်အနေဖြင့် လီလောင်စန်းက အမေလီနှင့် လီရှောင်းအာတို့ကို အပြစ်တင်ခဲ့ပြီး ပြီးခဲ့သည့်လက မိသားစုကို ခွဲထုတ်ရန် အဆိုပြုခဲ့သည်။ သို့ရာတွင် လီစုံတွဲမှာ ယခုအချိန်တွင် သူတို့အားကိုးနိုင်တဲ့ တစ်ဦးတည်းသောလူမှာ လီလောင်စန်းဖြစ်သောကြောင့် သဘောမတူခဲ့ပါချေ။ 


လီလောင်စန်းလည်း စိတ်တိုတိုနှင့် အမေလီတို့ကို လျစ်လျူရှုကာ ယောက္ခမဖြစ်သူထံမှ ပိုက်ဆံချေးပြီး အိမ်အသစ်ဆောက်ရန် စီစဥ်ခဲ့သည်။ လီမိသားစုအတွင်း ပရမ်းပတာဖြစ်နေစဉ် ရွှီချင်းနှင့် လီချန်ဖုန်းတို့က ဝင်မပါခဲ့ကြသလို လီရှောင်းအာသည်လည်း သူ့ကလေးဆုံးရှုံးပြီးသည့်နောက် ဘယ်တော့မှ ပြန်မသွားတော့ပေ။ 


"အား- အားမား ဗိုက်ဆာ" 


ရွှီချင်းက သူ့နောက်မှ နူးညံ့တဲ့အသံလေးကို ကြားလိုက်ရ၍ လီချန်ဖုန်းရင်ခွင်ထဲမှာ ရှိနေတဲ့ ထွမ်ထွမ်လေးကို ကြည့်ရန် ခေါင်းလှည့်လာခဲ့သည်။ ထွမ်ထွမ်လေးက ယခုဆို ရိုးရှင်းတဲ့ စကားလုံးအချို့ကို ပြောနိုင်နေပြီ။ 


"*ဖက် အိုး ဖက်" ထွမ်ထွမ်က သူ့ရဲ့ဖောင်းဖောင်းတုတ်တုတ်လက်လေးကို ရွှီချင်းဆီသို့ ဖြန့်ပေးလာခဲ့သည်။

(*အသံထွက်က ဒီလို 'ပေါင့် အောင့် ပေါင့်' 

ပေါင့် bào = hug) 


"ဒီအတိုင်း 'ဖက်' ဆိုတာပဲလေကွာ! အလယ်မှာ အိုး မထည့်ရဘူးလေ!" ရွှီချင်းက ထွမ်ထွမ်ရဲ့ နှာခေါင်းသေးသေးလေးကို ပုတ်ရင်း ပေါ့ပေါ့ပါးပါးပြောလိုက်၏။ 


ထွမ်ထွမ်ကတော့ ဒါကို ဂရုမစိုက်ဘဲ ရွှီချင်း သူ့ကို ပွေ့ဖက်လိုက်သည်နှင့် သူ့လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး ဝတုတ်တုတ်ပိုးကောင်လေးနှယ် 

ရွှီချင်းလက်မောင်းထဲ တိုးဝင်လာခဲ့သည်။ 


"မင်းပြောတာ သူ နားမလည်နိုင်သေးဘူးလေ၊ လာ အထဲဝင်ရအောင်၊ ဒီမှာ လေထန်နေတယ်" လီချန်ဖုန်းက ရွှီချင်း ကော်လာကို ဆွဲစေ့ပေးလိုက်ရင်း သူ့လက်ကို ဆုပ်ကိုင်ကာ အိမ်ပြန်ခဲ့ကြသည်။ 


ရွှီချင်း အိမ်ထဲဝင်လာပြီးနောက် ထွမ်ထွမ်ကို သူ့အတွက်လုပ်ပေးထားတဲ့ ထိုင်ခုံအသေးလေးပေါ်မှာတင်ကာ သူ့ဘာသာသူ ထိုင်စေခဲ့သည်။ 


"မနက်တုန်းက အစ်ကိုကြီး လာပြောတာ၊ ခင်ဗျားအထင် ကျွန်တော်တို့သွားသင့်လား?" 


