Ch-89.1
Viewers 14k

အခန်း ၈၉.၁



လီရှောင်းအာ ဝိညာဉ်စမ်းရေနှင့် ရောစပ်ထားသော ဆေးကို သောက်လိုက်ပြီးနောက် မကြာမှာပဲ အိပ်ပျော်သွားခဲ့သည်။ 


ရွှီချင်းလည်း ထပ်မနေလိုတော့၍ လီရှောင်းအာရဲ့ စောင်ကို ခြုံပေးလိုက်ပြီးမှ တံခါးကိုပိတ်ကာ အပြင်ထွက်လာခဲ့သည်။ 


ရွှီချင်း ပင်မခန်းသို့ ဝင်လာတဲ့အခါ လီချန်ဖုန်းက ဝမ်လေ့နဲ့ စကားပြောနေခဲ့၏။ ရွှီချင်းလည်း လျှောက်လာပြီး လီချန်ဖုန်းရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ 


ဝမ်လေ့က ရွှီချင်းကို နှုတ်ဆက်လာခဲ့သည်။ "ဒုတိယအကို" 


ရွှီချင်း သူတို့နှစ်ယောက် ဘေးမှာ ဝင်ထိုင်လိုက်ရင်း ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီးနောက် သူတို့စကားဝိုင်းကို နားထောင်နေလိုက်သည်။ 


"ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြဘူး။ အဲ့ဒါက ကံဆိုးတဲ့ မတော်တဆမှုတစ်ခုပါပဲဗျာ" ဝမ်လေ့က ရွှီချင်းနဲ့ လီချန်ဖုန်းတို့ကို အဲဒီနေ့အဖြစ်အပျက်အကြောင်း ပြန်ပြောပြခဲ့လေသည်။ 


အမေလီက ဖောဖောသီသီ ရိတ်သိမ်းနိုင်မှုကြောင့် အလွန်ပျော်ရွှင်နေ၍ ဝမ်လေ့နှင့် လီရှောင်းအာတို့အား အိမ်ပြန်လာပြီး ရိတ်သိမ်းပြီးခါစ ဆန်စပါးအသစ်ကို မြည်းဖို့ ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီးနောက် ဝမ်လေ့ နှင့် လီရှောင်းအာတို့လည်း ပြောထားတဲ့ရက်တွင် လီမိသားစုခြံဝင်းသို့ ပြန်သွားခဲ့သည်။ 


လီရှောင်းအာမှာ ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း မိသားစုတွေ့ဆုံပွဲတွင် ပါဝင်ကြလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် သူတို့မိသားစုသုံးယောက်ကို မတွေ့ခဲ့ရပေ။ ညစာစားချိန်တိုင်အောင် သူတို့မလာကြတော့မှန်း သိသွားသဖြင့် သူ အနည်းငယ် စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။ သူက ထိုအကြောင်းကို ဝမ်လေ့အားပြောပြနေစဥ်အခိုက် သူ့ဘေးမှာရှိနေတဲ့ အမေလီက ကြားသွားခဲ့လေ၏။ 


အမေနှင့် သားကြား အငြင်းအခုံမှုများ ပြင်းထန်လာချိန်တွင် လီလောင်စန်းရဲ့ ဇနီးနှင့် သူ့သားလေးက ဖြတ်သွားချိန်ဖြစ်ခဲ့သည်။ သူတို့ငြင်းခုံနေတာကို မြင်လိုက်ရတဲ့အခါ လီလောင်စန်းရဲ့ ဇနီးဖြစ်သူက ဝင်ရောက်ဖျန်ဖြေပေးရန်အတွက် အမေလီအနားသို့ ချဥ်းကပ်သွားခဲ့၏။ 


သို့သော်လည်း အမေလီက ဒေါသအလွန်ထွက်နေသဖြင့် သူ့ကိုဆွဲနေတဲ့လူက ဘယ်သူမှန်း ကြည့်တောင်မကြည့်တော့ဘဲ သူ့လက်ကို ခါထုတ်လိုက်ရာ လီလောင်စန်းရဲ့ ဇနီးလည်း မြေပြင်ပေါ် လဲကျသွားခဲ့သည်။ လီလောင်စန်းရဲ့ ဇနီး ယိမ်းယိုင်သွားစဥ် လီရှောင်းအာက အမြန်ဖမ်းဆွဲရန် အပြေးအလွှားသွားခဲ့ပေမယ့် သူ့ဘေးမှာရပ်နေတဲ့ လီလောင်စန်းရဲ့ သားလေးနဲ့ တိုက်မိသွားကာ လူတိုင်းလဲကျသွားပါတော့သည်။  


