အခန်း ၈၆
"ကျွန်တော် ရွာသူကြီးနဲ့ မျိုးနွယ်စုဦးလေးတွေကို သွားဖိတ်လိုက်မယ်" လီချန်ဖုန်း မတ်တပ်ထရပ်ကာ အပြင်သွားတော့မည့်ဆဲဆဲ။
"ရပ်လိုက်!"
အဖေလီက မျက်နှာထားတည်တည်ဖြင့် "ငါတို့ မရှက်သင့်ဘူးလားကွ? ငါတို့ မိသားစုခွဲချင်ရင် ငါတို့ မိသားစုထဲမှာပဲ လုပ်သင့်တယ်! လီမိသားစုထဲက သားတစ်ယောက်က တခြားမိသားစုထဲ လက်ထပ်ဝင်သွားတာတောင် နှစ်နှစ်လောက်ပဲရှိသေး၊ ငါတို့က မိသားစုနှစ်ခါခွဲလိုက်ရင် ရွာသားတွေ ငါတို့ကို ဘယ်လိုထင်ကြမလဲကွ!"
"ဆိုလိုတာက ဒါကို လျှို့ဝှက်လုပ်မယ်ပေါ့?" လီချန်ဖုန်းက အဖေလီကို လှောင်ပြောင်သလို ကြည့်လိုက်သည်။
အမေလီက "တိတ်တဆိတ် မိသားစုခွဲတာက ဘာပြဿနာရှိလို့လဲ? ပထမဆုံးအနေနဲ့ သူတို့ အခုထွက်သွားရင် သူတို့ ဘယ်မှာနေကြမှာလဲ။ လယ်တွေလည်း မရိတ်သိမ်းရသေးတော့ သူတို့ ဘယ်လိုခွဲဝေလို့ရမှာလဲ။ ငါတို့အိမ်မှာ စားစရာလည်း အပိုမရှိဘူး!"
လီလောင်တရဲ့ ဇနီးက သူ့သားငယ်လေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း နှလုံးသားထဲမှာ လွန်စွာဝမ်းနည်းသွားရ၏။ မိသားစုမှာ စားစရာမကျန်သဖြင့် သူတို့မိသားစုခွဲထွက်ရင်တောင်မှ သွားစရာနေရာမရှိသလို သူတို့ဘာသူတို့ ရပ်တည်ဖို့ ငွေလည်းမရှိပါချေ။
မနှစ်က လီလောင်စန်းရဲ့ စာမေးပွဲအတွက် မိသားစုရဲ့ စုဆောင်းငွေအားလုံးကို သုံးလိုက်ရသဖြင့် အမေလီက သူတို့ကို တစ်ပြားတစ်ချပ်မျှပေးမည်မဟုတ်ပေ။
ထို့အပြင် လီလောင်တဟာလည်း ရိုးသားသူတစ်ဦးဖြစ်သည့်အလျောက် ကိုယ်ပိုင်ငွေစုဆောင်းထားခြင်းမရှိ။ နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့သော်လည်း သူနှင့် သူ့ဇနီးနှစ်ယောက်လုံးက ငွေတစ်စမျှပင် စုဆောင်းထားနိုင်ခြင်းမရှိခဲ့ပေ။
လီလောင်စန်းနှင့် သူ့ဇနီးတို့လည်း သူ့ကလေးနှင့်အတူ ဘေးမှာထိုင်နေရင်း စကားပြောဆိုခြင်း သို့မဟုတ် ကြားဖြတ်ပြောခြင်းတို့ကို ရှောင်ရှားခဲ့သည်။ လီရှောင်းအာနဲ့ ဝမ်လေ့တို့ကလည်း ဤကိစ္စအတွက် သက်သေအဖြစ် ပြန်လာရသည်ဖြစ်တာမို့ ဘာမှပြောလို့မရပါချေ။
"အဆင်ပြေပါတယ် ဒုတိယညီရယ်။ အမေ ဒါဆိုလည်း ကျွန်တော်တို့အချင်းချင်းပဲ ခွဲလိုက်ကြတာပေါ့" လီလောင်တ အငြင်းအခုံတွေကို ရှောင်ရှားဖို့ ကြိုးစားရင်း ပြောလိုက်သည်။
