အခန်း ၇၉
"မှန်သားပဲ။ အခုလေးတင် ထွက်သွားတဲ့ဝယ်သူ သုံးယောက်ဆို ကျွန်တော်တို့ဆီကနေ ဝယ်လိုက်လို့ တစ်ပေါင်ကို ကြေးပြား၁ပြား သက်သာသွားပြီနော်။ ကုန်ပစ္စည်း ဆယ်ပေါင်အတွက်ဆို ကြေးပြား၁၀ပြား စုမိသွားမှာပဲ" ရွှီချင်း ဒီလိုတွေးတောလိုက်ကာ ဒီကိစ္စကိုလွှတ်ထားလိုက်တော့သည်။
ဒါဟာ ရေရှည်လုပ်ငန်းတစ်ခုပဲဆိုတော့ ဝယ်သူတွေက ဘယ်ဆိုင်မှာဝယ်ရင် စျေးပိုသက်သာသလဲဆိုတာကို အလွယ်လေးသိနိုင်ကြတာပဲလေ။
လီချန်ဖုန်း အပြုံးလေးနှင့် ခေါင်းငုံ့ကာ အခုပဲ လုပ်ပြီးသွားတဲ့ သစ်သားအရုပ်လေးကို လေမှုတ်လိုက်ပြီးနောက် ကျန်တဲ့သစ်သားအမှုန်အမွှားတွေကို ညင်သာစွာ ပွတ်သပ်ဖယ်ရှားနေလိုက်၏။
အသေအချာပဲပေါ့၊ ရွှီချင်းနဲ့ လီချန်ဖုန်းတို့ လယ်တွေစိုက်ပြီးသည့်တိုင်အောင် သူတို့ဆိုင်မှာ ပစ္စည်းတွေလာဝယ်ကြတဲ့လူတွေ အများကြီးရှိနေဆဲဖြစ်သလို အိမ်မှာ ဝယ်ထားတဲ့ပစ္စည်းတွေလည်း အရမ်းမြန်မြန်ကုန်လာပါတော့သည်။ သူတို့ ပစ္စည်းပြန်ဖြည့်ဖို့ မြို့ကိုသွားဖို့ လိုအပ်နေပါပြီ။
လီချန်ဖုန်း မြို့ကို မသွားခင်မှာပဲ အိမ်သို့ ဧည့်သည်တွေရောက်လာခဲ့ပေသည်။
ရွှီချင်းက ဝမ်လေ့နှင့် လီရှောင်းအာတို့အတွက် လက်ဖက်ရည်ပူပူလေး ထည့်ပေးလိုက်ကာ အပြုံးလေးနှင့် "လက်ဖက်ရည်လေး သောက်ကြဦး"
ဝမ်လေ့က အလျင်စလိုနဲ့ လေးစားစွာဖြင့် လက်ခံလိုက်ပြီး ထပ်ခါထပ်ခါ ကျေးဇူးတင်စကားပြောကာ "ကျေးဇူးတင်ပါတယ် ဒုတိယ ယောက်ဖ"
ဝမ်လေ့က ဤဒုတိယယောက်ဖဟာ လီရှောင်းအာအပေါ်မှာ အရမ်းကောင်းတယ်လို့ လီရှောင်းအာ ခဏခဏပြောပြဖူးတာကို ကြားထားဖူးသဖြင့် သူ့လေသံမှာ သဘာဝကျကျပင် လေးစားမှုရှိနေလေ၏။
ရွှီချင်းလည်း သူ့အပေါ် ဝမ်လေ့ရဲ့ သဘောထားကြောင့် အံ့အားသင့်သွားရပေမယ့် ဘာမှတော့မမေးလိုက်ပါချေ။ သူ လှည့်လိုက်ပြီး လီချန်ဖုန်း ဘေးမှာဝင်ထိုင်လိုက်၏။ ထွမ်ထွမ်က အိပ်ရာပေါ်မှာ အိပ်ပျော်သွားခဲ့ပြီဖြစ်ရာ ရွှီချင်းလည်း ခဏတဖြုတ် အနားရသွားချေပြီ။
လီချန်ဖုန်း သိသိသာသာပင် ပျော်ရွှင်နေပုံရသည့် လက်ထပ်ပြီးခါစစုံတွဲလေးကို ကြည့်လိုက်သည်။ လီရှောင်းအာ မျက်နှာလေးမှာ နှင်းဆီရောင်သန်းနေသလို ဝမ်လေ့သည်လည်း အားအင်ပြည့်ဝနေလျက်။ အိမ်ထောင်ကျပြီးနောက် သူတို့နှစ်ယောက်လုံး သာယာချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပုံရလေ၏။
"မင်းတို့ လီအိမ်ကို ပြန်ပြီးကြပြီလား?"
