Ch-83
Viewers 14k

အခန်း ၈၃


လီချန်ဖုန်း နေ့လယ်စာစားပြီးတဲ့နောက် လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေကို ကြည့်ရှုစစ်ဆေးရန် သွားလိုက်၏။ ရာသီဥတုက မနှစ်ကနဲ့မတူဖို့ မျှော်မှန်းထားရင်တောင်မှ သူကတော့ တစ်ရက်လောက် လယ်ကွင်းဆီမသွားလိုက်ရပါက စိတ်မသက်မသာ ခံစားနေရသည်။ 


ရွှီချင်း တစ်ရေးအိပ်ရာမှ နိုးလာပြီးနောက် ရာသီဥတုသာယာနေသဖြင့် စောင်တွေ၊ အဝတ်အစားတွေကို လျှော်ဖွပ်ကာ အခြောက်လှန်းထားလိုက်၏။ ထို့နောက်တွင်မူ သူက ကောင်းကင်ယံကို ကြည့်ရှုလိုက်ရာ တစ်နာရီအတွင်း လီချန်ဖုန်း ပြန်လာတော့မယ်လို့ ခန့်မှန်းမိသဖြင့် သူ့လက်က ရေတွေကို ခါထုတ်ရင်း မီးဖိုဆောင်ထဲ ဝင်သွားခဲ့သည်။ 


ယမန်နေ့က ရွှီချင်း တောင်အနောက်ဘက်မှာ ဝက်စာမြက်တွေ သွားဖြတ်ရင်း အရေးပါသည့်အရာတစ်ခုကို ဝင်တိုက်မိခဲ့သည် - အဖိုးတန်ရှာဖွေတွေ့ရှိမှုတစ်ခုပင် - ယင်းမှာ *ကျောက်ကျောဂျယ်လီအပင်ဖြစ်လေသည်။

(*jelly grassကို ဘယ်လိုခေါ်ရမှန်းမသိလို့၊ ကျောက်ကျောဂျယ်လီလို့ပဲသုံးထားပါတယ်နော်၊ မှားနေရင် ပြောပေးလို့ရပါတယ်နော်) 


ကျောက်ကျောဂျယ်လီဟာ ဆေးဝါးအနေနဲ့ရော၊ စားစရာအနေနဲ့ပါ နှစ်မျိုးစလုံးသုံးနိုင်သည့် အရေးပါတဲ့ အရင်းအမြစ်တစ်ခုပင်။ ၎င်းအပင်တစ်ပင်လုံးတွင် နွေရာသီအပူကို သက်သာစေခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အပူကို ဖယ်ထုတ်ပေးခြင်းနှင့် သွေးပေါင်ကျခြင်းစသော အကျိုးကျေးဇူးများစွာရှိသည့် polysaccharidesဓာတ်ပါရှိလေ၏။  


များသောအားဖြင့် လူတွေက ၄င်းအပင်ရဲ့ ရိုးတံကို ရေနဲ့ပြုတ်ကာ "ကျောက်ကျောဂျယ်လီ"လို့ ခေါ်ကြတဲ့ အေးခဲအချိုပွဲကို ဖန်တီးရန် ကစီဓာတ်ပါးပါးလေး ထည့်တတ်ကြသည်။ ထိုအေးခဲအချိုပွဲမှာ နွေရာသီအပူဒဏ်ကို သက်သာစေသလို ရေငတ်ပြေစေသည့်အတွက် အကောင်းဆုံးစားစရာပင်။ 


ရွှီချင်း တစ်ညလုံး ရေစိမ်ထားတဲ့ဆန်ကို အိုးထဲမထည့်မီ အကြိမ်ပေါင်းများစွာ ဆေး​လိုက်ပြီးနောက် အနီးနားရှိ ရေတွင်းဘေးမှ ကျောက်တုံးကြိတ်စက်တွင် ဆန်တွေကို အရည်ပျစ်လာသည်အထိ ကြိတ်လိုက်သည်။ 