အမေလီ မျက်ခွံကိုပင့်လိုက်ရင်း "လောလောဆယ်တော့ ငါတို့ဆီမှာ အပိုငွေမရှိလို့ နေ့စဥ်စားဝတ်နေရေးအတွက် လုံလောက်ရုံပဲရှိတာ။ ရိတ်သိမ်းရာသီ မရောက်သေးတဲ့အတွက် ဝင်ငွေဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူး။ ငါတို့အိမ်မှာ ကြက်မအိုကြီးနှစ်ကောင်နဲ့ ကြက်ဖကြီး လေးကောင်ပဲရှိတယ်" အမေလီက မထွက်လာသေးတဲ့ တတိယသားဇနီးရဲ့ ဗိုက်ကို တစ်ချက်ကြည့်လိုက်ရင်း ဆက်ပြောလာခဲ့သည်။
"ဒီတော့ ငါတို့ မင်းကို ကြက်မတွေမပေးနိုင်ဘူး။ တတိယသားရဲ့ ဇနီးက ကလေးမွေးရင် အသုံးလိုမှာမို့ ပေးဖို့မတတ်နိုင်ဘူး။ ကိရိယာတွေအတွက်ကတော့ ငါတို့မှာလည်း အများကြီးမရှိတော့ မင်းတို့ကို တစ်ခုပဲ ပေးနိုင်မယ်။ နောက်ပြီး ဝက်က အခုထိပေါက်စအရွယ်ပဲရှိသေးတာဆိုတော့ နောက်မှပဲ အဲ့ကိစ္စကို ဆွေးနွေးကြမယ်။ နေစရာနှင့်ပတ်သက်ပြီးတော့ တာ့နျိုနဲ့ ရှောင်နျိုက လက်ရှိမှာ တစ်ခန်းထဲမှာ အတူတူနေနေကြတာဆိုတော့ တစ်ခန်းထဲနေလိုက်၊ သားကြီးနဲ့ မင်းဇနီးက တစ်ခန်းနေလိုက်။ မင်းတို့မိသားစုအတွက် နှစ်ခန်းဆို လုံလောက်ပြီပဲ။ မီးဖိုချောင်ကိုတော့ အတူတူသုံးကြတာပေါ့"
လီလောင်တနှင့် သူ့ဇနီးရဲ့ တင်းမာတဲ့ အမူအရာကို သတိပြုမိသည့်အခါ အမေလီက တခစ်ခစ်ရယ်ကာ သူ့လက်ချောင်းတွေကို လှည့်နေရင်း ပြောလိုက်သေးသည်။ "ကောင်းပြီ၊ ဒါက ငါတို့ရဲ့ အခြေအနေ အမှန်ပဲ။ မင်း ခွဲထွက်ချင်ရင် ဆက်လုပ်ပေါ့။ ဒါပေမယ့် မလုပ်ချင်ရင်တော့ အရာအားလုံးက အရင်အတိုင်းပဲနေလိုက်"
(Me: ဒီနေရာဖတ်ပြီးတော့ ပိုရွံသွားမိရပြီ။ သူတို့အမှား သူတို့မစဥ်းစားမိတာပဲလား၊ အရမ်းပဲ ဘက်လိုက်လွန်းချင်တာလားတော့ မပြောတတ်ဘူး။ စိတ်ဓာတ်ကနော်.. သူမွေးထားတဲ့သားတွေပဲလေ၊ ဘာလို့အဲ့လောက်ကြီးထိ ခွဲခြားဆက်ဆံစရာလိုလဲ...
အယ့် ကြားထဲက ကိုယ့်ရဲ့noteတွေကြောင့် ဒါဒါလေးတွေ ဖတ်ရတာ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်)
လီရှောင်းအာမှာ သူ့မချင့်မရဲဖြစ်သွားရကာ စိတ်မထိန်းနိုင်တော့ဘဲ ဝင်ပြောမိလေပြီ။ "အမေ တာ့နျိုက နောက်နှစ်နည်းနည်းလောက်ဆို အိမ်ထောင်ပြုရမယ့် အရွယ်ရောက်တော့မှာလေ။ ပြီးတော့ ရှောင်နျိုလည်း အတူတူပဲ။ သူတို့နှစ်ယောက်က တစ်ခန်းထဲမှာ ဘယ်လိုလုပ်ပြီး နေမှာလဲဗျ?"
