အခန်း ၈၅
Friendly Reminder: သွေးကျဆေးလေးဆောင်ထားကြနော်။ ဒေါသထွက်ရလို့ သွေးတက်ကုန်မယ်စိုးလို့။ ဘာသာပြန်သူကျွန်မကတော့...😑😑
"အမ်း အဆင်ပြေပါတယ်၊ အိပ်တော့ အိပ်တော့" ရွှီချင်းရဲ့ စကားတွေက လီချန်ဖုန်းကို ပြန်လည်စဉ်းစားမိစေခဲ့သလို ပါဝင်ပတ်သက်တဲ့ ထိုလူအတွက် ဒီကိစ္စဟာ ဆွေးနွေးလို့ သိပ်မသင့်တော်မှန်း သဘောပေါက်သွားသောကြောင့် ခေါင်းစဥ်ကို ရှောင်ဖယ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ရွှီချင်း: "ခင်ဗျား ကျွန်တော့်အတွက် ထလိုက်နော်၊ ထဆို!" ဒီလူဟာ ဘယ်လိုလုပ်ပြီး စကားကိုတန်းလန်းထားခဲ့ရတာတုန်းဟ?!
လီချန်ဖုန်း: "zzzzzzzzz…"
ရွှီချင်းက လီချန်ဖုန်းရဲ့ ကျောပြင်ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ သူ့ကိုယ်သူ ဒေါသမထွက်စေဖို့ သတိပေးနေလိုက်၏။ မဟုတ်ရင် ကိုယ့်ဘာကိုယ် ညှဉ်းပန်းနှိပ်စက်နေရုံပဲဖြစ်နေမှာလေ။
ယင်းကို သူတွေးလိုက်မိသည်နှင့် သူ့ဘာသူ စိတ်ထိန်းလိုက်ပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ကာ ထွမ်ထွမ်ကို စောင်အောက်မှာ သိပ်လိုက်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားပါတော့သည်။
ရွှီချင်း အိပ်ပျော်သွားပြီး မကြာခင်မှာပင် ရင်ခွင်ကျယ်ကျယ်ကြီးဆီသို့ သန်မာတဲ့လက်တစ်စုံရဲ့ ဆွဲဖက်ခြင်းကို ခံလိုက်ရလေ၏။ ကနဦး၌ ရွှီချင်းက နေရာပြောင်းသွားရပေမယ့် သက်တောင့်သက်သာရှိတဲ့ နေရာကို ရှာတွေ့သွားသည်နှင့် ငြိမ်သက်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ရွှီချင်း မနေ့ညက အဖြစ်အပျက်ကို မေ့သွားခဲ့ပြီ။ လီချန်ဖုန်းက ရွှီချင်း ထိုစကားဝိုင်းကို ထပ်မပြောတော့သဖြင့် စိတ်သက်သာရာရသွားကာ ခါတိုင်းထက်ပို၍ပင် အလုပ်ကြိုးစားခဲ့လေသည်။ ရွှီချင်းက လီချန်ဖုန်းရဲ့ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားရကာ သူ စွမ်းဆောင်ရည်တိုးမြှင့်ဆေးတစ်မျိုးမျိုးကိုများ သုံးနေတာလားလို့ သံသယဝင်မိလုနီးနီး။ သူ့ရဲ့တိုးတက်မှုဟာ အမှန်ပင် ထူးခြားပြောင်မြောက်နေလျက်။
"ဒုတိယညီ"
လီချန်ဖုန်း လယ်ကွင်းမှ ပြန်လာချိန်တွင် ပူပြင်းလှတဲ့ နေရောင်အောက်၌ သူ့အကိုကြီးရှိနေတာကို တွေ့လိုက်ရ၏။ လီလောင်တက ချွေးတွေရွှဲနစ်နေကာ ခြံတံခါးအဝတွင် မဝံ့မရဲမတ်တပ်ရပ်နေခဲ့သည်။ ရွှီချင်းက ထွမ်ထွမ်ကို ခေါ်သွားကာ တောင်အနောက်ဘက်မှာ ဝက်စာမြက်တွေ သွားဖြတ်နေသဖြင့် အိမ်မှာဘယ်သူမှမရှိပေ။
