Ch-84
Viewers 14k

အခန်း ၈၄



လင်းဖန်းလျန် ဒီအကြောင်းကိုကြားတော့ သူ့ပါးစပ်ထဲမှ လက်ဖက်ရည်ကို ထွေးထုတ်မိသွားရသည်။ 


"သူ ကျန်းမာရေးကောင်းနေတာပဲ၊ စိတ်ပူစရာ မလိုပါဘူးကွာ။ နောက်မှပဲ ငါ မင်းကို ဆေးနည်းနည်းပေးလိုက်မယ်လေ။ မင်းပြန်ယူသွားပြီး စမ်းကြည့်ပေါ့" လင်းဖန်းလျန်က လီချန်ဖုန်းကို အာမခံလိုက်၏။ 


လီချန်ဖုန်း သဘောတူစွာ ခေါင်းညိတ်လိုက်ပြီးနောက် မထူးခြားဟန်ဖြင့် "ဒါနဲ့ ခုနက ဆေးခန်းက ထွက်သွားတဲ့လူက အရမ်းငယ်သေးသလိုပဲ၊ နေမကောင်းတဲ့ပုံလည်းမပေါ်ဘူး။ သူဘာလို့ဒီကိုလာတာလဲ?" 


လီချန်ဖုန်းက လင်းဖန်းလျန်နဲ့ ချန်ချီတို့ဟာ စစ်မှုထမ်းတုန်းက အဖွဲ့အတူတူကျခဲ့သဖြင့် အသိအကျွမ်းတွေဖြစ်မယ်လို့ သိရှိသော်ငြား လင်းဖန်းလျန်က ချန်ချီရဲ့ ဇနီးကို မမှတ်မိကြောင်း သူသိလိုက်သဖြင့် ထိုလူအကြောင်း မေးမြန်းလိုက်သည်။ 


လင်းဖန်းလျန် ခဏလောက် စဉ်းစားပြီးမှ "မင်းပြောတာက ခုနကထွက်သွားတဲ့ ဟိုခပ်ချောချောကောလေးအကြောင်းလား?" 


လီချန်ဖုန်း ပြုံးလိုက်ကာ "အိုး... မင်းက အရမ်းကို မှတ်မိနေတယ်ပေါ့" 


လင်းဖန်းလျန်က လီချန်ဖုန်းကို အလျင်စလိုရှင်းပြလာခဲ့ရာ "ဟေး... မင်း ဒီလိုပြောလို့မရဘူးကွ! ငါ့ဇနီးလေးကြားသွားရင် ငါဘယ်လိုလုပ်ရမလဲ။ ငါ့အပြစ်မဟုတ်ဘူးလေ ဟုတ်တယ်မလား? ပြီးတော့ များသောအားဖြင့် ဒီကိုလာတဲ့လူတွေက လူကြီးပိုင်းတွေပဲရှိတာဆိုတော့ ဒီလိုမျိုး ခပ်ငယ်ငယ်လေးတွေ ပေါ်လာရင်တော့ မမှတ်မိဘဲ ဘယ်နေမှာလဲ!" 


လီချန်ဖုန်းက လက်အမူအရာဖြင့် "ငါ့အမှားပါပဲကွာ။ ငါက ဒီတိုင်းသိချင်ရုံပဲ။ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး" 


လင်းဖန်းလျန် ပြန်ဖြေလာ၏။ "အဲ့ဒါက ထူးတော့ထူးဆန်းတယ်။ ငါ သူ့ရဲ့သွေးခုန်နှုန်းကို စစ်ဆေးကြည့်တော့ ဘာအမှားအယွင်းမှမရှိခဲ့ပေမဲ့ သူက ကိုယ်ဝန်မဆောင်နိုင်တာ နှစ်တော်တော်ကြာပြီလို့ ပြောတာပဲ။ ပြဿနာက သူ့ခင်ပွန်းမှာ ရှိနေမယ်လို့ ငါသံသယရှိနေတာ" သူ ခေါင်းခါရင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလာခဲ့သည်။ 


