အခန်း ၈၈
"ရိတ်မလို့လား? မညှပ်ဘူးလား?"
လီချန်ဖုန်း ခေါင်းမော့ကာ သူ့ဆံပင်သူဆွဲနေတဲ့ ရွှီချင်းကို ကြည့်လိုက်သည်။ ဆံပင်ရှည်လွန်းလာတဲ့အခါ အဖျားတွေကို တိပစ်ရမယ်ဆိုတာ ရွှီချင်းလည်း သိပါသည်။ သီလရှင်နဲ့ ဘုန်းတော်ကြီးတွေကပဲ သူတို့ဆံပင်တွေကို အားလုံးရိတ်ပစ်ကြမှာလေ။
"ကျွန်တော် ညှပ်သင့်တာပေါ့"
ရွှီချင်း ခဏမျှစဥ်းစားလိုက်ပြီး ဆံပင်ရိတ်ပစ်လိုက်တာဟာ အပူဒဏ်ကို ခံရသည်ထက် များစွာပို၍ ဒုက္ခဖြစ်စေမယ်ဆိုတာ သဘောပေါက်သွားရ၏။
"ဒါဖြင့် ကိုယ်ဒါတွေလုပ်ပြီးသွားရင် မင်းဆံပင်ကို ညှပ်ပေးမယ်။ မင်းလည်း ကိုယ့်ဆံပင်ကို ညှပ်ပေးလေ၊ ကိုယ့်ဆံပင်တွေလည်း ရှည်လာပြီ" လီချန်ဖုန်း ရွှီချင်းကို ပြောကာ သူ့လက်လှုပ်ရှားမှုတွေကို မြန်ဆန်လိုက်၏။
"ကောင်းပါပြီ" ရွှီချင်း သူ့လက်က ရေတွေကို ခါထုတ်လိုက်ပြီး လီချန်ဖုန်း အလုပ်ပြီးရန် စောင့်ဆိုင်းနေခဲ့သည်။
"ကိုယ်တို့ ဒီည ငါးစားကြမလား?" လီချန်ဖုန်းက ရွှီချင်း ငါးမစားတာ ရက်အတော်ကြာသွားပြီလို့ တွေးလိုက်၍ မေးလိုက်လေသည်။
ရွှီချင်း ခေါင်းခါလိုက်ရင်း "မစားဘူး၊ ဒီည အရွက်သုပ်အေးအေးလေး စားကြမယ်လေ။ ရာသီဥတုက အရမ်းပူတော့ အပူဒဏ်ကို လျှော့ချချင်လို့ အေးတာလေးတစ်ခုခုစားချင်တယ်။ သခွားသီးအေးအေးလေး၊ နုပ်နုပ်စင်းထားတဲ့ ရွှေဖရုံသီးမွှေကြော်နဲ့ အသီးအရွက်ဟင်းချိုလေးပေါ့။ ခင်ဗျား ဘယ်လိုထင်လဲ?"
