Ch-80.1
Viewers 14k

အခန်း ၈၀.၁


"သူတို့ဘာသူတို့လိုသလောက် ဘဲတွေ၊ ကြက်တွေကို သူတို့ကျွေးနိုင်တယ်! ဒါက ကျွန်တော်တို့ရဲ့ ကိစ္စမှမဟုတ်ဘဲ" ချန်ချီက အမေချန်နဲ့ ထပ်ပြီးအငြင်းမပွားချင်တော့သဖြင့် သူ့ဘေးမှာ တိတ်တိတ်လေးရပ်နေတဲ့ သူ့ဇနီးသည်ကိုဆွဲကာ အခန်းထဲ ပြန်ခေါ်သွားတော့သည်။ 

သူတို့အခန်းထဲရောက်တော့ ချန်ချီက အခုထိ စကားတစ်ခွန်းမှမပြောဘဲ ကုတင်ပေါ်ထိုင်နေတဲ့ သူ့ဇနီးသည်ကို ကြည့်လိုက်၏။ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သူက စိတ်သက်သာရာရအောင် ပြောလိုက်ပါသေးသည်။ "အများကြီးမစဉ်းစားနဲ့တော့နော်၊ နည်းနည်းကြာသွားရင် အဆင်ပြေသွားမှာ။ အချိန်တစ်ခုပဲလိုတာပါ" 

ချန်ချီရဲ့ ဇနီးက စကားလည်း ပြန်မပြောသလို ပြန်လည်းမဖြေဘဲ နေရာမှာပင် တိတ်ဆိတ်စွာ ထိုင်နေခဲ့လျက်။ သူ့မျက်နှာမှာ အမူအရာမဲ့နေကာ သူဘာတွေတွေးနေမှန်း ဘယ်သူမှမပြောနိုင်ပါချေ။  

ချန်ချီဟာ အမေချန်ရဲ့စကားတွေကို ကြားတုန်းက သူအရမ်းဒေါသထွက်ခဲ့ရတာတောင်မှ ဘာမှသိပ်မတွေးမိခဲ့။ "အများကြီးမစဥ်းစားနဲ့တော့နော်။ ကိုယ် နောက်တစ်ယောက်ကို လုံးဝလက်ထပ်မှာမဟုတ်ဘူး" 

သူ့ဇနီးသည်အနားသို့ လျှောက်လာကာ ညင်ညင်သာသာလေး ပွေ့ဖက်လိုက်ရင်း "ကိုယ် မင်းကို ဘယ်တော့မှ စိတ်မပျက်ပါဘူး" 

နောက်တစ်နေ့မှာပဲ ချန်ချီရဲ့ ဇနီး ထွက်သွားလိမ့်မယ်လို့ ဘယ်သူများသိလိမ့်မှာလဲနော်။ သူတို့အခန်းထဲမှာ ဘာတစ်ခုမှ မပျောက်သွားသော်လည်း မှောင်လာသည်အထိ လူက ပြန်မလာခဲ့တော့ပေ။ ချန်ချီ စိုးရိမ်တကြီးနဲ့ ပြန်လာချိန်မှာတော့ ညနေစောင်းနေခဲ့ပြီ။ သူ့နှုတ်ခမ်းတွေလည်း ကွဲအက်ခြောက်သွေ့နေလျက်၊ နေရာအနှံ့ သူ့ဇနီးသည်ကို လိုက်ရှာခဲ့ပေမယ့် လုံးဝရှာမတွေ့တော့။ အဆုံးမှာတော့ သူ့ဇနီး ထိုနေရာမှာရှိနေမယ်လို့ မျှော်လင့်ချက်ဖြင့် အန်းလဲ့ရွာကို သွားလိုက်ပါတော့သည်။ 

"ငါ့ယောက္ခမက ငါ့မိန်းမကို တွေ့ခွင့်မပေးဘဲနဲ့ သူ့သားကို မကြိုက်တော့ဘူးဆိုလည်း သူက ချန်မိသားစုက ထွက်လာလိမ့်မှာလို့ ပြောမယ်မှန်း ဘယ်သူသိမှာလဲကွာ! ဘယ်လိုလုပ်ပြီး သူက ခွဲနေဖို့အကြောင်း ပြောနိုင်ရတာလဲ?!" ချန်ချီက သက်ပြင်းချကာ လီချန်ဖုန်းကို ပြောပြခဲ့သည်။ 

