အခန်း ၈၀.၂
ချယ်ရီသီးမှာ သံဓာတ်မြင့်မား၍ အသီးအနှံများအားလုံးတွင် ပထမအဆင့်ဖြစ်ကြောင်း လူအနည်းငယ်သာ သိကြပါသည်။
ချယ်ရီသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ သံဓာတ်လိုအပ်မှုကို ဖြည့်တင်းပေးနိုင်သလို သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ဦးနှောက်ကိုလည်း အားကောင်းစေနိုင်ပြီး *ဟီမိုဂလိုဘင် ပြန်လည်တိုးပွားလာစေဖို့ အထောက်အကူလည်းပြုနိုင်ပေသည်။ (*hemoglobin = သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးတဲ့ သံဓာတ်ပါတဲ့ အရာ)
(T/N:မှားနေရင်ပြောပေးနော် medical termတွေကျ တခါတလေ နားလည်ရင်တောင်မှ ပြန်ရတာသိပ်မတတ်လို့)
သည့်အပြင် ချယ်ရီသီးဖျော်ရည်သောက်ခြင်းဟာ ကလေးများအတွက် ရောဂါပိုးမွှားများကို တားဆီးပေးနိုင်သလို ချယ်ရီစေ့လေးတွေမှာလည်း ချွေးထွက်လွန်ခြင်းနှင့် အဆိပ်အတောက်ဖြေခြင်းစတဲ့ အာနိသင်တွေပါရှိလေ၏။
ထို့အပြင် တောရိုင်းချယ်ရီသီးများကို စွယ်စုံသုံးနိုင်သလို ချယ်ရီဝိုင်ပြုလုပ်လို့လည်း ရပေသည်။ အင်ပါယာတရားရုံးတော်က သာမန်လူများကို ဝိုင်အရက်လုပ်ဖို့အတွက် ကောက်နှံတွေကို အသုံးပြုခွင့်မပေးထားသော်ငြား တောရိုင်းအသီးအနှံတွေနဲ့ ဝိုင်အရက်မချက်ရဘူးဆိုတဲ့ စည်းမျဥ်းစည်းကမ်းမရှိပါချေ။
"ခင်ဗျား သစ်သီးဝိုင်သောက်ဖူးလား?"
ရွှီချင်းက လီချန်ဖုန်းကို အပြုံးလေးနဲ့ ကြည့်လိုက်ရင်း ပြောလိုက်၏။ ဒီလူက သူနဲ့ယှဥ်ရင် အရက်သောက်တာ ကျွမ်းကျင်တယ်လေနော်။
"သစ်သီးဝိုင်?" လီချန်ဖုန်းဟာ များသောအားဖြင့် ကျားကိုစားပြီး ဝက်လိုဟန်ဆောင်လေ့ရှိသော်ငြား တုံးအသူမဟုတ်ပါချေ။ ရွှီချင်း ဆေးကြောနေတဲ့ ချယ်ရီသီးတွေကို ကြည့်လိုက်ရင်း သူ ရုတ်ချည်း နားလည်သွားကာဖြင့် "ဒါတွေကို ဝိုင်ချက်ဖို့ သုံးမလို့လား?!"
"အာ အာ!" လီချန်ဖုန်းရဲ့ ရင်ခွင်ထဲမှ ထွမ်ထွမ်လေးဟာ အချိန်ကိုက်လွန်းစွာ မပီကလာပီကလာတွေ ဗလုံးဗထွေးပြောလာပေသည်။
လီချန်ဖုန်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်ကို မြင်လိုက်ရတော့ ရွှီချင်း ကျေနပ်သွားရကာ ရေဆေးထားပြီးဖြစ်တဲ့ ချယ်ရီသီးတွေကို ဘေးဖယ်လိုက်ပြီး မတ်တပ်ထရပ်ကာ ဂုဏ်ယူစွာဖြင့် "လူကြီးမင်းတို့နှစ်ယောက်ကို ပြသခွင့်လေးပေးပါခင်ဗျ!"