ရွှီချင်းရဲ့ သေးသွယ်တဲ့ ခြေလက်လေးတွေကို မကြည့်ပါနဲ့။ အမြဲတမ်း သူ့ကျန်းမာရေးကို ဂရုစိုက်လေ့ရှိတဲ့ ရွှီချင်းအတွက်မူ ဒီလိုကာယအလုပ်နည်းနည်းလေးကို မမှုပါချေ၊ သူက သာမန်လူတွေထက်တောင် ပို၍အားကြီးပါသေးသည်။ ထို့ကြောင့် လီချန်ဖုန်းလည်း သူ့ကိုဆို "အားနည်းပျော့ညံ့တဲ့"ကောလို့ လုံးဝမမှတ်ယူခဲ့ပေ။ 


ပူပူပြင်းပြင်းအပူရှိန်၌ ရွှီချင်း ဆန်ကို အရည်ပျစ်သည်အထိ ကြိတ်ပြီးသွားသည့်အခါ သူ့နောက်ကျောမှာ ချွေးတွေစိုရွှဲသွားခဲ့ပြီ။ သူမျက်နှာသစ်လိုက်ပြီးနောက် ဆန်နို့ရည်ကို မီးဖိုဆောင်ထဲ ပြန်ယူသွားလိုက်ပြီး သစ်သားဇလုံထဲကို လောင်းထည့်လိုက်၏။ ကျောက်ကျောဂျယ်လီကို ရေအေးထဲမှာ စိမ်ထားကာ ဆေးလိုက်ပြီးမှ ရေဆူဆူအိုးထဲသို့ထည့်ကာ ပျော့ပျောင်းလာသည်အထိ တည်ထားလိုက်သည်။ 


ဒီလိုမျိုးပူပြင်းလှတဲ့ ရာသီဥတုတွင် မီးမွှေးရတာဟာ သည်းမခံနိုင်ဆုံးအလုပ်ဖြစ်ကြောင်း ရွှီချင်း တွေ့ရှိခဲ့ချေပြီ။ ဒါဟာ ရိုးရှင်းလှတဲ့ ညှဥ်းပန်းနှိပ်စက်မှုတစ်မျိုးပင်။ 


အထူးသဖြင့် အပူသက်သာစေရန် ပန်ကာတွေ သို့မဟုတ် လေအေးပေးစက်တွေ မရှိသောကြောင့်သာ။ သူလည်း ရွေးချယ်စရာမရှိတော့ဘဲ အုန်းလက်ယပ်တောင်နဲ့ သူ့ဘာသူယပ်ခတ်နေရပါတော့သည်။ 


ကျောက်ကျောဂျယ်လီတွေကို ပြုတ်ပြီးနောက် ရွှီချင်းက အိုးထဲမှာ အရည်တွေကို ထားထားလိုက်ပြီး ကျောက်ကျောဂျယ်လီတွေကိုသာ ဆယ်ထုတ်လိုက်သည်။ သူတို့ကို ထုတ်ပြီးနောက်မှာတော့ ကျောက်ကျောဂျယ်လီပေါ်ရှိ စေးကပ်ကပ်တဲ့အရာတွေကို တမင်တကာ အိုးထဲထည့်လိုက်ပြီးမှ ဒုတိယအကြိမ် ရေထည့်လိုက်ပြန်သည်။ 


ကျောက်ကျောဂျယ်လီတွေကို ဖယ်ထုတ်ပြီးနောက် ဘေးမှာထားကာ အအေးခံထားလိုက်ပြီးမှ ရေထဲထည့်ကာ အဆီအနှစ်တွေအားလုံး ထွက်လာသည်အထိ ပွတ်ပေးလိုက်ရာ မကျက်သေးတဲ့ အရည်တွေ ထွက်ကျလာပေသည်။ ကျောက်ကျောဂျယ်လီပေါ်က စေးကပ်ကပ်အရာတွေဟာ အဆီအနှစ်တွေဖြစ်၏။ ထို့နောက်တွင်မူ ကျောက်ကျောဂျယ်လီရဲ့ အရွက်ကို လွှင့်ပစ်နိုင်ပါပြီ။ 