ချန်ချီရဲ့ စကားတွေကို နားထောင်ပြီးနောက် လီချန်ဖုန်းမှာ ချန်လင်မယားဟာ ဒီအခြေအနေကို ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့ကြောင်း ခံစားခဲ့ရသော်ငြား ဒါဟာ ချန်မိသားစုအတွင်းရေးကိစ္စဖြစ်၍ သူ့အနေနဲ့ အများကြီး မှတ်ချက်ပေးလို့ မသင့်လျော်ပါချေ။ သူလုပ်ပေးနိုင်တာ တစ်ခုတည်းကတော့ ချန်ချီနဲ့အတူ သောက်ဖို့ အဖော်ပြုပေးတာပဲပေါ့။ 

ချန်ချီနှင့် လမ်းခွဲလာခဲ့ပြီးနောက် မှောင်လုနီးပါးဖြစ်နေခဲ့ပြီ။ လီချန်ဖုန်းက အိမ်မှာစောင့်နေကြတဲ့ ရွှီချင်းနဲ့ ကလေးလေးကို တွေးမိပြီး လှည်းကိုမောင်းနှင်ကာ အိမ်ပြန်ခဲ့ပေသည်။ 

သူအိမ်ပြန်ရောက်ချိန်၌ ရွှီချင်းက ဟင်းပွဲတွေကို ညစာစားပွဲဝိုင်းဆီ ယူလာပြီးဖြစ်လျက်။ 

"ခင်ဗျားက အမြဲတမ်း အချိန်မှန်နေရောပဲနော်၊ စားဖို့အဆင်သင့်ဖြစ်တာနဲ့ ပြန်ရောက်လာပြီ" 

ရွှီချင်းက ထွမ်ထွမ်ကို ဘေးမှာထားကာ လက်ဆေးနေတဲ့ လီချန်ဖုန်းကို ကြည့်ရင်း ထိုင်လိုက်၏။ 

လီချန်ဖုန်း မျက်နှာချိုသွေးစွာ ပြုံးပြလာလျက် "ကိုယ့်ဇနီးလေး အချက်အပြုတ်က အရမ်းအရသာရှိတာလေကွာ၊ ဟုတ်တာပေါ့ နောက်ဆို ကိုယ်စောစောပြန်လာရမယ်" 

ရွှီချင်း လီချန်ဖုန်းကိုယ်မှ ဝိုင်နံ့ရလိုက်ကာ ဝမ်လေ့နဲ့အတူ သောက်ခဲ့တယ်လို့ ထင်လိုက်ကာ "ဝမ်လေ့ရဲ့ တောင်းပန်တဲ့အရက်ကို ခင်ဗျား တကယ်ပဲ သောက်ခဲ့တာလား?" 

"မဟုတ်ပါဘူး၊ ကိုယ် ချန်ချီနဲ့တွေ့ခဲ့တာ" လီချန်ဖုန်းက အရသာရှိတဲ့ညစာကို စားနေရင်း လမ်းမှာ ချန်ချီနှင့် ဆုံခဲ့ရတဲ့အကြောင်း၊ ချန်မိသားစုရဲ့ အခြေအနေကို ရွှီချင်းအား ပြောပြလိုက်၏။ 

"ဒါပေမယ့် တကယ်တော့လည်း ဒါက ကိုယ့်ကိစ္စမဟုတ်ဘူးလေ။ အားလုံးက သူ့အမေအကြံတွေချည်း။ ဒီတော့ ကိုယ်က သူ့ကို အရက်သောက်ဖို့ အဖော်ပြုပေးရုံပဲ တတ်နိုင်တာပေါ့ကွာ။ သူ့စိတ်ထဲက အရာအားလုံးကို ထုတ်ပြောလိုက်ရတော့ သူလည်း ပိုပြီး စိတ်သက်သာလာပုံရတယ်လေ" မည်သို့ပင်ဆိုစေကာမူ သူကတော့ အခြားသူတွေရဲ့ ပြဿနာတွေကို အများကြီးဂရုမစိုက်ပါချေ။ 

ရွှီချင်း နားထောင်ပြီးသည့်နောက် ချန်ချီရဲ့ ဇနီး ထွက်သွားရတဲ့အကြောင်းအရင်းကို ချက်ချင်းပင် နားလည်သွားရသည်။ သူ့ယောက္ခမတွေက သူ့ယောက်ျားအတွက် ဒုတိယဇနီးဖြစ်လိုတဲ့လူကို ရှာတွေ့ထားပြီးဖြစ်ရာ သူက ဘယ်လိုမျက်နှာမျိုးနဲ့ အဲ့ဒီအိမ်မှာ ဆက်နေနိုင်မှာတုန်း?! 