"ဆေးဖက်ဝင်လက်ဖက်ရည်လေး သောက်ပါဦး"
လီချန်ဖုန်းက လီလောင်တကို အိမ်ထဲခေါ်သွားပြီး ဆေးဖက်ဝင်လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်၏။
လီလောင်တ ဆေးဖက်ဝင်လက်ဖက်ရည်ကို နှစ်ငုံ သုံးငုံလောက်နဲ့ အပြီးသတ်သောက်ပစ်လိုက်သည်။ ငွေအနည်းငယ်စုဖို့အတွက် သူ ဒီကို ခြေလျင်လာခဲ့သည်ပင်။ ဒီလိုပူပြင်းလှတဲ့ရာသီဥတုကို ဘယ်သူကမှ မခံနိုင်ပါချေ။
လီလောင်တက သူ့လက်ဖက်ရည်ကို သောက်လို့ကုန်သွားတာကို လီချန်ဖုန်း မြင်လိုက်၍ သူ့ခွက်ကို ထပ်ဖြည့်ပေးလိုက်၏။ "ဒီနေ့ အရမ်းပူနေတာပဲ။ ရာသီဥတု နည်းနည်းအဆင်ပြေတော့မှပဲ ထွက်လာတာမဟုတ်ဘူး"
လီလောင်တက လီချန်ဖုန်းရဲ့ စိုးရိမ်ပူပန်နေတဲ့ ညည်းညူစကားသံတွေကို နားထောင်ရင်း သူ့ခေါင်းသူပုတ်ကာ ပြုံး၍ "ဟုတ်တယ်၊ ငါလဲ ကိစ္စမရှိရင် ဒီလိုအပူဒဏ်မျိုးမှာ အပြင်ဘယ်ထွက်ချင်ပါ့မလဲကွာ!" လီချန်ဖုန်း သူ့ဘောင်းဘီရှည်ပေါ်က ရွှံ့တွေကို ပုတ်ခါလိုက်ရင်း ထိုင်ခုံမှာ ထိုင်လိုက်ပြီး သူ့အစ်ကိုကို တစ်ချက်ကြည့်လိုက်သည်။
"မိသားစုခွဲထွက်ဖို့ကိစ္စလား?"
လီလောင်တရဲ့ မျက်နှာ အနည်းငယ်နီရဲလာကာ သူ့ဇနီးသည်ရဲ့ တောင်းဆိုချက်ကို ပြန်တွေးနေမိရင်း သူ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်၏။ သူ့သတ္တိကို စုဆောင်းလိုက်ပြီး လီချန်ဖုန်းကို ကြည့်ကာ ပြောလာခဲ့သည်။ "ဟုတ်တယ်၊ ငါတို့ မိသားစုခွဲချင်တယ်"
"လီလောင်စန်းက မိသားစုခွဲဖို့ သဘောတူလိုက်ပြီလား?" လီချန်ဖုန်းက လီလောင်တပြောတဲ့ ငါတို့ဆိုတဲ့စကားလုံးကို လီလောင်တနဲ့ လီလောင်စန်းကို ရည်ညွှန်းတယ်လို့ လွဲမှားသွားခဲ့သည်။
လီလောင်တ အလျင်စလို ခေါင်းခါလိုက်ကာ "မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒါက ငါနဲ့ မင်းရဲ့ မရီးပေါ့"
လီချန်ဖုန်း အခြေအနေကို ပြန်လည်သုံးသပ်ကြည့်လိုက်ရာ လီလောင်တရဲ့ အလည်ရောက်လာခြင်းဟာ ထိုနေ့က သူ့အဖေရဲ့ ကြိမ်းမောင်းခံရခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သဘောပေါက်သွားခဲ့သည်။ သူတို့အမေကလည်း သဘောမတူခဲ့။ လီလောင်တရဲ့ဇနီးက မိသားစုဟာ ဒီအကြံကို အလေးအနက်မယူကြမှာကို စိုးရိမ်နေခဲ့သဖြင့် လီလောင်တအား လီချန်ဖုန်းနဲ့ စကားပြောဖို့ လွှတ်လိုက်ခြင်းပင်။
"အကို ကျွန်တော့်ကို လာမပြောရင်တောင် ကျွန်တော်က အကို့ကို လာရှာတော့မလို့ပဲ။ ဘာပဲဖြစ်ဖြစ် မိသားစုခွဲထွက်တာကို ကျွန်တော်က သဘောတူပြီးသား" လီချန်ဖုန်း ဖြည်းညှင်းစွာပြောလိုက်၏။
