Ch-87
Viewers 14k

အခန်း ၈၇


"ဘာမှားနေလို့လဲ?" 


ရွှီချင်းက ချန်ချီ အလျင်စလို မထွက်သွားခင်မှာ ချန်ချီနှင့် လီချန်ဖုန်းတို့ စကားအနည်းငယ်ပြောနေကြတာကို တွေ့လိုက်ရသည်။ ထို့နောက် လီချန်ဖုန်းက စိတ်ဓာတ်ကျနေတဲ့ အမူအရာဖြင့် ပြန်လာတာကို မြင်လိုက်ရတော့ သူ နူးညံ့တဲ့လေသံလေးနဲ့ မေးမြန်းလိုက်သည်။ 


"သူ့ဇနီးက အခုထိ အိမ်ပြန်မလာသေးဘူးဆိုပဲ။ ပြီးတော့ သူ့မိသားစုကလည်း ဟိုကောငယ်ငယ်လေးနဲ့ လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတယ်တဲ့" လီချန်ဖုန်းက ချန်ချီရဲ့ လက်ရှိအခြေအနေကို အတိုချုံးရှင်းပြခဲ့သည်။ 


"ဒါဆို သူက အရမ်းစိတ်ဖိစီးနေရမှာပဲနော်။ ဟမ် အဲဒါ ရှောင်းအာမဟုတ်ဘူးလား?" ရွှီချင်းက အခုလေးတင် ပြန်ပို့ပေးခဲ့တဲ့ လီရှောင်းအာနှင့် ဝမ်လေ့တို့ကို လမ်းပေါ်တွင် ဂရုတစိုက် လမ်းလျှောက်နေကာ ဝမ်လေ့က လီရှောင်းအာကို တွဲပေးထားတာကို မြင်လိုက်ရသည်။ "ဒီနေရာက သူတို့အိမ်နဲ့ တော်တော်ဝေးတာကို၊ ဘာဖြစ်လို့လဲဆိုတာ သွားကြည့်ကြည့်ပါဦး။ ခင်ဗျား ဘာလို့ ဒီတိုင်းရပ်နေသေးတာလဲ?" ရွှီချင်းက ထွမ်ထွမ်ကို ချီထားရတာမို့ မလှုပ်ရှားနိုင်သဖြင့် လီချန်ဖုန်းကို သွားကြည့်ခိုင်းလိုက်သည်။ 


လီချန်ဖုန်း စကားအများကြီးမပြောတော့ဘဲ တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်း ခံစားမိကာ လီရှောင်းအာနှင့် ဝမ်လေ့တို့ဆီ လျှောက်သွားလိုက်၏။ သိပ်မကြာခင်မှာပဲ သူ့မျက်နှာမှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်နဲ့ ပြန်ရောက်လာခဲ့ကာ "မှန်းကြည့်ပါလား? ကိုယ့်ညီလေး ကိုယ်ဝန်ရှိနေပြီ! နေလို့သိပ်မကောင်းဘဲ အန်နေလို့ ဆေးခန်းလာပြကြတာ။ သမားတော်က သူ့ကို စစ်ဆေးပြီးတော့ တကယ်ပဲ ကိုယ်ဝန်ရှိနေတဲ့အကြောင်း အတည်ပြုပေးလိုက်တယ်" 


"ဒါသတင်းကောင်းပဲဗျာ! ဒါပေမယ့် ဒီနေ့တော့ သူတို့ကို သွားမနှောင့်ယှက်တော့ဘူး။ ပိုပြီးအဆင်ပြေတဲ့နောက်ရက်မှပဲ သူတို့ကို ဂုဏ်ပြုပေးဖို့ သွားကြမယ်လေ! 