"ဒါဆို ကိုယ်တို့ ဂျုံယာဂုနည်းနည်း ထပ်ထည့်လိုက်ရင်ရော? အဲ့ဒါဆို စားလို့ပိုကောင်းသွားမှာပဲ" လီချန်ဖုန်းက ညဘက်တွင် ရေဆာတတ်သောကြောင့် အိပ်ခန်းထဲ၌ ဆေးဖက်ဝင်လက်ဖက်ရည်တစ်ပန်းကန်လုံးကို ထားထားလေ့ရှိသဖြင့် ဂျုံယာဂုသောက်တာဟာလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည့်နှယ်။
ရွှီချင်း ညစာအတွက် ဟင်းလျာတွေကို စဉ်းစားနေရင်း ခေါင်းညိတ်သဘောတူလိုက်သည်။
ညစာစားနေစဉ်တွင် ရွှီချင်းက လီရှောင်းအာရဲ့ ကိုယ်ဝန်အကြောင်း ရုတ်တရက် သတိရသွားကာ "ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေတာကြောင့် မေ့လုမတတ် ဖြစ်သွားတာပဲ။ ရှောင်းအာကို ဂုဏ်ပြုပေးဖို့ ကျွန်တော်တို့ မသွားရသေးဘူးနော်"
လီချန်ဖုန်းက သခွားသီးအေးအေးလေးကို ကိုက်လိုက်ပြီး ရွှီချင်းပြောတာကို သဘောတူဟန် ခေါင်းညိတ်ပြလာခဲ့သည်။ "အမှန်ပဲ၊ ကိုယ်တို့မှာလည်း ဒီရက်ပိုင်း လုပ်စရာတွေအများကြီးမရှိတော့ ရှောင်းအာဆီ သွားလည်ဖို့ အချိန်ကောင်းပဲ"
"ကောင်းပြီဗျာ၊ ထွမ်ထွမ်ရေ ဒီကိုလာပြီး ထမင်းနည်းနည်းလာစားနော်" ရွှီချင်းက စားသောက်ပြီးသည်နဲ့ ထမင်းပျော့ပျော့အနည်းငယ်ကို ထွမ်ထွမ့်အား ခွံပေးလိုက်သည်။ ယခုဆို ထွမ်ထွမ်လေးက သစ်သီးမှုန့်ရော ထမင်းပျော့ပျေ့ာကိုပါ စားသောက်နေခဲ့ပြီဖြစ်သလို ရွှီချင်းက တစ်ခါတစ်ရံ နုပ်နုပ်စင်းထားတဲ့ အသားနည်းနည်းလည်း ကျွေးတတ်ပေသည်။
ညစာစားပြီး စားပွဲနဲ့ မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လီချန်ဖုန်းနှင့် ထွမ်ထွမ်တို့နှစ်ယောက်က ခြံဝင်းထဲမှာ လေအေးအေးလေး ခံနေချိန်တွင် ရွှီချင်းက ရေသွားချိုးလိုက်၏။ လီချန်ဖုန်း ရေချိုးခန်းထဲက ရေသံကြားလိုက်ရတော့ ရေချိုးကန်လုပ်ပြီးခါစက အချိန်ကို ပြန်သတိရမိသွားကာ သူ့နှလုံးသားထဲတွင် ချစ်စိတ်ပြင်းပြလာ၍ ရမ္မက်မီးတောက်လာပါတော့သည်။
ညဉ့်နက်ပိုင်း၌ သန်မာအားကောင်းတဲ့ ဝတ်လစ်စလစ်ခန္ဓာကိုယ်တစ်ခု နဲ့ နူးညံ့ပျော့ပျောင်းတဲ့ အလှလေးရဲ့ ခန္ဓာကိုယ်တို့မှာ ဆက်တိုက် တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ထိုလူရဲ့ အောက်မှာ ဖြူဖွေးပြီး သေးသွယ်တဲ့ ကိုယ်လုံးလေးရှိနေလျက်။ အပေါ်ကလူရဲ့ အဆက်မပြတ်လှုပ်ရှားမှုကြောင့် အလှလေးရဲ့ မျက်နှာမှာ နီရဲနေခဲ့သည်။
လီချန်ဖုန်းက ရွှီချင်းရဲ့ ချွေးတွေ စေးကပ်နေတဲ့ ဆံပင်တွေထဲသို့ သူ့လက်နှစ်ဖက်လုံးကို ထည့်ထား၍ ခေါင်းငုံ့ကာ ရွှီချင်းရဲ့ ပါးပြင်လေးကို နမ်းလိုက်ရင်း "လုံလောက်ပြီလား?"