အမှန်တကယ်တော့ လီလောင်တဟာ ဒီလိုအခြေအနေတွင် ရုန်းကန်နေရဆဲပင်။ သူက သူ့မိဘတွေရဲ့ စကားကို လေးလေးနက်နက် နားထောင်တတ်သူဖြစ်ပြီး သူ့ကိုပျိုးထောင်ခဲ့တာ၊ အိမ်ထောင်ချပေးခဲ့တာ၊ မိသားစုတစ်စုစတင်ခဲ့တာတွေအပါအဝင် သူ့အတွက် သူတို့လုပ်ပေးသမျှ အရာအားလုံးကို အမြဲကျေးဇူးတင်နေခဲ့တာဖြစ်သည်။ ယခုတော့ သူက မိသားစုခွဲထွက်ဖို့ အကြောင်းစဥ်းစားနေမိသဖြင့် ကျေးဇူးမသိတတ်တဲ့သူဖြစ်သွားပုံရသည်။
လီချန်ဖုန်းလည်း လီလောင်တရဲ့ မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်သည်နဲ့ သူ့အကို ဘာတွေတွေးနေသလဲဆိုတာကို သိလိုက်၏။ သူ့အကိုကြီးဟာ ရိုးသားပြီး စိတ်ရင်းမှန်ကန်သူဖြစ်ကြောင်း သူကောင်းကောင်းကြီး သိပေသည်။ သူက သူ့ရဲ့ယုံကြည်မှုကိုသာ စွဲမြဲလက်ကိုင်ထားသူဖြစ်ပြီး အခြားရှုထောင့်ဘက်မှ ဘယ်သောအခါမှ မတွေးတောတတ်ပေ။
"အကိုကြီး ကျွန်တော်က ဒီလိုပြောရတာ မုန်းပေမယ့် မင်းက ဒီမိသားစုအတွက် နှစ်ပေါင်းများစွာ လုံလုံလောက်လောက် လုပ်ပေးပြီးခဲ့ပြီပဲ။ ဒါပေမယ့် ဒီလိုစဉ်းစားကြည့်လိုက်၊ မင်းမှာ သားနှစ်ယောက်ရှိသေးတယ်။ သူတို့ကရော?" လီချန်ဖုန်းက လီလောင်တကို ပိုကြီးကြီးပုံရိပ်မြင်စေရန် ကြိုးစားပြောပြလိုက်သည်။
လီလောင်တ ရှုပ်ထွေးသွားရကာ "ဘာလို့လဲ? သူတို့နဲ့ ဘာဆိုင်လို့လဲ?"
"အကိုကြီး၊ မိသားစုခွဲထွက်တာက မင်းရဲ့သားနှစ်ယောက်အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ တွေးကြည့်ဖူးလား? သူတို့က ငယ်သေးတယ်လေ၊ သူတို့ကူညီနိုင်သမျှ ကူညီပေးနိုင်ကြတယ်။ ဥပမာ တာ့နျိုကိုပဲကြည့်လိုက်၊ သူက တစ်ဝက်လောက်ပဲ အရွယ်ရောက်သေးတာကို အိမ်မှာ အလုပ်ကြမ်းတွေ လုပ်နေရပြီ။ သူက လူနှစ်ယောက်စာအလုပ်တွေကို အလွယ်လေးလုပ်နိုင်နေပြီ။ ဒါပေမဲ့ သူ့အဝတ်တွေအားလုံးက လီလောင်စန်းရဲ့မိသားစုနဲ့မတူဘဲ ဟောင်းနွမ်းပြီး စုတ်ပြဲနေတယ်။ အဲ့ဒါကို မြင်တဲ့သူက ကျွန်တော်တင်မဟုတ်ဘူး၊ ပိုင်းခြားသိမြင်တဲ့မျက်လုံးရှိတဲ့သူတိုင်း ပြောနိုင်တယ်ကွာ။ မင်းရဲ့သားတွေအတွက် မင်းမသနားဘူးလား?" လီချန်ဖုန်း လီလောင်တကို ရှင်းပြလိုက်သည်။
လီလောင်တ ထိတ်လန့်တကြားနဲ့ စိတ်ရှုပ်ထွေးသွားရင်း သူ့မျက်လုံးတွေထဲမှာလည်း လက်မခံနိုင်စွာဖြင့် ခဏမျှ တိတ်ဆိတ်သွားပြီးတဲ့နောက် "ဒါပေမဲ့ သူက ငါ့ညီပဲလေ"
"ဟမ့်! ဒါဆို အကိုရဲ့သားတွေက သူ့တူတွေပဲလေ!"
