အခန်း ၈၂
"သားဆိုးပဲ! သားဆိုးပဲကွ!" အဖေလီ ဒေါသတကြီး အော်ဟစ်ပြီးမှ အမေလီဘက် လှည့်ကာ ပြောလိုက်၏။ "မင်းကြားသလား? အဲ့ဒါက မင်းမွေးထားတဲ့ သားကောင်းလားကွ?!"
အမေလီရဲ့ မျက်နှာမှာ ချက်ချင်းဆိုသလို နစ်မြုပ်သွားရကာ လီချန်ဖုန်းအား ပြောလိုက်လေသည်။ "ဒုတိယကလေး မင်းဘာတွေပြောနေတာလဲ? ဘာတွေပဲဖြစ်ဖြစ် ငါတို့အားလုံးက မိသားစုတွေပဲလေ!"
"အမေနဲ့ အဖေ၊ ဒုတိယညီကို အပြစ်မတင်ပါနဲ့။ ရှောင်းအာနဲ့ ဒုတိယညီကို ပြန်လာခိုင်းတာ ကျွန်တော်ပါပဲ" တစ်ချိန်လုံး စကားမပြောရသေးတဲ့ လီလောင်တက ထရပ်လာပြီး အမေလီကို ပြောလိုက်သည်။
"မင်းက သူတို့လာခိုင်းတာလား?" အဖေလီမှာ လီလောင်တကို ကြည့်ရင်း ပိုလိုတောင် ဒေါသထွက်လာရကာ "ငါ မင်းကို စကားကောင်းကောင်း မပြောဖူးဘူးပဲ။ မင်းငါ့ကိုပြောစမ်း၊ သားကြီးဖြစ်တဲ့ မင်းက မိသားစုခွဲထွက်ချင်တဲ့အကြောင်းပြောတာ မှန်တယ်လို့ထင်နေတာလား?"
"ပြောရမယ်ဆိုရင် သားကြီး မင်းလုပ်တာ မမှန်ဘူးနော်။ ငါတို့နဲ့တောင် မတိုင်ပင်မဆွေးနွေးရသေးဘဲ မင်းညီတွေကို ပြန်လာဖို့ ခေါ်လိုက်တယ်ပေါ့" အမေလီလည်း အနည်းငယ် မကျေမနပ်ဖြစ်နေပေမယ့် သူ့စကားတွေက အဖေလီလောက်တော့ မပြင်းထန်ပါချေ။
အမှန်တကယ်တော့ လီလောင်တဟာ သားဦးဖြစ်သလို ဤကလေးက နှစ်တွေတစ်လျှောက်လုံး မိသားစုအတွက် အများဆုံး လုပ်ဆောင်ပေးခဲ့သူပင်။
သို့ရာတွင် မိသားစုအတွက် အမြဲလိုလို ရိုးသားပြီး လုံ့လစိုက်ထုတ်လေ့ရှိတဲ့ သားကြီးဟာ ဘာကြောင့်များ ရုတ်တရက်ကြီး မိသားစုခွဲထွက်ချင်ရသလဲဆိုတာကို သူနားမလည်နိုင်သေး။
လီလောင်တရဲ့ ဇနီးက ဘေးမှာ ခေါင်းငုံ့ထိုင်နေကာ စကားတစ်ခွန်းမှမပြောခဲ့သလို လီလောင်စန်းနဲ့ ဝမ်လိတို့လည်း အသံမထွက်ကြပေ။
"အဲ့ဒါက… တတိယညီရဲ့ ဇနီးက ကိုယ်ဝန်ထပ်ရှိနေပြန်ပြီလေ။ ဒီမိသားစုထဲက ကလေးတွေက တဖြည်းဖြည်း အသက်တွေပိုပိုကြီးလာလို့ အိမ်မှာလည်း အခန်းမလုံလောက်တော့ဘူးဆိုတော့ ဘာလို့များ မိသားစုမခွဲလိုက်ကြတာလဲလို့ ကျွန်တော်တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် နောက်မျိုးဆက်သစ်တွေအတွက် အိမ်အသစ်တစ်လုံး ဆောက်ရမှာပဲလေ။"