လီချန်ဖုန်း ထိုအရာကိုကြားပြီးနောက် နှလုံးတစ်ချက် ဆောင့်ခုန်သွားရ၏။ ခင်ပွန်းဖြစ်သူမှာ ပြဿနာတစ်ခုခုရှိနေတာဆိုရင်တော့ ဆိုလိုတာက... အဲ့ဒီလူဟာ ချန်ချီပဲ ဖြစ်နိုင်တာပေါ့… "ကောင်းပြီ၊ ဒီအကြောင်း မပြောတော့ဘူးကွာ။ တခြားအကြောင်းပြောကြတာပေါ့" 


*** 


ရှဲ့ယွီ ကိုယ်ဝန်ခြောက်လရှိနေပြီဖြစ်သော်လည်း သူကပိန်ပါးနေဆဲဖြစ်သလို ဝတ်စုံရှည်ရှည်ကို ဝတ်ထားသည်ကြောင့် သူ့ဗိုက်က သိပ်မထွက်သည့်အလား... 


"ငါတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တာကြာပြီနော်။ မင်းရဲ့အသားအရေက ပိုမည်းလာပုံပဲ" ရှဲ့ယွီက ထွမ်ထွမ်ကို ပွေ့ဖက်ကာ ရွှီချင်းကိုကြည့်ရင်း ပြောလိုက်သည်။ 


ရွှီချင်း ပြုံးလျက် "ကျွန်တော် ရက်နည်းနည်းလောက် လယ်ကွင်းမှာ အလုပ်လုပ်နေခဲ့တော့ နေပူရှိန်ကြောင့် ညိုလာတာပေါ့ဗျာ" ရွှီချင်းက ဖြူဖြူဖျော့ဖျော့အသားအရေကို မကြိုက်ပါချေ၊ ဒီလိုကျန်းမာတဲ့ အသားအရေကမှ သူ့ကို ပိုပြီးယောက်ျားဆန်စေတယ်လို့ ခံစားရလေသည်။ 


ရှဲ့ယွီ ပြုံးလိုက်ရင်း ခေါင်းယမ်းလိုက်ပြီးမှ သူ့အဝတ်တွေကို ဆွဲဆွဲနေတဲ့ ထွမ်ထွမ်လေးကို ငုံ့ကြည့်ကာဖြင့် "ငါတို့ထွမ်ထွမ်လေးရဲ့ ခန္ဓာကိုယ်က ပိုသန်မာလာတာပဲကွာ"လို့ ပြောလိုက်ကာ သူ့ဗိုက်ထဲက ကြီးထွားလာတဲ့ ကလေးလေးအကြောင်းကို တွေးရင်းနဲ့ သူ့ကလေးလည်း ထွမ်ထွမ်လိုမျိုး ကျန်းမာကြံ့ခိုင်လာလေမလားလို့ သိချင်နေမိပြီ။  


ရွှီချင်း အနည်းငယ်ရှက်ရွံ့သွားရကာ "ကျွန်တော် သူ့ကို အများကြီး မကျွေးပါဘူးဗျာ၊ ဒါပေမယ့် သူက ပိုပြီးတော့ ဝကစ်လာတာပဲ။ သူ့အဆီအခေါက်တွေပေါ်က အပူဖုတွေကို ကြည့်လိုက်ပါဦး" 


ရွှီချင်းရဲ့ စကားကို ကြားတော့ ရှဲ့ယွီလည်း ထွမ်ထွမ်ရဲ့ လက်မောင်းသေးသေးလေးကို ညင်သာစွာ ဖွင့်လိုက်ကာ သူ့ခါးပေါ်က အပူဖုတွေကိုတွေ့လိုက်ရသည်။ "အိုး မဟုတ်ဘူး၊ ဒါ ဘယ်လိုဖြစ်ရတာလဲ? နောက်မှ ထွမ်ထွမ်လိမ်းဖို့ ပေါင်ဒါမှုန့်နည်းနည်း ဖန်းလျန်ဆီက တောင်းပေးမယ်နော်၊ မင်း အိမ်ပြန်ရောက်ရင် သူ့ကို လိမ်းပေးလိုက်။ မြို့က ကလေးတွေအားလုံး အဲ့ဒါပဲသုံးကြတာ" 