လီချန်ဖုန်း ခံစားချက်မရှိတဲ့လေသံဖြင့် ပြောလိုက်သည်။ "လီလောင်စန်းရဲ့ ဇနီးက ကိုယ်ဝန်ကြောင့် အနားယူရတယ်၊ ဒါဆို ဘာလို့ မင်းရဲ့ ဇနီး ကိုယ်ဝန်ဆောင်တုန်းကတော့ မွေးဖွားခါနီးအထိ အပြင်မှာ အလုပ်လုပ်နေခဲ့ရတာလဲ? ပြီးတော့ တာ့နျိုမမွေးခင်က ပထမဆုံးကလေးရဲ့ အဖြစ်အပျက်တွေကို မေ့သွားပြီလား? မင်းရဲ့သားဦးလေး ဘယ်လိုဆုံးရှုံးသွားခဲ့ရသလဲဆိုတာ မင်းမှတ်မိသေးလား အကိုကြီး?"
လီချန်ဖုန်း ကလေးအကြောင်း ပြောနေတာကို နားထောင်ရင်း လီလောင်တက သူ့ပေါင်ပေါ်က လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ သူ့ရဲ့သားဦးလေးအကြောင်းကို ဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲ! အဲ့ဒီအချိန်တုန်းက လီလောင်စန်းက စာတွေပြန်မှတ်မိအောင်လို့ ညဘက်စာကျက်ဖို့ လိုတယ်ဆို၍ သူတို့အမေက သူ့အခန်းဆီ ဆီမီးအားလုံးပို့ပေးခဲ့သည်။ တစ်ညတော့ သူ့ကိုယ်ဝန်ဆောင်ဇနီးက သန့်စင်ခန်းသုံးဖို့ အိပ်ရာထသွားရာ မီးမရှိသဖြင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘဲ ချော်လဲသွား၍ လေးလသားအရွယ် ကလေးကို ဆုံးရှုံးလိုက်ရလေသည်။
ရွှီချင်းက ထွမ်ထွမ်နှင့်အတူ ဝက်စာမြက်တွေနဲ့ ပြန်လာချိန်မှာတော့ လီလောင်တ ပြန်သွားခဲ့ပြီဖြစ်သည်။ လီချန်ဖုန်းလည်း ရွှီချင်းကို လီလောင်တ လာလည်သွားတဲ့အကြောင်းကို မပြောလိုက်တော့ပေ။
လီချန်ဖုန်းက "မင်း ကိုယ့်စကားကိုနားမထောင်ဖူးလား။ မင်းက ထွမ်ထွမ်ကိုလည်း ချီထားရပြီးတော့ နောက်ကျောမှာလည်း ဒီလောက်အလေးကြီးဝက်စာမြက်တွေကို သယ်လာတယ်။ မင်းကိုယ်မင်း ထိခိုက်သွားနိုင်တယ်လေကွာ" ထို့နောက် သူက ထွမ်ထွမ်ကို အမြန်ဘေးမှာချလိုက်ပြီး ရွှီချင်းရဲ့ ခြင်းတောင်းကို ကူညီချပေးလိုက်သည်။
"အိမ်မှာနေရတာ ပျင်းလို့။ ပြီးတော့လည်း အဲ့ဒီနေရာနားမှာ သစ်ပင်တွေ အများကြီးရှိပါတယ်၊ စမ်းချောင်းနဲ့လည်း နီးတာကြောင့် အရမ်းမပူပါဘူး။ မဟုတ်ရင် ကျွန်တော်က ထွမ်ထွမ်ကို ခေါ်သွားပါ့မလား" ရွှီချင်း သူ့ပခုံးကို ပွတ်ကာ လေးလံတဲ့အထုပ်ကို သယ်ခဲ့ရတာကြောင့် အနည်းငယ်တောင့်တင်းနေတဲ့ လက်တွေကို ခါနေရင်း ပြောလိုက်သည်။
