Ch-89.2
Viewers 14k

အခန်း ၈၉.၂



ရိတ်သိမ်းရာသီပြီးချိန်မှာတော့ လယ်ကွင်းတွေ ရှင်းလင်းပြီးသည့်အခါ သူတို့လည်း အားလပ်ချိန်ပိုရလာခဲ့ပြီ။ ထို့အပြင် သူနှင့် လီချန်ဖုန်းတို့က လျင်မြန်စွာ အလုပ်လုပ်ခဲ့ကြပြီး လစ်လပ်နေတဲ့ နေရာတွေမှာ ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားပြီးဖြစ်သည်။ 


"ကိုယ်သိရသလောက်တော့ သူက ကိုယ်တို့နဲ့ ယှဥ်ပြိုင်ဖို့ သူ့ရောင်းဈေးတွေ လျှော့ချလိုက်ပေမယ့်လည်း နောက်ပိုင်းမှာ ကုန်ပစ္စည်းတွေကို စျေးကောင်းကောင်းနဲ့ မရောင်းနိုင်ဘဲ ပိတ်ပစ်လိုက်ရတာတဲ့" လီချန်ဖုန်းက ရွှီချင်းကို ပြောပြနေရင်း အဒေါ်ကျန်းရဲ့ သတင်းကို ပြောပြလာတဲ့ ပန်းရံဆရာလျိုရဲ့ ဆွေမျိုးဆီက အော်ဒါဖြစ်တဲ့ ကလေးတွန်းလှည်းကို ဆက်လုပ်နေခဲ့သည်။ 


လီချန်ဖုန်းဆီက ကြားပြီးနောက် ရွှီချင်းလည်း အများကြီးမပြောတော့ပေ။ သူတို့မိသားစုက ကုန်စုံဆိုင် ဖွင့်လိုက်ကတည်းက သူတို့နဲ့ ရွာသားတွေရဲ့ ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာခဲ့၏။ သူတို့က ရွာသားတွေနဲ့ ဆက်ဆံရေးမှာ နက်ရှိုင်းတဲ့ ခင်မင်မှုမျိုး မဟုတ်သော်လည်း "ဝေးကွာနေတဲ့ဆွေမျိုးတွေက ရင်းနှီးလွန်းတဲ့အိမ်နီးချင်းတွေလောက် မကောင်းဘူး" ဆိုတဲ့ ဆိုရိုးစကားကို ရွှီချင်း ယုံကြည်သဖြင့် သူတို့နှင့် ရင်းနှီးတဲ့ဆက်ဆံရေးဟာ ရန်ငြိုးရှိခြင်းထက် များစွာ သာလွန်ပေသည်။ 


ညနေစောင်း၌ ရွှီချင်း ညစာချက်ပြုတ်တော့မည့်အချိန်တွင် ထောင့်မှာထားထားတဲ့ အိုးသေးသေးလေးများစွာကို သတိပြုမိသွားခဲ့သည်။ ရွှီချင်း ဆောင့်ကြောင့်ထိုင်ပြီး အိုးသေးသေးလေးရဲ့ အဖုံးကို ဖွင့်လိုက်တဲ့အခါ သစ်သီးဝိုင်ရဲ့ ရနံ့လေးမှာ သူ့မှတ်ဥာဏ်ထဲကအတိုင်းပင်။ ဒါဟာ တောရိုင်းချယ်ရီသစ်သီးဝိုင်ပဲ။ 


ရွှီချင်း အိုးလေးကို အပြင်သယ်သွားကာ ယနေ့ညစာအတွက် ချယ်ရီဝိုင်နှင့်အတူ တွဲဖက်စားသုံးရန် အထူးဟင်းလျာအချို့ ချက်ပြုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ 


လီချန်ဖုန်းက သူ့ကိုယ်သူနဲ့ ရွှီချင်းအတွက် တောရိုင်းချယ်ရီဝိုင် ပန်းကန်လုံးတစ်လုံးစီ လောင်းထည့်လိုက်ရင်း "ဒီဟာက မင်းနဲ့ ဟိုကလေး ပြီးခဲ့တဲ့အခေါက်က ခူးဆွတ်ထားတဲ့ တောရိုင်းချယ်ရီသီးတွေကနေ လုပ်ထားတဲ့ သစ်သီးဝိုင်လား?" သူ့မျက်နှာကို လာရောက်ရိုက်ခတ်နေတဲ့ အနံ့သင်းသင်းလေး​မှာ မရင်းနှီးသလိုဖြစ်နေသော်ငြား အရမ်းနှစ်လိုဖွယ်ကောင်းတယ်လို့ ခံစားမိပေ၏။ 


လီချန်ဖုန်း ပန်းကန်လုံးကို ယူကာ တစ်ငုံသောက်လိုက်သည့်အခါ ရွှီချင်းက လီချန်ဖုန်းကို မေးလာခဲ့သည်။  "ဘယ်လိုနေလဲ?"  