ကျောက်ကျောဂျယ်လီကို ရေထဲမှာ စိမ်ကာ အဆီအနှစ်အားလုံးကို မညှစ်ထုတ်မီ အအေးခံရန် ဘေးဖယ်ထားလိုက်သည်။ ထွက်လာသည့် မဆူသေးတဲ့ အရည်တွေဟာ အဆီအနှစ်ကို ကိုယ်စားပြုသည့် ကျောက်ကျောဂျယ်လီပေါ်က စေးကပ်ကပ်အရာတွေသာ ကျန်ခဲ့လေသည်။ တစ်ခါက ရွှီချင်း အဆီအနှစ်အားလုံးကို ထုတ်လိုက်မိ၍ ကျောက်ကျောဂျယ်လီကို လွှင့်ပစ်ခဲ့ရပါသည်။ 


ထို့နောက် ရွှီချင်းက ဒုတိယအသုတ်က ရေတွေနဲ့ ယခင်အိုးထဲက သီးသန့်အရည်တွေကို ပေါင်းထည့်လိုက်ပြီးနောက် လီချန်ဖုန်း ပြုလုပ်ထားပေးတဲ့ ရေစစ်အိတ်ကို အသုံးပြုကာ အရည်ထဲမှ ကျန်နေသေးတဲ့ အပျစ်အခဲတွေကို စစ်ထုတ်လိုက်၏။ အိတ်ထဲမှာ ကျန်နေတဲ့ အပျစ်အခဲတွေဟာ အသုံးမဝင်သဖြင့် ရွှီချင်းလည်း နောက်မှ ဝက်တွေကို ကျွေးရန် ဆုံးဖြတ်လိုက်တော့သည်။ 


အိုးထဲရှိ အရည်တွေ ပွက်ပွက်ဆူလာသည်နှင့် ရွှီချင်း​လည်း အောက်ခြေမှာ မကပ်သွားရအောင်လို့ သစ်သားဇွန်းနှင့် အဆက်မပြတ် မွှေပေးနေလိုက်သည်။ 


ကျောက်ကျောဂျယ်လီပြုလုပ်ရန် နောက်ထပ်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုမှာ ကောက်ညှင်းမှုန့်ဖြစ်၏။ ရွှီချင်း ငယ်စဥ်အချိန်အခါက သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ သူ့ဒေါ်လေးက ကောက်ညှင်းမှုန့်ဟာ မြက်နဲ့တူတဲ့အပင်ရဲ့ အစေ့တွေမှတစ်ဆင့် ပြုလုပ်ထားတဲ့ အမှုန့်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့နောက် ၄င်းကို ဆန်မှုန့် သို့မဟုတ် *အင်ဒီကာဆန်မှုန့်လို့လည်း ခေါ်ကြပေသည်။ 


၎င်းမှာ အစားအစာမျိုးစုံအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သလို ဆန်အမျိုးအစားအားလုံးတွင် စေးကပ်မှုအနည်းဆုံးဖြစ်ပေမယ့် ကောက်ညှင်းမှုန့်ပြုလုပ်ရာတွင် အစားထိုး၍မရနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့လေသည်။ 


ရွှီချင်း ကောက်ညှင်းမှုန့်ထဲသို့ ရေထည့်ကာ ရောမွှေလိုက်ပြီး အရည်တွေပြီးလုပြီးခါနီးတွင် အိုးထဲသို့ လောင်းထည့်လိုက်၏။ ရောမွှေနေစဥ်မှာပင် ပူဖောင်းကြီးကြီးတွေက အရည်ရဲ့ မျက်နှာပြင်ပေါ်မှာ စတင်ပေါ်လာတော့သည်။ ရွှီချင်းလည်း အိုးထဲမှာ ပူဖောင်းတွေ မရှိတော့မှ မွှေနေတာကို ရပ်လိုက်လေသည်။ 


ရွှီချင်း အိုးထဲက အရည်တွေကို ဇလုံထဲသို့ ပြောင်းထည့်နေချိန်မှာပဲ အခန်းတွင်းရှိ အသေးလေးရဲ့ ဗလုံးဗထွေးအော်သံတွေကို ကြားလိုက်ရသဖြင့် သူပြုံးလိုက်ကာ စားပွဲပေါ်မှာ ဇလုံကို တင်ထားလိုက်၍ သူ့မျက်နှာနှင့် လက်တွေကို ဆေးကြောပြီးမှ သူ့ခြေထောက်ဝတုတ်လေးတွေကို ဟိုကန်ဒီကန်လုပ်နေတဲ့ အိပ်ရာနိုးနေပြီဖြစ်တဲ့ ထွမ်ထွမ်ကိုချီဖို့ အခန်းထဲဝင်သွားလိုက်၏။ 