"မင်းဘာအကြောင်းပြောနေတာလဲ? ပါးစပ်ပိတ်ထားစမ်း" အမေလီ လီရှောင်းအာကို ဆူပူကြိမ်းမောင်းခါနီးတွင် သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ဝမ်လေ့ကို သတိပြုမိလိုက်၍ သူ့စိတ်ကို ပြောင်းလိုက်၏။
"မပိတ်နိုင်ဘူး၊ မတရားဘူးလေ! ဒုတိယအစ်ကိုနဲ့ ကျွန်တော် ထွက်သွားပြီးတဲ့နောက်မှာ အခန်းနှစ်ခန်းပိုနေတာပဲ။ အခုတော့ အဲ့ဒီအခန်းတွေကို တတိယအကိုရဲ့ စာကြည့်ခန်းနဲ့ သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းဖြစ်သွားတယ်ပေါ့။ ရှောင်ယောင်(လီလောင်စန်းရဲ့သား)တောင်မှ သူ့ကိုယ်ပိုင်အခန်းရှိတယ်။ ကျွန်တော်တို့က ဘာလို့ အကိုကြီးမိသားစုကို အခန်းပိုတစ်ခန်း မပေးနိုင်ရတာလဲ?"
လီရှောင်းအာ စိတ်လှုပ်ရှားလာချိန်မှာတော့ လီလောင်တအတွက် တရားမျှတမှုရရန် တိုက်ပွဲဝင်ပါတော့သည်။ ထိုအချိန်တွင် အမေလီနဲ့ တခြားသောမိသားစုဝင်တို့ရဲ့ ထူးထူးခြားခြားအပြုအမူတို့ကြောင့် သူ အေးစိမ့်သွားရသလို ခံစားလိုက်ရသည်။
"ဒါက ဘာအဓိပ္ပာယ်လဲကွ? မင်းက ငါ့ကို စာမလေ့လာစေချင်ဘူးလို့ ပြောနေတာလား? ငါက ငါ့အကိုနဲ့ အခန်းဝေမျှဖို့ ငြင်းနေတယ်လို့ ပြောနေတာလား?"
လီလောင်စန်းရဲ့ လေသံမှာ မကျေမနပ်မှုအပြည့်ဖြင့် ပြန်ပြောလာကာ သူ့ဇနီးသည်က သူ့မကျေမနပ်ဖြစ်နေတာကို သတိထားမိ၍ သူ့ကို ရပ်တန့်ဖို့ လက်ကိုဆွဲလိုက်သည်။
"ခင်ဗျား!"
"စိတ်လျှော့ဦး" ဝမ်လေ့က လီရှောင်းအာကို အလျင်စလို ဖမ်းဆွဲကာ ဤစစ်ပွဲတွင် ဆက်မပါဖို့ သတိပေးလိုက်၏။
လီရှောင်းအာ ဆက်ပြောတော့မည့်အချိန်မှာပင် လီချန်ဖုန်းရဲ့ သဘောမတူတဲ့အကြည့်ကို မြင်လိုက်ရ၍ ရပ်တန့်သွားရသည်။
"ဒီတော့ ဒီလိုမျိုးမိသားစုခွဲလိုက်တာက မခွဲတာနဲ့ တူညီလုနီးပါးပဲမဟုတ်လား?"
