အခန်း ၈၁.၂
ရွှီချင်းလည်း ထိုကောင်လေး ပြန်ပေးလိုက်တဲ့ ဟင်းရွက်ချဥ်အိုးကို ကြည့်ပြီးနောက် အဝေးကို ရောက်နေပြီဖြစ်တဲ့ ကောင်လေးရဲ့ နောက်ကျောကို ကြည့်လိုက်ရင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကာ ခြံတံခါးကို ပိတ်၍ ပင်မခန်းဆီ ပြန်သွားလိုက်၏။
"ဘာလို့ပြန်ယူလာတာလဲ?" လီချန်ဖုန်းက အိပ်ပျော်ခါစ ထွမ်ထွမ်လေးကို အခန်းထဲမှာ သိပ်လိုက်ပြီး သူထွက်လာသည်နှင့် ဟင်းရွက်ချဉ်အိုးကို ကိုင်ထားတဲ့ ရွှီချင်းကို တွေ့လိုက်ရလေသည်။
"အဲ့ဒါက တန့်မိသားစုက ကောင်လေးအတွက် ဆိုပေမယ့် သူက ငြင်းလိုက်လို့။ သူက လက်မခံခင်မှာ ချယ်ရီသီးတွေကို အရင်ခူးပေးမယ်တဲ့" ရွှီချင်း ဟင်းရွက်ချဉ်အိုးကို ဘေးမှာထားရင်း ရှင်းပြလိုက်၏။ နောက်တစ်နေ့ ထိုကောင်လေး ချယ်ရီသီးတွေလာပေးတဲ့အခါကျ သူပေးလိုက်မယ်လို့ စီစဥ်ထားပေသည်။
လီချန်ဖုန်း မမေးခင် ခဏစဥ်းစားပြီးမှ "သူက တန့်မိသားစုရဲ့ အကြီးဆုံးမြေးမဟုတ်လား?" သူက တန့်မိသားစုရဲ့ အခြေအနေကို သိထားပေသည်။ အထူးသဖြင့် ထိုကောင်ငယ်လေးရဲ့ မိခင်ဟာ ကလေးမွေးဖွားစဉ်အတွင်း သွေးအလွန်အကျွံထွက်ခြင်းကြောင့် ကွယ်လွန်သွားခဲ့သည်။
ယခုဆို ကျန်ရှိနေတဲ့ မိသားစုဝင်တွေကတော့ ကောင်လေးရဲ့ အဖိုး၊ အဖွား၊ ကောင်လေးကိုယ်တိုင်နှင့် လေး၊ငါးနှစ်အရွယ် ညီငယ်လေးတို့ပင်။
"အင်း လော့ကျောင်းကိစ္စဖြစ်တုန်းက ရွာထဲမှာ အစည်းအဝေးရှိတဲ့အကြောင်း ကျွန်တော်တို့ဆီ အကြောင်းလာကြားပေးတဲ့ ကောင်လေးလေ။ ကျွန်တော့်အထင်ကတော့ အဲ့ဒီကလေးက တော်တော်လိမ္မာတယ်နော်၊ အဲ့ဒါကြောင့် ကျွန်တော်လည်း အခြေအနေကို ဒီတိုင်းစီးမျောလိုက်ပါခဲ့ပြီးတော့ သူ့ကို နောက်နှစ်ရက်အတွက် ချယ်ရီသီးခူးဖို့ ပြောထားလိုက်တယ်။ ဒါဆို ဒီဟင်းရွက်ချဥ်တွေကို လက်ဆောင်အနေနဲ့ ပြန်ပေးလို့ရပြီလေ"