ရွှီချင်း ထွမ်ထွမ်ကို ပေါင်ပေါ်တင်ထားချိန်တွင် သူ့ပါးစပ်သေးသေးလေးကနေ ပူဖောင်းသေးသေးလေးတွေကို မှုတ်ထုတ်နေဆဲ။ ကလေးလေးက ငြိမ်ငြိမ်လေးမနေနိုင်ဘဲ လှုပ်ရွရွဖြစ်နေလျက်။ 


"အာ အာ အား!" 


ရွှီချင်းက ထွမ်ထွမ်ရဲ့ တက်ကြွနေတဲ့ အမူအရာလေးကို မြင်သည့်အခါ သူ့ပါးပြင်လေးကို အနမ်းပေးလိုက်ပြီး ဆီးတည်ပေးရန် အပြင်သို့ ခေါ်သွားလိုက်သည်။ ထို့နောက်တွင်မူ ထွမ်ထွမ်ကို ရေနွေးနွေးဖြင့် သန့်ရှင်းပေးရန်အတွက် ဝိဥာဉ်စမ်းရေမှာ စိမ်ထားတဲ့ အဝတ်တစ်ထည်ဖြင့် ညင်ညင်သာသာလေး သုတ်ပေးလိုက်၏။ 


ထွမ်ထွမ်လေးဟာ သေးငယ်သော်ငြားလည်း ကလေးအဆီတွေ ပြည့်နေသဖြင့် အပူဖုတွေက သက်သာပျောက်ကင်းရန် နှေးကွေးနေခဲ့သည်။ 


ရွှီချင်း ထွမ်ထွမ်ကိုယ်ပေါ်မှာ အေးမြတဲ့ 

ဝိဥာဥ်စမ်းရေကို ပွတ်ပေးလိုက်ရာ ကလေးငယ်လေးရဲ့ မျက်နှာပေါ်မှာ အပြုံးလေးပေါ်လာပြီး အဆက်မပြတ် ဝူးဝူးဝါးဝါးအသံလေးတွေ ထွပ်လာတော့သည်။ ရွှီချင်းလည်း ကလေးလေးအား စနောက်စွာဖြင့် "ကလေးလေးက အခုပဲ ရေချိုးလိုက်ရသလိုမျိုး လုပ်နေလိုက်တာကျန်း။ မင်းရဲ့ ပြုံးနေတဲ့ပုံစံကို ကြည့်ပါဦး!" 


လီချန်ဖုန်း ခြံဝင်းထဲသို့ ဝင်လာသည့်အခါ ရွှီချင်းက ထွမ်ထွမ်ကို ချီထားရင်း တစ်ခုခုနဲ့ သုတ်ပေးနေရာ ကလေးလေးက ပြုံးရွှင်ရယ်မောနေတာကို တွေ့လိုက်ရ၏။ 


လီချန်ဖုန်းက သူတို့သားလေးဟာ ရေချိုးနေတဲ့အချိန် ဒါမှမဟုတ် ထမင်းစားနေတဲ့အချိန်မျိုးမှာပဲ ဒီလိုပျော်ရွှင်တဲ့ အမူအရာမျိုး ပြတတ်တယ်ဆိုတာကို သိထားခဲ့သည်ပင်။ 


ရွှီချင်းက လီချန်ဖုန်းရဲ့ သိချင်နေတဲ့အကြည့်ကိုတွေ့တော့ ရှင်းပြလိုက်၏။ "ကျွန်တော်က သူ အပူဖုတွေ အများကြီးထွက်နေလို့ ရေပတ်သုတ်ပေးနေတာလေ။ သူ သက်သာသွားရအောင်လို့"  ရွှီချင်း ထွမ်ထွမ်ကို အ၀တ်ဝတ်ပေးလိုက်ပြီး လီချန်ဖုန်း ဆေးကြောပြီးအောင် စောင့်ဆိုင်းပြီးမှ သူ့လက်ထဲ ထည့်ပေးလိုက်သည်။ 