သူပြောပြီးသည်နှင့် ဂိုဒေါင်ဆီသို့သွားကာ ဟင်းရွက်ချဉ်ထည့်ဖို့ အသုံးပြုလေ့ရှိတဲ့ အိုးသေး အနည်းငယ်ကို ရှာလာခဲ့သည်။ အသုံးမပြုတဲ့အချိန်တွေဆို ဂိုဒေါင်ထဲမှာပဲ သိမ်းထားခဲ့တာလေ။
လီချန်ဖုန်းသည် သူ့ဇနီးလေး လှုပ်ရှားမှုတစ်ခုလုပ်လိုက်သည်နဲ့ လူတွေကို သေချာပေါက် အံ့အားသင့်စေနိုင်ကြောင်း သိထားခဲ့ပြီးဖြစ်သည်။ သူက ထွမ်ထွမ်လေးကို သူ့အတွက်လုပ်ထားပေးတဲ့ တွန်းလှည်းထဲ ချက်ချင်းထည့်လိုက်ပြီး ရွှီချင်း အိုးတွေ ဆေးကြောနေတာကို အမြန်သွားကူလိုက်၏။ ထိုအချိန်တွင် ရှောင်ပေါင်က တွန်းလှည်းအရှေ့သို့ တဖြည်းဖြည်း ရောက်လာကာ ပျင်းရိစွာ လှဲချလိုက်လေသည်။
အိုးတွေရော လက်တွေပါ သေချာဆေးကြောပြီးသည့်နောက် ရွှီချင်းက ရေဆေးထားတဲ့ ချယ်ရီသီးတွေကို အရည်ထွက်သည်အထိ ထုရိုက်လိုက်ကာ အိုးထဲသို့ ထည့်လိုက်ပြီး အထဲမှာ သကြားထည့်လိုက်၍ လီချန်ဖုန်းကို မြည်းစမ်းကြည့်စေခဲ့သည်။
"အဲဒါက ရိုးရှင်းတယ်ဟုတ်။ နောက်နှစ်ရက်၊ သုံးရက်ကြာရင် အပေါ်ယံအညစ်အကြေးက ပေါလောပေါ်လာပြီး စုစည်းသွားပြီဆို အဲ့ဒီအခါကျ အရည်ကို မြည်းကြည့်လို့ရတယ်။ အချိုဓာတ်လျှော့နည်းနေပြီးတော့ ဝိုင်အရသာက ပိုထင်ရှားလာတယ်ဆိုရင် အဲ့ဒါက ကနဦးလုပ်ငန်းစဥ်တွေမှာ အမှားမပါဘဲ ဝိုင်အရက်ကို ကောင်းကောင်း ချက်နိုင်သွားတယ်လို့ ဆိုလိုတာပဲ"
လီချန်ဖုန်းအတွက်မူ ဤနည်းနဲ့ ဝိုင်အရက်ချက်ရသည်မှာ ကြမ်းတမ်းလွန်းတယ်လို့ ခံစားမိပေမယ့် ရွှီချင်းပြောတဲ့ အချက်တိုင်းကိုတော့ နာနာခံခံလေး လိုက်လုပ်နေဆဲပင်။
ရွှီချင်း ပို၍ပို၍တက်ကြွလာလျက်။ ကျန်တဲ့ချယ်ရီသီးတွေကို ပြီးအောင်လုပ်ဖို့ လီချန်ဖုန်း တစ်ယောက်တည်း လုံလောက်နေတာကို မြင်လိုက်ရ၍ သူ့နောက်ကျောမှာ ခြင်းတောင်းကို သယ်ကာ ဓားနှင့် ဝါးတုတ်တစ်ချောင်းယူပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်၏။
"ကျွန်တော် အပြင်ထွက်ပြီး များများပြန်ယူလာခဲ့မယ်။ အိမ်မှာရှိတာတွေ ပြီးအောင်လုပ်ထားပေးဦးနော်။ နောက်ရက်နည်းနည်းကြာရင် ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်နေမှာပါ"
လီချန်ဖုန်းလည်း ရွှီချင်း ကိုင်ထားတဲ့အရာတွေကို ကြည့်လိုက်ပြီး "ကောင်းပါပြီဗျာ၊ ဒါဆို မင်းလည်း သစ်ပင်ပေါ်က မပြုတ်ကျဖို့ သတိထားဦး"
ရွှီချင်းမှာ ထိုအပြောကို ကြားပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ရင်း "ဒီသခင်ကြီးကို အထင်မသေးပါနဲ့!" အတိတ်တုန်းက မိဘမဲ့ဂေဟာမှာ ချယ်ရီသီးတွေခူးဖို့ ပထမဆုံး အပင်တက်ခဲ့တဲ့သူက သူပဲလေ။