လီလောင်တဟာ သူ့မွေးချင်းမောင်နှမတွေထဲမှာ အမြဲတမ်း ဥာဏ်ရည်အနည်းဆုံးပင်။ မည်သို့ပင်ဖြစ်စေကာမူ လီလောင်တပြောလိုက်သည့် ဝမ်လိရဲ့ ကိုယ်ဝန်ကြောင့်ဆိုတာက မိသားစုခွဲထွက်ခြင်းအတွက် ခိုင်လုံတဲ့ အကြောင်းပြချက် ဟုတ်မနေခဲ့။
ဝမ်လိက ကိုယ်ဝန်ထပ်ရှိနေတာလား? ရွှီချင်း ခေါင်းမော့ကာ အဲ့ဒီလူကို ကြည့်လိုက်သလို လီလောင်စန်းဘေးမှာ ထိုင်နေကြတဲ့ လီရှောင်းအာနှင့် လီချန်ဖုန်းတို့လည်း အတူတူပင်။ ရုတ်တရက် လူတွေအများကြီး ဝိုင်းကြည့်ခံလိုက်ရသဖြင့် ဝမ်လိမှာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားရ၏။
"မင်းတို့ ဘာကြည့်နေကြတာလဲ၊ အရင်က ကောတစ်ယောက် ကိုယ်ဝန်ဆောင်တာ မတွေ့ဖူးဘူးလား?" လီလောင်စန်း မပျော်မရွှင်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
"လောင်စန်း မင်းဘယ်လိုပြောနေတာလဲ?!" အဖေလီက လီလောင်စန်းကို ဆူပူလိုက်၏။ ဒီကလေးဟာ အမြဲလိုလို သူ့ကို စိတ်ဆင်းရဲရအောင်လုပ်နေတာပဲ။
အမေလီက တွေဝေနေတဲ့ပုံစံနဲ့ ထိုင်နေဆဲဖြစ်တဲ့ လီလောင်တရဲ့ ဇနီးဘက် လှည့်ကာ "လောင်တရဲ့ဇနီးနဲ့ ဒီအကြောင်း ဆွေးနွေးကြည့်တာပေါ့။ ငါ့သားအကြောင်း ငါသိပြီးသား၊ သူက အကြောင်းရင်းမရှိဘဲ မိသားစုခွဲထွက်ချင်လိမ့်မယ်လို့ ငါမယုံဘူး"
အဖေလီ စကားမပြောသော်လည်း သူ့မျက်လုံးတွေက လီလောင်တရဲ့ ဇနီးကို စိုက်ကြည့်နေလျက်။
လီလောင်တ အလျင်စလို ခေါင်းယမ်းလိုက်ရင်း "မဟုတ်ဘူး! ကျွန်တော့်မိန်းမကြောင့် မဟုတ်ဘူးနော်။ ဒါတွေက ကျွန်တော်ပြောချင်နေခဲ့တာတွေချည်းပဲ၊ ပြောချင်ခဲ့တာ နှစ်တွေတော်တော်ကြာခဲ့ပြီ"
"လာစမ်းပါ၊ မင်းက ငါ့သားလေ၊ မင်းအကြောင်း ငါ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ သားကြီး မင်းက ဒီမိသားစုအတွက် နှစ်ပေါင်းများစွာ လုံ့လစိုက်ထုတ်ပြီး ကြိုးစားပေးခဲ့တာလေ။ ဒီအမေက ဒီကိုယ်ပိုင်မျက်လုံးနဲ့လည်း မြင်ခဲ့ရသလို စိတ်ထဲမှာလည်း မှတ်မိပြီးသား။ ငါမွေးတဲ့ ကလေးလေးယောက်ထဲမှာ မင်းက အရိုးသားဆုံးနဲ့ နာခံမှုအရှိဆုံးပဲလေ"