"မီးဖိုချောင်မှာ ကျွန်တော်လုပ်စရာရှိသေးလို့၊ ခင်ဗျား သူ့ကို အရင်ခေါ်ထားလိုက်" 


"ကောင်းပါပြီဗျာ ထွမ်ထွမ်လေးရေ မင်းရဲ့ ပါးပါးကို ဖက်ပါဦးကွာ" 


လီချန်ဖုန်းက ထွမ်ထွမ်မျက်နှာလေးကို အကြိမ်ပေါင်းများစွာ နမ်းလိုက်ပြီးမှ လွှတ်ပေးလိုက်လေ၏။ 


ရွှီချင်း မီးဖိုချောင်သို့ ပြန်သွားကာ စားပွဲပေါ်က အိုးကို ကြိုးဖြင့် ချည်လိုက်ပြီးနောက် ရေတွင်းသို့သွား၍ အိုးကို အထဲမှာ ချထားလိုက်သည်။ ရေတွင်းက အေးမြသည်ဖြစ်၍ ခဏတဖြုတ် အတွင်းထဲမှာ ထည့်ထားလိုက်ပြီးနောက် အရည်တွေက အေးခဲလာပေလိမ့်မည်။ 


လီချန်ဖုန်းက ထွမ်ထွမ်လေးကို ချီထားရင်း ရွှီချင်းထံ ချဉ်းကပ်လာကာ "မနေ့က မင်း မြက်တွေ အများကြီး ပြန်ယူလာတာကို ကိုယ်သတိထားမိတယ်။ အဲ့ဒါက အခု မင်းလုပ်နေတဲ့အရာနဲ့ ဆက်နွယ်နေတာလား?" 


ရွှီချင်း ပဟေဠိဆန်တဲ့ အမူအရာနဲ့ ပြန်ဖြေလာခဲ့၏။ "ဘာမြက်တုန်း? မြက်ပင်ဖြစ်ရင်တောင်မှ ကောင်းနေတုန်းပဲဗျ" 


"ဟုတ်ပါတယ် ဟုတ်ပါတယ်! မြက်ကောင်းလေးပါ" လီချန်ဖုန်း စကားပြောပြီးနောက် အတော်လေးကိုးရိုးကားယားဖြစ်သလို ခံစားလိုက်ရတဲ့အတွက် အများကြီးမပြောတော့ဘဲ သူ့ရင်ခွင်ထဲက ကလေးလေး နေလောင်ဒဏ်မခံရအောင်လို့ ပင်မခန်းသို့ ပြန်သွားလိုက်သည်။ 


ရွှီချင်းလည်း ပင်မခန်းကို ပြန်လာရင်း ပြောလာခဲ့သည်။ "အစ်ကိုရှောင်ယွီနဲ့ မတွေ့ရတာ တော်တော်ကြာပြီ။ မနက်​ဖြန်​ သွားလည်ရမယ်!" 


လီချန်ဖုန်းက ရွှီချင်း ရှဲ့ယွီအကြောင်း ပြောတာကို ကြားလိုက်သည်နှင့် ရုတ်တရက် ပိုသတိရှိလာကာ "ပြီးခဲ့တဲ့လကပဲ မင်းအဲဒီကိုသွားထားပြီးပြီလေ။ ထပ်သွားဦးမလို့လား?"  


ရွှီချင်းက ရှဲ့ယွီကို မကြာခဏ စွဲလန်းသလို စိုက်ကြည့်နေတတ်တာကို လီချန်ဖုန်း သတိထားမိသဖြင့် သူလည်း ထူးဆန်းသလို ခံစားရလေသည်။ 


ကောတစ်ယောက်က တခြားကောတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး စွဲလန်းနိုင်ရတာလဲ? "ကိုယ့်ဇနီးလေးရေ... မင်း တစ်ယောက်ယောက်ကို ကြည့်ချင်ရင် ကိုယ့်ကိုကြည့်လို့ရတယ်လေကွာ။ ကိုယ်ပြောချင်တာက ကိုယ်က မင်း ကိုယ့်ကို ကြည့်စေချင်တာ မဟုတ်ပါဘူး... ကိုယ်​ဆိုလိုတာက ကိုယ်ကလွဲလို့ တခြားဘယ်သူ့ကိုမှ စွဲလန်းနေသလိုမျိုး မကြည့်သင့်ဘူးလေ!" 