ရွှီချင်းက ဒီသတင်းကောင်းကြောင့် ထပ်တူထပ်မျှ ပျော်ရွှင်နေခဲ့ရသည်။ နောက်ဆို သူ့သားလေး တစ်ယောက်တည်းမဖြစ်တော့ဘူးဆိုတာ သိလိုက်ရ၍ စိတ်သက်သာရာရသွားချေပြီ။ ရှဲ့ယွီလည်း ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး လအနည်းငယ်အတွင်းမှာ မွေးဖွားတော့မည်ဖြစ်သလို၊ ယခုအခါ လီရှောင်းအာလည်း ကိုယ်ဝန်ရှိနေပြီဖြစ်၍ ကလေးသုံးယောက်ကြားမှာ သိသိသာသာ အသက်အရွယ်ကွာခြားမှာမဟုတ်တော့ပေ။  


လီရှောင်းအာ အိမ်ထောင်ကျပြီး လအနည်းငယ်အကြာမှာပဲ ကိုယ်ဝန်ရခဲ့သဖြင့် လီမိသားစုဆီ သတင်းရောက်သွားသည်နဲ့ အမေလီမှာ အပြင်ထွက်တိုင်း ဂုဏ်ယူနေခဲ့ရ၏။ လူတိုင်းက သူ့သားရဲ့ ကံကောင်းမှုကို ချီးကျူးနေကြသလို မိသားစုဝင်တွေကလည်း လီရှောင်းအာကို ထပ်တွေ့ဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။ 


အမေချန်က ထိုသတင်းကို ကြားတဲ့အခါ အလွန်စိတ်တုန်လှုပ်သွားရကာ သူ့လုပ်လက်စတွေကို ပစ်ချလိုက်ပြီး အိမ်ကို အမြန်ပြေးသွားလိုက်၏။ သူ ချန်ချီနာမည်ကို ခေါ်ကာ ချန်ချီရဲ့ အခန်းကို တိုက်ရိုက်ဝင်သွားပေမယ့် ဘယ်သူမှမရှိပေ။  


"ဒီကောင်စုတ်ကတော့!" 


အမေချန်က အိမ်အတွင်းနှင့် အပြင်အားလုံးကို ရှာဖွေသော်လည်း ချန်ချီရဲ့ အရိပ်လေးတောင် မတွေ့ခဲ့ပေ။ သူ့ရဲ့သားကောင်းလေးက အဲ့ဒီလူကို ထပ်သွားရှာနေပြန်ပြီဆိုတာ သူမသိဘူးလို့များ ထင်နေတာလား။ 


အမေချန်နှင့် အမေလီတို့ဟာ အသက်အရွယ်အတူတူပင်။ လီမိသားစုမှာ မျိုးဆက်များစွာရှိနေပြီး သူတို့မှာ မြေးတွေတောင် ရနေခဲ့ပြီ။ ဒီလောက်အသက်ကြီးနေပြီဖြစ်သော်လည်း အခုထိ ကလေးမရှိသေးတဲ့ သူ့ရဲ့ သားနဲ့ မတူစွာပင် သူတို့ သားသမီးလေးယောက်စလုံးဟာ အိမ်ထောင်ကျပြီး ကလေးတွေတောင်ရှိနေပြီဖြစ်သည်။ 


အမေချန်က ဒါကိုတွေးမိရင်း စိတ်မငြိမ်မသက်ဖြစ်လာရ၏။ သူတစ်ခုခုမလုပ်ခဲ့ရင်တော့ ဒီတစ်သက်မှာ သူ မြေးချီဖို့ အခွင့်အရေးရတော့မှာမဟုတ်ဘူးပဲ! 


ချန်ချီ ရွာဆီ ပင်ပန်းနွမ်းနယ်စွာ ပြန်လာခဲ့သည်။ သူ အိမ်ပြန်မရောက်ခင်မှာပင် သူ့အိမ်ကို ဝန်းရံနေကြတဲ့ ရွာသားတစ်အုပ်ကြီးကို အဝေးကနေ တွေ့လိုက်ရ၏။  


"ဟေး ဟေး အကြီးဆုံးသား ပြန်လာပြီ!" 