လီချန်ဖုန်း ရေတွင်းထဲမှ ကျောက်ကျောဂျယ်လီကို ယူကာ ရွှီချင်းအား တစ်ပန်းကန်ထည့်ပေးလိုက်၏။ "နောက်တစ်ခါ မင်း ဝက်စာမြက်သွားဖြတ်ရင် ကိုယ့်ကိုပြောလေ၊ ကိုယ်လိုက်သယ်ပေးမယ်"
"သိပါပြီဗျာ၊ နောက်တခေါက်ပေါ့ နောက်တခေါက်ပေါ့"
ရွှီချင်း အေးမြလန်းဆန်းစေတဲ့ ကျောက်ကျောဂျယ်လီပန်းကန်ကို အမြန်ယူကာ စားနေသဖြင့် ပြန်ဖြေဖို့ အချိန်မရှိတော့။
***
လီမိသားစုခြံဟောင်း၌ -
လီလောင်တရဲ့ ဇနီးဟာ လီလောင်စန်းဇနီးရဲ့ အ၀တ်တွေအပါအဝင် အဝတ်အားလုံးလျှော်ဖွပ်နေရင်း အလုပ်များနေ၏။ ဝမ်လိဟာ သူ့မှာ ကိုယ်ဝန်ရှိကတည်းက လီလောင်တရဲ့ ဇနီးကို မိသားစုရဲ့ အဝတ်အစားတွေအားလုံး လျှော်ခိုင်းထားတာဖြစ်သည်။
လီလောင်တရဲ့ ဇနီးက အဝတ်အစားတွေကို ဖြည်းဖြည်း လျှော်ဖွပ်နေခဲ့သော်လည်း သူ့စိတ်ကတော့ လီချန်ဖုန်းဆီ အလည်သွားနေတဲ့ သူ့ခင်ပွန်းသည်ဆီ ရောက်နေခဲ့သည်။ သူမိသားစုခွဲထွက်ချင်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ တစ်ရက်၊ နှစ်ရက်မျှသာ မဟုတ်ခဲ့ချေ။
သူတို့ရဲ့ သားဦးလေး ဆုံးရှုံးလိုက်ရကတည်းက သူဟာ လီလောင်စန်းအပေါ် အငြိုးထားခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူ့ခင်ပွန်းက အပင်ပန်းဆုံး အလုပ်လုပ်ရသလို ဒုက္ခအခံရဆုံးဖြစ်ပြီး ကလေးတွေတောင်မှ မတရားခံခဲ့ရ၏။ လီလောင်စန်းရဲ့ ကလေးတောင် အခုဆို လယ်ကွင်းထဲ သွားလို့ရနေပြီကို၊ လီလောင်စန်းက အခုထိ တစ်နေကုန်ဘာမှမလုပ်သေးပေ။
လီလောင်စန်းဟာ စာမေးပွဲအတွက် စာကျက်နေရပါသဖြင့် ယခင်က အလုပ်လုံးဝမလုပ်ခဲ့သလို၊ ယခုဆိုလည်း ဇနီးသည်က ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် လယ်ကွင်းသွားဖို့ ရှောင်နေခဲ့သည်။ သူ့မိဘတွေကိုတောင် ပြောလိုက်သေးသည်မှာ "ကျွန်တော်ကိုယ်တိုင်က ရှို့ချိုက်စာမေးပွဲကို အောင်မြင်ခဲ့တာဆိုတော့ ကျွန်တော့်သားကလည်း အနာဂတ်မှာ ပိုတောင်ကောင်းလိမ့်မယ်ဆိုတာ သေချာတယ်။ ကျွန်တော် နေ့တိုင်း စာကျက်နေတာဟာ ကျွန်တော့်သားလေး မွေးလာရင် သူ့ကို စာသင်ပေးနိုင်ပြီးတော့ သူ့ဘိုးဘေးတွေ ဂုဏ်ယူရမယ့် သားကောင်းလေးဖြစ်လာမှာ သေချာတယ်!"