စကားပြောနေစဉ်တွင် အမေလီက တခြားသူတွေကို နာခံမှုမရှိသူတွေအဖြစ်၊ မရိုးသားသူတွေအဖြစ် ပြစ်တင်ဝေဖန်ခဲ့ပါသေးသည်။
"အမေ…"
အမေလီရဲ့ စကားကို ကြားလိုက်ရသောအခါ လီလောင်တလည်း အံ့အားသင့်သွားရကာ ဘာပြန်ပြောရမလဲဆိုတာကို မသိတော့ပါချေ။ တစ်ချိန်လုံး ခေါင်းငုံ့ထားတဲ့ သူ့ဇနီးကတော့ သူ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားရလျက်။
လီလောင်တရဲ့ ဇနီး ဘေးမှာထိုင်နေတဲ့ ရွှီချင်းက သူ့လုပ်ရပ်ကိုမြင်လိုက်ရာ စိတ်ထဲမှာပဲ သက်ပြင်းချလိုက်တော့သည်။
"ကောင်းပြီ ထားလိုက်တော့။ ဒီကိစ္စတွေကို မဖြစ်ခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်ကြတာပေါ့။ ငါ ဒါမျိုးတွေ ထပ်မကြားချင်တော့ဘူး။ မင်းတို့အားလုံးလည်း ဒီမှာရှိနေတော့ မပြန်ခင် နေ့လည်စာ အတူတူစားသွားကြ!" အမေလီ မတ်တပ်ထရပ်ပြီး လူတိုင်းအတွက် ဆုံးဖြတ်ချက်ချပေးလိုက်သည်။
"ဟင့်အင်း၊ ကျွန်တော်တို့ မစားတော့ဘူး။ အိမ်မှာ လုပ်စရာတွေ အများကြီးရှိသေးလို့၊ ဒါဆို အရင်ပြန်တော့မယ်" သူ့ကို နာခံမှုမရှိသူ၊ ရိုးသားမှုမရှိသူလို့ အရိပ်အမြွက်ပြောခံထားရတဲ့ လီချန်ဖုန်းက ထရပ်ကာ ပြောလိုက်သဖြင့် ထွမ်ထွမ့်ကို ချီထားတဲ့ ရွှီချင်းလည်း သူ့ထိုင်ခုံမှ ထလိုက်လေသည်။
"အဲ့ဒါက အိမ်မှာ ကျွန်တော်တို့နှစ်ယောက်တည်းရှိတော့ စိုက်ပျိုးရမယ့် လယ်ကွင်းတွေလည်းအများကြီးရှိတယ်လေ။ ထွမ်ထွမ်လည်းရှိနေတော့ လယ်အလုပ်တွေအများစုက ချန်ဖုန်းပုခုံးပေါ်ပဲ ကျနေတာဆိုတော့ တခြားလူတွေရဲ့ အလုပ်တွေနဲ့ ယှဥ်ရင် နည်းနည်းပိုနှေးနေတာ"
"တခြားလူ"လို့ ဖော်ပြခံရသူမှာ ဒါကို မငြင်းဆန်နိုင်ဘဲ ဟန်ဆောင်ပြုံးနေခဲ့သည်။ ရွှီချင်းက ထွမ်ထွမ်ကို ပွေ့ချီထားရင်း ဆက်ပြောလာရာ "ထွမ်ထွမ်လေးရေ ငါတို့အိမ်ပြန်ဖို့ အချိန်တန်ပြီဟေ့။ မင်းရဲ့ အဖိုးအဖွားတွေကို မြန်မြန်လေး နှုတ်ဆက်လိုက်ပါဦး"