သူ ပြောပြီးသည်နှင့် သိပ်မဝေးလှတဲ့ အနောက်ဘက်တောင်ပေါ်သို့ အမြန်သွားလိုက်သည်။
အနောက်တောင်ပေါ်တွင် တောရိုင်းချယ်ရီပင်တွေ အများကြီးရှိသည့်နေရာတစ်ခုရှိ၏။ ထိုနေရာမှာ တောင်ရဲ့ အစွန်အဖျားတင်ဖြစ်၍ အတော်လေး လုံခြုံပေသည်။ အဲ့ဒီနေရာမှာ တောရိုင်းသီးပင်စားပင်တွေ များများစားစား မရှိသော်လည်း ရွာသားတွေ လာကောက်ယူကြဖို့အတွက် လုံလောက်ပါသည်။
ရွှီချင်း ထိုနေရာသို့ ရောက်သွားသည့်အခါ တောရိုင်းချယ်ရီပင်အောက်မှာ စိတ်လှုပ်ရှားစွာ စကားပြောနေကြတဲ့ ကလေးလေးတွေ တစ်ဒါဇင်ကျော်လောက် ရောက်နေပြီဖြစ်၏။
"ကုန်ဇစ်က အသန်မာဆုံးပဲဆိုတော့ မင်းသစ်ပင်ပေါ်တက်လိုက်"
"ကုန်တန့်က ဒီမှာ အမြင့်ဆုံးဆိုတော့ သူက အသီးအနှံတွေ ဖမ်းလိုက်ပေါ့"
"တာ့နျိုရဲ့ ကိုယ်ခန္ဓာက ပျော့ပြောင်းတော့ မင်းက ကုန်ဇစ်အနောက်က လိုက်သွားလိုက်"
ရွှီချင်းက လူတိုင်းကို အစီအစဉ်ချပေးနေတဲ့ ကလေးအား ကြည့်လိုက်ရာ ထိုကလေးမှာ လော့ကျောင်းရဲ့ အဖြစ်အပျက်တုန်းက ဘိုးဘွားခန်းမဆောင်မှာ လူစုရန်အတွက် သူတို့အိမ်ဆီ လာရောက်အကြောင်းကြားပေးတဲ့ ကလေးဖြစ်နေ၏။
ရွှီချင်း ထိုကလေးရဲ့ စကားတွေကို နားထောင်နေကြတဲ့ ကလေးတစ်အုပ်ကို ကြည့်လိုက်ရာ သူတို့မျက်နှာပေါ်တွင် မကျေနပ်မှုစိုးစဥ်းမျှရှိမနေခဲ့။ သစ်ပင်ပေါ်တက်သွားတဲ့ ကလေးတချို့က အသီးတွေခူးကာ မြေကြီးပေါ် ပစ်ချနေခဲ့သလို သစ်ပင်ပေါ်မတက်တဲ့ ကလေးတွေကလည်း နာနာခံခံလေး ခြင်းတောင်းသယ်ကာ မြေကြီးပေါ်က အသီးတွေကို ကောက်နေခဲ့ကြပေသည်။
တန့်ဇီမှာ သစ်ပင်ပေါ်တက်ခါနီးတွင် အနီးအနားမှာ ရွှီချင်း အချိန်အတော်ကြာ ရပ်နေတာကို မြင်လိုက်တဲ့ နောက်ကလေးတစ်ယောက် အော်ပြောတာကို ကြားလိုက်ရ၏။ "တစ်ယောက်ယောက် ငါတို့ကို ကြည့်နေတယ်"
"ဟေး ခင်ဗျားက တောင်အနောက်ဘက် အိမ်က အစ်ကိုကြီး မဟုတ်လား?" တန့်ဇီ အရင်က လီချန်ဖုန်းနှင့် ရွှီချင်းပေးတဲ့ အဆာပြေမုန့်တွေကို စားဖူးပေသည်။ အထူးသဖြင့် သူရော သူ့ညီလေးပါ ရွှီမိသားစုဆိုင်ကရောင်းတဲ့ ဟင်းရွက်ချဥ်ကို အင်မတန်နှစ်ခြိုက်လေ၏။ ထို့ကြောင့် သူက ရွှီချင်းကို တွေ့သည့်အခါ နှုတ်ဆက်လိုသည်မှာ သဘာဝပင်။