"ဖြစ်ချင်တော့ အဲဒီအချိန်မှာ အကိုကြီးက ကျွန်တော့်ကို တစ်ခုခုကူညီဖို့ လှမ်းခေါ်လိုက်တော့ ကျွန်တော် လှည့်ကြည့်လိုက်တာ၊ အနောက်ကနေ ဆူညံသံတစ်ခုကြားလိုက်ရချိန်မှာ အရမ်းနောက်ကျသွားခဲ့ပြီ" ဝမ်လေ့လည်း ထိုအကြောင်းပြန်တွေးနေမိရင်း သူ့ကိုယ်သူ ပါးရိုက်ပစ်ချင်မိပါသည်။ ထိုအချိန်တုန်းက သူသာ အာရုံစိုက်ခဲ့ပါလျှင် ဒီလိုအရာတွေ ဖြစ်လာမှာမဟုတ်ဘူးလေ။ 


လီချန်ဖုန်းနဲ့ ရွှီချင်းတို့က ဒီလိုမတော်တဆမှုကြောင့် ကလေးနှစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပါချေ။ လီချန်ဖုန်း စကားမပြောမီ အချိန်အတော်ကြာ စဥ်းစားပြီးမှ "ငါတို့တွေလည်း ဘယ်သူကမှ ဒါကို ကြိုမမြင်နိုင်ခဲ့ဘူးလေ။ ဒီတော့ ကိုယ့်ကိုယ်ကို သိပ်အပြစ်တင်မနေနဲ့။ ကံကောင်းထောက်မစွာနဲ့ ရှောင်းအာလည်း ငယ်သေးတယ်ဆိုတော့ သေချာလေးဂရုစိုက်လိုက်ရင် သူပြန်​ကောင်းလာမှာပဲ" 


အမေဝမ်က ထွမ်ထွမ်ကို ချီထားရင်း အခန်းထဲ ဝင်လာခဲ့ကာ "ငါလည်း ဒီလိုပဲ ပြောနေပေမယ့် စိတ်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ်" အမေဝမ်က ထိုသို့ပြောရင်း သက်ပြင်းတစ်ချက်ချလိုက်၏။ 


ထွမ်ထွမ် အခန်းထဲရောက်လာသည်နဲ့ ရွှီချင်း ကို မြင်လိုက်သည့်အခါ သူ့အမေ သူ့ကို ချီဖို့ မျှော်လင့်လျက် စိတ်အားထက်သန်စွာဖြင့် သူ့လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကို ဆန့်တန်းလာခဲ့သည်။ 


အမေဝမ်မှာ ထွမ်ထွမ်ရဲ့ အပြုအမူလေးကြောင့် အံ့အားသင့်သွားရကာ "ဒီကလေးက အရမ်းဥာဏ်ကောင်းတာပဲ!" ထို့နောက် သူက ထွမ်ထွမ်ကို ရွှီချင်းဆီ ဂရုတစိုက် ပြန်ပေးလိုက်သည်။ 


"သူ ခြောက်လရှိနေပြီဆိုတော့ ဉာဏ်ကောင်းဖို့ အချိန်တန်ပါပြီ!" လီချန်ဖုန်းပြောလိုက်ရင်း ထွမ်ထွမ်လေးကို ကျီစယ်ဖို့ သူ့လက်ကို ဆန့်လိုက်၏။ 


ဝမ်လေ့က သူ့မျက်လုံးထဲတွင် ချစ်ခင်၊ တောင့်တနေတဲ့ အကြည့်ဖြင့် ဘေးမှ ကြည့်နေခဲ့ပေသည်။ 


ဝမ်အိမ်မှ ထွက်လာပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့က မထင်မှတ်ထားတဲ့ လူတစ်ယောက်နဲ့ ဆုံလိုက်၏။ ထိုလူမှာ ပွန်းပဲ့နေတဲ့နှာခေါင်းနဲ့ ရောင်ရမ်းနေတဲ့မျက်နှာ ဖြစ်နေတဲ့ မာဖူကွေ့ပင်။ မာဖူကွေ့က လီချန်ဖုန်းနှင့် ရွှီချင်းကို မမှတ်မိပါချေ။ သူက တုန်တုန်ယင်ယင် လျှောက်သွားနေရင်း ဆဲဆိုနေလျက် "ချီးထုတ် ဝတုတ်ကောင်! အနာဂတ်မှာ ငါချမ်းသာလာတဲ့အခါ မင်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မင်းစောင့်နေလိုက်! သေချာပေါက် ငါ မင်းကို သင်ခန်းစာပေးပစ်မယ်ကွ!" 