"အိုး ငါ့ရဲ့ထွမ်ထွမ်လေး အဖွားကတော့ မြေးလေးကို ဒီအတိုင်း ပြန်လွှတ်လိုက်နိုင်မယ်လို့ မထင်ဘူးကွယ်" အမေလီက ရှေ့တိုးလာကာ ထွမ်ထွမ်ကို ချီလိုက်ပြီး ကျီစယ်နေရင်း ရွှီချင်းကို ပြောလိုက်၏။ "အိမ်မှာ လုပ်စရာတွေအများကြီးရှိနေတာဆိုတော့ ချန်ဖုန်းကလည်း တစ်ယောက်တည်း မလုပ်နိုင်ရင် ထွမ်ထွမ်ကို ငါနဲ့ထားခဲ့လိုက်လေ။ ငါကြည့်ထားပေးလို့ရတယ်၊ ဒါဆို မင်းတို့ရဲ့အလုပ်တွေကို ပိုမြန်မြန်ဆန်ဆန်လုပ်နိုင်တာပေါ့"
ဒါဟာ ကျောက်တုံးကို ကိုယ့်ခြေထောက်အပေါ် ကိုယ်ပြန်ပစ်ချတာနဲ့ တူနေမလား?! ဒီတစ်ခါတော့ ရွှီချင်း အမှန်တကယ်ခံစားသွားရပေသည်။ သူ စကားမပြောနိုင်သေးခင်မှာပဲ လီချန်ဖုန်းက ထွမ်ထွမ်ကို အမေလီလက်ထဲက ယူလိုက်ကာ -
"ဒါတွေ စိတ်ပူမနေပါနဲ့။ ကျွန်တော့်အသက်လည်းကြီးနေပါပြီ၊ ပြီးတော့ ကျွန်တော်က နာခံမှုမရှိတဲ့၊ မရိုးဖြောင့်တဲ့ သားတစ်ယောက်ပဲလေ။ ထွမ်ထွမ်က ဒီလောက်ငယ်သေးတာကို၊ အကယ်၍များ သူသာ အမေ့နောက်လိုက်ခဲ့ရင် သူကြီးလာတဲ့အခါ သူလည်း နာခံမှုမရှိတဲ့သူ၊ မရိုးဖြောင့်တဲ့သူဖြစ်လာမယ် မဟုတ်လား? အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှမတတ်နိုင်ဘဲ နောင်တရနေရမှာ"
ရွှီချင်းမှာ လီချန်ဖုန်းရဲ့ စကားကို နားထောင်ရင်း သူ့ပါးစပ်ထောင့်တွေက အလိုအလျောက် တွန့်သွားရကာ သူလည်း ဘာပြောရမှန်းမသိသောကြောင့် သင့်လျော်တဲ့ အပြုံးလေးကိုသာ ပြုံးထားလိုက်၏။
"မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ?! ရပ်လိုက်စမ်း! ငါပြောနေတယ် ရပ်လိုက်စမ်း!" အမေလီ ဒေါသတကြီးဖြင့် လီချန်ဖုန်းကို အော်ဟစ်နေလျက်။
လီချန်ဖုန်းက ထွမ်ထွမ်ကို ချီထားရင်း ရွှီချင်းကို ဆွဲခေါ်သွားကာ အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်၏။ "မရပ်နိုင်ဘူး။ ကျွန်တော်က နာခံမှုမရှိတဲ့ မရိုးဖြောင့်တဲ့လူပဲ။ ဒီတော့ အပြောနဲ့ လိုက်လျောညီထွေအောင် တကယ်ပဲ လုပ်ရမှာပေါ့ဗျာ"
"မင်း... မင်း... ငါ့ကို တကယ် စိတ်ကုန်အောင်လုပ်နေတာပဲ!" အမေလီက လီချန်ဖုန်းရဲ့ ထွက်သွားတဲ့ ပုံရိပ်ကို လက်ညှိုးထိုးနေရင်း ပြောစရာစကားပျောက်ရှသွားရပေသည်။
အဖေလီက ဆေးပြင်းလိပ်ကို ကိုင်ထားတဲ့ လက်ကို ခါယမ်းကာ အပြုံးမဲ့နေလျက် "ဘာလဲ? အခုတော့ မင်းရဲ့သားကောင်းလေးကို စိတ်ဆိုးနေပြီပေါ့!"