ရွှီချင်း သက်ပြင်းလေးချလိုက်ရင်း မိခင်မရှိဘဲ ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးအတွက် စာနာသလို ခံစားရ၏။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ရွှီချင်းသည်လည်း မိဘမရှိဘဲ ကြီးပြင်းလာရတဲ့ ကလေးတွေအပေါ် အထူးစာနာတတ်ပေသည်။
"အဆင်ပြေပါတယ်။ အခုခေတ် ကလေးတွေက အရမ်းစဥ်းစားချင့်ချိန်တတ်တာ။ သွားရအောင်လေ၊ အရမ်းကြီးမတွေးပါနဲ့။ ကိုယ် မင်းအတွက် ချယ်ရီသီးတွေ ဆေးပေးမယ်" ရွှီချင်းက သူ့မိဘတွေကို တွေးနေပုံပဲလို့ သူတွေးမိသွားရသဖြင့် လီချန်ဖုန်း ရွှီချင်းပုခုံးလေးကို ပုတ်ရင်း ပြောလိုက်လေသည်။
ကောင်လေးဟာ ဝီရိယရှိရှိ အလုပ်လုပ်ပြီး နောက်နှစ်ရက်လုံးလုံး ရွှီချင်းအတွက် ချယ်ရီသီးတွေ ခူးဆွတ်စုဆောင်းပေးခဲ့ပါသည်။ ဒုတိယရက်၌ ရွှီချင်းက ကောင်လေးကို အိမ်ပြန်ယူသွားဖို့အတွက် ဟင်းရွက်ချဥ်တွေကို ကမ်းပေးလိုက်ရင်း "ဒီမှာ၊ မင်း အခု ယူသွားလို့ရပြီနော်!"
"ကျေးဇူးတင်ပါတယ် ရွှီတကော။ နောက် အကူအညီလိုရင်လည်း ကျွန်တော့်ကို အချိန်မရွေး ပြောလို့ရတယ်နော်။ ကျွန်တော် ဝမ်းသာအားရ ကူညီပေးမှာပါဗျ။ ပြီးရင် ဒီဟင်းရွက်ချဥ်အိုးလေးတွေနဲ့ ဆုချလို့ရပါတယ်" ကောင်လေးက ရွှီချင်းဆီက ဟင်းရွက်ချဥ်အိုးကို လက်ခံရင်း ကျေးဇူးတင်စွာ ပြောခဲ့လေသည်။
"ရွှီတကော နှုတ်ဆက်ပါတယ် ကျွန်တော်ပြန်တော့မယ်!"
လီချန်ဖုန်း လမ်းလျှောက်ဝင်လာတဲ့ ရွှီချင်းကို နှုတ်ဆက်လိုက်ကာ အပြုံးလေးနဲ့ "အခု ချယ်ရီသီးတွေ အားလုံး ခူးပြီးပြီဆိုတော့ မင်းရဲ့ ချယ်ရီဝိုင် အဆင်သင့်ဖြစ်ရင် ကိုယ်မြည်းကြည့်ဖို့ တကယ်ကြီး စောင့်မျှော်နေပြီ"
ရွှီချင်း ကွန်ဖီးဒန့်ရှိစွာဖြင့် ကြွားဝါလိုက်ရင်း "ဒီဦးလေးရဲ့ ဝိုင်အရက်ချက်တဲ့စွမ်းရည်က ဘယ်လောက်အံ့သြစရာကောင်းသလဲဆိုတာ စောင့်ကြည့်နေလိုက်"
ရုတ်တရက်ပင် ရင်းနှီးတဲ့အသံတစ်ခုက ကြားဖြတ်ပြောလာခဲ့ရာ "မင်း ဘာဝိုင်အကြောင်းပြောနေတာလဲဟေ့?"