လီချန်ဖုန်းရဲ့ မေးခွန်းကိုကြားတော့ ဝမ်လေ့က လက်ဖက်ရည်ကို အလျင်စလို အောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာခဲ့သည်။ "ဟုတ်ကဲ့ ကျွန်တော်တို့ သွားပြီးပါပြီ။ ဒုတိယအကိုရေ ဆိုင်မှာ နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်တော် ဗဟုသုတနည်းလို့ အကိုမှန်း သတိမထားမိလိုက်လို့ပါဗျာ။ ကျွန်တော့်အပြစ်တွေချည်းပါပဲ။ နောက်တစ်ခါဆို ပိုပြီးသတိထားပါ့မယ်။ အချိန်ရရင် ဒီညီလေးက ဒုတိယအစ်ကိုကို အရက်သောက်ပြီး တောင်းပန်ပါ့မယ်!"
လီရှောင်းအာ ဘေးနားမှာထိုင်နေရင်း သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ရယ်မောနေလျက်။ မင်္ဂလာဆောင်ဒုတိယနေ့တွင် ဝမ်လေ့က သူ့ဆိုင်မှာ ဒုတိယအစ်ကို ဈေးလာဝယ်သည့်အကြောင်း သူ့ကိုပြောပြလာခဲ့သည်။ ထိုအချိန်တွင် ဝမ်လေ့မှာ ထိုလူက ဒုတိယယောက်ဖဖြစ်နေမှန်း လုံးဝမသိခဲ့ပါချေ။
ဝမ်လေ့လည်း သူတို့သတိမထားမိဘဲ တွေ့ဆုံချိန်တုန်းက ဒုတိယအစ်ကိုကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့မိမှာကို စိုးရိမ်နေမိကာ အမြတ်အစွန်းထက် အဆုံးအရှုံးပိုများသွားရတယ်လို့ ခံစားနေရ၍ သူ့အမှားကို ချက်ချင်း ဝန်ခံခဲ့ပြီး သူ့သဘောထားကို ပြုပြင်ခဲ့သည်။
လီရှောင်းအာကတော့ လီချန်ဖုန်းဟာ ဒီလူကို ယုံကြည်လို့ရ၏၊ မရ၏ကို စုံစမ်းရန်အတွက် ဝမ်လေ့ရဲ့ ဆိုင်ကို ရည်ရွယ်ချက်ရှိရှိသွားမှန်း သူ့စိတ်ထဲတွင် သိနေခဲ့ပါသော်ငြား ဤကိစ္စကို ဝမ်လေ့အား ထုတ်မပြောပြခဲ့ပေ။ တစ်ခါတစ်ရံတွင် မပြောသင့်တဲ့အကြောင်းတွေကို ချန်ထားသင့်တယ်လေ။
လီရှောင်းအာ မျက်နှာချင်းဆိုင်ဘက်မှာ ထိုင်နေသော ရွှီချင်းကို ကြည့်နေခဲ့ပြီး သူအိမ်ထောင်ပြုတုန်းက ရွှီချင်းပေးလိုက်တဲ့ ပိုက်ဆံအိတ်အကြောင်း စဥ်းစားမိသွားကာ သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိတော့ပေ။ အဲ့ဒါက ငွေ၁၀လျန်တိတိလေ!