ရွှီချင်းမှာ သူ့ပါးစပ်ကိုဖွင့်ကာ ရေထဲမှ ထွက်လာတဲ့ ငါးတစ်ကောင်လို အသက်ရှုနေရကာ "လုံလောက်ပါပြီ၊ မြန်မြန်"
လီချန်ဖုန်း ထိုစကားတွေကို ကြားလိုက်သည်နဲ့ ပြုံးလိုက်ရင်း သူ့ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမှုများဟာလည်း ပိုမိုနက်ရှိုင်းလာရာ ရွှီချင်းမှာ မခံနိုင်တော့ပေ။ သူ မသက်မသာခံစားရပေမယ့် တစ်ချိန်တည်းမှာပင် ပျော်မွေ့သလိုလည်း ခံစားနေရ၏။ သူတို့ အသံအကျယ်ကြီး လုပ်လို့မရတာကြောင့် ရွှီချင်းက သူ့ညီးညူသံတွေကို ထိန်းထားရကာ လီချန်ဖုန်း မကြာခင် ပြီးသွားဖို့ကို မျှော်လင့်နေလျက်။
ရွှီချင်း မသိသည်မှာ သူ့ရဲ့ ထိန်းချုပ်နေရပြီး မသက်မသာဖြစ်နေရတဲ့ ပုံစံလေးကြောင့် လီချန်ဖုန်းရဲ့ ရမ္မက်ဆန္ဒကို ပိုလို့တောင် နှိုးဆွလိုက်သည့်နှယ်၊ မြန်မြန်ဆန်ဆန်မပြီးမြောက်ချင်တော့ဘဲ အချိန်ကြာကြာပိုလုပ်ချင်သွားခဲ့လေသည်။
"မြန်မြန်လုပ်လေ!" ရွှီချင်းက ယခုလိုနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့ဘဲ တိုက်တွန်းလိုက်၏။
"မြန်မြန်လုပ်ရမယ်? မင်း ခုနက နောက်ဆုံးပြောလိုက်တာကလည်း "မြန်မြန်လုပ်" ဆိုတာပဲ မင်းသိရဲ့လား?" လီချန်ဖုန်း ဆွဲဆောင်မှုရှိရှိ ပြုံးပြလျက် သူ့ခေါင်းကို ရွှီချင်းရဲ့ လည်ပင်းမှာ မြှုပ်ထားလိုက်လေသည်။
လက်ကြီးကြီးတစ်စုံက ရွှီချင်းရဲ့ ခါးကို ပွေ့ဖက်ထားပြီး လီချန်ဖုန်းက သူ့ကိုယ်သူ ပိုမိုနက်ရှိုင်းစေလိုက်သဖြင့် ရွှီချင်းမှာ အသက်ရှူမဝသလို ဖြစ်သွားရ၏။ ကြည့်ရတာ ညဟာ ရှည်ကြာဦးမယ့်ပုံပဲ!
နောက်တစ်နေ့တွင် ရွှီချင်း အိပ်ရာနိုးလာချိန်မှာတော့ သူ့ခါးနှင့် ခြေထောက်တွေမှာ အနည်းငယ် နာကျင်နေသလို ခံစားလိုက်ရသည်။ အကယ်၍ ဒီနေ့ သူတို့မှာသာ လုပ်စရာမရှိခဲ့ရင် သူ အိပ်ရာထဲက ထနိုင်ပါ့မလားဆိုတာ မသိတော့ပါဘူး။
လီချန်ဖုန်း ပြုံးပြကာ ရွှီချင်းကို သူ့ရင်ခွင်ထဲ ထွေးဖက်ထားလိုက်ရင်း "မင်း နာနေလား? ကိုယ်နှိပ်ပေးမယ်လေ" လို့ သူပြောကာ သူ့လက်ကြီးတွေက မူမမှန်စွာ လှုပ်ရှားသွားသဖြင့် ရွှီချင်း ပုတ်ထုတ်လိုက်ရသည်။ "သုံးရက်လောက် လာမထိနဲ့! ဒီည အတူတူအိပ်ချင်သေးတယ်မဟုတ်လား?"