"ဟုတ်ကဲ့ပါဗျာ၊ အဲ့ဒါအတွက် ထွမ်ထွမ်ရဲ့ ခေါင်းကိုင်အဖေကို ကျေးဇူးတင်ပါတယ်နော်" ရွှီချင်းက ထွမ်ထွမ်ရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်ရင်း အပြုံးလေးနဲ့ ပြောလိုက်လေ၏။ 


ရှဲ့ယွီအိမ်မှာ နေ့လည်စာစားပြီးနောက် မိသားစုသုံးယောက်သား လမ်းပေါ်မှာ ခဏလျှောက်သွားပြီးနောက် သူတို့ရွာသို့ ပြန်လာခဲ့ကြသည်။ 


"ဟေး ချန်ဖုန်း ခဏလေး!" 


ရွှီချင်း လှည်းမောင်းနေတဲ့ လီချန်ဖုန်းကို ရုတ်တရက် ရပ်ခိုင်းလိုက်၏။ သူက ထွမ်ထွမ်ကို လီချန်ဖုန်းလက်ထဲ ထိုးထည့်လိုက်ပြီး နေရာတစ်ခုဆီသို့ အလျင်စလို ပြေးသွားလိုက်သည်။ 


"မင်း ဘာလုပ်နေတာလဲ?" 


လီချန်ဖုန်းက ရွှီချင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသော်လည်း  ရွှီချင်းမှာ ရှင်းပြရန် အချိန်မရှိဘဲ အနီးနားရှိ သစ်သားဆီသို့ လျှောက်သွားကာ မြေကြီးကို သူ့လက်တွေနဲ့ စတင်ကုတ်ခြစ်လိုက်သည်။ မကြာခင်မှာပဲ လီချန်ဖုန်းက ရွှီချင်းဟာ ကျောက်တုံးတစ်ပုံကြီးကိုင်ထားရင်း သူ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့အမူအရာလေးနဲ့ ပြန်ထွက်လာတာကို တွေ့လိုက်ရပေသည်။ 


လီချန်ဖုန်း: "... ဇနီးလေး မင်းဘာလုပ်နေတာလဲ?" 


ရွှီချင်း ကျောက်တုံးတွေကို လှည်းပေါ်တင်ပြီးနောက် လီချန်ဖုန်းဘက်လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလာခဲ့သည်။ "ဒီဟာတွေက ကျွန်တော် မနေ့ညကလုပ်တဲ့ ကျောက်ကျောဂျယ်လီထက်တောင် ပိုကောင်းတာတွေလေ! ဒါတွေက ယမ်းစိမ်းတွေပဲ!"

(ပုံက ဒါမျိုးလေးတွေဖြစ်မယ်နော်) 




ရွှီချင်းက ထိုသို့ပြောပြီးသည်နဲ့ ခုနကနေရာဆီ ပြန်ပြေးကာ အနီးတစ်ဝိုက် လှည့်ပတ်ရှာဖွေပြီးနောက် ခဏအကြာတွင် သူ့လက်ထဲမှာ နောက်ထပ်ကျောက်တုံးတစ်ပုံကြီးနှင့်အတူ လှည်းဆီ ပြန်ရောက်လာခဲ့သည်။ 


အခေါက်ခေါက်အခါခါ သွားပြီးတဲ့နောက် လီချန်ဖုန်း ကူညီတော့မည့်ဆဲဆဲ ရွှီချင်းက သူ့ကို တားလိုက်ကာ လှည်းထဲမှာ ထိုင်စရာနေရာသေးသေးလေးမှလွဲပြီး နေရာမရှိတော့ကြောင်း သတိပြုမိသွားခဲ့သည်။ 


"သွားကြရအောင်!" 


လီချန်ဖုန်းက ကျောက်တုံးတွေကို ထားခဲ့ဖို့ ဝန်လေးနေပုံရတဲ့ ရွှီချင်းကို မကြည့်နိုင်​တော့သဖြင့် အကြုံပြုလိုက်ရာ "ကိုယ်တို့ နည်းနည်းထပ်ပြီးထည့်လိုက်ရင်ရော?" 