အမေလီက လီချန်ဖုန်းရဲ့ မေးခွန်းကို ကြားတဲ့အခါ ဒေါသဖြစ်လျက် ပြန်ဖြေလာ၏။ "ဘာလို့မဟုတ်ရမှာလဲ? ဒီနည်းနဲ့ မိသားစုခွဲလိုက်ရင် သူတို့ဘာသာသူတို့ ဂရုစိုက်နိုင်တယ်၊ သူတို့တာဝန်သူတို့ လုပ်နိုင်တယ်။ ဒါပေမယ့် မိသားစုမှာ လုပ်စရာတွေ အများကြီးရှိတော့ မိသားစုအတူတူ အလုပ်လုပ်ဖို့တော့လိုသေးတာပေါ့"
"အဆင်ပြေပါတယ်၊ ဒါဆို ခွဲလိုက်ကြတာပေါ့!" လီလောင်တနှင့် သူ့ဇနီးက တိုးတိုးလေး ဆွေးနွေးပြီးတဲ့နောက် အမေလီပြောတာကို သဘောတူခဲ့သည်။
အဖေလီက ဒေါသတကြီးဖြင့် သူ့ဆေးပြင်းလိပ်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး လှည့်ထွက်သွားလေသည်။
"အဖေ…"
အဖေလီအနောက်သို့ ခြေလှမ်းအနည်းငယ်လိုက်ပြီးနောက် လီလောင်တက သူ့ကလေးနှစ်ယောက်ကို ပြန်လှည့်ကြည့်ကာ ရပ်တန့်လိုက်၏။
"တတိယညီ၊ မင်းက စာရေးတတ်တယ်ဆိုတော့ မိသားစုခွဲထွက်တဲ့စာချုပ်ကို ရေးခိုင်းဖို့ မင်းကို ဒုက္ခပေးရမှာပဲ"
လီလောင်စန်းက ထရပ်ကာ ဟန်ဆောင်ပြောလာခဲ့သည်။ "ဟေး အကိုကြီးကလည်း ဘာဒုက္ခလို့ပြောနေတာလဲဗျာ။ ဒါပေါ့ ကျွန်တော်က ကူညီပေးနိုင်လို့ ပိုပျော်တာပေါ့" ထို့နောက် သူ့ဇနီးအား အခန်းထဲမှ စာရွက်နှင့် မှင်တွေကို သွားယူရန် အမူအရာပြလိုက်သည်။
လီလောင်စန်းထံမှ မိသားစုခွဲထွက်တဲ့စာကို လက်ခံရရှိပြီးမှသာ လီလောင်တရဲ့ ဇနီးက နောက်ဆုံးမှာတော့ သူတို့မိသားစုဟာ အမှန်တကယ်ပဲ လီမိသားစုနဲ့ ခွဲထွက်လိုက်ပြီမှန်း အစစ်အမှန်ဖြစ်ကြောင်း ခံစားခဲ့ရပြီ။ မူလတွင်မူ လီလောင်တနဲ့ သူ့ဘဝဟာ ဒီလိုပဲဆက်သွားနေခဲ့ရင် သူ့ကျန်ဘဝတစ်လျှောက်လုံး မိသားစုခွဲထွက်နိုင်လိမ့်မည်မဟုတ်ဘူးလို့ ထင်ခဲ့မိပါသည်။
မိသားစုခွဲထွက်တဲ့စာ ပြီးစီးသွားသည့်အခါ လီလောင်စန်းနှင့် သူ့ဇနီးတို့က အခန်းထဲ ပြန်သွားကြပြီး အမေလီလည်း ထွက်သွားကာ ခြံဝင်းထဲတွင် လီလောင်တ၊ ရွှီချင်းနှင့် တခြားသူတွေသာ ကျန်ခဲ့တော့သည်။
"ဒီကိစ္စအတွက် မင်းတို့အားလုံးကို ဒီကိုခေါ်လိုက်ရတာ တောင်းပန်ပါတယ်ကွာ" လီလောင်တက လီချန်ဖုန်းနှင့် လီရှောင်းအာတို့ကို ရှက်ရွှံ့စွာ ပြောလိုက်လေသည်။
လီရှောင်းအာ သူ့မကျေနပ်ချက်ကို ထုတ်ဖော်လျက် "ဒါက ပြဿနာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီကိစ္စမှာ အကိုတို့ကို ဒီလိုမျိုးဆက်ဆံကြတာ တကယ်မတရားဘူးဗျာ"
လီလောင်တရဲ့ ဇနီးက လီရှောင်းအာရဲ့ မှတ်ချက်ကို ကြားသည့်အခါ အနည်းငယ် မသင့်လျော်သလို ခံစားလိုက်ရသော်လည်း သူက အပြုံးလေးနှင့် "ဟားဟား... မင်းရဲ့အစ်ကိုကြီးနဲ့ ငါက မပျင်းမရိ အလုပ်ကြိုးစားနေသရွေ့တော့ ငါတို့ရဲ့ အခြေအနေက သိသိသာသာ ပိုတိုးတက်လာမှာ သေချာပါတယ်။ တစ်နေ့မှာ ငါတို့ရဲ့ ကိုယ်ပိုင်အိမ်လေးပါ ဆောက်နိုင်ရင်လည်း ဆောက်နိုင်လာမှာပေါ့!"