လီရှောင်းအာနှင့် ဝမ်လေ့တို့က ဘေးမှာ ရပ်နေရင်း လီချန်ဖုန်းနှင့် သူ့မိသားစု ထွက်သွားသည်ကို ကြည့်နေခဲ့ပြီးမှ လီရှောင်းအာလည်း ဝမ်လေ့ရဲ့ လက်ကို သာသာလေး ဆွဲလိုက်ရာ ဝမ်လေ့လည်း အချက်ပြမှုကို နားလည်သဖြင့် ချက်ချင်းပင် ပြုံးလိုက်ကာ အဖေလီတို့စုံတွဲအား "ယောက္ခမကြီးတို့ ကျွန်တော်တို့လည်း ပြန်ရမှာဗျ၊ ခါတိုင်း ဆိုင်ကို ကျွန်တော်တစ်ယောက်တည်း စီမံတာဆိုတော့ အဖေတစ်ယောက်တည်း ကောင်းကောင်းမကိုင်တွယ်နိုင်မှာ စိုးရိမ်လို့ပါ။ ချက်ပြုတ်ဖို့အတွက်လည်း အားလုံးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူးဗျာ။ ဒါဆို ကျွန်တော်တို့လည်း ပြန်လိုက်ပါဦးမယ်"
"ဟုတ်တယ် အဖေနဲ့ အမေ၊ နောက်ကျ အမေတို့အားရင် ကျွန်တော်တို့အိမ်ကို အလည်လာကြပါဦး။ အခုတော့ ပြန်လိုက်ဦးမယ်နော် ဒီရက်ပိုင်း ဆိုင်မှာလည်း အလုပ်ရှုပ်နေလို့" လီရှောင်းအာ ရှေ့ထွက်လာကာ အပြုံးလေးနဲ့ ပြောလိုက်လေသည်။
အမေလီနဲ့ အဖေလီတို့က သူတို့သားမက်ဖြစ်တဲ့ ဝမ်လေ့နဲ့ ပတ်သက်ပြီး အတော်လေးကျေနပ်ကြ၏။ ဝမ်လေ့မှာ လုပ်ငန်းတစ်ခု လည်ပတ်ဖို့ရှိမှန်း သိထားသဖြင့် သူတို့ကို အကြာကြီး ခေါ်ထားလို့မရသည်မှာ သဘာဝပင်။
ဆိုင်မှာ အလုပ်ရှုပ်နေတယ်လို့ ကြားတော့ အမေလီလည်း အလျင်စလို ပြောလာခဲ့သည်။ "ကောင်းပြီလေ၊ ဒါဆို မင်းတို့ပြန်တော့လေ၊ လမ်းမှာ ဂရုစိုက်ကြဦး!"