ရွှီချင်း ထိုအသံပိုင်ရှင်အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပြီး "ဦးလေးရှဲ့ ကျေးဇူးပြုပြီး ဝင်ထိုင်ပါဦးဗျာ။ ကျွန်တော် သစ်သီးဝိုင်လုပ်နေတာလေ၊ အဆင်သင့်ဖြစ်တဲ့အခါကျ ဦးလေးကိုပါ တစ်အိုးပေးမယ်လို့ ကတိပေးတယ်နော်" ရွှီချင်း ခွေးခြေခုံတစ်လုံးကို အမြန်ဆွဲယူပြီး ဦးလေးရှဲ့ကို ကမ်းပေးလိုက်၏။
ဦးလေးရှဲ့က အမှုမထားဟန် ထိုင်လိုက်ရင်း အသံကျယ်ကျယ်ကြီးနဲ့ ပြောလာခဲ့သည်။ "ဝိုင်နဲ့ အသားတွေရှိသရွေ့တော့ ငါပျော်တယ်ဟေ့။ တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး"
လီချန်ဖုန်း ကြားလိုက်တော့ ရယ်မောနေရင်း မှတ်ချက်ပေးလာခဲ့၏။ "ယောက်ျားအများစုက အဲဒီသဘောထားကို နားလည်နိုင်ကြမယ်လို့ ကျွန်တော်ထင်တယ်"
ဦးလေးရှဲ့က ခေါင်းကိုပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး "မလိုပါဘူးကွာ။ ဥပမာဆို ငါ့ကိုပဲကြည့်လိုက်၊ ငါကတော့ ဝိုင်နဲ့ အသားတွေကို ကြိုက်ပေမယ့် လီချန်ဖုန်း မင်းကတော့ အသားပဲ စားပြီး ဝိုင်မသောက်ဘူးလေ"
"ဟားဟားဟား ဦးလေးရှဲ့ပြောတာက တကယ်ရယ်ရတယ်ဗျာ"
ရွှီချင်းမှာ ဦးလေးရှဲ့ရဲ့ မှတ်ချက်ကို ကြားတော့ အပြုံးတောင်မပျက်သလို လီချန်ဖုန်းကမူ သူ့ကို ကူကယ်ရာမဲ့ဟန် အမူအရာဖြင့် ကြည့်နေလျက် - ကိုယ်က ယောကျ်ားဟုတ်မဟုတ် မင်းအသိဆုံးပဲမလားကွာ?
သုံးယောက်သား စကားပြောကာ ရယ်မောနေကြပြီးနောက် ဦးလေးရှဲ့က ရွှီချင်းနှင့် လီချန်ဖုန်းတို့ဆီ အလည်ရောက်လာရတဲ့ အကြောင်းရင်းကို ပြောလာလေ၏။ "ဒီနေ့ မြို့ထဲမှာ မင်းရဲ့အကိုကြီးနဲ့ ငါဆုံခဲ့တော့ သူက မင်းတို့ကို မနက်ဖြန် အိမ်ပြန်လာခဲ့ဖို့ ပြောခိုင်းလိုက်လို့"
ဦးလေးရှဲ့နှင့် အဒေါ်ရှဲ့တို့က ကိုယ်ဝန်ရှိနေတဲ့ ရှဲ့ယွီကို ကျန်းမာရေးအခြေအနေ စစ်ဆေးရန် မြို့သို့ သွားခဲ့တာဖြစ်သည်။
ရွှီချင်းနှင့် လီချန်ဖုန်းလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၏။ လီအိမ်မှာ ဘာဖြစ်သွားလို့လဲ?!
ထို့ကြောင့် နောက်တစ်နေ့မနက်စောစောတွင် သူတို့စုံတွဲက လီမိသားစုထံသွားခဲ့လေသည်။
လီချန်ဖုန်းက လီမိသားစုနှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်တွင်မျှ သူတို့မပါဝင်သင့်ကြောင်း မနေ့ညက ရွှီချင်းအား အသိပေးခဲ့ပြီးဖြစ်သည်။ ယခုဆို သူက ရွှီမိသားစုဝင်ဖြစ်နေပြီဖြစ်၍ သူ့မှာ လီမိသားစုရဲ့ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး သို့မဟုတ် အရည်အချင်းမရှိတော့ဘူးလို့ သူလည်းခံစားမိလေသည်။
လီမိသားစုခြံဝင်းအဝင်ဝတွင် ရွှီချင်းနှင့် လီချန်ဖုန်းတို့ မြည်းလှည်းကို ရပ်လိုက်၏။
"ဒုတိယအစ်ကို၊ ဒုတိယယောက်ဖ၊ ခဏစောင့်ပါဦး!"