"သေချာတာပေါ့၊ အနာဂတ်မှာ အကူအညီလိုခဲ့ရင် ကျွန်တော်တို့ဆီလာဖို့ မတွန့်ဆုတ်ပါနဲ့နော်" ရွှီချင်းက သူတို့ကူညီပေးမယ့်အကြောင်း ပြောပြထားခဲ့သည်။ ထို့နောက် သူက ထွမ်ထွမ်ကို ပွေ့ဖက်ထားရင်း သူ့ရဲ့လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ထွမ်ထွမ်ကို ကြည့်နေတဲ့ ရှောင်နျိုရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ကာ "ထွမ်ထွမ်ကို ချီချင်လား"
ရှောင်နျိုက မဝံ့မရဲ ပြုံးကာ သူ့အမေကို ကြည့်လိုက်ပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် "ဟုတ်..."
ရွှီချင်းက သူ့အဖြေကို ကြားလိုက်သည်နှင့် ထွမ်ထွမ်ကို ရှောင်နျိုရဲ့ ရင်ခွင်ထဲသို့ ညင်သာစွာ နေရာချပေးလိုက်သည်။
"အား ဝူး!"
မူလက သူ့အမေရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ ထွမ်ထွမ်လေးဟာ ယခုတော့ ပိန်ပိန်ပါးပါးကလေးငယ်လေးရဲ့ အချီခံလိုက်ရသဖြင့် သူမကျေမနပ်ဖြစ်လာကာ တွန့်လိမ်၍ သူ့အမေဆီ ပြန်သွားဖို့ ကြိုးစားနေပါတော့သည်။
သို့သော်လည်း အခြားသူတွေကတော့ ထွမ်ထွမ် ပြောချင်တာကို နားမလည်နိုင်သဖြင့် သူက ရှောင်နျိုဆီက အချီခံရတာကို ပျော်နေတယ်လို့ ယူဆနေခဲ့သည်။
"ဦးလေးရေ ထွမ်ထွမ်က အရမ်းချစ်စရာကောင်းတာပဲဗျာ" တာ့နျိုက ရှောင်နျို ချီထားတဲ့ ထွမ်ထွမ်လေးကို ကြည့်ရှုနေရင်း သူ့ညီလေးဘေးမှာ ကာကွယ်လိုစွာ မတ်တပ်ရပ်နေခဲ့သည်။ သူက ထွမ်ထွမ်လေးရဲ့ ဝဝကစ်ကစ်နဲ့ ချစ်စဖွယ် မျက်နှာသေးသေးလေးကိုကြည့်ပြီး မအံ့သြပဲ မနေနိုင်တော့သဖြင့် သူ့အတွေးတွေကို ဖော်ပြရန် ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
မိဘတစ်ဦးအနေဖြင့် ကိုယ့်ရဲ့ကလေးကို တခြားသူတွေဆီက ချီးကျူးခံရပါက ကျေနပ်သလို ခံစားရသည်မှာ သဘာဝပင်။
"ဟုတ်ပါပြီ၊ ဦးလေးအိမ်မှာ မင်းတို့လာကစားလို့ရတယ်နော်။ ထွမ်ထွမ်က အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေတော့ မင်းတို့ သူနဲ့ လာဆော့ပေးနိုင်ရင် ကောင်းမှာပဲ" ရွှီချင်းက နွေးထွေးစွာ ပြောခဲ့ပေသည်။
"ဟုတ်" တာ့နျိုရော ရှောင်နျိုပါ စိတ်အားထက်သန်စွာ ပြန်တုံ့ပြန်ခဲ့ကြပြီး ထွမ်ထွမ်ကို ချက်ချင်းပင် ရယ်မောအောင်လို့ စနောက်နေကြ၏။