လီချန်ဖုန်း သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး လည်ချောင်းရှင်းကာ "မနက်စာ သွားစားရအောင်လေ။ ကိုယ်ပြင်ထားပြီးပြီ"
သူတို့မြို့ထဲရောက်ချိန်မှာ နည်းနည်းစောနေပါသေးသည်။ မိသားစုသုံးယောက်သား လီရှောင်းအာဆီ သွားရောက်လည်ပတ်ရန် ဝမ်မိသားစုအိမ်သို့ တိုက်ရိုက်သွားလိုက်လေသည်။ ရှောင်းအာ ကိုယ်ဝန်ရှိကတည်းက အမေဝမ်က သူ့ကို အိမ်မှာပဲ ဂရုစိုက်နေခဲ့သည်ပင်။ သမားတော်က သူနည်းနည်းလေးအားနည်းနေသည်မို့ ကိုယ်ဝန်အစောပိုင်းအဆင့်မှာ အနားယူပြီး ပြန်လည်အားဖြည့်ဖို့ အကြံပေးထားခဲ့၏။
ဝမ်လေ့နဲ့ သူ့အဖေက ဆိုင်မှာရှိနေသည်မို့ သူတို့ကို ကြိုဆိုတဲ့သူမှာ အမေဝမ်ပင်။ အထူးသဖြင့် ဝဝကစ်ကစ် ထွမ်ထွမ်လေးကို တွေ့ပြီးသွားသည့်အခါ သူတို့နှစ်ယောက်က ကလေးလေးကို ဘယ်လိုများပြုစုပျိုးထောင်ကြသလဲဆိုတာကို သူသိချင်သွားကာ အကြံဥာဏ်တချို့တောင်းခဲ့ပါသေးသည်။
လီရှောင်းအာမှာ ပထမဆုံးအကြိမ် မိခင်ဖြစ်လာခဲ့သော်ငြား စိတ်ဓာတ်တက်ကြွနေဆဲ။ ရွှီချင်းလည်း သူ့ကိုယ်တွေ့အတွေ့အကြုံအရ အကြံဥာဏ်တစ်ချို့ ပေးခဲ့ချေသည်။ ခဏစကားပြောပြီးတဲ့နောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း ထွက်ခွာခဲ့တော့သည်။
"အမေဝမ်က သဘောကောင်းတဲ့ပုံပဲနော်" ဧည့်ဝတ်ကျေပွန်လွန်းလှတဲ့ အမေဝမ်ကြောင့် ရွှီချင်း မှတ်ချက်ပြုလိုက်သည်။ လီချန်ဖုန်းက ဒီလိုမျိုးစိတ်အားထက်သန်လွန်းတာကို ကျင့်သားရမနေခဲ့ပေမယ့် ရွှီချင်းရဲ့ အကဲဖြတ်ချက်ကို ငြင်းခုံခြင်းမရှိဘဲ "အမှန်ပဲ၊ သူက အဲ့လိုပုံပေါက်ပါတယ်"
ရွှီချင်း ပြုံးကာ လီချန်ဖုန်းရဲ့ လက်ကြီးကြီးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သဖြင့် ထွမ်ထွမ်ကို ပွေ့ဖက်ထားတဲ့ လီချန်ဖုန်းက သူ့ကိုကြည့်လာခဲ့သည်။ သူတို့ကို မြင်လိုက်ရတဲ့ လမ်းသွားလမ်းလာများက သူတို့မိသားစုလေးမှာ အမျိုးသားက အရပ်ရှည်ရှည် သန်သန်မာမာဖြစ်သလို ကောအာလေးက သေးသေးသွယ်သွယ်လေးဖြစ်နေပြီး ချစ်စဖွယ်ကလေးလေးတစ်ယောက်နဲ့ အားကျစရာကောင်းတဲ့ မိသားစုလေးအလား ထင်မြင်ကြပေသည်။
ရွှီချင်းက လမ်းသွားလမ်းလာများရဲ့ အားကျနေတဲ့ အကြည့်တွေကို ခံစားလိုက်ရ၍ အလွန်ပျော်ရွှင်နေလျက်။ သို့ပေသိ လီချန်ဖုန်း ခေါင်းလှည့်လာကာ သူ့နားထဲသို့ တီးတိုးလေးပြောလိုက်သဖြင့် ရွှီချင်းမှာ အသက်ရှူမဝတော့သလို ခံစားလိုက်ရသည်။
လီချန်ဖုန်း ပြောသည်မှာ "ဘာဖြစ်လို့လဲ? မနေ့ညက မလုံလောက်ဘူးလား? လိမ်မာနော်၊ နောက်မှ ကိုယ် မင်းကိုအများကြီးထပ်ပေးမယ်လေ"
(Me: ရွှီချင်းက သူ့လက်ကိုဒီတိုင်းလေးတွဲလိုက်တာကို ချန်ဖုန်းကတော့ မှောင်နေတော့တာပဲ 😆)
ခင်ဗျားညီမကိုပဲ ပေးလိုက်! သူ့မှာ ဒီလောက်ကောင်းတဲ့လေထုအငွေ့အသက်လေးရှိနေတာကို! အခုတော့ ကောင်းတဲ့ခံစားချက်လေးက ဒီလိုမျိုးပျက်စီးသွားရပြီ!