"အိုး အမေချန် မှန်နေတာပဲကို။ ငါဆိုလည်း ဒီလိုပဲလုပ်မိမှာပဲ" 


"ငါတော့ အမေချန်ကို နားလည်နိုင်ပါတယ်။ သူလည်းအသက်ကြီးနေပြီဆိုတော့၊ ငါတောင်မှ မြေးတွေအများကြီးရှိနေပြီလေ။ သူ့နေရာမှာ ငါသာဆိုရင်လည်း လောနေမိမှာပဲ!"   


အဒေါ်တွေနှင့် ဦးလေးတွေ ပြောနေတာကိုကြားကာ ချန်ချီလည်း အိမ်မှာ တစ်ခုခုဖြစ်နေတာပဲလို့ တွေးမိရင်း စိုးရိမ်လာတော့သည်။ 


ချန်ချီ အိမ်အမြန်ပြန်ပြေးလာကာ ပင်မခန်းက ထွက်လာတဲ့ ချန်ဟုန်နဲ့ အချိန်မီဆုံလိုက်ရသည်။ "ရှောင်ဟုန် ဘာတွေဖြစ်နေတာလဲ? ဒီဆေးတွေက ဘယ်သူ့ကို ပေးခဲ့တာလဲ?" သူ မေးလိုက်၏။ 


ချန်ချီလည်း ချန်ဟုန်လက်ထဲက ဆေးကို မြင်လိုက်သည်နဲ့ စိုးရိမ်သွားရလျက်။ အိမ်မှာ ဆိုးဆိုးရွားရွား တစ်ခုခုများ ဖြစ်သွားခဲ့တာ ဖြစ်နိုင်မလား?! 


ချန်ဟုန်က သူ့မရီးထွက်သွားတဲ့နောက်ပိုင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သူ့အကိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလျက် "အဲ့ဒါက အမေ့အတွက်လေ။ သူ့ကိုယ်သူ ဘာလို့ ကြိုးဆွဲချဖို့ ကြိုးစားတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ကံကောင်းစွာပဲ အဖေက စောစောပြန်ရောက်လာလို့ အမေ့ကို အချိန်မီ ကယ်တင်နိုင်ခဲ့တာ" 


"ခဏလေး၊ ဒါဆို အခုရော ဘယ်လိုနေလဲ!" ချန်ချီက စိုးရိမ်တကြီး မေးလိုက်သည်။ 


"အမေ ဆေးသောက်ပြီး အခုပဲ အိပ်ပျော်သွားတယ်။ သတိထားဦး။ အဖေလည်း အရမ်းစိတ်မကောင်းဖြစ်နေတာ" ချန်ဟုန်က သူ့အကိုကြီးကို သတိပေးလိုက်ကာ သူတို့အဖေက ချန်ချီပြန်လာတာနဲ့ သူ့ဆီက ကတိရအောင်တောင်းမယ်လို့ ဒေါသတကြီးပြောနေခဲ့တာကို ပြန်တွေးမိသွားခဲ့သည်။ 


"ငါသိပြီ၊ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ" 


ချန်ချီ အခန်းထဲဝင်လာသည်နှင့် တစ်ယောက်ယောက်က သူ့ခြေထောက်ကို ကန်၍ "မင်းဒီမှာ ဘာလုပ်နေတာလဲ? မင်းဘာလို့ပြန်လာတာလဲ?" 


အဖေချန်က ချန်ချီဆီကို ဆေးတံပစ်ပေါက်လိုက်ကာ သူလည်း မရှောင်ဝံ့ဘဲ ငြိမ်ခံလိုက်၏။ "ကျွန်တော်မှားမှန်း သိပါတယ်။ အမေ ဘယ်လိုနေလဲ?" 