အမေလီဟာ သူ့ရဲ့တတိယသားကို အမြဲတမ်းထောက်ခံသူဖြစ်၍ သူ့စကားကို ကြားသည်နဲ့ သူတို့အပေါ် အပြည့်အဝ ယုံကြည်လိုက်၏။ လီလောင်စန်းဇနီး မွေးဖွားလာတဲ့ သားဦးလေးမှာ ကောတစ်ယောက်ဖြစ်ပေမယ့် နောက်တစ်ယောက်ကတော့ သားယောကျ်ားလေးဖြစ်နိုင်တယ်လေ။
အကယ်၍ ဒီကလေးသာ သူ့အဖေရဲ့ ခြေရာအတိုင်း လိုက်နိုင်ပါက ရှို့ချိုက်ဖြစ်လာနိုင်ပြီး သူတို့ရဲ့ မိသားစုဟာလည်း ပညာတတ်နှစ်ဦးကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ ထိုသို့သောအတွေးတို့ဖြင့် အဖေလီတို့လင်မယားဟာ လီလောင်စန်းရဲ့ အလုပ်လစ်ဟင်းမှုကို မျက်ကွယ်ပြုကာ အိမ်မှုကိစ္စအများစုကိုလည်း လီလောင်တ၊ သူ့ဇနီးနှင့် တာ့နျိုတို့ထံ ပစ်ထားလိုက်တော့သည်။
လီလောင်တရဲ့ သားအငယ်ဆုံးဖြစ်သူ ရှောင်နျိုကလည်း အိမ်တွင် ချက်ပြုတ်ရန်အတွက် စတင်ကူညီနေခဲ့ပြီ။ လီလောင်တရဲ့ ဇနီးက ရှောင်နျိုရဲ့ လက်ပေါ်က အရည်ကြည်ဖုတွေကို တစ်နေ့တုန်းက တွေ့လိုက်ရ၍ လွန်စွာနာကျင်ခံစားခဲ့ရ၏။
နှစ်ပေါင်းများစွာတိုင်အောင် မိသားစုဝင်ဖြစ်ခဲ့သော လီချန်ဖုန်းကလည်း မိသားစုအတွင်း မျက်နှာသာပေးမှုကို မြင်နိုင်ခဲ့သည်။ လီချန်ဖုန်းက အမှန်တကယ်ပင် အနည်းငယ် သွေးအေးသူတစ်ယောက်ဖြစ်ကာ သူဂရုစိုက်တဲ့လူတွေကိုသာ စိုးရိမ်မှုကိုပြတတ်ပြီး တခြားသူတွေကို ကွဲပြားစွာဆက်ဆံတတ်သည်။ ထို့ကြောင့် လီလောင်တရဲ့ ဇနီးက လီချန်ဖုန်းနှင့် စကားပြောရန် စေလွှတ်ခဲ့ခြင်းပင်။
သို့သော်လည်း သူ့ခင်ပွန်းဟာ မိဘစကားနာခံတတ်လွန်းတာကို တွေးမိသည့်အခါ လီလောင်တရဲ့ ဇနီးလည်း သက်ပြင်းမချပဲမနေနိုင်တော့။ သူ့ခင်ပွန်းကသာ လီချန်ဖုန်းလောက် သွေးအေးတတ်မယ်ဆိုရင် သူတို့လည်း ဒီလိုမျိုးဖြစ်နေမှာ မဟုတ်ဘူးလေ။
လီလောင်တ ခြံဝင်းတံခါးကို တိတ်တဆိတ်ဖွင့်လိုက်ရာ သူတို့အိမ်ထောင်ကျကျခြင်းကလောက် ကြံ့ခိုင်မှုမရှိတော့တဲ့ သူ့ဇနီးဟာ ကိုင်းညွတ်လျက် ပိုမိုပိန်ပါးလာတဲ့ ခန္ဓာကိုယ်နှင့် အဝတ်ပုံအကြီးကြီးကို လျှော်ဖွပ်နေရတာကို တွေ့လိုက်ရ၏။
တစ်ချက်ကြည့်လိုက်သည်နဲ့ သူ့ဇနီးက လီလောင်စန်းရဲ့ ဇနီးအဝတ်တွေကို လျှော်ဖွပ်နေရတာကို တွေ့လိုက်ရသည်မို့ ယခုတော့ လီလောင်တဟာ လီချန်ဖုန်းပြောတာတွေ မှန်တယ်ဆိုတာ သိလိုက်ချေပြီ။
"မင်း!"
