အခန်း ၈၁.၁
ရွှီချင်းရဲ့အရှိန်မှာ အရမ်းမြန်လေသည်။ တက်လိုက်ဆင်းလိုက် အကြိမ်အနည်းငယ်လုပ်ပြီးတဲ့နောက် အပင်ပေါ်က အသီးတွေအားလုံးနီးပါး ခူးပြီးသွားခဲ့ပြီ။
သူက တစ်ဝက်ပြည့်နေပြီဖြစ်တဲ့ ခြင်းတောင်းကို ယူကာ ရယ်မောခုန်ပေါက်နေကြတဲ့ မျောက်ကလေးအုပ်စုကို လှည့်ကြည့်လိုက်သည်။ သူတို့အတွက်မူ ချယ်ရီသီးခူးရတာဟာ ခူးလို့ရတဲ့အရေအတွက်ထက် ပို၍ပျော်စရာကောင်းနေသည်ပင်။
ရွှီချင်း မျက်နှာပေါ်မှာ အပြုံးလေးနှင့် ခြင်းတောင်းကိုယူကာ အနီးနားရှိ နောက်တောရိုင်းချယ်ရီပင်ဆီသို့ သွားလိုက်၏။ ခြင်းတောင်းထဲကို ချယ်ရီသီးတွေနဲ့ ဖြည့်နေချိန်တွင် တန့်ဇီလေးက အပြေးရောက်လာခဲ့သည်။
"ရွှီတကော ကျွန်တော် ဟိုဘက်မှာ ပြီးသွားပြီ၊ ခင်ဗျားကို ကူညီမယ်နော်!"
ရွှီချင်း သစ်ပင်အောက်ရှိ ခြင်းတောင်းကို ကြည့်လိုက်ပြီးနောက် ကောင်လေးရဲ့ မျက်နှာနီနီလေးကို ကြည့်လိုက်ရင်း "ကောင်းပြီကွာ၊ ဒါဆို ငါလက်လှမ်းမမီတဲ့ ချယ်ရီသီးတချို့ရှိနေတာ။ မင်းကိုကြည့်ရတာ သစ်ပင်တက်ကျွမ်းပုံရတယ်ဆိုတော့ အဲဒါတွေကို ခူးဖို့ ကူညီပေးနိုင်မလား?" လို့ ကောင်လေးကို မေးလိုက်သည်။
ချယ်ရီပင်က အရမ်းကြီးမမြင့်တာမို့ မတော်တဆ ထိခိုက်ဒဏ်ရာရသွားမှာကို စိုးရိမ်စရာမလို။
ကောင်လေးက ရွှီချင်းရဲ့ တောင်းဆိုမှုကို ကြားလိုက်သည်နဲ့ သူ့ရင်ဘတ်သူ ဂုဏ်ယူစွာ ပုတ်ကာဖြင့် "ဟုတ်တာပေါ့ဗျာ၊ ကျွန်တော်က ကျွန်တော်တို့ရွာက ကလေးတွေအားလုံးထဲမှာ အကောင်းဆုံး သစ်ပင်တက်သမားပဲ။ ကျွန်တော့်အဖိုးက အဲ့လိုပဲ အမြဲပြောတာဗျ" သို့သော် သူ မကြာခဏဆိုသလို သစ်ပင်တက်လေ့ရှိသောကြောင့် သူ့အဖိုးဆီက ရိုက်နှက်ခြင်းကိုလည်း မကြာမကြာ ခံရတတ်ပါသည်။
"ကောင်းပါပြီ၊ သတိထားဦးနော်" ရွှီချင်းက သစ်ပင်မှ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ရင်း ကောင်လေးအတွက် နေရာနည်းနည်း ပေးလိုက်၏။
ထိုကောင်လေးက ကူညီပေးမယ်လို့ ကမ်းလှမ်းလာတဲ့အတွက် ရွှီချင်း အများကြီး ဝင်မနှောင့်ယှက်ချင်သဖြင့် အခြေအနေကို တာဝန်ယူရန် ထိုကောင်လေးအား ခွင့်ပြုခဲ့သည်။ ကောင်လေးက သူ့ရဲ့ အရည်အချင်းတွေကို ပြသခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလျက်။
ကောင်လေးရဲ့ ထပ်လောင်းအကူအညီနှင့် ချယ်ရီသီးအမှည့်တွေအားလုံး ခူးဆွတ်ဖို့ သူတို့နှစ်ယောက်အတွက် အချိန်သိပ်မကြာလိုက်ပေ။ ရွှီချင်း ခူးဆွတ်ထားတဲ့ ချယ်ရီသီးတွေကို ခြင်းတောင်းထဲသို့ ထည့်လိုက်၏။
"ဒီနေ့ မင်း ငါ့ကို ကူညီထားတာဆိုတော့ မင်းကို ငါ့အိမ်မှာ ရေတစ်ခွက်သောက်ဖို့ ဖိတ်လို့ရမလား?" ရွှီချင်း ခေါင်းကို အနည်းငယ်ငုံ့၍ ကောင်လေးကို ကြည့်ကာ မေးလိုက်သည်။