"အင်း၊ အရသာရှိတယ်၊ ဒါပေမယ့် ဝိုင်ရဲ့အရသာက သိပ်မပြင်းတော့ ကောတွေတောင် သောက်လို့ရတယ်" လီချန်ဖုန်း အနည်းငယ် ထပ်သောက်လိုက်ပြီးနောက် ပြောလိုက်လေသည်။ သူ့ပန်းကန်လုံးကုန်သွားပြီးတဲ့နောက် ထပ်မထည့်သေးပေ။ 


လီချန်ဖုန်း ထပ်မထည့်တော့သဖြင့် ရွှီချင်း အံ့အားသင့်သွားရကာ "ခင်ဗျား မကြိုက်ဘူးလား?" လီချန်ဖုန်း ခေါင်းယမ်းလိုက်ရင်း "မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ဘူး။ ဒါကအများကြီးမရှိတော့ မင်းသောက်ဖို့ ထားထားလိုက်မယ်လေ" 


ရွှီချင်း စိတ်သက်သာရာရသွားပေမယ့် လီချန်ဖုန်းကို သူ့အတွက် မသိမ်းထားစေချင်ခဲ့ပေ။ "ခင်ဗျား မေ့မနေနဲ့လေ၊ အခု အပေါများဆုံးအရာက တောရိုင်းအသီးတွေပဲဟာ" ယခုဆို အနောက်တောင်တန်းများရှိ တောရိုင်းအသီးအနှံများမှာ ရင့်မှည့်နေပြီးဖြစ်သည်။ 


ထိုစကားကိုကြားပြီးတဲ့နောက် လီချန်ဖုန်းက နောက်တစ်ပန်းကန်လုံး ထပ်သောက်ရင်း အမြည်းစားလျက် သူ့ဘေးနားမှာ ထိုင်နေတဲ့ သူ့ဇနီးနှင့် သားလေးကို ကြည့်ကာ သူ့ဘဝအတွက် ရတနာတစ်ခုတွေ့ရှိခဲ့တယ်လို့ ခံစားမိခဲ့ပေသည်။ 


လီချန်ဖုန်းနဲ့ ရွှီချင်းတို့ဟာ သစ်သီးဝိုင်တွေ များများလုပ်ဖို့အတွက် ထွမ်ထွမ်ကို အဒေါ်ရှဲ့ဆီမှာ အပ်ထားခဲ့ပြီး အသီးအနှံတွေ ခူးဆွတ်ဖို့ တောင်ပေါ်တက်ခဲ့ကြသည်။ 


ရွှီချင်းမှာ တောရိုင်းသစ်သီးဝလံတွေက ရင့်မှည့်သွားတာနဲ့ အရသာရှိမယ်လို့ မူလက ယူဆခဲ့သော်ငြား သူမြည်းကြည့်လိုက်တော့မှ ချဥ်စုတ်တဲ့အရသာကို ရလိုက်သဖြင့် သူ့အတွေးမှားယွင်းသွားကြောင်း သက်သေပြနေသည့်နှယ်။ သစ်ပင်ပေါ်က ကြီးမားတဲ့ အနီရဲရဲ အသီးတွေကို ကြည့်ရင်း ရွှီချင်းမှာ လှည့်စားခံလိုက်ရသလို ခံစားလိုက်ရ၏။ 


အချိန်အတန်ကြာ ရှာဖွေခဲ့ပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့က ရွှီချင်းရဲ့ မျှော်လင့်ချက်များနှင့် ကိုက်ညီတဲ့ တောရိုင်းအသီးအနှံများကို ရှာမတွေ့ခဲ့ကြပေ။ မှောင်စပြုလာသည်နဲ့ သူတို့လည်း အိတ်အလွတ်များဖြင့်သာ အိမ်ပြန်ရန် တွန့်ဆုတ်စွာ ဆုံးဖြတ်လိုက်ကြပြီး အပြန်လမ်းတွင် မနက်က ဆင်ထားခဲ့တဲ့ ထောင်ချောက်ကို စစ်ဆေးဖို့ သွားကြည့်ခဲ့လေသည်။ 