"မင်းမှာ မေးဖို့ မျက်နှာရှိသေးတယ်လားကွ? မင်းရဲ့မိသားစုကိုသာ မင်းတကယ်ဂရုစိုက်ရင် နာနာခံခံနဲ့ အဲ့ဒီကောကို လက်ထပ်လိုက်လေ။ အနည်းဆုံးတော့ မင်းအမေရော ငါပါ ဘဝကူးဖို့ အေးအေးဆေးဆေး မျက်လုံးမှိတ်နိုင်ပြီပေါ့!" အဖေချန်က ချန်ချီကို အပြစ်တင်ပြောဆိုခဲ့သည်။ 


သို့သော် ချန်ချီကတော့ မတုန်လှုပ်ပါချေ။ "ကျွန်တော် မယူနိုင်ဘူး! ကျွန်တော့်မှာ ဇနီးရှိတာကို ကျွန်တော်က ဘာလို့ သူ့အသည်းနှလုံးကို ခွဲပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ရမှာလဲ?! လုံးဝမလုပ်ဘူး!" သူက ကလေးမလိုချင်ကြောင်း၊ သူ့ကိုသာလိုချင်ကြောင်း ​သူ့ဇနီးကို ပြောခဲ့တာ ရက်ပိုင်းပဲရှိသေးတယ်လေ၊ ဘယ်လိုလုပ်ပြီး သူ့စကားကို ဒီလောက်မြန်မြန် ပြန်ပြင်နိုင်မတုန်း?! 


"ဒါဆိုလည်း မင်းမိဘတွေ သေတာကို ဒီတိုင်းကြည့်နေလိုက်တော့။ မင်းလို သားသမီးဝတ္တရားမကျေပွန်တဲ့သားမျိုးရှိတာ တကယ့်ကို စိတ်ပျက်စရာပဲ။ ဒီကနေထွက်သွားစမ်း!" အဖေချန် အော်ဟစ်ကာ တံခါးကို ဆောင့်ပိတ်လိုက်၏။ 


အိပ်ပျော်နေတယ်လို့ ထင်ရတဲ့ အမေချန်က အမှန်တကယ်တော့ သူတို့စကားတွေကို နားထောင်နေခဲ့သည်ပင်။ ချန်ချီထွက်သွားတာနဲ့ အဖေချန်ကို တိုးတိုးလေးပြောလိုက်ကာ "ဒီနည်းလမ်းနဲ့တောင် သူ့ရဲ့ခေါင်းမာတာကို မလုပ်နိုင်ဘူးဆိုတာ ကျုပ်တော့မယုံပါဘူး" 


လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရွှီချင်းနှင့် လီချန်ဖုန်းက လယ်ကွင်းတွေကို ပေါင်းသင်မြက်နှုတ်နေကြစဥ် ထွမ်ထွမ်လေးက လှည့်ကာ သူ့ဘာသူထထိုင်နိုင်ရန် ကြိုးပမ်းနေလျက်။ ကလေးလေးကို ကြည့်ရင်း သူ့ရဲ့မိဘနှစ်ပါးမှာ ဝမ်းသာကြည်နူးမိကာ ဆန်းသစ်သလို ခံစားနေရသည်။ 


"အဒေါ်ရှဲ့က ကျွန်တော်တို့ အသေးလေးကို ကုတင်ပေါ်မှာ ကစားခိုင်းတာ ပိုကောင်းမယ်လို့ အကြံပေးထားတယ်။ ဒါပေမဲ့ သူ ကြမ်းပြင်ပေါ်မှာ လမ်းစလျှောက်နိုင်သွားရင် ထိန်းရအတော်လေးခက်တော့မှာပဲ" ရွှီချင်းက သူ့မျက်နှာပေါ်မှာ အပြုံးလေးနဲ့ ပြောလာခဲ့သည်။ ရွှီချင်းမှာ ထွမ်ထွမ်လေး သူ့ဘာသူ ထိုင်ဖို့ သင်ယူနေတာကို ကြည့်ရင်း ပျော်ရွှင်ကြည်နူးနေလျက်။ 


"စိတ်မပူပါနဲ့ကွာ။ ကိုယ်ရှိနေသရွေ့ ဒီကလေးက ကိုယ်တို့ကို ဘယ်လောက်များဒုက္ခပေးနိုင်မလဲဆိုတာ ကိုယ်တော့မယုံပါဘူး။ ဘာပဲပြောပြော သူက သူ့*ကျီးကျီးကိုတောင် မထိန်းနိုင်သေးတဲ့ ခွန်အားမရှိတဲ့ ကလေးလေးပဲလေ" လီချန်ဖုန်း အမှုမထားဟန် ပြောလိုက်သည်။