သူ ဒီအသက်အရွယ်ရောက်နေခဲ့ပြီးတာတောင်မှ အများဆုံးမြင်ဖူးခဲ့သည်မှာ ငွေ ၅လျန်သာ။ ဒါက လက်ဖွဲ့အကြီးကြီးပဲနော်! လီရှောင်းအာမှာ လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ မသိတော့ပါချေ။
လီရှောင်းအာလည်း ဝတုတ်ကလေး ထွမ်ထွမ်ကို တွေးမိသွားကာ သူ့နှလုံးသားလေးမှာ ပျော့ပျောင်းသွားရ၏။ သူ လူကြီးတွေကို ပြန်ပေးလို့မရနိုင်တော့ အဲ့ဒီအစား ထွမ်ထွမ်လေးကိုပဲ ပေးရုံပေါ့ကွာ။
ဝမ်လေ့စကားတွေကို နားထောင်ပြီးနောက် လီချန်ဖုန်း သူ့လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရင်း "ဘာများလဲလို့ကွာ၊ မင်းက ငါ့ညီလေးနဲ့ အိမ်ထောင်ကျပြီးကတည်းက ငါ့ညီလေးဖြစ်သွားပြီပဲ။ ညီအကိုတွေကြားထဲမှာ ယဥ်ကျေးစရာမလိုဘူးကွာ။ မင်းတကယ် တစ်ခုခုလုပ်ပေးချင်တာဆိုရင်တော့ ငါ့ညီလေးကိုပဲ ကောင်းကောင်းဆက်ဆံပေးလိုက်"
ဝမ်လေ့ ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလာကာ "ဟုတ်ကဲ့ပါ ဒါက ဖြစ်သင့်တာပါဗျာ။ ဒါနဲ့ စကားမစပ် ဒုတိယအကိုရေ ကျွန်တော် အကိုတို့ရဲ့ ကုန်စုံဆိုင်ကို တွေ့လိုက်တယ်ဗျ။ အကိုက အရမ်းစမတ်ကျတာပဲဗျာ၊ အဲ့ဒါက စီးပွားရေးအကြံကောင်းပဲဗျ"
ဝမ်လေ့က ရွှီမိသားစုခြံတံခါးကို ဝင်လိုက်သည်နဲ့ ပြတင်းပေါက်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကို သတိထားမိလိုက်ရာ သူတော်တော်အံ့အားသင့်သွားရသည်။ ပြောရလွယ်တယ်ဆိုပေမယ့် ရွာမှာ စတိုးဆိုင်ဖွင့်ဖို့ ဘယ်သူမှ မစဉ်းစားဖူးဘူးလေ။
လီရှောင်းအာလည်း ချီးကျူးလာကာ "ဟုတ်တယ်နော် ဒုတိယအကို ဒုတိယယောက်ဖရေ... ဒီလိုမျိုးတွေ စဥ်းစားနိုင်တာ အကိုတို့က အရမ်းတော်ကြတာပဲ"
လီချန်ဖုန်းက ဝမ်လေ့နှင့် လီရှောင်းအာတို့ရဲ့ ချီးကျူးသံတွေကို ကြားတော့ သူ့မျက်နှာမှာ အနည်းငယ် ဂုဏ်ယူမှုဖြင့် "ငါစိတ်ကူးတော့ မဟုတ်ပါဘူးကွာ။ အဲ့ဒါက မင်းတို့ရဲ့ ဒုတိယယောက်ဖရဲ့ စိတ်ကူးလေ မှန်တယ်နော် ဇနီးလေး?"