ထိုနေ့နံနက်အစောပိုင်းတွင် လီလောင်တက ရွှီချင်းနှင့် လီချန်ဖုန်းတို့ဆီ ရောက်လာကာ အဖေလီတို့က သူတို့ကို အိမ်ပြန်လာစေလိုကြောင်း အသိပေးခဲ့သည်။ 


လီချန်ဖုန်း ခေါင်းခါပြီး "ဘာလို့ သွားရမှာလဲ? ဟိုမှာ ပရမ်းပတာတွေဖြစ်နေပြီ! လီလောင်စန်းရဲ့ စိတ်နေစိတ်ထားအရ ကိုယ်တို့ပြန်သွားရင်လည်း သူ့ကို ဟာသအဖြစ် ကြည့်ဖို့လာတယ် ထင်မှာလေ။ အဲ့တော့ ပြန်သွားပြီး ကိုယ်တို့ဘာသာကိုယ်တို့ ရွှံ့ရေထဲဆင်းမယ့်အစား မပြန်တာပဲ ပိုကောင်းတယ်။ ပြီးတော့ ရှောင်းအာလည်း ပြန်သွားဖို့ အစီအစဥ်မရှိဘူးဆိုတော့ ကိုယ်တို့လည်း ပြန်မသွားတော့ဘူး" 


ရွှီချင်းလည်း လီရှောင်းအာ ကလေးဆုံးရှုံးပြီးကတည်းက စိတ်ဓာတ်ကျဝမ်းနည်းနေသေးဆဲဖြစ်ကြောင်း တွေးမိသွားရသည်။ ဒါဟာ ကုသဖို့အတွက် အချိန်ယူရဦးမယ်ဆိုတာကို သူသိသလို လီမိသားစုထံ ပြန်သွားလိုစိတ်မရှိခဲ့ပေ။ 


"စကားမစပ် စောစောက ကျွန်တော် မီးဖိုချောင်မှာ ချက်ပြုတ်နေတုန်း အစ်ကိုကြီးက ချန်ချီရဲ့ နာမည်ကို ပြောနေတာ ကြားလိုက်ရတယ်။ ဘာဖြစ်သွားတာလဲ ခင်ဗျားသိလား? သူ့ဇနီး အခုထိ ပြန်မလာသေးဘူးလား?" ရွှီချင်းက ထွမ်ထွမ်ရဲ့ မျက်နှာလေးကို သုတ်ပေးလိုက်ပြီး ရှောင်ပေါင်နှင့် ကစားခွင့်ပေးလိုက်သည်။ 


ရွှီချင်းက သူ့သူငယ်ချင်းကောင်းအကြောင်း ပြောတာကို ကြားလိုက်ရသည့်အခါ လီချန်ဖုန်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြောပြလာခဲ့သည်။ "သူနဲ့ သူ့ဇနီး ကွာရှင်းလိုက်ပြီတဲ့" 


"ကွာရှင်းလိုက်တယ်?!" ရွှီချင်း မယုံကြည်နိုင်ပေ။ ချန်ချီက သူ့ဇနီးကို အရမ်းဂရုစိုက်တယ်တာလေ၊ ဒါဆို ဘာလို့များ ရုတ်တရက် ကွာရှင်းဖို့ သဘောတူလိုက်ရတာလဲ! 


"ဘာဖြစ်မှန်းတော့ ကိုယ်လည်း အတိအကျမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ချီအတွက် သူ့မိသားစုက လက်ထပ်ပွဲစီစဥ်ပေးနေပြီတဲ့။ အဲ့ဒီကောငယ်ငယ်လေးနဲ့ လက်ထပ်ပြီးတော့ ချန်မိသားစု မျိုးဆက်ကို မွေးဖို့ လိုအပ်တယ်လို့ ​ပြောတာပဲ" 


လီချန်ဖုန်းလည်း အစောပိုင်းက လင်းဖန်းလျန် ပြောပြခဲ့တာကို ပြန်သတိရမိသည်။ ချန်ချီက သူ့ခန္ဓာကိုယ်နှင့် ပတ်သက်တဲ့ ပြဿနာအချို့ရှိနေကြောင်း ရှင်းရှင်းလင်းလင်းသိသွားခဲ့သလို လီချန်ဖုန်းနဲ့လည်း ယခင်က ဆွေးနွေးခဲ့ဖူးပေသည်။  


ချန်ချီမှာ စိတ်ပျက်အားလျော့သွားတာမို့ ဒီတစ်ကြိမ်တွင် လက်ထပ်ဖို့ သဘောတူလိုက်တယ်လို့ သူယူဆမိ၏။ အမှန်တကယ်တော့ အမေချန်တို့က ချန်ချီ လက်ထပ်ဖို့ သဘောတူတဲ့အချိန်အထိ ထိုင်မနေနိုင်တော့သည်ပင်။ 


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။ 


ကဲ... ဘာလိုလိုနဲ့ အပိုင်း၉၀တောင် ရောက်သွားခဲ့ပြီနော်။ ၁၅ပိုင်းနဲ့ extra၃ပိုင်းပဲ ကျန်တော့တယ်။


Thanks for reading!