(*ကျီးကျီးဆိုတာ ကလေးလေးရဲ့ ဟိုနေရာကိုပြောတာပါ) 


ရွှီချင်း မတ်မတ်ထရပ်ကာ အချိန်အကြာကြီး ကွေးထားရသဖြင့် နာကျင်နေတဲ့နောက်ကျောကို ထုလိုက်၏။ ထိုအချိန်မှာပဲ လီချန်ဖုန်းက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၍ ရွှီချင်းလှုပ်ရှားမှုကို တွေ့လိုက်ရသဖြင့် "ဘာဖြစ်လို့လဲ?" 


"ခါးနည်းနည်းနာလို့" ရွှီချင်း အများကြီးတွေးမနေတော့ဘဲ ပြန်ဖြေလိုက်သည်။ 


"အိုး မတ်တပ်ရပ်ပြီး စကားပြောတာက ခါးနာတယ်လား ဟမ်?" 


ရွှီချင်း ခေတ္တရပ်သွားရကာ သူ့ဦးနှောက်မှာ စက္ကန့်အနည်းငယ်ကြာ အေးခဲသွားရလျက် "လီချန်ဖုန်း! ခင်ဗျားဦးလေးပဲ!!" 


သူတို့နှစ်ယောက် အလုပ်လုပ်နေရင်း ရန်သတ်နေကြလျက်။ ရွှီချင်းမှာ လီချန်ဖုန်းဆီက မကြာခဏ အစနောက်ခံနေရပြီး အချိန်လည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မနက်ခင်းကုန်ဆုံးသွားချိန်မှာတော့ သူတို့အိမ်တဝိုက် နေရာအားလုံးတွင် ပေါင်းပင်တွေ နှုတ်လို့ပြီးသွားခဲ့ပြီ။ 


ရွှီချင်းက ထွမ်ထွမ်ကို ကောက်ချီလိုက်ပြီး လီချန်ဖုန်းကမူ လယ်ယာသုံးကိရိယာတွေကို ယူကာ အိမ်ပြန်ရန် ပြင်ဆင်ကြတော့သည်။ သို့သော်လည်း သူတို့ခြံတံခါးအနီး ရောက်လာသည်နှင့် တစ်စုံတစ်ယောက်က သူတို့ကို တားလိုက်သည်။ 


"မင်းတို့ အခုမှ အိမ်ပြန်လာကြတာလား?" 


ထိုသူကား ရွာထဲက ပန်းရန်ဆရာလျိုပင်။ 


"ဦးလေးလျို ကျေးဇူးပြုပြီး ဝင်ထိုင်ပါဦးဗျာ။ ကလေးတွန်းလှည်းကို ကြည့်ဖို့ ရောက်လာတာလားဗျ?" လီချန်ဖုန်းက ပန်းရန်ဆရာလျိုရဲ့ အော်ဒါကို လက်ခံပြီးကတည်းက ထိုလူဟာ တိုးတက်မှုကို ကြည့်ရှုရန် ရံဖန်ရံခါ လာလည်တတ်လေသည်။ သူလာမကြည့်ရှုဖြစ်ရင် ညဘက်တွေ ကောင်းကောင်းမအိပ်ပျော်နိုင်ဘူးဆိုပဲ။ 


ပန်းရန်ဆရာလျိုက ရွှီချင်းရဲ့ စကားတွေကို ကြားလိုက်တော့ အနည်းငယ် ရှက်ရွံ့သွားရကာ "ဒါ ငါ့ပြဿနာပါပဲ။ အဲ့ဒါလုပ်လို့မပြီးမချင်း ငါ့လက်ထဲမရောက်သေးခင်အထိ ငါ့မှာ စိတ်မသက်မသာဖြစ်နေတာကွာ" 


လီချန်ဖုန်း ပြုံးရယ်ကာဖြင့် ပန်းရန်ဆရာလျိုအား ဆေးဖက်ဝင်လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ရင်း "စိတ်မပူပါနဲ့ ဦးလေးလျိုရေ။ ကလေးတွန်းလှည်းက အဆင်သင့်ဖြစ်နေပြီဆိုတော့ ဦးလေး အိမ်ပြန်သယ်သွားလို့ရပါပြီ" 