"ကောင်းပြီ၊ နောင်ကျ ငါတို့နဲ့ နည်းနည်းသောက်ကြဖို့လည်း ပြန်လာခဲ့ဦး" အဖေလီလည်း စိတ်ငြိမ်သက်သွားခဲ့ပြီး ဝမ်လေ့ကို ပြောလိုက်လေသည်။
ဝမ်လေ့ ထပ်ခါထပ်ခါ ခေါင်းညိမ့်နှုတ်ဆက်လိုက်ပြီး လီရှောင်းအာနဲ့အတူတူ ထွက်လာခဲ့တော့သည်။
ဧည့်သည်များ ထွက်သွားသည်နှင့် အဖေလီရဲ့ မျက်နှာဟာ အရင်ကထက် ပိုလို့တောင် မှုန်မှိုင်းနေလျက်။ သူက လီလောင်စန်းအား "မင်းတို့နှစ်ယောက်ပြန်သွားသင့်ပြီ၊ အခု မင်းမိန်းမက ကိုယ်ဝန်ရှိနေတယ်ဆိုတော့ သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးလိုက်ဦး" လီလောင်စန်းလည်း အဖေလီအား ကျေးဇူးတင်ကြောင်းပြောပြီးနောက် ဝမ်လိနှင့်အတူ ထွက်သွားတော့သည်။
ဘေးမှာရှိနေတဲ့ အမေလီကလည်း လီလောင်စန်းရဲ့ ဇနီးကို ပြောလိုက်သည်။ "ဟုတ်တယ်၊ ကိုယ့်ဘာကိုယ်ဂရုစိုက်ဦး!"
ထိုအချိန်တွင် လီချန်ဖုန်းနှင့် ရွှီချင်းတို့က ယခုအခါ ဝမ်လေ့နဲ့ လီရှောင်းအာတို့နှင့်အတူ ရှိနေကြ၏။
"ဒုတိယအကို၊ အိမ်မှာ တစ်ခုခုဖြစ်နေတာကြောင့် အကိုကြီးက မိသားစုခွဲထွက်ချင်တဲ့အကြောင်းပြောတာလို့ အကိုထင်လား?" လီရှောင်းအာ လှည်းပေါ်တွင်ထိုင်ကာ လီချန်ဖုန်းကို မေးလိုက်သည်။
လီချန်ဖုန်း နှာခေါင်းရှုံကာဖြင့် မှတ်ချက်ပြုလိုက်ရာ "ဒီလို စဉ်းစားကြည့်လိုက်။ မင်းနဲ့ငါက အခုဆို လီမိသားစုဝင်တွေ မဟုတ်ကြတော့ဘူး။ ကျန်မိသားစုဝင်တွေထဲမှာ တစ်ဝက်လောက်အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးသုံးယောက်ရယ်၊ ပျင်းရိတဲ့ တတိယညီရယ်ရှိနေတာ။ အခု သူ့ဇနီးကပါ ကိုယ်ဝန်ရှိနေတော့ တစ်အိမ်လုံးရဲ့ အိမ်အလုပ် ကြီးကြီးငယ်ငယ်ကိစ္စအားလုံးက အကိုကြီးနဲ့ သူ့ဇနီးအပေါ်ကိုပဲ ရောက်သွားမယ်လို့ မင်းမထင်ဘူးလား?"
ရွှီချင်းလည်း သူတို့ အိမ်ထဲရောက်ရောက်ချင်း ကလေးငယ် တာ့နျိုက လေးလံတဲ့ ရေပုံးနှစ်ပုံးကို သူ့ဘာသူ သယ်နေရတာကို ပြန်သတိရမိသွား၏။ သူ့ကိုယ်သေးသေးလေးနဲ့ဆို သူ့အတွက် ခက်ခဲလိမ့်မှာပဲလို့ ရွှီချင်း တွေးနေမိလျက် "သူက အရမ်းငယ်သေးတာကို" ရွှီချင်း ဆက်ပြောကာ "ကလေးတစ်ယောက်ကို အများကြီးလုပ်ခိုင်းထားပုံရတယ်"