"မလိုပါဘူး" ရွှီချင်း ခေါင်းခါလိုက်ကာ ထွမ်ထွမ်ကို ပြန်ယူလိုက်၏။ သူ မလိုချင်တာမဟုတ်ပေမယ့်လို့ လှည်းထဲမှာ လုံးဝနေရာမကျန်တော့ဘူးလေ။ 


ရွှီချင်းက ယမ်းစိမ်းတွေ အများကြီးကို ရှာတွေ့နိုင်ခဲ့သည့်အတွက် ကျေနပ်နေခဲ့ချေပြီ။ 


သူတို့အိမ်ပြန်ရောက်သည်နှင့် ရွှီချင်းက ထွမ်ထွမ်ကို လီချန်ဖုန်းလက်ထဲ ထည့်လိုက်ကာ ယမ်းစိမ်းအားလုံးကို လှည်းပေါ်ကနေ ဂိုဒေါင်ဆီ ပြောင်းရွှေ့လိုက်ပြီး ချက်ချင်း အလုပ်စပါတော့သည်။ 


လီချန်ဖုန်းလည်း ရွှီချင်းရဲ့ အလုပ်များပြီး ပျော်ရွှင်မြူးထူးနေတဲ့ ပုံစံလေးကို သတိပြုမိလေ၏။ ထို့နောက် သူက အရုပ်ဆိုးဆိုးကျောက်တုံးတွေကို တစ်ချက်ကြည့်လိုက်သည်။ ၄င်းတို့ရဲ့ တန်ဖိုးကြောင့် သူဇဝေဇဝါဖြစ်နေခဲ့သော်လည်း ၄င်းတို့ဟာ သူ့ဇနီးလေးအား ပျော်ရွှင်စေတယ်ဆိုတာ သိလိုက်ရ၍ အရေးကြီးတယ်လို့ ယူဆခဲ့ပေသည်။ လီချန်ဖုန်း လှည်းဆီ ပြန်သွားကာ ကျောက်တုံးအားလုံးကို ဂိုဒေါင်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကျောက်တုံးတစ်တုံးကို ယူ၍ အနီးကပ် စစ်ဆေးကြည့်ရှုနေလိုက်သည်။ 


"ခင်ဗျား ဘာကြည့်နေတာလဲ၊ ကျွန်တော့်ကို မြန်မြန်ပေးလေ" ရွှီချင်း လီချန်ဖုန်းရဲ့ လက်ထဲက ကျောက်တုံးကို လုယူလိုက်ရင်း အထဲဝင်တော့မည့်အချိန်မှာပင် လီချန်ဖုန်းပြောလာတာကို ကြားလိုက်ရ၏။ 


"ဒီလို ကျောက်တုံးတွေ အများကြီးကို ကိုယ် တွေ့ဖူးတယ်။ သူတို့ကို ဘာလို့ အဖိုးတန်လေးတွေလို မင်း ဆက်ဆံနေတာလဲ? ကိုယ် သွားပြီးတော့ မင်းအတွက် လှည်းအပြည့်ပြန်သယ်လာပေးရမလား?" 


ရွှီချင်း သူ့စကားကို ကြားလိုက်သည်နှင့် လီချန်ဖုန်းအနားကို အလျင်အမြန်ပြေးသွားကာ "ဘာ? ခင်ဗျား ဘယ်မှာ အများကြီးတွေ့ဖူးတာလဲ?" 


"တောင်အနောက်ဘက်က မနီးမဝေးမြစ်အထက်ပိုင်းနားလေးမှာ ဒီလိုကျောက်တုံးမျိုး အများကြီးရှိတယ်။ မင်းအတွက် ကိုယ် လှည်းနဲ့ သွားယူပေးလို့ရတယ်!" 