ကောင်ငယ်လေး သူ့ခေါင်းသူကုတ်နေရင်း အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြောလာခဲ့၏။ "ကျွန်တော် ရွှီတကောဆီက ဟင်းရွက်ချဥ်တစ်အိုး ဝယ်လို့ရမလားဗျ? ဒါပေမဲ့ ကျွန်တော့်ဆီမှာက ကြေးပြား၄ပြားပဲရှိလို့"
သူရော သူ့ညီလေးပါ ရွှီချင်းဆိုင်မှာ ရောင်းတဲ့ ဟင်းရွက်ချဉ်ကို အလွန်နှစ်ခြိုက်လေသည်။ ရွှီချင်းဆိုင်မှ အဒေါ်တန့် ဝယ်လာခဲ့တဲ့ ဟင်းရွက်ချဥ်နှစ်အိုးဟာ အလျင်အမြန်ပဲ ကုန်သွားခဲ့ချေပြီ။
ရွှီချင်းမှာ ကောင်လေးရဲ့ တောင်းဆိုမှုကြောင့် အနည်းငယ် အံ့အားသင့်သွားရ၏။ သူက တောရိုင်းချယ်ရီသီးခြင်းတောင်းကို ငုံ့ကြည့်ပြီးနောက် အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရတဲ့ ကောင်လေးကို ပြန်ပြောရန် ခေါင်းမော့လာခဲ့ပြီး "ရတာပေါ့၊ မင်း ဒီနေ့ ငါ့ကို ကူညီခဲ့တယ်လေ။ ပြီးတော့ ငါ့ဆိုင်မှာရောင်းတာတွေကို မင်းတကယ်ကြိုက်တဲ့ပုံပဲဆိုတော့ ငါလည်း ပျော်ပါတယ်ကွာ" လို့ ရွှီချင်းက သူ့မျက်နှာပေါ်မှာ အပြုံးလေးနဲ့ ပြောလိုက်သည်။
ရွှီချင်းရဲ့ စကားတွေကို ကြားလိုက်သည်နှင့် ထိုကောင်လေးရဲ့ စိုးရိမ်နေတဲ့အမူအရာဟာ ပျောက်ကွယ်သွားကာ ရွှီချင်းအား သူ့ရဲ့ဖြူဖြူဖွေးဖွေးသွားလေးတွေနဲ့ ပြုံးဖြဲပြနေတော့သည်။
ကောင်လေးရဲ့ သူငယ်ချင်းအုပ်စုလည်း အိမ်ပြန်သွားကြပြီဆိုတော့ ရွှီချင်း သူ့နဲ့အတူတူ တောင်အောက်ဆင်းလာခဲ့သည်။ သူတို့ ရွှီချင်းအိမ်သို့ ရောက်လာတဲ့အခါ ကောင်လေးက အထဲဝင်ရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရ၏။
"ဝင်လာလေ" ရွှီချင်း အထဲဝင်ရန် အနည်းငယ်ရှက်ရွံ့နေပုံရတဲ့ ကောင်လေးကို နွေးထွေးတဲ့ အပြုံးလေးဖြင့် အထဲဝင်ခိုင်းလိုက်သည်။
ကောင်လေးက ခေါင်းယမ်းလိုက်ပြီး သူ့အိတ်ကပ်ထဲက သပ်သပ်ရပ်ရပ်ခေါက်ထည့်ထားတဲ့ ပိတ်စကို ထုတ်ယူကာ ရွှီချင်းအရှေ့မှာတင် ဖွင့်လိုက်ပြီး အထဲက ကြေးပြား၄ပြားကို ရွှီချင်းဆီ ကမ်းပေးလိုက်၏။
ရွှီချင်း စကားအများကြီးမပြောတော့ဘဲ ပိုက်ဆံကို လက်ခံလိုက်ပြီး ကောင်လေးရဲ့ ခေါင်းကို လက်တစ်ဖက်နဲ့ ပုတ်ပြီးနောက် ခြံတံခါးကို ဖွင့်ကာ ကောင်လေးကို ဝင်လာဖို့ အချက်ပြလိုက်သည်။
အိမ်ထဲသို့ဝင်လာသည်နှင့် လီချန်ဖုန်းက ထွမ်ထွမ်ကို ချီထားရင်း ပင်မခန်းထဲတွင် ဟိုဘက်ဒီဘက် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ရွှီချင်းနှင့် ကောင်လေးကို မြင်လိုက်သည်နှင့် နှုတ်ဆက်လာကာ "မင်းပြန်လာပြီပေါ့! ဝေါင်း မင်း ချယ်ရီသီးတွေ အများကြီးခူးလာတယ်!" လီချန်ဖုန်းလည်း ရွှီချင်းအနောက်မှာရှိတဲ့ ခြင်းတောင်းကို စိုက်ကြည့်ရင်း အံ့အားသင့်သွားခဲ့ရသည်။