ဝမ်လေ့က လီရှောင်းအာနှင့် လက်ထပ်ခါစဖြစ်တာတောင်မှ လီမိသားစုရဲ့ အခြေအနေနှင့် ပတ်သက်၍ သိနေခဲ့ပြီဖြစ်သည်။ မိသားစုခွဲထွက်မယ့်ကိစ္စဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ကြောင်း ထင်ရှားလေသည်။
တတိယအစ်ကိုနှင့် ကျန်မိသားစုဝင်တွေက စကားဝိုင်းတစ်ခုလုံးမှာ နှုတ်ဆိတ်နေခဲ့ပြီး ဝမ်လေ့ရဲ့ ယောက္ခထီးကလည်း မိသားစုခွဲထွက်ရန် စိတ်ကူးကို ဆန့်ကျင်နေခဲ့၏။ ကြည့်ရတာတော့ ဒီမိသားစုဟာ အနာဂတ်မှာလည်း အတူတကွ ရှိနေလိမ့်မယ်လို့ ကြိုမြင်နိုင်ပေသည်။
"ငါ့အထင်တော့ ဒီမိသားစုကို ခွဲထွက်ဖို့ဆိုတာ ရေးရေးလေးတောင် မဖြစ်နိုင်ဘူး။ တတိယညီက အဲ့ဒီအကြံကို တက်တက်ကြွကြွနဲ့ မထောက်ခံဘူးဆိုရင်တော့ အကိုကြီးက အဲ့ဒီအကြောင်း အိပ်မက်တောင်မက်လို့ရမှာမဟုတ်ဘူး" လီမိသားစုရဲ့ သဘောသဘာဝကို ကောင်းစွာနားလည်နေသူ လီချန်ဖုန်းက ဖြစ်လာမယ့်အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်သဖြင့် ဤသို့ မှတ်ချက်ပေးခဲ့ပါသည်။
ရွှီချင်းမှာ လီလောင်တရဲ့ ဇနီးဘေးမှာ ထိုင်ခဲ့ရသဖြင့် ထိုလူက တစ်ချိန်လုံး နှုတ်ဆိတ်နေပေမယ့် စိတ်လှုပ်ရှားနေခဲ့တယ်ဆိုတာကို သတိရမိသွားရသည်။ သူက နာခံမှုရှိစွာ တိတိတဆိတ်ထိုင်နေခဲ့သော်လည်း ရွှီချင်းက သူ့မျက်လုံးတွေထဲက စိတ်ပျက်အားငယ်မှုကို မြင်နိုင်ပေသည်။
လီလောင်တဟာ သူ့မိသားစုကို စစ်မှန်စွာ ဂရုစိုက်တတ်သည့် ကြင်နာရိုးသားသူတစ်ယောက်ပင်။ သို့သော်လည်း သူ့ရဲ့ သားသမီးဝတ္တရားကျေပွန်လွန်းခြင်းကြောင့် သူ့ရဲ့ တတိယညီနှင့် တခြားမိသားစုတွေကို ဆန့်ကျင်ဖို့အတွက် ခဲယဥ်းနေပါသည်။
သူ့ဇနီးနှင့် သားသမီးတွေကို ကာကွယ်လိုသော ဆန္ဒရှိသော်ငြား ကျန်မိသားစုဝင်တွေရဲ့ ဖိအားအောက်တွင် အများကြီး မလုပ်ဆောင်နိုင်ခဲ့ပေ။ မိသားစုခွဲထွက်ဖို့ စိတ်ကူးအကြံဥာဏ်ဟာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့လေပြီ။
ဝမ်လေ့နှင့် လီချန်ဖုန်းတို့လည်း အိမ်မပြန်ခင် စကားစမြည်ပြောဆိုခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြပြီး သက်ဆိုင်ရာအိမ်ဆီသို့ ပြန်ခဲ့ကြပါတော့သည်။
အိမ်ပြန်ရောက်သည်နှင့် ရွှီချင်း သူ့လက်ကို ဆေးကာ ထွမ်ထွမ်လေးကို ဆီးသွားအောင် ကူညီပေးနေတဲ့ လီချန်ဖုန်းကို ပြောလိုက်လေသည်။ "ဒီနေ့ ခင်ဗျားစကားက တော်တော်လေးရဲရင့်တာပဲနော်!"