ရွှီချင်းက သူ့ရဲ့ သဝန်တိုနေတဲ့ လေသံကြောင့် ရယ်ချင်သွားရကာ " 'ထပ်သွားဦးမလို့လား' ဆိုတာ ဘာအဓိပ္ပါယ်တုန်း? ကျွန်တော် ကိုယ်ဝန်ရှိတုန်းက သူ ခဏခဏ လာလည်ပြီးတော့ အရသာရှိတာတွေ အသုံးဝင်တဲ့ပစ္စည်းတွေ အများကြီး ယူလာပေးတယ်လေ။ အခုက ကျွန်တော် ကျေးဇူးပြန်တုံ့ပြန်ရမယ့်အချိန်ပဲလို့ ခင်ဗျား မထင်ဘူးလား? ခင်ဗျားမသွားရင်လည်း ကျွန်တော့်ဘာသာ တစ်ယောက်တည်းသွားမှာ" 


"သွားပါ၊ သေချာပေါက် ကိုယ်လည်းသွားမှာပေါ့!" လီချန်ဖုန်းက ရွှီချင်း တစ်ယောက်တည်းသွားရန် ရည်ရွယ်နေကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် သဘောတူလာခဲ့သည်။ သူ့ဇနီးလေးက သူရှိနေတာတောင်မှ အဲ့ဒီလူကို ပြင်းပြတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာ။ အကယ်၍ ရွှီချင်း တစ်ယောက်တည်းသာ တကယ်ပဲ သွားခွင့်ရသွားခဲ့ရင်တော့ ဘာဖြစ်လာမလဲဆိုတာ သူတွေးကြည့်လို့တောင် မရဘူး! 


ရွှီချင်း ပြုံးနေရင်း လီချန်ဖုန်း ပင်ပန်းနေပုံပေါ်တာကို သတိပြုမိသဖြင့် "ဒီနေ့ နေအရမ်းပူနေတော့ တစ်ရေးတစ်မော သွားအိပ်လိုက်ဦး" 


မနေ့ညက ထွမ်ထွမ်လေး သောင်းကျန်းသည့်အခါ လီချန်ဖုန်းက ရွှီချင်းကို မထစေဘဲ သူပဲ ကလေးလေး အိပ်ပျော်အောင်လို့ ချီထားပေးရင်း တစ်နာရီလောက် အခေါက်ခေါက်အခါအခါလမ်းလျှောက်ကာ ချော့သိပ်ပေးခဲ့သည်။ 


ထို့နောက်တွင်မူ မိသားစုသုံးယောက်သား မနက်စောစောစီးစီး လီမိသားစုအိမ် သွားခဲ့ရသည်။ 


"ဟုတ်ပါပြီ ကိုယ် အနားယူလိုက်ဦးမယ်" လီချန်ဖုန်း ငိုက်မျဉ်းသလို ခံစားရ၍ သဘောတူလိုက်လေသည်။ 


ရွှီချင်းက တက်ကြွနေတဲ့ ထွမ်ထွမ်လေးကို ယူလိုက်ပြီး လှည်းပေါ်တင်ကာ ဆိုင်ကို သွားလိုက်၏။ နေသာတဲ့ နေ့ရက်တွေမှာ လယ်သမားမိသားစုအများစုဟာ အပူဒဏ်ကို ရှောင်ရှားရန် အိမ်ထဲတွင်သာ နေတတ်ကြသည်။  


သို့သော် ပစ္စည်းဝယ်ဖို့ ရောက်လာသူတစ်ချို့လည်း ရှိပါသေးသည်။ ရွှီချင်းက ကျန်းမိသားစုရဲ့ စီးပွားရေး ဘယ်လိုနေလဲဆိုတာ မသိသော်လည်း သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးကိုတော့ ထိခိုက်ခြင်းမရှိတာကို သိပေသည်။ 