လီချန်ဖုန်းလည်း ရွှီချင်း ဒေါသတကြီး ထွက်သွားတာကို ကြည့်နေရင်းမှ သူ့ဇနီးလေးဟာ အရေပါးလွန်းကာ ရှက်ရွံ့လွယ်သူဖြစ်မှန်း တွေးနေမိလျက်။
ရက်တွေကြာလာတာနဲ့အမျှ ရာသီဥတု ပိုပူလာသော်လည်း လယ်သမားတွေရဲ့ မျက်နှာမှာတော့ အပြုံးတွေနဲ့ ပြည့်နေခဲ့သည်။ ဤရာသီ ရိတ်သိမ်းချိန်မှာ လွန်စွာပေါများခဲ့သဖြင့် ဘုရားသခင်ရဲ့ ကောင်းချီးကို ကျေးဇူးတင်ရှိကြလေသည်။
ဆောင်းဦးပေါက်ပြီး မကြာခင်မှာပဲ လီမိသားစုတွင် လယ်မြေတွေနဲ့ ဆန်စပါးတွေကို ခွဲဝေခဲ့ကြသည်။ မိသားစုခွဲထွက်တာဟာ အခြေကျသွားပြီဖြစ်သော်လည်း ကြီးကြီးမားမားဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာတော့မယ်လို့ ဘယ်သူမှ မသိခဲ့ကြပေ။
"ဘာ?! ခင်ဗျားပြောတာက ရှောင်းအာနဲ့ လီလောင်စန်းရဲ့ဇနီး နှစ်ယောက်လုံး ကိုယ်ဝန်ပျက်ကျသွားတယ် ဟုတ်လား?!"
ရွှီချင်းမှာ သူ့နားသူတောင်မယုံနိုင်ခဲ့။ လီချန်ဖုန်း မြို့ကို ခဏလေးသွားလိုက်တာလေ၊ ဘယ်လိုဖြစ်ပြီး ဒီလိုသတင်းကြီးကို သယ်ရလာတာလဲ!
လီချန်ဖုန်းလည်း ဒီသတင်းကို ပြောနေရပေမယ့် မျက်နှာသိပ်မကောင်းနေခဲ့။ "သိရသလောက်ကတော့ လီမိသားစုအိမ်ဟောင်းမှာ ဆောင်းဦးရာသီရိတ်သိမ်းပြီးသွားလို့ အမေက ဒီနှစ်ကို ဂုဏ်ပြုချင်တော့ ရှောင်းအာနဲ့ ဝမ်လေ့ကို ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာတဲ့။ အကြောင်းတစ်ခုခုကြောင့် လီလောင်စန်းရဲ့ ဇနီးက ရှောင်းအာနဲ့ တိုက်မိသွားပြီးတော့ သူတို့နှစ်ယောက်စလုံး အခုလို နေရာမှာတင် ကိုယ်ဝန်ပျက်ကျသွားမယ်လို့ ဘယ်သူသိမှာလဲ"
ရွှီချင်းမှာ ဒီအဖြစ်အပျက်ကို ကြားပြီးနောက် ခံစားချက်တွေ ရှုပ်ထွေးသွားရ၏။ သူတို့ကို ပြန်လာဖို့ အကြောင်းမကြားခဲ့တာမို့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာကို သူတို့လုံးဝမသိခဲ့ပေ။
"ခင်ဗျား ရှောင်းအာဆီ သွားပြီးပြီလား?" ရွှီချင်းမှာ လီရှောင်းအာတစ်ယောက် ဝမ်းနည်းပူဆွေးနေမှာကို စိုးရိမ်ပူပန်နေမိကာ မေးလိုက်လေသည်။