ထွမ်ထွမ်လေးကတော့ သူ့အမေက သူဆန္ဒပြနေတာကို လစ်လျူရှုခဲ့ပေမယ့် ယခုတော့ သူ့အကိုကြီးနှစ်ယောက်နဲ့ ပျော်ရွှင်ရယ်မောနေပါတော့သည်။
"ဒုတိယမတ်လေး ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ပါတယ်"
လီလောင်တက ဝမ်လေ့နဲ့ စကားပြောနေစဥ် လီလောင်တရဲ့ ဇနီးက လီချန်ဖုန်းအား တိုးတိုးပြောလိုက်၏။
လီချန်ဖုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ဖြေလာခဲ့သည်။ "အဲ့ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ တကယ်တော့ အကိုကြီး ကိုယ်တိုင် သဘောပေါက်ဖို့က အချိန်လေးနည်းနည်းလိုတာပါပဲ။ ကျွန်တော်က ဒီတိုင်း အကြံနည်းနည်းပေးလိုက်ရုံပဲလေ။ ပြီးတော့ ကျွန်တော့်တူလေးနှစ်ယောက်လည်း ကြီးပြင်းလာကြပြီဆိုတော့ သူတို့ဦးလေးတစ်ယောက်အနေနဲ့ ဒီတိုင်း ရပ်မကြည့်နိုင်တော့လို့။ သူတို့လေးတွေက ငယ်သေးတယ်ဆိုပေမယ့်လို့ သူတို့ရဲ့အနာဂတ်အတွက် ပြင်ဆင်မှုတွေ စလုပ်ဖို့ အရေးကြီးနေပြီလေ"
လီချန်ဖုန်းက ကလေးဘဝတုန်းက တာဝန်များစွာယူခဲ့ရသဖြင့် ခက်ခဲကြမ်းတမ်းခြင်းနဲ့ စိတ်ပျက်ငြီးငွေ့ခြင်းတို့ရဲ့ ခံစားချက်ကို သူသိပေသည်။ အခြားကလေးတွေ ကစားနေစဉ်မှာ သူကတော့ သူ့အဖေနောက်လိုက်ကာ အရွယ်နှင့်မမျှတဲ့ အလုပ်တွေကို လုပ်ခဲ့ရသည်။
"နောက်ကျနေပြီ၊ ငါတို့ ပြန်ကြစို့လေ" လီချန်ဖုန်းက လီလောင်တနှင့် သူ့ဇနီးကို နှုတ်ဆက်လိုက်၏။
"ဒါဆို မင်းတို့ ဂရုတစိုက်သွားဦး။ ဒီမှာ လုပ်စရာတွေ ကျန်သေးတော့ မင်းတို့ကို နေ့လယ်စာမကျွေးလိုက်နိုင်လို့ တောင်းပန်ပါတယ်ကွာ။ နောက်တစ်ခါကျမှ အားလုံးအခြေကျသွားတဲ့အခါ မင်းတို့ကို ထမင်းတစ်နပ်ဖိတ်ကျွေးမယ်ဟေ့!" လီလောင်တက နောင်မှာ ခက်ခဲမယ့်အချိန်တွေ ရှိလာမယ်ဆိုသော်ငြား အနည်းဆုံးတော့ သူတို့ရဲ့အနာဂတ်ဟာ အပြုသဘောဆောင်လာတော့မည်ဖြစ်၍ စိတ်သက်သာသလို ခံစားခဲ့ရချေပြီ။
လီချန်ဖုန်းနှင့် ရွှီချင်းတို့က လီရှောင်းအာနှင့် ဝမ်လေ့တို့ကို မြို့မှာ ချပေးလိုက်ပြီး ရွာသို့ အပြန်လမ်းတွင် လီချန်ဖုန်းက လူအုပ်ကြားထဲမှ ချန်ချီကို တွေ့လိုက်ရသဖြင့် "ဇနီးလေး ကိုယ့်ကို ခဏစောင့်နော်" လို့ ရွှီချင်းအား ပြောလိုက်သည်။
"သွားလေ!"