ဝယ်သူတွေမရှိသည့်အခါ ရွှီချင်းက ထွမ်ထွမ်အတွက် ဖိနပ်တစ်ရံလုပ်ပေးရန် အလုပ်ရှုပ်နေပါတော့သည်။ ကလေးလေးတွေ လမ်းစလျှောက်သည့်အခါ ဖိနပ်လိုလာမယ်ဆိုတဲ့အကြောင်းကို အဒေါ်ရှဲ့ဆီက ကြားထားခဲ့သဖြင့် ရွှီချင်းလည်း ထွမ်ထွမ်အတွက် နောက်ထပ်ဖိနပ်အရံများများ ပြုလုပ်ရန် လိုအပ်နေမှန်း သိလေ၏။  


ရိတ်သိမ်းရာသီနီးလာပြီဖြစ်၍ ရွှီချင်းက လယ်ယာအလုပ်များဖြင့် အလုပ်ရှုပ်နေမယ်လို့ မျှော်မှန်းထားသောကြောင့် သူအခွင့်အရေးရတုန်း ဖိနပ်လေးတွေကို ပြီးအောင်ချုပ်ထားချင်ခဲ့တာဖြစ်သည်။ 


ညနေခင်း၌ ညစာစားပြီးနောက် ခြံထဲတွင် မိသားစုနှင့်အတူ အချိန်ကုန်ဆုံးနေချိန်တွင် ရွှီချင်းက ရေတွင်းသို့သွားကာ ဇလုံအဖုံးကို ပင့်မလိုက်၏။ အတွင်းထဲကို ကြည့်လိုက်တော့ ကြည်လင်ပြီး ဂျယ်လီကဲ့သို့ အိတုံအိတုံဖြစ်နေပြီဆိုတာကို တွေ့လိုက်ရချေပြီ။ 


"ဟေး အဲ့ဒါက တို့ဟူးနဲ့တူတာပဲ" လီချန်ဖုန်း  အနီးကပ် ခေါင်းငုံ့ကြည့်လိုက်ရင်း အာမေဍိတ်သံဖြင့် "ဒါပေမယ့် ဘာလို့ အနံ့မရှိတာလဲ?" 


"အင်း ဒီဟာက အနံ့မရှိဘူးလေ။ ခင်ဗျားမြည်းကြည့်ချင်လား?" ရွှီချင်းက ကျောက်ကျောဂျယ်လီဇလုံကို မီးဖိုချောင်ထဲသို့ သယ်သွားရင်း ပြန်ဖြေလာခဲ့သည်။ ထို့နောက် ဓားဖြင့် အတုံးသေးသေးလေးတွေ လှီးဖြတ်လိုက်ကာ အပေါ်မှသကြားနှင့် မြေပဲထောင်းတွေ ထည့်လိုက်လေသည်။ 




လီချန်ဖုန်းက အချိုပွဲကို တစ်လုတ်စားကြည့်ပြီးနောက် အရသာရှိနေမှန်း သိလိုက်ရပြီ။ ထိုအချိန်မှာပဲ ထွမ်ထွမ်က သူ့လက်မောင်းကို တွယ်တက်လာကာ အချိုပွဲကိုကြည့်ရင်း သွားရည်တွေ ကျလာလျက်။ 


"ဒါက အရမ်းအရသာရှိတာပဲ!" သူ မှတ်ချက်ပြုလိုက်ကာ ထွမ်ထွမ်ရဲ့ စိတ်အားထက်သန်နေတဲ့ အမူအရာလေးကို သတိပြုမိပြီး ရွှီချင်းကို မေးလိုက်လေသည်။ "ထွမ်ထွမ့်ကိုရော နည်းနည်းကျွေးလို့ရလား?" 


"အာ အာ!" 


လီချန်ဖုန်း စကားပြောနေစဉ်မှာပင် ထွမ်ထွမ်က ကျောက်ကျောဂျယ်လီကို မြည်းကြည့်ဖို့  စိတ်အားထက်သန်စွာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါတော့သည်။ 