လီချန်ဖုန်း ခေါင်းညိတ်လိုက်ပြီး "ကိုယ် သူ့ကို သွားတွေ့ပြီးပြီ။ သူက သူ့ခန္ဓာကိုယ် ထိခိုက်သွားရပေမယ့် သေချာပြန်ပြီးအားဖြည့်ပေးရင် ဘာပြဿနာကြီးကြီးမားမားမှမရှိဘူးလို့ သမားတော်က ပြောလိုက်တယ်။ ဝမ်မိသားစုကတော့ စိတ်မကောင်းဖြစ်နေကြပေမယ့် သူတို့က ရှောင်းအာကို အပြစ်မတင်ကြပါဘူး။ မဟုတ်ရင် ကိုယ်လည်း စိတ်သက်သာရာရမှာမဟုတ်ဘူးလေ"
ရွှီချင်း သက်ပြင်းတစ်ချက်ချလိုက်၏။ ဝမ်မိသားစုဟာ ယုတ္တိမတန်ဘဲ ကိုယ်ဝန်ပျက်ကျမှုအတွက် လီရှောင်းအာကို အပြစ်တင်နေမှာကို သူစိုးရိမ်ခဲ့ပါသည်။ "ကျန်တဲ့လီမိသားစုဝင်တွေကရော ဘယ်လိုလဲ? ဒီလိုကိစ္စကြီးမျိုးက သူတို့တွေကို တော်တော်လေး ဂယက်ရိုက်သွားစေမှာပဲနော်"
လီချန်ဖုန်း သရော်သံဖြင့် "ဟမ့် သူတို့မှာ ရှောင်းအာကို ဒုက္ခပေးဖို့ အာရုံရှိမနေကြဘူး။ သူတို့ကြောင့်ပဲ ဒီလိုအဖြစ်ဆိုးကြီး ဖြစ်ခဲ့တာလေ။ အဲဒါကို ဖုံးကွယ်ဖို့ ကြိုးစားလည်း အသုံးမဝင်တော့ဘူး။ ဒါပေမယ့်..." သူ လီလောင်စန်းရဲ့ ဇနီးအခြေအနေကို တွေးမိကာ ဆက်ပြောလာခဲ့သည်။ "သမားတော်က လီလောင်စန်းရဲ့ ဇနီးက နောက်ထပ်ကိုယ်ဝန်ထပ်မရနိုင်တော့ဘူးလို့ ပြောလိုက်တယ်။ သူ့ရဲ့ကိုယ်ဝန်က ရှောင်းအာထက် ပိုလရင့်တော့ သူ့ခန္ဓာကိုယ်က ပိုပြီးထိခိုက်သွားတာ"
ရွှီချင်းက လီချန်ဖုန်းရဲ့ စကားကို ကြားသည့်အခါ ကိုယ်ဝန်ဆောင် ကောနှစ်ယောက်ကြားတွင် မတော်တဆတိုက်မိတာထက် တခြားဇာတ်လမ်းတစ်မျိုး ရှိနေဦးမယ်လို့ ခံစားမိလိုက်၏။ သို့သော်လည်း လီချန်ဖုန်းက အများကြီး မပြောတဲ့အတွက် ဆိုးရွားတဲ့ကိစ္စတစ်ခုဖြစ်မှာကိုပဲ စိုးရိမ်မိသည်။ "အခု ကျွန်တော်တို့ သတင်းကြားပြီးပြီဆိုတော့ ပြန်သွားပြီးကြည့်ကြတာပေါ့" ရွှီချင်း အကြံပြုလိုက်၏။
မည်သို့ပင်ဖြစ်စေကာမူ သူတို့က ဂရုစိုက်မှုနဲ့ ဝမ်းနည်းကြောင်းပြသဖို့ လိုအပ်နေပါသေးသည်။ သို့ပေသိ လီချန်ဖုန်းနှင့် ရွှီချင်းတို့ လီမိသားစုခြံဝင်းဆီ ရောက်ချိန်မှာတော့ ဝင်ခွင့်မပေးခဲ့ကြပေ။
ကောင်းပြီ၊ အနည်းဆုံးတော့ အမေလီက တံခါးဖွင့်ပြီး သူတို့ယူလာပေးတဲ့ ဖြည့်စွက်စာတွေကို ယူခဲ့ပေမယ့် အထဲကိုတော့ ဝင်ခွင့်မပြုခဲ့ချေ။ ရွှီချင်းလည်း ကူကယ်ရာမဲ့စွာဖြင့် "သွားကြရအောင်။ ရှောင်းအာကိုတွေ့ဖို့ မြို့ကိုသွားကြတာပေါ့"