လီချန်ဖုန်းမှာ မရင်းနှီးတဲ့ အသုံးအနှုန်းကြောင့် ပြန်မေးလိုက်၏။ " 'ရဲရင့်တယ်?' အဲ့ဒါက ဘာအဓိပ္ပါယ်လဲ?"
ရွှီချင်း သူ့လက်ထဲက ရေတွေကို ခါထုတ်လိုက်ပြီး မျက်ခုံးတွန့်ချိုးသွားကာ ခဏလောက် စဉ်းစားလိုက်၏။ "ဘယ်လိုပြောရမလဲ… အဓိပ္ပါယ်ကတော့ အရမ်းအားကောင်းတာ၊ အရမ်းမိုက်တာပေါ့"
လီချန်ဖုန်းက "ရဲရင့်တယ်"ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း မသိသေးသော်လည်း ရွှီချင်းရဲ့ လေသံမှတစ်ဆင့် အထင်ကြီးလောက်တဲ့ စကားလုံးဖြစ်ကြောင်း ပြောနိုင်ပေသည်။
"ဒါပေါ့" သူပြန်ဖြေလိုက်ပြီး "ကိုယ်က အရမ်းနာခံမှုရှိပြီး ရိုးသားလွန်းတယ်လို့ အမြင်မခံချင်ပါဘူး။ တစ်ခုခုကို စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသရမယ်။ မဟုတ်ရင် မင်းက တကယ်ပဲ ကိုယ့်ကို ထွမ်ထွမ်ကို အဲ့ဒီမှာ ထားခဲ့စေချင်လို့လား?"
"နောက်ဆုံးတော့ တတိယညီရဲ့ဇနီးက အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ အမေက ထွမ်ထွမ်ကို အနားမှာ ခေါ်ထားချင်နေတာဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်လည်း ထွမ်ထွမ်ကို အဲ့ဒီမှာ မထားခဲ့ချင်ပါဘူး" အမေလီက ထွမ်ထွမ်ကို ကောင်းကောင်းဂရုစိုက်ပြီး သူ့ကို အလိုလိုက်မယ်ဆိုတာ ရွှီချင်း သိထားပေမယ့် သူ့သားကို တခြားသူရဲ့ ဂရုစိုက်မှုအောက်မှာ မနေစေချင်ပါဘူး။
လီချန်ဖုန်း အာမေဍိတ်သံဖြင့် "ကိုယ်တို့ရဲ့ ထွမ်ထွမ်လေးက ဒီနေ့အရမ်းကို လိမ်မာနေတာပဲ! သူက ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ကလေးလေးကွာ။ လာပါဦး မင်းရဲ့ပါးပါးကို နမ်းပါဦး!" ထို့နောက် သူ ထွမ်ထွမ်ရဲ့ မျက်နှာလေးဆီ အနားကပ်ကာ မွှေးကြူလိုက်ရင်း အသေးလေးရဲ့ပါးပြင်ပေါ်မှာ တံတွေးတွေချန်ခဲ့သည်မို့ ထွမ်ထွမ်လေးက လီချန်ဖုန်းရဲ့ မျက်နှာကို သူ့လက်သေးသေးလေးဖြင့် တွန်းထုတ်လိုက်လေ၏။
ရွှီချင်း သူပြောတာကို နားထောင်ရင်း ကြက်သီးထသွားရကာ "ကျွန်တော် သူ့ဘောင်းဘီကို သွားလျှော်လိုက်ဦးမယ်။ ခင်ဗျားက သူ့ကို လမ်းလျှောက်ဖို့ ခေါ်သွားပေးပြီး စားဖို့ သစ်သီးမှုန့်တွေ ပြင်ပေးလိုက်ဦးနော်။ မနက်စောစောကတည်းက စားထားတာဆိုတော့ ခုဆို သူဗိုက်ဆာနေလောက်ပြီ"
"ကောင်းပါပြီဗျာ"
Thanks for reading!