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်တော့ ဝမ်လေ့နဲ့ လီရှောင်းအာတို့ရဲ့ နွားလှည်းက သူတို့ဆီ ချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။
လီရှောင်းအာ: "အကိုကြီးက အကိုတို့ကိုရော ပြန်လာခိုင်းလိုက်တာလား?"
ထိုအချိန်တွင် ဝမ်လေ့က သူတို့နှစ်ယောက်ကို လေးစားစွာ နှုတ်ဆက်နေလျက်။ ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း လီရှောင်းအာနဲ့ ဝမ်လေ့ကို ကြည့်လိုက်ကာ ရွှီချင်းက မေးလိုက်၏။ "အကိုကြီးက မင်းတို့ကိုရော ပြန်လာခိုင်းတာလား?"
လီရှောင်းအာ ခေါင်းညိတ်ပြလာကာ ဝမ်လေ့က ဆက်ပြောလာခဲ့သည်။ "မနေ့က အကိုကြီး ကျွန်တော်တို့ဆိုင်ကို လာလည်ပြီး ရှောင်းအာကို ပြန်လာကိုလာရမယ်လို့ ပြောသွားတာ။ သူ့မျက်နှာအမူအရာကိုကြည့်ရရင် တစ်ခုခုဖြစ်သွားပုံပဲဗျ"
"ကောင်းပြီ၊ အားလုံးဝင်ကြတာပေါ့။ မင်းတို့ ဝင်သွားတဲ့အခါ ဘာတွေဖြစ်နေလဲ သိသွားမှာပဲလေ။ ပြီးတော့ မိသားစုတွေ ဘာပဲပြောနေနေ မနှောင့်ယှက်ဘဲ အရင်နားထောင်လိုက်" လီချန်ဖုန်း ဦးဆောင်ပြီး အားလုံးအတူတူ ဝင်သွားကြလေသည်။
လီလောင်တရဲ့ သားအကြီး တာ့နျိုက ရေတွင်းမှ ရေသွားခပ်နေရာ လီချန်ဖုန်းနှင့် အခြားသူတွေ ဝင်လာတာကို မြင်လိုက်သည်နဲ့ အလျင်စလို အော်ခေါ်လာခဲ့သည်။ "ဒုတိယဦးလေး၊ ဒုတိယဦးလေး၊ ဒေါ်လေး၊ ဦးလေး"
လီရှောင်းအာ ခြံဝင်းကို ကြည့်လိုက်တော့ တာ့နျိုကလွှဲပြီး ဘယ်သူမှမရှိတာကို တွေ့လိုက်ရ၍ သူ့တူလေးဆီ လျှောက်သွားကာ အသံတိုးတိုးဖြင့် "မင်းအဖေနဲ့ တခြားသူတွေ ဘယ်မှာလဲ? မင်းအဖွားရော?"
တာ့နျို့ မျက်နှာလေးမှာ တင်းကျပ်သွားရကာ အသံတိုးတိုးဖြင့် ဆိုသည်။ "ပင်မခန်းထဲမှာ၊ ဒေါ်လေး သူတို့ မိသားစုခွဲထွက်ချင်နေကြပြီ!"