ရွှီချင်း အံ့အားသင့်သွားရသော်လည်း ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ အပြင်လူတွေကို လက်ခံမတွေ့ဆုံလိုတဲ့ လီမိသားစုရဲ့ ကိုယ်ရေးကိုယ်တာဆန္ဒကို နားလည်ပါ၏။ သို့သော် သူတို့ကို တကယ်ပဲ အပြင်လူလို့ သတ်မှတ်ထားကြလိမ့်မယ်လို့ မသိခဲ့ရုံတင်။ ရွှီချင်း လီချန်ဖုန်းကို တစ်ချက်ကြည့်လိုက်မိကာ ဒီလူဟာ လီမိသားစုက ကောက်လာတဲ့သားလားလို့တောင် တွေးမိသွားရလျက်...
သူတို့နှစ်ယောက် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ဝမ်မိသားစုအိမ်ကို သွားကြည့်ခဲ့လေသည်။ သူတို့ရောက်သည့်အခါ အမေဝမ်က ခြံဝင်းကို သန့်ရှင်းရေးလုပ်နေကာ ဝမ်လေ့တောင်မှ အိမ်မှာပဲရှိနေတာကို တွေ့ရှိလိုက်ရ၏။
လီချန်ဖုန်းနှင့် ဝမ်လေ့တို့ စကားစမြည်ပြောနေစဥ် အမေဝမ်က ထွမ်ထွမ်ကို ခေါ်သွားခဲ့သည်။ လီရှောင်းအာ သူ့ကလေးလေး ဆုံးရှုံးသွားရချိန်မှာ ထွမ်ထွမ်ကို ခေါ်သွားတာ မသင့်လျော်ဘူးလို့ ရွှီချင်း စဥ်းစားမိခဲ့သည်ပင်။
လီရှောင်းအာက ဖြူဖျော့ဖျော့မျက်နှာလေးနဲ့ ကုတင်ပေါ်တွင် လဲလျောင်းနေကာ ယခင်ကထက် ပိုမိုပိန်ပါးသွားခဲ့၏။ ဝမ်လေ့နဲ့ အမေဝမ်တို့က ဒီအဖြစ်အပျက်ကြောင့် သူ့ကို အပြစ်မတင်ခဲ့ဘဲ နှစ်သိမ့်ပေးခဲ့ကြတာတောင်မှ လီရှောင်းအာက အပြစ်ရှိစိတ်နှင့် ဝမ်းနည်းစိတ်ကို မဖယ်ရှားနိုင်ခဲ့ပေ။ အမှန်တကယ်တော့ ဒါဟာ သူ့ရဲ့ သားဦးလေးဖြစ်တာမို့ ဒီလိုဆုံးရှုံးမှုကို မေ့ပျောက်ဖို့ဆိုတာ ခက်ခဲတယ်လေ။
"ဒုတိယအကို…"
ရွှီချင်း အခန်းထဲဝင်လာတာကိုမြင်တော့ လီရှောင်းအာရဲ့ မျက်လုံးထောင့်တွေက ဘာကြောင့်ရယ်မသိ အနည်းငယ် စိုစွတ်လာခဲ့လေသည်။ ရွှီချင်းကို ကြည့်ရင်း သူ မတရားခံလိုက်ရတဲ့ မကျေနပ်ချက်တွေ ခံစားချက်တွေဟာ ပေါက်ကွဲထွက်လာတော့မယ်လို့ ခံစားလိုက်ရ၏။
ရွှီချင်းက လီရှောင်းအာရဲ့ ဖြူဖျောဖျော့ အသွင်အပြင်ကို ကြည့်လိုက်ရင်း စားပွဲပေါ်က ဆေးပန်းကန်လုံးကို သတိထားမိလိုက်သည်။ ရွှီချင်းက လီရှောင်းအာဆီပေးဖို့ ကျောပေးကာ ပန်းကန်လုံးကို လှည့်၍ယူလိုက်ပြီး တစ်ဖက်လူ သတိမထားမိစဥ်အချိန်၌ ဝိဥာဥ်စမ်းရေ အစက်အနည်းငယ်ကို မသိမသာထည့်လိုက်လေသည်။