"တကယ်လား? အိုး ဒါကြောင့်ကိုး၊ ငါ့မျက်ခွံတွေ တစ်မနက်လုံးလှုပ်နေကတည်းက ကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာ ငါသိနေတယ်! ခဏစောင့်ကြဦး၊ ကျန်ငွေတွေချေဖို့အတွက် မပါလာဘူးဟေ့၊ အခုချက်ချင်း အိမ်ပြန်ပြီး သွားယူလိုက်ဦးမယ်! ခဏပဲစောင့်!" ပန်းရန်ဆရာလျိုမှာ စိတ်လှုပ်ရှားစွာ အော်ပြောရင်း အမြန်ပြေးထွက်သွားရာ လက်ဖက်ရည် တစ်ငုံတောင် သောက်မသွားခဲ့ပေ။ 


"သူ တော်တော်လေး စိတ်မရှည်တာပဲနော်။ ခင်ဗျား တွန်းလှည်းကို သွားယူထားလိုက်ဦး။ ကျွန်တော် စားဖို့ပြင်ထားလိုက်မယ်။ ဦးလေးလျိုရောက်လာရင် နေ့လည်စာစားဖို့ ဖိတ်လိုက်ကြတာပေါ့။ မနှစ်က သူ ကျွန်တော်တို့အိမ်ကို ဈေးတန်တန်နဲ့ ကူညီပြင်ပေးထားခဲ့တာလေ" ရွှီချင်းက ထွမ်ထွမ်ကို သူ့ကိုယ်ပိုင်တွန်းလှည်းထဲမှာ နေရာချပေးလိုက်ရင်း လီချန်ဖုန်းကို ပြောပြီးနောက် လက်ဆေးရန် ထွက်သွားတော့သည်။ 


လီချန်ဖုန်းလည်း တုံ့ပြန်လိုက်ရင်း ပြီးစီးသွားပြီဖြစ်တဲ့ တွန်းလှည်းကို ထုတ်ယူလိုက်၏။ 


ပန်းရန်ဆရာလျို ပြန်လာသောအခါ ရွှီမိသားစုမှာပဲ နေ့လည်စာစားလိုက်ရာ သူ တစ်လုတ်စားတိုင်းစားတိုင်းမှာ ရွှီချင်းရဲ့ ဟင်းချက်လက်ရာကို ချီးကျူးနေပါတော့သည်။ ပန်းရန်ဆရာလျို တွန်းလှည်းနဲ့ မပြန်သွားခင်အထိ သူတို့လည်း စကားစမြည်ပြောရင်း စားသောက်ခဲ့ကြလေသည်။ 


ရာသီဥတုမှာ ပူပြင်းလှသဖြင့် နေ့လယ်၌ အလုပ်လုပ်ဖို့ ခဲယင်းပေသည်။ ရွှီချင်းလည်း ထွမ်ထွမ်ကို ခေါ်ပြီး တရေးတမော အိပ်ဖို့ ဆုံးဖြတ်လိုက်စဥ် လီချန်ဖုန်းကတော့ အပြင်မှာ ကျိုးနေတဲ့ ခွေးခြေခုံကို ပြန်ပြင်နေ၏။ 


လီချန်ဖုန်း ရေတွင်းမှာ လက်ဆေးနေချိန်မှာပဲ တစ်ယောက်ယောက် ခြံတံခါးလာခေါက်တာကို ကြားလိုက်ရသည်။ သူ့ဘေးမှာရှိနေတဲ့ ရှောင်ပေါင်က အသံတိုးတိုးထုတ်ကာ ခြိမ်းခြောက်တဲ့အသံထွက်လာခဲ့သည်။ ယင်းမှာ ရှောင်ပေါင်ရဲ့ မရင်းနှီးတဲ့ဧည့်သည်တွေအပေါ်သာ ပြသတတ်တဲ့ အပြုအမူတစ်ခုပင်။ 


လီချန်ဖုန်း ခြံတံခါးကိုဖွင့်လိုက်ရာ "မင်းမှန်း ငါသိသားပဲကွာ။ ဝင်လာခဲ့၊ ရှောင်ပေါင် ပြဿနာမရှာနဲ့!" 