ရွှီချင်းက စိတ်လှုပ်ရှားမှုတို့ ပြည့်လျှံလာကာ ပြန်ဖြေလိုက်၏။ "ကောင်းလိုက်တာ၊ ကျွန်တော့်အတွက် လှည်းတစ်စီးစာပဲ အရင်ယူခဲ့ပေးလေ။ အရင်စစ်ဆေးကြည့်ဦးမယ်နော်။ အဲဒါတွေက ကျွန်တော်ရှာနေတဲ့အရာတွေဆိုရင်တော့ နောက်ထပ်လှည်းနည်းနည်းစာ ထပ်သယ်ကြတာပေါ့။ အဲ့ဒီလိုနည်းနဲ့ နွေရာသီမှာ ကျွန်တော်တို့ ဘာမှစိတ်ပူနေစရာမလိုတော့ဘူး" 


"အင်း ကိုယ် အခုပဲ သွားလိုက်မယ်" လီချန်ဖုန်း ပြန်ဖြေလိုက်ပြီးနောက် ထွမ်ထွမ်ကို ရွှီချင်းဆီ ပေးကာ မြည်းလှည်းဖြင့် ထွက်ခွာသွားတော့သည်။ 


ရွှီချင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရင်း အလုပ်မစမီ ထွမ်ထွမ်ကို အိပ်ပျော်အောင် အရင်ချော့သိပ်လိုက်၏။ ယမ်းစိမ်းတွေဟာ ရေခဲပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းဖြစ်ကြောင်း သူသိထားပေသည်။ 


ရေတွင် ယမ်းစိမ်းပျော်ဝင်သွားသည့်အခါ အပူပမာဏများစွာကို သိသိသာသာ စုပ်ယူနိုင်ပြီး ရေအပူချိန်ကျဆင်းသွားကာ အေးခဲသွားစေသည်။ 


ရှေးခေတ်တရုတ်သမိုင်းက လူများဟာ နွေရာသီ၌ အပူဒဏ် သက်သာစေရန်အတွက် ရေခဲတွေကို ဖန်တီးထုတ်လုပ်ရန် ယမ်းစိမ်းရဲ့ အအေးဂုဏ်သတ္တိကို အသုံးပြုခဲ့ကြပြီးနောက် တရားရုံးနှင့် အထက်တန်းလွှာတွေကို ပေးအပ်ခဲ့ကြပါသည်။ 


သို့သော် ဤနေရာမှာတော့ လူတွေက ပူပြင်းလှတဲ့ နွေရာသီမှာ အသုံးပြုဖို့အတွက် ဆောင်းရာသီကတည်းက ရေခဲခန်းထဲမှာ ရေခဲတွေကို သိုလှောင်ထားတတ်ပေသည်။ 


ရွှီချင်း သကြားကို ရေထဲထည့်ပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ပြောင်းထည့်လိုက်၏။ ထို့နောက်တွင်မူ ပန်းကန်ပြားကြီးကြီးတစ်ချပ်ကိုယူ၍ ရေဖြည့်လိုက်ပြီး ပန်းကန်ပြားပေါ်တွင် ခုနက သကြားရည်ပန်းကန်လုံးကို တင်လိုက်ကာ ပန်းကန်ပြားထဲရှိ ရေထဲသို့ ယမ်းစိမ်းကို ပေါင်းထည့်လိုက်သည်။ နောက်ဆုံးတွင် ရေခဲဖြစ်လာကာ သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ထင်ရှားလာပါတော့သည်။ 


ရွှီချင်း သကြားရည်ကို မြည်းကြည့်လိုက်သည့်အခါ အေးမြပြီး ချိုမြိန်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိလိုက်ရပြီ။ သူဆက်တိုက်သောက်ချလိုက်ရာ သူ့ဗိုက်မှာ အေးသွားရပြီး သူ့ခန္ဓာကိုယ်ထဲက အပူတွေ သိသိသာသာကို လျော့ကျသွားလေ၏။ 


ထို့ကြောင့်ပင် ရွှီချင်းက ယမ်းစိမ်းကို အသုံးပြု၍ တကယ့်ရေခဲထုတ်လုပ်နိုင်တယ်ဆိုတာ အမှန်တကယ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ။ ယမ်းစိမ်းတွေ အများကြီး တွေ့ဖူးတယ်ဆိုတဲ့ လီချန်ဖုန်းရဲ့ စကားကို ပြန်သတိရသွားသည့်အခါ ရွှီချင်းမှာ ပိုလို့တောင် ပျော်ရွှင်သွားရသည်။ 