ရွှီချင်းလည်း လူအုပ်ထဲက ချန်ချီကို သတိထားမိလိုက်၏။ သူက ချန်ချီရဲ့ ကျန်းမာရေးအခြေအနေကို မသိသော်လည်း မကြာသေးခင်ကမှ ချန်ချီရဲ့ ဇနီးက သူ့ကိုထားသွားတယ်ဆိုတဲ့အကြောင်း သူသိထားပြီးဖြစ်သည်။
လီချန်ဖုန်း အတွေးနယ်ကျွံနေပုံရတဲ့ ချန်ချီဆီ ချဉ်းကပ်သွားကာ "မင်း ဘာလို့ ဒီလောက်စိတ်ဓာတ်ကျနေတာလဲကွာ" လီချန်ဖုန်း စကားစမပြောခင်အထိ ချန်ချီမှာ သူ့တည်ရှိမှုအား လုံးဝသတိမထားမိခဲ့ပေ။
"အိုး ချန်ဖုန်းပဲ၊ တောင်းပန်ပါတယ်ကွာ ငါ မင်းကိုမတွေ့လိုက်ဘူး။ မင်းဇနီးနဲ့ ထွမ်ထွမ်ကို ခေါ်ပြီး ဈေးဝယ်ထွက်လာတာလား? မင်း ဒီလို ကောင်းမွန်တဲ့မိသားစုလေး ပိုင်ဆိုင်ခွင့်ရတာ တကယ်ကံကောင်းတယ်ကွာ"
ချန်ချီက လီချန်ဖုန်းကို သတိထားမိသွားသည်နှင့် အနီးတစ်ဝိုက်ကို ကြည့်လိုက်ရာ မြည်းလှည်းပေါ်မှာ ထိုင်နေကြတဲ့ရွှီချင်းနဲ့ ထွမ်ထွမ်ကို တွေ့လိုက်ရသဖြင့် သူ့မနာလိုအားကျမှုကို မထုတ်ပြောပဲ မနေနိုင်တော့ပေ။
လီချန်ဖုန်းက ချန်ချီကို ကြည့်လိုက်ရင်း "နောက်ကျ ငါလုပ်စရာတွေရှိသေးလို့၊ ကြာကြာနေလို့တော့မရဘူးကွာ။ မွန်းတည့်ခါနီးနေပြီလေ၊ အိမ်ပြန်ရမယ့်အစား ဘာလို့ လျှောက်သွားနေတာလဲ" သူက မြည်းလှည်းပေါ်မှာ စောင့်ဆိုင်းနေတဲ့ ရွှီချင်းနဲ့ ထွမ်ထွမ်ကို တစ်ချက်ကြည့်လိုက်ရင်း ဆက်ပြောလိုက်၏။ "ဒီမှာ ငါတို့ ထိုင်စကားပြောဖို့ နေရာမရှိတော့ မင်း ငါတို့အိမ်ကို ဘာလို့မလိုက်ခဲ့တာလဲ? ငါတို့အေးဆေးစကားပြောလို့ရတာပေါ့" ရွှီချင်းက ဒီမနက် အများကြီးမစားရသေးတာမို့ အခုချိန်ဆို သူ ဗိုက်ဆာနေမှာ သေချာတယ်။
"ငါပုန်းနေတာလေ! ငါ့ဇနီးက ငါနဲ့အတူ အိမ်ပြန်ဖို့ ငြင်းနေတယ်။ အခု ငါ့မိဘတွေကလည်း ဟိုကောနဲ့ လက်ထပ်ဖို့ ဖိအားပေးနေတာကွာ။ ငါလည်း သွားစရာမရှိတော့ မြို့ထဲမှာပဲ လျှောက်သွားနေရတာပေါ့။ အခွင့်အရေးရလို့ ငါ့ဇနီးလေးနဲ့ တွေ့နိုင်မလားဆိုတာ ဘယ်သူသိမလဲကွာ!"
ချန်ချီလည်း သူ့ဇနီးက ကိုယ်ဝန်မဆောင်နိုင်တာကြောင့် ဆက်နေရန် မျက်နှာမရှိတော့၍ သူ့ကို ထားသွားသည့်အကြောင်းကို ပြန်ပြောပြနေရင်း ဝမ်းနည်းသွားရပြန်သည်။ သူ့အမေက ဒီအချိန်မှာ သူ့ကို နောက်အိမ်ထောင်ပြုပြီး သူတို့ရဲ့ မိသားစုမျိုးဆက်ကို ထိန်းသိမ်းဖို့ ကလေးမွေးသင့်တယ်လို့ အကြံပေးနေခဲ့သည်။
လီချန်ဖုန်းက လင်းဖန်းလျန်နှင့် ပြောခဲ့တဲ့စကားကို ပြန်စဥ်းစားမိသည့်အခါ သူ့အမူအရာမှာ လေးနက်သွားရ၏။ သူ့သူငယ်ချင်းကောင်းကို သူပြောပြဖို့ လိုအပ်တယ်လို့ ခံစားမိပေမယ့် ဒီလိုအကြောင်းအရာမျိုးဟာ ထိလွယ်ရှလွယ်ဖြစ်သလို ယောက်ျားတစ်ယောက်ရဲ့ မာနနှင့်ပတ်သက်နေသဖြင့် ထိုအကြောင်းကို မည်သို့မည်ပုံ ပြောဆိုရမလဲဆိုတာ သူလည်း သေချာမသိတော့ပေ။