"မြန်မြန်စားတော့၊ ပြီးရင် ခင်ဗျားကိုယ်ပေါ်က အရက်နံ့တွေကို ဆေးကြောဖို့ ရေချိုးလိုက်တော့။ မဟုတ်ရင် ကျွန်တော် ခင်ဗျားကို မဖက်တော့ဘူးနော်" 

လီချန်ဖုန်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။ သူစားနေရင်းနဲ့လည်း ရွှီချင်းရဲ့ ပန်းကန်ထဲကို ဟင်းတွေထည့်ပေးဖို့ မမေ့ခဲ့ပေ။  

"ဒါနဲ့ ဝမ်လေ့အကြောင်းပြောမလို့" ယနေ့ ဝမ်လေ့ သူ့ကို ပြောခဲ့တာကို လီချန်ဖုန်း ရုတ်တရက် သတိရသွားကာ "နောင်ဆို အရင်းဈေးနဲ့ သူ့ဆိုင်မှာ ကုန်ပစ္စည်းတွေ လာဝယ်လို့ရတယ်လို့ သူ ကိုယ့်ကိုပြောထားတယ်" 

ရွှီချင်း ညစာစားပြီးပြီဖြစ်ရာ ထွမ်ထွမ်လေးကို သစ်သီးမှုန့်ကို ကျွေးနေရင်းမှ "ခင်ဗျားဘာပြောလိုက်လဲ?" လီချန်ဖုန်း သဘောတူလိမ့်မယ်လို့ သူ မထင်ထားပါချေ။ 

"ဒါပေါ့ ကိုယ်သဘောမတူလိုက်ပါဘူး။ ကိုယ်က သူများတွေနဲ့ မတူဘူးလေ" ဒီကမ္ဘာမှာ အလကားစားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးလေ။ ဒါ့အပြင် ဝမ်မိသားစုအတွက်လည်း ဆုံးရှုံးမှုဖြစ်လာလိမ့်မှာ။ လီချန်ဖုန်းက အိမ်ထောင်ပြုပြီးခါစ သူ့ညီလေးရဲ့ မိသားစုကို မရက်စက်နိုင်ပါဘူး။ 

"အင်း၊ နောက်ပြီးတော့ ဆွေမျိုးသားချင်းတွေ စီးပွားရေးမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် ပဋိပက္ခတွေဖြစ်လာဖို့ လွယ်တယ်လေ။ အဲ့တော့ သက်သက်စီ ငြိမ်းငြိမ်းချမ်းချမ်း လုပ်တာပဲ ပိုကောင်းပါတယ်" စီးပွားရေးကြောင့် ဆွေမျိုးသားချင်းတွေ အချင်းချင်း ရန်သတ်နေကြတယ်ဆိုတဲ့အကြောင်းတွေကို သူ ဘယ်နှကြိမ်လောက် ကြားဖူးထားသလဲဆိုတာ ရွှီချင်းလည်း မမှတ်မိတော့။ သည့်အတွက် လီချန်ဖုန်းကို အဲ့ဒီလမ်းကြောင်းအတိုင်း မသွားစေချင်သည်မှာ သဘာဝကျလေသည်။ 

(Me: ငွေနဲ့ပတ်သက်လာရင် လူတွေက ကြောက်စရာကောင်းကြတယ်လေနော်။ အရမ်းချစ်ကြပါတယ်ဆိုတဲ့ သူငယ်ချင်းတွေဆိုရင်တောင်မှ စီးပွားရေးတစ်ခုခု အတူတူလုပ်မိရင် နောက်ပိုင်းမှာ ခွာပြဲကြပြီး မခေါ်နိုင်မပြောနိုင်ဖြစ်သွားတတ်ကြတယ်မဟုတ်လားကွယ် 🙃) 