သူ ရေတွင်းထဲမှာ ရေခဲတွေကို သိမ်းထားလိုက်ကာ ပန်းကန်ပြားကြီးကို အခြောက်ခံရန် ခြံထဲယူသွားလိုက်၏။ အခြောက်ခံပြီးရင်တော့ ဒီယမ်းစိမ်းတွေကို နောက်ထပ်အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်ပေသည်။ 


"ကိုယ်ပြန်လာပြီ ဇနီးလေးရေ၊ ပြန်ယူလာတဲ့ဟာကို လာကြည့်ပါဦး" လီချန်ဖုန်း ပြန်လာချိန်တွင် နေရှိန်ပြင်းပြင်းကြောင့် ချွေးရွှဲနေလျက်။ 


ရွှီချင်း အလျင်အမြန် ပြေးလာကာ တစ်ချက်ကြည့်လိုက်တော့ "ဟုတ်တယ်! အဲ့ဒါပဲ!" 


"ဟုတ်ပြီ၊ အဲ့ဒါဆို ကိုယ် နောက်ထပ်သွားလိုက်ဦးမယ်လေ။ အဲ့ဒီမှာ အများကြီးရှိသေးတယ်။ တောင်ကြီးတစ်တောင်လောက်နီးနီးပဲ" လီချန်ဖုန်း ကျောက်တုံးအပုံကြီးကို စတင်အောက်ချနေရင်း ပြောလိုက်သည်။ 


"အဲ့လိုဆိုရင်တော့ စိတ်ရှုပ်မခံနဲ့တော့လေ။ အဲ့ဒီမှာ အားလုံးရှိနေပြီဆိုတော့ နောက်မှ သွားလို့လည်းရပါတယ်ဗျာ" ရွှီချင်း အကြံပြုလိုက်ပြီးနောက် နှစ်ယောက်သား လှည်းပေါ်က ယမ်းစိမ်းအားလုံးကို ဂိုဒေါင်ထဲသို့ ရွှေ့လိုက်ကြသည်။ 


"လာ၊ ခင်ဗျားရဲ့ လက်နဲ့ မျက်နှာကို ဆေးကြောလိုက်ဦး။ ပြီးရင် ကျွန်တော် ခင်ဗျားစားဖို့ တစ်ခုခုပြင်ဆင်ပေးမယ်" ရွှီချင်း ပြောလိုက်၏။ 


"ကောင်းပါပြီ" 


ယနေ့ဟာ အတော်လေးပူပြင်းတဲ့နေ့တစ်နေ့ပင်။ လီချန်ဖုန်း ခဏအပြင်ထွက်ပြီးတဲ့နောက် ချွေးတွေရွှဲရွှဲစိုသွားခဲ့ရပြီ။ 


ရွှီချင်း ရေတွင်းမှ ရေခဲဘူးကို ထုတ်ယူကာ မီးဖိုချောင်ဆီ ယူသွားလိုက်ပြီးနောက် ပန်းကန်လုံးနှစ်လုံးကို ထုတ်၍ ဘူးထဲမှ အရည်ပျော်စပြုလာပြီဖြစ်တဲ့ ရေခဲတွေကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ 


"လာ၊ မြည်းကြည့်ပါဦး" 


လီချန်ဖုန်း ပန်းကန်လုံးကိုယူကာ အတွင်းမှရေခဲတွေကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရကာ "ဇနီးလေး ဒါက ရေခဲပဲ!"  