"ကောင်းပါပြီ၊ အနည်းဆုံးတော့ ဒီနေ့ ခရီးက အလကားမဟုတ်ဘူးပဲ" 


ရွှီချင်းက ထောင်ချောက်ထဲမှာ ရစ်ငှက်ကြီးတစ်ကောင်ကို ဖမ်းမိထားသည်ကို တွေ့လိုက်ရ၍ ဝမ်းသာအားရဖြစ်သွားရကာ ခုနက စိတ်ညစ်ညူးနေတာတွေတောင် ပျောက်သွားခဲ့ချေပြီ။ 


အနောက်ဘက်တောင်ပေါ်က ထွက်လာခဲ့ကြပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း နောက်ထပ် ထောင်ချောက်များစွာကို စစ်ဆေးကြည့်ခဲ့ပေမယ့် သားကောင်ကို မတွေ့တော့သည်မို့ ရွှီချင်းမှာ အနည်းငယ် စိတ်ဓာတ်ကျသွားပြန်သည်။ 


"ဒီလိုရာသီဥတုမျိုးမှာ တောရိုင်းတိရိစ္ဆာန်တွေက သားဖောက်နေကြတာနဲ့ အလုပ်ရှုပ်နေကြတာဆိုတော့ သားကောင်တွေ သိပ်မရှိတာ ပုံမှန်ပါပဲကွာ။ အခု ပြန်ကြစို့လေ။ ထွမ်ထွမ်လေး ကိုယ်တို့ကို ရှာနေလိမ့်မယ်!" လီချန်ဖုန်းက ရစ်ငှက်ကို ကောက်ယူကာ ခြင်းတောင်းထဲထည့်လိုက်ပြီးနောက် ရွှီချင်းကို ဦးဆောင်ကာ တောင်အောက်ဆင်းခဲ့ကြသည်။ 


အပြန်လမ်းတွင် သူတို့နှစ်ယောက်က တောင်စောင်းမှာ ဝက်စာမြက်တွေ ဖြတ်နေကြတဲ့ ရွာသားတချို့နှင့် တောရိုင်းအသီးအနှံတွေနဲ့ ဆော့ကစားနေတဲ့ ကလေးငယ်လေးတွေကို တွေ့ခဲ့ရလေသည်။ 


"ကျွန်တော် ရစ်ငှက်နဲ့ မနေ့က ဝယ်လာတဲ့ ဝက်သားကို ကိုင်လိုက်မယ်၊ ခင်ဗျားက ရွာထဲမှာ ထွမ်ထွမ်ကို သွားခေါ်လိုက်နော်။ ပြီးတော့ ဦးလေးရှဲ့နဲ့ အဒေါ်ရှဲ့တို့ကို ညစာလာစားဖို့ ခေါ်ခဲ့လိုက်ဦး" ရွှီချင်းက ရစ်ငှက်ကို မီးဖိုချောင်ထဲ သယ်သွားရင်း ပြောလိုက်၏။ 


လီချန်ဖုန်းလည်း ထိုတာဝန်ကို ကျေကျေနပ်နပ်လက်ခံလိုက်ကာ သူ့လက်ကိုဆေးကြောပြီး ရွာထဲသို့သွားခဲ့သည်။ ရွာအစွန်ပိုင်း ရောက်ချိန်မှာတော့ မျက်လုံးတွေနီရဲဖောင်းကားနေပြီး ငိုထားပုံရတဲ့ ရွာသူကြီးရဲ့ သားဖြစ်သူ ရှယွီနဲ့ အမှတ်မထင် ဆုံခဲ့ပေသည်။ 