ရွှီချင်းလည်း လီရှောင်းအာရဲ့ ပြန်လည်ကောင်းမွန်တဲ့ အချိန်ကြာရှည်မည်ကို စိုးရွံ့သဖြင့် အမြန်ပြန်လည်ကောင်းမွန်လာစေရန်အတွက် အစက်ရေ နည်းနည်းပိုထည့်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
"ဒီမှာ ဆေးက နွေးနေတုန်း သောက်လိုက်နော်" ရွှီချင်းလည်း လီရှောင်းအာကို ထထိုင်ဖို့ ကူညီပေးလိုက်ပြီး ဆေးပန်းကန်လုံးကို ကမ်းပေးလိုက်၏။
"ဆေးသောက်ရင်လည်း ကျွန်တော့်ကလေးက ပြန်မှမလာနိုင်တော့တာကို၊ ဘာထူးတော့မှာလဲ?!" သူပြောလိုက်ရင်း ဖြူဖျော့ဖျော့ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာခဲ့သည်။
"သူပြန်မလာဘူးလို့ ဘယ်သူပြောလဲ? ဒီကလေးလေးက မင်းရဲ့ဗိုက်ထဲက မထွက်လာမချင်း ထွက်သွားမှာမဟုတ်ပါဘူးနော်။ အခုချိန်က မင်းကိုယ်မင်း ဂရုစိုက်ဖို့ပဲလိုတာ။ တစ်နေ့ကျရင် သူပြန်လာမှာပါ"
လီရှောင်းအာက ရွှီချင်းရဲ့ စကားတွေကြောင့် မျှော်လင့်ချက်တစ်ခု ရသွားသည့်အလား "အဲ့ဒါ အမှန်ပဲလား? သူ နောက်တစ်ခါထပ်လာမှာလား?"
"ဒါပေါ့ကွာ။ ငါ့အဒေါ် တစ်ခါပြောဖူးတယ်ဆိုတော့ အဲ့ဒါအမှန်ပဲဖြစ်မှာ။ အခုချိန်မှာ အရေးကြီးဆုံးက မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ဖို့ပဲ။ သူမင်းဆီ လာတဲ့အချိန်မှာ သူ့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုတယ်လေနော်" ရွှီချင်းမှာ သူ့စကားတွေက ထိရောက်မှုရှိမရှိ မသေချာသော်လည်း လီရှောင်းအာကို နှစ်သိမ့်မှုပေးနိုင်မယ်လို့ မျှော်လင့်မိလျက်။
"ဒါဆို... ကျွန်တော် ကိုယ့်ဘာကိုယ် ကောင်းကောင်းဂရုစိုက်ရမှာပေါ့။ သူ့ကို ပြန်လာစေချင်တယ်။ သူ့ကို ဒီလိုမျိုးကြီး ထွက်သွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ကလေးလေးက ကမ္ဘာကြီးကို တစ်ခါမှတောင် မမြင်ဘူးလိုက်ပဲ ထွက်သွားလိုက်ရတယ်ဆိုတဲ့ အတွေးကို ကျွန်တော် မခံစားနိုင်ဘူး" လီရှောင်းအာ သီးသွားရပေမယ့်လည်း ဆေးကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
Thanks for reading!