သူတို့နှစ်ယောက် ညစာစား၍ ရေချိုးပြီးနောက် ခဏလောက် စကားပြောခဲ့ကြပြီးမှ နှစ်ယောက်သား ပွေ့ဖက်ထားကြလျက် အချင်းချင်းရဲ့ ခန္ဓာကိုယ်အပူချိန်ကို ခံစားလာရကာ တဖြည်းဖြည်း အိပ်မက်ထဲ ဝင်ရောက်သွားပါတော့သည်။​ 

*** 

နွေဦးကုန်ဆုံးသည့်အခါ နွေရာသီမှာ နောက်ကျကျန်နေခဲ့မှာမဟုတ်ဘူးလို့ ဆိုရိုးစကားရှိပေသည်။ မြေကြီးပေါ်မှာ မျိုးကြဲလိုက်သလို ပြောင်းပင်တွေကိုလည်း လယ်ကွင်းမှာ စိုက်ခဲ့ကြပြီး ရာသီဥတုသည်လည်း ပိုမိုပူနွေးလာလျက်။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် မေလကို ရောက်သွားခဲ့ချေပြီ။ တောင်ပေါ်ရှိ တရုတ်ဆီးသီးများနှင့် မက်မွန်သီးများလည်း စောစောစီးစီး ရင့်မှည့်လာခဲ့ပြီး အထူးသဖြင့် တောရိုင်းချယ်ရီသီးတွေဆို သစ်ပင်ပေါ်မှ ကြွေကျနေခဲ့ပြီ။ အသီးတွေဟာ သေးငယ်သော်လည်း ပမာဏများစွာရှိပေသည်! 

ကလေးတွေက အနှီတောရိုင်းအသီးအနှံတွေကို ကောက်ရတာ သဘောကျသည်သာမက ရွှီချင်းတောင်မှ မြင်လိုက်သည်နဲ့ စိတ်လှုပ်ရှားနေမိလျက်။ သူ မိဘမဲ့ဂေဟာမှာနေခဲ့တုန်းက သူ့မှာ စားစရာဝယ်ဖို့ ပိုက်ဆံမရှိခဲ့။ မိဘမဲ့ဂေဟာရှိ ကလေးငယ်လေးများအတွက် အမျှော်လင့်ရဆုံးအရာသည်ကား ခြံဝင်းထဲက တောရိုင်းချယ်ရီသီးများပင်။ 

ပန်းပွင့်တဲ့အခါ ပန်းပွင့်လေးတွေက လှပရုံသာမက အသီးကလည်း သူတို့မျှော်လင့်ထားသည့်အတိုင်း အရသာရှိလှ၏။ ထို့ကြောင့် ရွှီချင်းအတွက်မူ ဤတောရိုင်းချယ်ရီတွေအပေါ် ခံစားချက်တစ်မျိုး ရှိနေခဲ့သည်ပင်။ 

လီချန်ဖုန်း တစ်နှစ်ခွဲနီးပါးရှိနေပြီဖြစ်တဲ့ ထွမ်ထွမ်နှင့်အတူ လျှောက်လာပြီး ဒီမနက် လီချန်ဖုန်းက သူ့အတွက် ကောက်ယူလာပေးတဲ့ တောရိုင်းချယ်ရီသီးတွေကို ရွှီချင်း ဆေးကြောသန့်ရှင်းနေတာကို ကြည့်နေခဲ့သည်။ 

"အဲ့ဒီအသီးတွေကို လျှော့စားတာ ပိုကောင်းတယ်။ များများစားလိုက်ရင် အရသာက နည်းနည်းခါးလာရော" လီချန်ဖုန်း ငယ်ငယ်တုန်းက ဒီဟာကို လျှော့မစားမိခဲ့ဘူးလေ။ ထွမ်ထွမ်က သူ့လည်ပင်းကို ဆန့်ကာ ရွှီချင်းကို ကြည့်လိုက်၏။ 

ရွှီချင်းက အနီရောင်ချယ်ရီသီးတွေကို ဆေးကြောရန် ခေါင်းငုံ့ထားရင်း လီချန်ဖုန်းရဲ့ စကားတွေကို ကြားလိုက်ရတော့ အပြုံးလေးနဲ့ ခေါင်းယမ်းမိပေသည်။ 

Thanks for reading!