ချန်ချီက လီချန်ဖုန်းရဲ့ ချီတုံချတုံဖြစ်နေတဲ့ အမူအရာကို သတိပြုမိလိုက်ကာ "မင်းငါ့ကိုပြောစရာရှိလို့လား?" လီချန်ဖုန်းလို ပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့ လူတစ်ယောက်က စကားပြောဖို့ တွန့်ဆုတ်နေပုံရတာကို သူမြင်လိုက်ရ၍ အထူးအဆန်းဖြစ်နေမိ၏။ လီချန်ဖုန်း ဘာပြောချင်နေတာလဲဆိုတာကို သူမနေနိုင်ဘဲ အရမ်းသိချင်သွားရသည်။
လီချန်ဖုန်းက မပြောခင် ခဏလောက်တုံ့ဆိုင်းနေပြီးမှ "ငါ မင်းကို မပြောချင်လို့တော့ မဟုတ်ပေမယ့် ဘယ်လိုပြောရမှန်းမသိဘူးဖြစ်နေတာ"
အနှီကိစ္စဟာ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာဖြစ်တာကို သူသိသဖြင့် ချန်ချီရဲ့ ခံစားချက်တွေကို ထိခိုက်နာကျင်သွားမှာကို သူမလိုချင်ပါချေ။ သို့သော် သူပြောသင့်ပြောထိုက်တာကို ပြောဖို့လိုသေးသည်ဖြစ်ရာ "မင်းဇနီးနဲ့အတူတူ ဆေးသွားစစ်ဖူးလား?"
"ဒါပေါ့ကွာ၊ ငါတို့အိမ်ထောင်ကျပြီး တစ်နှစ်လောက်ကြာတော့ ဘာရလဒ်မှမပြသေးတာနဲ့ ငါ့အမေက ငါတို့နဲ့ပတ်သက်ပြီး တစ်ခုခုများမှားနေတာလားဆိုပြီး စိုးရိမ်လို့ ငါတို့ကို ဆေးသွားစစ်ဖို့ အကြံပေးတယ်လေ။ သမားတော်ကတော့ ငါတို့နှစ်ယောက်လုံး ငယ်သေးတာမို့လို့ အရမ်းလောစရာမလိုဘူးလို့ပဲပြောလိုက်တယ်။ ဒီလိုကိစ္စမျိုးက အချိန်နဲ့ရော ကံနဲ့ပါ ဆိုင်တာဆိုတော့ ကလေးက နောက်ဆုံးတော့ ရောက်လာမှာပါလို့ တွေးထားခဲ့တာ။" ချန်ချီက သူ့ဇနီးသည်ကို ဒီတစ်သက်လုံး ကလေးမမွေးနိုင်ရင်တောင်မှ ဘယ်တော့မှ ထားသွားမှာမဟုတ်ဘူးလို့ သူ့ဇနီးကို နောက်တခါထပ်ပြီး အာမခံဖို့လိုဦးမယ်လို့ တွေးမိသွားရလျက်။
"ငါ အခု သွားရတော့မယ်ကွာ၊ မင်းနဲ့ စကားပြောလို့မရတော့ဘူး။ နောက်အခွင့်အရေးရတဲ့အခါ အတူတူသောက်ကြတာပေါ့။ ပြီးတော့ မင်းရဲ့ဇနီးကို ငါနှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောဖို့မမေ့နဲ့ဦး!" ထိုသို့ပြောပြီးသည်နဲ့ ချန်ချီက အလျင်စလို ထွက်သွားခဲ့သည်။ သူ သူ့ဇနီးနဲ့ စကားပြောဖို့အတွက် အန်းလဲ့ရွာကို သွားရမယ်။
လီချန်ဖုန်းက ထွက်သွားတဲ့ ချန်ချီရဲ့ ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ ထို့နောက်သူ စကားတစ်ခွန်းမှ မပြောတော့ဘဲ မြည်းလှည်းပေါ်တွင် စောင့်နေဆဲဖြစ်တဲ့ ရွှီချင်းနှင့် ထွမ်ထွမ်ဆီသို့ လျှောက်သွားလိုက်သည်။
Thanks for reading!