လီလောင်တရဲ့ ဇနီးက အဝတ်လျှော်နေရင်းမှ လက်ကြီးကြီးတစ်စုံက ရုတ်တရက် သူ့လက်ထဲက အဝတ်တွေကို ဆွဲလာသဖြင့် သူ မော့ကြည့်လိုက်သည့်အခါ သူ့ခင်ပွန်းသည်ဖြစ်နေတာကို မြင်လိုက်ရသည်။ "ခင်ဗျားပြန်လာပြီလား၊ ဘာလုပ်နေတာလဲ။ ကျုပ်ကိုပေးလေ"
လီလောင်တက အဝတ်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဆွဲထုတ်ကာ အပြင်ဘက် မြောင်းထဲသို့ ရေလောင်းပစ်လိုက်၏။ ထို့နောက် သူ့အမေကို ကူညီဖို့ ရေပုံးတစ်ဝက်ကျော်ကို သယ်ပေးနေတဲ့ သားငယ်လေးထံ သွားလိုက်ကာ "အိုး၊ မင်းရဲ့လက်ဒဏ်ရာက အခုထိမကောင်းသေးဘူးလေ! မြန်မြန် အဖေ့ကိုပေးလိုက်!" လီလောင်တက စိုးရိမ်စွာ ပြောလိုက်ပြီး ရှောင်နျိုဆီက ရေပုံးကို သယ်ရန် ထရပ်လိုက်သည်။
"အဖေတို့ အလုပ်တွေ အများကြီးမလုပ်ရအောင်လို့ ကျွန်တော် အများကြီးလုပ်ပေးချင်လို့" ရှောင်နျိုရဲ့ နူးညံ့တဲ့စကားလုံးတွေကြောင့် လီလောင်တ မျက်ရည်ကျလုမတတ်ဖြစ်သွားခဲ့ရသည်။
"မိန်းမ ငါတို့မိသားစုခွဲထွက်ကြတာပေါ့"
သုံးရက်အကြာတွင် လီမိသားစုအိမ်သို့ လီချန်ဖုန်း၊ ရွှီချင်း၊ လီရှောင်းအာနှင့် ဝမ်လေ့တို့အပါအဝင် အားလုံးပြန်လာကြသည်။
အဖေလီနဲ့ အမေလီတို့က မရွှင်မပျအမူအရာနဲ့ အမြင့်ဆုံးခုံမှာ ထိုင်နေကြစဉ် လီလောင်တက သူတို့အရှေ့က မြေပြင်ပေါ်မှာ ဒူးထောက်လျက်ရှိနေသည်။ "အဖေနဲ့အမေ၊ ဒီသားက မလိမ်မာဘဲ ညီအကိုတွေကို နောက်တစ်ခါ ထပ်ပြီး ပြန်လာစေခဲ့တယ်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော် မိသားစုနဲ့ ခွဲထွက်တော့မယ်"
"မိသားစုခွဲထွက်သွားပြီးရင် ကျွန်တော်တို့က အဖေတို့ လူကြီးနှစ်ယောက်လုံးကို သားသမီးဝတ္တရားကျေပွန်ကြဦးမှာပါ။ အဖေတို့ စိတ်ပျက်အောင်လို့ ဘာတစ်ခုမှလုပ်မှာမဟုတ်ဘူး" လီလောင်တက အဖေလီတို့စုံတွဲကို ဦးသုံးကြိမ်ချကာ ပြောလိုက်၏။
လီလောင်တရဲ့ ဇနီးနှင့် ကလေးနှစ်ယောက်လည်း လီလောင်တရဲ့ လုပ်ရပ်ကို စောင့်ကြည့်နေခဲ့ကာ ဒီအခြေအနေရဲ့ လေးနက်မှုကို ခံစားရသော်လည်း ဘာမှမပြောဘဲနေခဲ့ကြသည်။ ယနေ့မှာတော့ သူတို့ဖခင်ဟာ အရင်ကနဲ့မတူဘဲ ကွဲပြားစွာပြုမူနေတယ်ဆိုတာ ကလေးတွေလည်း ခံစားမိချေပြီ။ အရင်တုန်းကဆို သူတို့အဖေက အဖိုးကို စကားပြန်ခံမပြောဖူးဘူးလေ၊ ဒီလိုမျိုး ပြင်းထန်တဲ့လေသံနဲ့ဆို ပိုဆိုးပေါ့။
ရွှီချင်းက ထွမ်ထွမ်ကို ရင်ခွင်ထဲမှာ ချီထားရင်း ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေခဲ့စဥ် လီချန်ဖုန်းလည်း တိတ်ဆိတ်နေကာ သူဘာတွေတွေးနေသလဲ မသိနိုင်ပါချေ။
Thanks for reading!