ရွှီချင်း လီချန်ဖုန်းရဲ့ တုံ့ပြန်မှုကို ပခုံးတွန့်ပြလိုက်ပြီးနောက် ခြင်းတောင်းကို အောက်ချလိုက်သည်။ ထို့နောက် သူက လီချန်ဖုန်း ရင်ခွင်ထဲက အိပ်ငိုက်နေတဲ့ ဖက်ထုပ်လေးကို ငုံ့နမ်းလိုက်လေသည်။
ပြီးမှသာ သူ လီချန်ဖုန်းအား ပြန်ပြောလိုက်၏။ "ဒါက သိပ်မများပါဘူးနော်။ ချယ်ရီဝိုင်ကို တစ်ခါမြည်းထားလို့ အရမ်းနည်းတယ်လို့ ခင်ဗျား မထင်နဲ့လေ"
ထို့နောက်တွင်မူ ရွှီချင်း ဆိုင်ထဲသို့ဝင်သွားကာ ဟင်းရွက်ချဥ်အိုးနှစ်လုံးကို ယူလိုက်ပြီးမှ ကောင်လေးစောင့်နေတဲ့ ခြံဝဆီ ပြန်သွားလိုက်သည်။
ရွှီချင်း လက်ထဲက ဟင်းရွက်ချဉ်အိုးနှစ်လုံးကို မြင်လိုက်ရသဖြင့် ထိုကောင်လေးမှာ အံ့အားသင့်သွားခဲ့သော်ငြား တစ်အိုးကိုသာ လက်ခံခဲ့ပါသည်။
ရွှီချင်းလည်း ထွက်သွားတော့မယ့် ကောင်လေးကို တားလိုက်ရင်း "ပြန်ဖို့ ဒီလောက် အလျင်လိုမနေပါနဲ့ကွာ။ ဒီဟာက ဒီနေ့ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ ငါ့နည်းလမ်းပါပဲ"
"ကျွန်တော် မလိုချင်ပါဘူး" ကောင်လေးက ရှက်ရွံ့စွာပြောလာခဲ့၏။ "ခင်ဗျားကို အများကြီးလည်း ကူညီလိုက်ရတာ မဟုတ်ဘူး။ ဒီတစ်အိုးနဲ့တင် ခင်ဗျားက ကြေးပြား၁ပြား ရှုံးနေပြီကို... ကျွန်တော် နောက်တစ်အိုး ထပ်မယူနိုင်ပါဘူး"
ရွှီချင်းက ကောင်လေးလက်ထဲ အိုးကို အတင်းပေးလိုက်တဲ့အခါ ထိုကောင်လေးကလည်း သူ့ဆီ ပြန်ပေးဖို့ ကြိုးစားလာသဖြင့် ရွှီချင်း ပြောလိုက်လေသည်။ "ဒီတစ်အိုးကို အကြောင်းမရှိဘဲ မင်းကို ငါမပေးပါဘူး။ မင်းစိတ်မရှိရင် မနက်ဖြန်ရော နောက်တစ်နေ့ရော ငါ့အတွက် ချယ်ရီသီးတွေ ဆက်ခူးပေးလို့ရလား?"
နှစ်ရက်ကြာ ချယ်ရီသီးတွေ ခူးဆွတ်စုဆောင်းပေးရမယ့် ကမ်းလှမ်းချက်ဟာ သူ့အကြိုက်ဆုံး ဟင်းရွက်ချဥ်တွေနဲ့ လဲလှယ်လို့ရနိုင်သဖြင့် ကောင်လေးရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာခဲ့သည်။
သူက တောရိုင်းချယ်ရီသီးတွေ စားရတာကို အထူးနှစ်ခြိုက်ခြင်းမရှိသဖြင့် ငြီးငွေ့လာသလို ခံစားရ၍ ကလေးအုပ်စုနဲ့အတူတူ အပျော်သဘောသာ ချယ်ရီသီးတွေ ခူးနေခဲ့ခြင်းပင်။ ရသမျှအသီးတွေအားလုံးကိုလည်း ကလေးအုပ်စုကိုပဲ ပေးလိုက်သလို သူ့ညီလေးအတွက်သာ နည်းနည်းပဲ ပြန်ယူသွားတတ်ပေသည်။
"ရတာပေါ့၊ မနက်ကျရင် ခင်ဗျားအတွက် အရင်ဆုံး ခူးထားပေးလိုက်မယ်။ အခုတော့ ဒီအိုးကို ကျွန်တော့်ဆီမပေးပါနဲ့ဦး။ ကျွန်တော် ချယ်ရီသီးတွေ ခူးပြီးကုန်မှပဲ ပေးလို့ရတယ်နော်" ကောင်လေးက စိတ်အားထက်သန်စွာ သဘောတူလိုက်ပေသည်။ သူ့လက်ထဲမှာ ဟင်းရွက်ချဥ်တစ်အိုးကို တင်းတင်းကျပ်ကျပ်ပိုက်ထားရင်း တာဝန်အသစ်တစ်ခုနှင့် ဝမ်းသာအားရ အိမ်အမြန်ပြန်သွားတော့သည်။
Thanks for reading!