နွေရာသီတွင် ထိပ်တန်းအရာရှိများနှင့် အထက်တန်းလွှာတွေကသာ ရေခဲသုံးဖို့  တတ်နိုင်တယ်ဆိုတဲ့အကြောင်းကို လီချန်ဖုန်း စစ်မှုထမ်းစဥ်က ကြားသိခဲ့ရသည်။ ဆောင်းရာသီ၌ သူတို့ရဲ့ အစေခံတွေကို ရေခဲသန့်သန့်တွေ ရှာဖွေစုဆောင်းခိုင်းကာ နွေရာသီမှာ အသုံးပြုရန်အတွက် ရေခဲ​ခန်းထဲတွင် သိုလှောင်ထားတတ်ကြသည်။ 


"ကိုယ်တို့အိမ်မှာ ဘယ်တုန်းက ရေခဲခန်းရှိသွားတာလဲ?" 


ရွှီချင်း စိတ်ကျေနပ်စွာနဲ့ ရေခဲရေတစ်ငုံ သောက်လိုက်ပြီးမှ "ကျွန်တော်တို့အိမ်မှာ ရေခဲခန်းမရှိပါဘူးဗျာ၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒီဦးလေးမှာက အဲ့ဒါကိုလုပ်နိုင်တဲ့ အရည်အချင်းရှိနေတာလေ" 


"မင်းလုပ်ထားတာလား?" 


လီချန်ဖုန်း သကြားရေအေးအေးကို တစ်ကျိုက်တည်းသောက်ချလိုက်ကာ မေးလာခဲ့သည်။ "အဲ့ဒီကျောက်တုံးတွေကနေလား?" 


ရွှီချင်းက လီချန်ဖုန်းရဲ့ ဘာမှမရှိတော့တဲ့ ပန်းကန်လုံးကို ယူကာ ထပ်ဖြည့်ပေးလိုက်ပြီး "ဟုတ်တာပေါ့၊ ခင်ဗျားမှန်သွားပြီ"  


လီချန်ဖုန်းရဲ့ မျက်လုံးတွေက တောက်ပလာကာ ထိုကြုံရာကျပန်းကျောက်တုံးတွေက ဒီလောက်အဖိုးတန်နေမယ်လို့ သူ မမျှော်လင့်ထားမိခဲ့ချေ။ "ဇနီးလေး၊ ဒီအကြောင်းကို ကိုယ်တို့ကိုယ်တိုင်ပဲ ထိန်းသိမ်းထားကြမယ်နော်။ အပြင်က လုပ်ငန်းရှင်တွေ သိသွားခဲ့ရင် ဒုက္ခဖြစ်လာနိုင်တယ်" 


"ခင်ဗျားက ကျွန်တော့်ကို အရူးလို့များ ထင်နေတာလား! စိတ်ပူမနေနဲ့၊ ခင်ဗျားဟာခင်ဗျား သောက်နေ" ရွှီချင်းက လီချန်ဖုန်းကို အလွန်ကျေနပ်ရပါသည်။ ဒီလူဟာ သူဒီလိုအကြောင်းတွေ ဘယ်လိုသိသလဲ မမေးမြန်းခဲ့သလို ဘယ်သူ့ကိုမှတောင် မပြောပြဖို့ မှာနေခဲ့ပါသေးသည်။ 


"ဒါက တကယ့်ကို လန်းဆန်းစေတာပဲ! အဲ့ဒါကြောင့် အထက်တန်းလွှာတွေနဲ့  မှူးမတ်အရာရှိတွေ ကြိုက်ကြတာ အံ့သြစရာမရှိတော့ဘူး" လီချန်ဖုန်းက ချီးကျူးလိုက်၏။ "ဇနီးလေး မင်းက တကယ့်ကို အံ့သြစရာကောင်းတာပဲကွာ!" 


လီချန်ဖုန်း ရေခဲရေရဲ့ အကျိုးကျေးဇူးကို မြည်းစမ်းကြည့်ပြီးနောက်မှာတော့ တောင်အနောက်ဘက်သို့ လှည်းကို မောင်းနှင်သွားကာ ယမ်းစိမ်းတွေကို သယ်လာခဲ့ပြန်သည်။ ဂိုဒေါင်ပြည့်သည့်တိုင်အောင် အခေါက်ခေါက်အခါအခါ သွားလိုက်ပြန်လိုက်လုပ်ခဲ့ပြီးမှ အင်တင်တင်ဖြင့် လက်လျော့လိုက်တော့သည်။ 