ဘာသာပြန်သူမှာပြောစရာရှိပါတယ်။
ဒါကတော့ ကိုယ့်ရဲ့ ပေါက်ကွဲသံစဥ်ဖြစ်လို့ မဖတ်ချင်ရင် ကျော်သွားလို့ရပါတယ်နော်။ အမြင်မတူ သဘောထားကွဲလွဲနိုင်တာတွေရှိရင် ဆောရီးပါနော်။
အစကတော့ လီမိသားစုကြီးကို ဘာမှမပြောဘဲနေမလို့ပဲ၊ အခုတော့မရတော့ဘူး။ အဖေလီနဲ့ အမေလီတို့က တတိယသားကို ဦးစားပေးတယ် အချစ်ဆုံးနော်၊ ပညာတတ်ဖြစ်တာကြောင့်လည်း ပါမှာပေါ့။ ဘက်လိုက်လွန်းတာလဲပြောမနေနဲ့။
အစကနေစဥ်းစားကြည့်ရရင် ကိုယ်တို့ရဲ့ ချန်ဖုန်း စစ်တပ်ထဲဝင်သွားရတာ လီလောင်စန်း နာမည်သွားပြောင်းလိုက်လို့နော်၊ ကြည့်ရတာ သူက အစကတည်းက ချန်ဖုန်းနဲ့ စေ့စပ်ထားတဲ့ ဝမ်လိကို ကြိုက်နေလို့ ခွင်ဆင်တယ်လို့ မြင်တယ်။ အဲ့ဒါကို အဘိုးကြီးလင်မယားကလည်း ဘာမှပြောဆိုခြင်းမရှိဘဲ လက်ထပ်ပေးလိုက်တယ်နော်။ (ကောင်းပါတယ် ချန်ဖုန်းလည်း အဲ့ဒါကြောင့် ရွှီချင်းနဲ့ ဆုံရတာပေါ့လေ) တစ်အိမ်လုံးပိုက်ဆံလည်း သူစာသင်ဖို့ဆိုပြီး အကြောင်းပြသုံးနေသေး၊ ပြီးတော့ စောက်လုပ်ကလည်း မလုပ်ချင်၊ စာအကြောင်းပြနေတာအမြဲ၊ အဖြစ်ကမရှိဘဲ လေထဲတိုက်အိမ်ဆောက်နေတာ မြင်မကောင်းဘူး။ ရှောင်းအာ နားကန်းသွားတာလည်း သူ့ကြောင့်ပဲ၊ ရွှီချင်းရဲ့ စမ်းရေသာမရှိရင် လုံးဝပြန်ကောင်းချင်မှ ကောင်းလာမှာ။ အဲ့ဒါက တစ်မှု။ အမလေး စိတ်ထဲပြောချင်နေတာ အများကြီးပဲ... ပြောချင်တာတွေ ရေးရရင် တစ်ပိုင်းစာလောက်တောင်ဖြစ်သွားဦးမယ် 🙄
အဘိုးကြီးလင်မယားလည်း တစ်စက်လေးမှကောင်းမနေဘူး။ ချန်ဖုန်းက ဒါတွေကြိုမြင်နေလို့ အစောကြီး လစ်ထွက်သွားတာ ကံကောင်းတယ်ပြောရမယ်၊ သနားဖို့အကောင်းဆုံးက လီလောင်တတို့ မိသားစုပဲ၊ သူတို့ ဒဏ်အခံရဆုံး... မိသားစုခွဲထွက်ပြီးရင် သူတို့ဘဝလေး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်...