"ဟုတ်တယ် ငါလည်း အပျော်လာကြည့်တာပဲ။ မင်းတို့ ဒီအပင်မှာဆိုတော့ ငါဟိုဘက်အပင်ဆီ သွားလိုက်မယ်လေ" ရွှီချင်းလည်း သူဒီမှာရှိနေရင် ကလေးတွေ လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရမှာမဟုတ်မှန်း သူသိသဖြင့် သူ တခြားအပင်ဆီသွားမယ့်အကြောင်း ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ကလေးတချို့ရဲ့ မျက်နှာလေးတွေမှာ စိတ်သက်သာရာရသွားတာကို တွေ့လိုက်ရလေ၏။
ရွှီချင်းက ရယ်စရာကောင်းတယ်လို့ တွေးနေမိလျက်၊ ကလေးတွေဆိုတော့ သူတို့ခံစားချက်တွေက တကယ်ပဲ သူတို့မျက်နှာပေါ်မှာ ရေးသားထားသည့်နှယ် ပေါ်လွင်နေသည်ပင်။ သို့ရာတွင် ရွှီချင်းမှာ လီချန်ဖုန်းမျက်လုံးထဲမှာဆိုရင်တော့ဖြင့် သူသည်လည်း ကလေးတစ်ယောက်နဲ့ မခြားဖြစ်နေတယ်ဆိုတာကို မသိခဲ့ပါချေ။
တန့်ဇီက သူ့ကိုစောင့်နေကြတဲ့ သူ့အပေါင်းအဖော်တွေကို ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီဗျ၊ ဒါဆို ကျွန်တော်တို့ ပြီးသွားရင် ခင်ဗျားကို လာကူမယ်နော်!" တန့်ဇီဟာ သူ့ကိုယ်သူ လူကြီးတစ်ယောက်နှယ် သူ့ရင်ဘတ်သူပုတ်ကာဖြင့် ရွှီချင်းကို ပြောလိုက်လေ၏။
ဒီလိုချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ ကလေးငယ်တစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ရသည့်အခါ ရွှီချင်းလည်း သူ့ရဲ့ကြင်နာမှုကို သဘာဝအတိုင်း ငြင်းဆန်မှာမဟုတ်။ "ကောင်းပြီကွာ၊ ဒါဆို ငါ မင်းကို အရင်ကျေးဇူးတင်ထားမယ်ဟေ့!"
အသေအချာပဲပေါ့၊ ရွှီချင်း မငြင်းဆန်တာကို တွေ့လိုက်ရ၍ အနှီကောင်လေးမှာ ရယ်လိုက်ရင်း ရွှီချင်းကို လက်ဝှေ့ယမ်းပြပြီးနောက် သူ့ကလေးအုပ်စုဆီ ပြန်သွားလိုက်၏။
ရွှီချင်း ကြာကြာမနေတော့ဘဲ ထိုနေရာရှိ အခြားချယ်ရီပင်တွေဆီ လှည့်ပတ်ကြည့်ရှုနေပြီးမှ သူ့အကြိုက်နဲ့ ကိုက်ညီတဲ့တစ်ပင်ကို ရွေးလိုက်ကာ ခြင်းတောင်းကြီးကို အောက်ချထားလိုက်ပြီး ခြင်းတောင်းအသေးကိုယူ၍ နောက်ကျောမှာ သယ်လိုက်၏။
ထို့နောက် နှစ်ခေါက် သုံးခေါက် ရွေ့လိုက်ရုံဖြင့် သစ်ပင်ပေါ်တက်သွားကာ သူ့လက်ထဲမှ ကြိုးကို ဆတ်ခနဲလှုပ်လိုက်သည်နှင့် ဝါးတုတ်မှာ လွယ်ကူစွာ ချိတ်တွယ်လာကာ သူ့လက်အားဖြင့် အသီးတွေပြွတ်သိပ်နေတဲ့ အကိုင်းကို ဆွဲလိုက်တော့သည်။
သူ ခြင်းတောင်းကို ယူလိုက်ပြီး အတွင်းထဲမှာ အသီးတွေကို ထည့်လိုက်၏။ ခြင်းပြည့်သွားဖို့ အချိန်သိပ်မကြာလိုက်ပေ။ ရွှီချင်းလည်း သစ်ပင်ပေါ်မှ ပြန်ဆင်းလိုက်ပြီး ခြင်းအသေးလေးမှ ချယ်ရီသီးတွေကို အရွက်ကြီးကြီးတွေနဲ့ ဖုံးထားတဲ့ ခြင်းတောင်းကြီးထဲသို့ လောင်းထည့်လိုက်ပေသည်။
Thanks for reading!