နေ့ခင်းဘက်၌ အချိန်အကြာကြီး တစ်ရေးတစ်မော အိပ်ပြီးနောက် ထွမ်ထွမ်လည်း သကြားရေအေးအေး နည်းနည်းသောက်ခဲ့ရပေမယ့် ကလေးဝမ်းမလျှောအောင်လို့ ရွှီချင်းနှင့် လီချန်ဖုန်းတို့လောက်တော့ အရမ်းကြီးမအေးပါချေ။ 


ညဘက်၌ ရွှီချင်း ပူပြင်းခြောက်သွေ့တဲ့အခန်းကို အေးမြစေရန်အတွက် အခန်းထောင့်မှာ ရေခဲနည်းနည်း ထားလိုက်၏။ 


"ဒီ​နေ့​ ကိုယ် ​ဆေးခန်းမှာ​ ချန်ချီရဲ့ ဇနီးကို​တွေ့ခဲ့တယ်" လီချန်ဖုန်းက ရွှီချင်းကို ပွေ့ဖက်ထားရင်း တိတ်တဆိတ် ပြောလိုက်သည်။ 


"ဟေး ခင်ဗျားနောက်ဆုံးတစ်ခေါက်တုန်းက ပြောခဲ့တာ ချန်ချီရဲ့ ဇနီးက ချန်အိမ်ကနေ ထွက်သွားပြီဆို?" ရွှီချင်း ထွမ်ထွမ်ကို လက်တစ်ဖက်တည်း ချီထားရင်း မေးလိုက်သည်။ 


"ဟုတ်တယ်၊ အဲ့ဒါက ဒီလို……" လီချန်ဖုန်း ဘယ်လိုပြောရမှန်းမသိတော့ပါချေ။ 


"ဘာဖြစ်လို့လဲ၊ ဘာမှားနေလို့လဲ?" ရွှီချင်း အိပ်ပျော်နေတဲ့ ထွမ်ထွမ်ကို ပုခက်ထဲမှာ ထည့်လိုက်ပြီး "ဒါနဲ့ လျိုရှီကျန်းရဲ့ မိသားစုက ကလေးတွန်းလှည်းလိုချင်တယ်တဲ့၊ သူ့အတွက် လုပ်ပေးဖို့ မမေ့နဲ့ဦးနော်" လျိုရှီကျန်းက ရွာထဲက ပန်းရန်ဆရာဖြစ်သည်။ သူ့သားရဲ့ ဇနီးသည်ဟာ မကြာသေးမီက ယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့သည်ပင်။ 


"ကောင်းပါပြီ…" လီချန်ဖုန်းလှည့်ကာ ရွှီချင်းကို ကြည့်လိုက်၏။ 


"ကျွန်တော့်ကို ဒီလိုမကြည့်ပါနဲ့၊ မြန်မြန်ပြောလေ" ရွှီချင်းက ဒီလူဟာ ပြောစရာရှိနေတာတောင်မှ ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်ကို သည်းမခံနိုင်တော့ချေ။ 


"တကယ်လို့ သူငယ်ချင်းတစ်ယောက် နေမကောင်းဖြစ်နေရင်၊ သူနေမကောင်းမှန်း သူလည်းမသိဘူး။ ဒါပေမဲ့ သူနေမကောင်းတာကို ကိုယ်က သိသွားပြီးတော့ အဲ့ဒီရောဂါက တော်တော်ပြင်းထန်တယ်ဆိုပေမယ့် ပြောလို့လွယ်တဲ့ကိစ္စလည်း မဟုတ်ပြန်ဘူး။ အဲ့ဒါဆို ကိုယ် သူ့ကို တည့်ပဲပြောသင့်တယ်လို့ မင်းထင်လား?" 


လီချန်ဖုန်း စကားကို နားထောင်နေရင်း ရွှီချင်း မူးဝေသွားရကာ "ရပ်ဦး! ခင်ဗျား နည်းနည်းလောက် ရှင်းအောင်ပြောပေးလို့ရမလား?" 


Thanks for reading!