လီချန်ဖုန်းက ချန်ချီကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးကာ ထိုင်လိုက်သည်။ 


ချန်ချီ လက်ဖက်ရည်ကို လက်ခံလိုက်ပြီး တစ်ကျိုက်တည်းသောက်ချလိုက်ကာ "ထွမ်ထွမ်ရော ဘယ်မှာလဲ?" 


"ဒီရာသီက ထွမ်ထွမ်အတွက်ဆို ပူလွန်းနေတော့ တစ်ရေးသွားအိပ်နေပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းနဲ့စကားပြောဖို့ အချိန်မရလိုက်လို့၊ အခု မင်းရောက်လာတော့ ငါဝမ်းသာမိတယ်ကွာ။ မင်းနဲ့ တစ်ခုခုဆွေးနွေးစရာရှိတယ်" လီချန်ဖုန်းက ချန်ချီအား ထိုအရေးကြီးကိစ္စကို ပြောပြသင့်တယ်လို့ တွေးလိုက်မိသည်။ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားခဲ့ရင်တောင်မှ သူ့ကို အမှောင်ထဲမှာ မထားထားချင်ဘူးလေ။ 


"ဘာဖြစ်လို့လဲ? ကောင်းပြီလေ၊ ဒီတစ်ခါတော့ ကိစ္စတွေက အကြီးအကျယ် ရှုပ်ထွေးနေပြီကွာ။ မနေ့က ငါ့အမေက သူ့ကိုယ်သူ ကြိုးဆွဲချမယ်လို့ ခြိမ်းခြောက်နေတာ။ ငါသာ အဲ့ဒီကောကို လက်မထပ်ရင် ငါ့မိဘတွေက သူတို့ကို အသိအမှတ်မပြုတော့ဖို့တောင် ငါ့ကိုပြောလာကြတယ်။ သူတို့ ဘာလို့ ဒီလိုတွေလုပ်နေကြတာလဲကွာ?" 


"ဒါဆို မင်းအထင်ကရော? မင်းဇနီးကရော ဘာပြောလဲ?" 


ချန်ချီ သက်ပြင်းတစ်ချက်ချရင်း "ငါဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ဘူး။ ငါ့ဇနီးကလည်း သေချာပေါက် ငါနဲ့အတူရှိချင်တာပေါ့၊ ဒါပေမဲ့ ငါ့အမေက အဲဒီကောကို လက်ထပ်စေချင်နေတာလေ၊ သူမဟုတ်ရင်လည်း တခြားတစ်ယောက်ကိုပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အတွက် မြေးတစ်ယောက်ပေးဖို့အတွက် ငါ လက်ထပ်ကိုလက်ထပ်ရမယ်တဲ့" 


ချန်ချီရဲ့ အတွေးတွေ ဖရိုဖရဲဖြစ်နေကာ တွေးမနေတော့ဘဲ ဆက်ပြောပြန်သည်။ "ငါ့ဇနီးက လက်ခံသလား၊ လက်မခံဘူးလားဆိုတာတောင်မှ ငါ့အမေက ထည့်မတွက်တော့ဘူး။ ကလေးမွေးဖို့အတွက်နဲ့ ကောငယ်ငယ်လေးတစ်ယောက်ကို ငါ့အဖေက လက်ထပ်ခဲ့ရင် ငါ့အမေ ဘယ်လောက်တောင် ဒေါသထွက်လိမ့်မလဲလို့ ငါတွေးမိတယ်ကွ!" 