ရွှီချင်း သူ့ပါးစပ်ထဲက အေးမြနူးညံ့တဲ့ ကျောက်ကျောဂျယ်လီကို အရသာခံနေရင်း ထွမ်ထွမ်ကို မော့ကြည့်လိုက်ကာ "ကျွန်တော် သူ့အတွက် နည်းနည်းသွားခပ်ပေးလိုက်မယ်။ သူ့အတွက် ဒီလိုအအေးစာတွေက အများကြီးစားလို့မရသေးဘူးလေ" လီချန်ဖုန်းက ထွမ်ထွမ်ကို အလွန်အကျွံကျွေးလိုက်မှာကို ရွှီချင်း စိုးရိမ်နေခဲ့သည်။ 


ထွမ်ထွမ်လေးက ချိုမြမြကျောက်ကျောဂျယ်လီကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်ပြီးနောက် သူ့မျက်လုံးတွေက ကျေနပ်အားရမှုတို့ဖြင့် ပြုံးနေပါတော့သည်။ 


နောက်တစ်နေ့နံနက် မနက်စာစားပြီးချိန်၌ မိသားစုသုံးယောက်သား မြည်းလှည်းစီးကာ လင်းမိသားစုအိမ်သို့ သွားခဲ့ကြသည်။ ရွှီချင်းက ထွမ်ထွမ်နှင့် အဒေါ်ရှဲ့ကို အထဲခေါ်သွားကာ လီချန်ဖုန်းကိုတော့ ဆေးခန်းဆီပဲ လွှတ်လိုက်၏။ 


လီချန်ဖုန်းမှာ တွန့်ဆုတ်နေသော်ငြား အခန်းထဲတွင် ကောတွေသာ ရှိသောကြောင့် သူဝင်သွားလို့ မသင့်တော်ကြောင်း သိပေသည်။ သို့သော်လည်း သူ့ဇနီးလေးကို ဆက်တိုက်ကြည့်နေရင်း စိတ်မသက်မသာသလို ခံစားလိုက်ရ၏။ 


ထို့ကြောင့် လီချန်ဖုန်းလည်း မသက်မသာဖြစ်နေတဲ့ ဖန်လိုနှလုံးသားလေးနှင့်အတူ ဆေးခန်းဆီ သွားလိုက်ပေသည်။ တိုက်ဆိုင်စွာပင် ဆေးခန်းမှထွက်သွားတဲ့ ချန်ချီရဲ့ ဇနီးကို မြင်လိုက်ရ၏။ 


"ချန်ဖုန်း မင်းရောက်လာတယ်။ မြန်မြန်ဝင်လာလေ! ငါ မင်းကို မတွေ့ရတာကြာပြီကွာ။ ငါ့သားလေးရော နေကောင်းတယ်မလား?" လင်းဖန်းလျန်က အခုလေးတင် လူနာတစ်ဦးကို ကြည့်ပြီးချိန်တွင် လီချန်ဖုန်း တံခါးမှ ဝင်လာသည်ကို မြင်လိုက်ရ၍ အပြုံးနဲ့ နှုတ်ဆက်လာခဲ့သည်။ 


"သူက အပူဖုထွက်နေတာကလွဲပြီးတော့ အားလုံးကောင်းပါတယ်ကွာ" လီချန်ဖုန်း ထိုင်ပြီးနောက် ပြုံးကာ ထွမ်ထွမ်အကြောင်းပြောလိုက်လေသည်။ 


လင်းဖန်းလျန် ကြားလိုက်သည့်အခါ ထွမ်ထွမ်ရဲ့ အခြေအနေကို အနည်းငယ် စိုးရိမ်သွားခဲ့ပေမယ့် လီချန်ဖုန်းက စိုးရိမ်နေပုံမပေါ်တာကို သတိပြုမိတဲ့အတွက် သူ့လေသံမှာလည်း သံသယနည်းနည်းဖြင့် မေးလာခဲ့သည်။ "သူအဆင်ပြေရဲ့လား? ဘာမှားလို့လဲ?"  


လီချန်ဖုန်းက လင်းဖန်းလျန်ရဲ့ မေးခွန်းကို ရွှင်မြူးစွာ တုံ့ပြန်လိုက်ရာ "အဲ့ဒါက သူ့မှာ အသားတွေ အရမ်းများနေလို့လေ၊ အဲ့တော့ လေဝင်လေထွက်မရှိလို့ ပြန်သက်သာဖို့ နည်းနည်းတော့ နှေးနေတာပေါ့ကွာ!" 


"ဖူး!" 


Thanks for reading!