လီချန်ဖုန်းက မာဖူကွေ့ရဲ့ စကားကြောင့် စက်ဆုပ်ရွံရှာသွားရသလို ရွှီချင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ကာ "အတိတ်တုန်းက အစ်ကိုရှောင်ယွီနဲ့ လက်ထပ်နိုင်ခဲ့တာ သူတော်တော်ကံကောင်းတာပဲ။ သူ့အရင်ဘဝတုန်းက ဘယ်လိုကောင်းမှုတွေများလုပ်ခဲ့လို့ ဒီလိုကံကြမ္မာမျိုးရသလဲ သိချင်နေမိတာ။ ဒါပေမဲ့ အခုတော့ သူ့ကိုကြည့်စမ်းပါဦးဗျာ" 


ရှဲ့ယွီအကြောင်းပြောတော့မှပဲ ရွှီချင်းတစ်ယောက် ရှဲ့ယွီ မွေးဖွားခါနီးပြီဆိုတာကို ရုတ်တရက် သတိရမိသွားချေပြီ။ "မွေးဖို့ ၃လပဲကျန်တော့တယ်နော်။ လင်းဖန်းလျန်က မကြာခင် အဖေဖြစ်တော့မှာပဲ။ အချိန်တွေက ကုန်မြန်လိုက်တာဗျာ" သူ သက်ပြင်းချလိုက်တဲ့အခါ ထွမ်ထွမ်ကို ချီထားတဲ့ လီချန်ဖုန်းက သူ့ကို ကြည့်ကာ ပြုံးပြလိုက်ပြီး "မမြန်ပါဘူးကွာ။ မကြာခင်မှာ ထွမ်ထွမ်က ပြေးလွှားပြီး စကားပြောတော့မယ်" 


လီချန်ဖုန်း ဒီလိုပြောခဲ့တာ တစ်လကြာခဲ့ပြီဖြစ်ရာ ရွှီချင်းလည်း ထွမ်ထွမ်ရဲ့ စကားလုံးတွေက နည်းနည်းသာ ဗလုံးဗထွေးဖြစ်တော့တာကို သတိပြုမိသွားခဲ့၏။ 


"လာ! လာ! ထွမ်ထွမ်လေးရေ အားမားလို့ခေါ်ကြည့်ပါဦး" 


ရွှီချင်းက ထွမ်ထွမ်ရဲ့ အကြိုက်ဆုံးအရုပ်လေးကို လက်တစ်ဖက်မှာ ကိုင်ထားရင်း နောက်လက်တစ်ဖက်ကို ထွမ်ထွမ်ရဲ့ ခေါင်းလေးပေါ် ညင်သာစွာ တင်ထားကာ ချော့မော့နေလျက်။ 


ထွမ်ထွမ်က သူ့အမေလက်ထဲက အရုပ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေရင်း သွားရည်တွေ စီးကျလာခဲ့သည်။ 


"အာ! အာ! အာ!" 


ရွှီချင်းမှာ ထွမ်ထွမ်က သူ့ကို "အားမား"လို့ ခေါ်လာမယ်လို့ မျှော်လင့်ထားပေမယ့် ထွမ်ထွမ်က "အာ"လို့သာ ပြောလိုက်သဖြင့် စိတ်ဓာတ်ကျသွားရသည်။  


ဘေးနားမှာ ပရိဘောဂတွေလုပ်နေတဲ့ လီချန်ဖုန်းက ရွှီချင်းရဲ့ စိတ်ပျက်လက်ပျက်ပုံစံကို မြင်လိုက်ရ၍ ခေါင်းယမ်းကာ ရယ်မောလိုက်လေ၏။ "မင်းက ကိုယ်တို့ရဲ့ ထွမ်ထွမ်လေးကို ပါရမီရှင်လေးလို့ တကယ်ထင်နေတာပဲ! အဒေါ်ရှဲ့ပြောတာတော့ ယေဘုယျအားဖြင့်တော့ ကလေးတွေက တစ်နှစ်အရွယ်လောက်မှ စကားစပြောကြတယ်တဲ့။ တချို့ကလေးတွေဆို တစ်နှစ်ကျော်မှ ပြောတတ်တဲ့သူတွေလည်း ရှိတယ်ဆိုပဲ" 


ရွှီချင်းက အရုပ်ကို ထွမ်ထွမ် လက်ထဲသို့ ထည့်ပေးလိုက်ပြီး မတော်တဆမဖြစ်ရလေအောင် ကလေးလေးကို အနီးကပ် စောင့်ကြည့်နေရင်း "မသိပါဘူးဗျာ၊ ဒီအတိုင်းပဲ အံ့ဖွယ်လေးများဖြစ်နိုင်မလား ကြည့်ချင်ရုံပါပဲ" တကယ်တော့ အချိန်ခရီးသွားတစ်ယောက်အနေနဲ့ သူ့ကလေးလေးဟာ တခြားသူတွေနဲ့များ ကွဲပြားနေမလားလို့ မတွေးမိဘဲ မနေနိုင်ခဲ့ပါချေ။ 


"စကားမစပ် အဒေါ်ကျန်းရဲ့ ဆိုင်သေးသေးလေး ပိတ်သွားပြီလို့ အဒေါ်လျိုဆီက ကျွန်တော်ကြားခဲ့ရတယ်" ရွှီချင်းက လီချန်ဖုန်းနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေခဲ့သည်။ 


Thanks for reading!