(Me: အေးလေ၊ ချန်ချီကမရတော့ဘူးဆိုတော့ မျိုးဆက်မပြတ်ချင်ရင် အဖိုးကြီးကိုပဲ နောက်တစ်ယောက်ယူခိုင်းလိုက်တော့ဟေ့၊ အဲ့တော့မှ သူများခံစားချက်နားလည်မှာ။ သူတို့မြေးချီချင်ရုံလေးနဲ့ လင်မယားကို အတင်းကွဲပြဲအောင်လုပ်နေတာ ဒီချန်လင်မယားလဲ အကုသိုလ်တွေပဲ) 


လီချန်ဖုန်း အခြေအနေကို ခဏလောက်စဥ်းစားကြည့်ပြီးနောက် ချန်ချီကို သတိထားတဲ့ အမူအရာမျိုးဖြင့် ကြည့်ရင်း မေးလိုက်သည်။ "မင်းဇနီးက မင်းကို တခြားဘာမှမပြောဘူးလား?" 


လီချန်ဖုန်းမျက်နှာအမူအရာက ထူးခြားနေတာကို ချန်ချီ သတိပြုမိကာ ခေါင်းယမ်းလိုက်ရင်း "အဲဒီနေ့က လမ်းမှာ ငါတို့ဆုံကြတဲ့နေ့တုန်းက ငါ့ကို မင်း တစ်ခုခုပြောစရာရှိတယ်လို့ ပြောလိုက်တယ်မလား။ အားလုံးအဆင်ပြေရဲ့လား?" 


လီချန်ဖုန်းက စကားမစခင် လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ "ပြီးခဲ့တဲ့ရက်အနည်းငယ်က လင်းဖန်းလျန်ရဲ့ ဆေးခန်းကနေ မင်းဇနီး ထွက်သွားတာကို ငါတွေ့လိုက်တော့ ဖန်းလျန်ကို မေးကြည့်လိုက်တာ။ မင်းဇနီးရဲ့ ကျန်းမာရေးက ကောင်းပေမယ့် နှစ်နဲ့ချီပြီး ကိုယ်ဝန်မဆောင်နိုင်တာဟာ သူ့ခင်ပွန်းမှာ ပြဿနာရှိနိုင်တယ်လို့ သူပြောပြခဲ့တယ်" 


**** 


ရွှီချင်း တစ်ရေးအိပ်ပြီးတဲ့နောက် ပို၍ လန်းဆန်းလာသလို ခံစားလိုက်ရသည်။ အိပ်ပျော်နေဆဲဖြစ်တဲ့ ထွမ်ထွမ်လေးကို မနှောင့်ယှက်ချင်၍ သူ အခန်းထဲက ထွက်မလာခင် ကလေးလေးရဲ့ ပါးပြင်ကို မွှေးကြူလိုက်သည်။ 


မနေ့က အိမ်မှာရှိတဲ့ ဝါးခြင်းတောင်းတစ်ခု ကျိုးပျက်သွားသဖြင့် လီချန်ဖုန်းက တံစက်မြိတ်အောက်မှာ ဝါးခြင်းတောင်းတွေ ယက်နေတာ တွေ့လိုက်ရသည်။ "ခင်ဗျား ဘာလို့ တစ်ရေးမအိပ်တာလဲ?" 


လီချန်ဖုန်း ခေါင်းယမ်းလိုက်ရင်း "မလိုပါဘူး၊ အဆင်ပြေပါတယ်ကွာ။ ခြင်းတောင်းယက်တာကလည်း အနားယူတယ်လို့ ယူဆလို့ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ခဲယင်းတဲ့အလုပ် မဟုတ်ဘူးလေ" 


ရွှီချင်းက သူ့မျက်နှာပေါ် ရေအေးတွေ ပက်ဖျန်းနေရင်း တစ်ရေးအိပ်ထား၍ သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်ရှည်ရှည်တွေက ပါးပြင်ပေါ်ကျနေသဖြင့် သူ့ခေါင်းခါယမ်းလိုက်ကာ သူ့လက်တွေဖြင့် နားရွက်နောက်မှာ ညှပ်ထားလိုက်သည်။ 


"ချန်ဖုန်းရေ ကျွန်တော် ခေါင်းရိတ်ချင်တယ်" 


Thanks for reading!