မိသားစုခွဲထွက်တာ? လီချန်ဖုန်းနှင့် ရွှီချင်း ကြားလိုက်သောအခါ သူတို့နှလုံးသားထဲတွင် အနည်းငယ် နားလည်သွားလေသည်။ လီရှောင်းအာက တာ့နျိုခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပင်မခန်းထဲသို့ လီချန်ဖုန်းအနောက်က လိုက်ဝင်သွားခဲ့သည်။
ပင်မခန်းတွင် ကလေးတွေကလွဲလို့ လူကြီးတွေ အကုန်ရှိနေခဲ့သည်။
အလယ်မှာထိုင်နေတဲ့ အဖေလီက လီချန်ဖုန်းတို့ ဝင်လာသည်ကို ကြည့်ရင်း "အိုး၊ သူတို့အားလုံး ရောက်လာကြပြီပေါ့! လီလောင်တက မင်းတို့ကို ပြန်လာဖို့ ပြောခဲ့တာလား?"
အခုချိန်တွင် အမေလီရဲ့ မျက်နှာမှာ လွန်စွာအရုပ်ဆိုးနေလျက်၊ အထူးသဖြင့် လီချန်ဖုန်းကိုကြည့်တဲ့အခါမှာပေါ့။ "တရုတ်နှစ်သစ်ကူးတုန်းက မင်းမရောက်လာခဲ့ပေမယ့် အခု မိသားစုခွဲကြမယ်ဆိုတော့မှ ဟာသအဖြစ်ကြည့်ဖို့ ရောက်လာတယ်ပေါ့လေ?!"
"ဘာတွေဖြစ်နေတာလဲ? ကျွန်တော်တို့က ဘယ်လိုဟာသမျိုးကို ကြည့်ရမှာလဲ?" လီချန်ဖုန်းက နံဘေးမှ ထွမ်ထွမ်ကို ချီထားတဲ့ ရွှီချင်းကို ဆွဲလိုက်သလို လီရှောင်းအာနဲ့ ဝမ်လေ့တို့ကိုလည်း ထိုင်ဖို့ အမူအရာပြလိုက်၏။ တခြားသူတွေက ဒီမြင်ကွင်းကို မြင်သော်ငြား ဘာမှမပြောကြပါချေ။
အဖေလီ ရုတ်တရက် မတ်တပ်ထရပ်ပြီး "မင်း ဘယ်လိုဟာသမျိုးတွေ ကြည့်မလို့လဲ? ဒါက မိသားစုဝင်တွေကြားက ပြဿနာတစ်ခုပဲ မဟုတ်လား! မင်းတို့အားလုံး ဒီကိုပြဿနာတွေထပ်ရှာဖို့ လာကြတာလားကွ?!"
"ဟားဟား အဖေပြောတာ မမှန်ဘူးဗျာ။ ရှောင်းအာနဲ့ ကျွန်တော်တို့က အခုဆို အပြင်လူတွေဖြစ်နေပြီလေ။ ကျွန်တော်တို့က ကိုယ့်ရဲ့သက်ဆိုင်သူအသီးသီးရှိနေကြပြီးတော့ ဒီမိသားစုဝင်တွေ မဟုတ်တော့ဘူး။ ဆိုတော့ ဒီမိသားစုမှာ ပြဿနာတစ်ခုခုဖြစ်စေတာက ဒီမိသားစုထဲကသူတွေပဲပေါ့" လီချန်ဖုန်း တစ်ဖက်လူရဲ့မျက်နှာကို လုံးဝမကြည့်ဘဲ အဖေလီကို လှောင်ပြောင်သလိုပြောဆိုလိုက်၏။
ရွှီချင်း ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေကာ စကားမပြောပေ။ လီချန်ဖုန်းက သူ့ကိုစကားနည်းနည်းပဲ ပြောသင့်တယ်လို့ မှာထားသည်မို့ ထိုအတိုင်းပြုမူနေလိုက်၏။ မဟုတ်ပါက လီမိသားစုရဲ့မီးဟာ သူ့အပေါ် မီးကူးလာလိမ့်မှာပေါ့!
Thanks for reading!
လီမိသားစုရဲ့ပွဲကတော့စပြီဟေ့ 🙂