ရှယွီက လီချန်ဖုန်းကို တွေ့လိုက်သည်နဲ့ မျက်လုံးချင်းဆုံမှာကို ရှောင်ရှားလိုက်ပြီး ခေါင်းငုံ့ချလိုက်ကာ လီချန်ဖုန်းက သူ့မျက်လုံးတွေကို သတိပြုမိပြီး မေးမှာကို ကြောက်လန့်နေပုံပေါ်နေခဲ့သည်။ သို့သော်လည်း လီချန်ဖုန်းက သူ့ကို မေးမြန်းဖို့နေနေသာသာ၊ အကြည့်တစ်ချက်တောင်မပေးဘဲ ဖြတ်ကျော်သွားခဲ့တာကို တွေ့လိုက်ရတော့ ရှယွီ အံ့အားသင့်သွားရသည်။ 


လီချန်ဖုန်း အဝေးကို ထွက်သွားပြီးတဲ့နောက် ရှယွီမှာ ထိုကဲ့သို့ လျစ်လျူရှုခံလိုက်ရတာကို မယုံကြည်နိုင်ဖြစ်နေလျက်။ ယခင်ကထက်တောင် သူ့မျက်လုံးတွေ ပိုနီရဲလာကာ ယုန်တစ်ကောင်နဲ့ တူလာတော့သည်။ 


လီချန်ဖုန်းဆိုသူမှာ ကျောက်စိမ်းကို ဘယ်လိုသနားရမလဲ၊ ဘယ်လိုမြတ်နိုးရမလဲဆိုတာကို မသိသူပင်။ သူ့မျက်လုံးထဲမှာတော့ သူ့ဇနီးလေးကလွဲလို့ ဘယ်အရာကမှ ထူးခြားခြင်းမရှိပါချေ။ 


လီချန်ဖုန်းက ရှဲ့အိမ်သို့ ရောက်သည့်အခါ အဒေါ်ရှဲ့က ညစာပြင်ဆင်ရင်းတန်းလန်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူ ဒီကို အချိန်မီရောက်လာခဲ့သည်ပင်။ အဒေါ်ရှဲ့က ထွမ်ထွမ်ကို ချီထားရင်း ဦးလေးရှဲ့နဲ့အတူတူ ရွှီအိမ်သို့ လီချန်ဖုန်းအနောက်က လိုက်လာခဲ့လေသည်။  

သူတို့ရောက်တဲ့အချိန်မှာ ညစာစားချိန် အချိန်မီရုံလေးတင်။ အရမ်းမနောက်ကျသေးသလို ရွာသားအများစုဟာလည်း သူတို့ညစာကို စတင်စားသောက်ခါစအချိန်အခါဖြစ်ပေသည်။ 


ရွှီချင်းက သူ့ကတိကိုတည်စွာဖြင့် ဦးလေးရှဲ့တို့စုံတွဲကို သစ်သီးဝိုင်တစ်အိုး ဧည့်ခံခဲ့ပေသည်။ အဒေါ်ရှဲ့ မြည်းကြည့်လိုက်ရာ အတော်လေး သဘောကျသွားခဲ့တာကြောင့် သူတို့စုံတွဲမပြန်ခင်မှာ ရွှီချင်းက သစ်သီးဝိုင်နှစ်အိုး ပေးလိုက်သည်။ 


သစ်သီးဝိုင်ပြုလုပ်ဖို့ရာ သင့်လျော်တဲ့အသီးအနှံကို ရှာမတွေ့ခဲ့ပေမယ့် ရွှီချင်းက ထိုအရာပေါ်တွင် အလွန်အမင်း စိုးရိမ်မနေခဲ့ပေ။ ယခုအချိန်တွင် သူ ပိုမို ရှုပ်ထွေးနေသည့်အရာမှာ သူနှင့် ဦးလေးရှဲ့က စားစရာတွေ ကတ်တီတစ်ဝက်ကျော်လောက် စားရင်း သစ်သီးဝိုင်တစ်မျိုးတည်း သောက်ရခြင်းမှာ အထူးတလည် ကျေနပ်စရာမဟုတ်ဘူးလို့ ခံစားနေမိသည့် အချက်ကြောင့်ပင်။ 


အရက်သောက်နေတဲ့ လီချန်ဖုန်းက သူ့အဝတ်တွေကို တင်းတင်းကြပ်ကြပ်ဆွဲကာ သူ့ခန္ဓာကိုယ်က အပူတွေဖြာထွက်နေပြီလို့ ပြောလာခဲ့လေသည်။ 


ရွှီချင်း: "... ခင်ဗျားကိုယ်ရဲ့ အနံ့ကို သွားဆေးကြောလိုက်ဦး!!!" 


Thanks for reading!