ရွှီချင်းမှာ လူသုံးယောက်ရဲ့မျက်နှာကို လှည့်ကြည့်ကာ သူ့နှလုံးသားထဲမှာ အော်ဟစ်မိလေပြီ - ဒီနေ့ ငါလေးက ဒီလိုချီးကျူးခံရတာပဲကွ! ဦးဆုံးကတော့ တရုတ်ပြည်ကြီးကို ကျေးဇူးတင်ရမယ်ဟေ့! နေ့တိုင်း အသင့်စားခေါက်ဆွဲတွေဝယ်ဖို့ စူပါမားကတ်ကို မသွားခဲ့ရဘူးဆိုရင် ဒီနေ့လို ကုန်စုံဆိုင်မျိုး ရှိလာမှာမဟုတ်ဘူး!
ရွှီချင်း သူ့စိတ်ထဲက အတွေးတွေကြောင့် မနေနိုင်ဘဲ ရယ်မောမိလျက် "အဟမ်း! အဲ့လောက်လည်း အထင်ကြီးစရာတော့ မဟုတ်ပါဘူးဗျာ။ မင်းတို့ ဗိုက်ဆာနေကြမှာပဲနော်။ ငါအခု သွားချက်ပြုတ်လိုက်ဦးမယ်" သူ အကြောင်းအရာပြောင်းကာ လှည့်ပြီး မီးဖိုချောင်ထဲ ဝင်သွားတော့သည်။
"ဒုတိယယောက်ဖ ကျွန်တော် အကို့ကို ကူညီမယ်လေ!"
လီရှောင်းအာ နှလုံးသားထဲတွင် ရွှီချင်းအား ပြောပြချင်တဲ့စကားတွေ အများကြီးရှိနေ၍ ရွှီချင်း ထွက်သွားတာကိုမြင်လိုက်တော့ ချက်ချင်းထပြီး နောက်ကလိုက်သွားခဲ့သည်။
နှစ်ယောက်သား ထွက်သွားပြီးသည်နှင့် လီချန်ဖုန်းနှင့် ဝမ်လေ့တို့က ပင်မခန်းတွင် နှစ်ယောက်တည်းကျန်ခဲ့လေသည်။ အထူးသဖြင့် အပြောကောင်းသူ ဝမ်လေ့မှာ လီချန်ဖုန်းရဲ့ တည်တင်းတင်းမျက်နှာကြောင့် အလွန်စိတ်ဖိစီးရသလို ခံစားနေရ၏။
လီချန်ဖုန်းက များသောအားဖြင့် ရွှီချင်းကိုသာ စကားပြောခွင့်ပေးပြီး ပုံမှန်ဆို သူကတော့ စကားအနည်းငယ်သာ ပြောတတ်ပေသည်။ ယခုတော့ သူလည်း စိတ်လှုပ်ရှားနေပုံရတဲ့ ဝမ်လေ့ကို တိတ်တဆိတ် ကြည့်နေရုံမျှဖြင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဝမ်လေ့မှာ တစ်ခုခုမှားနေသလိုမျိုး ခံစားလာရကာ သူ့ဇနီးသည်ရဲ့ ဒုတိယအကိုဟာ သူ့အပေါ် အထင်အမြင်မကောင်းဖြစ်နေသေးတယ်လို့ ပို၍ ပို၍ ခံစားလာမိသည်။
ဝမ်လေ့ ဒါတွေကို တွေးမိသွားရကာ လီချန်ဖုန်းရဲ့ စိတ်ထဲမှာရှိနေတဲ့ သူ့ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ ခက်ခဲသွားပြီပဲလို့ တွေးနေမိပြီ။ ဝမ်လေ့လည်း လီချန်ဖုန်းရဲ့ ကုန်စုံဆိုင်ကို အကြည့်ရောက်သွားပြီးတော့မှ သူ့အပေါ် အမြင်ပြောင်းစေရန်အတွက် "ဒုတိယအကို၊ ဒီလိုဆိုရင်ကော အကိုဘယ်လိုထင်လဲဗျ?"
***
ရွှီချင်းနှင့် လီရှောင်းအာတို့ မီးဖိုချောင်၌ နေ့လည်စာ ပြင်ဆင်နေကြရင်း လာကူညီပေးနေတဲ့ လီရှောင်းအာကို ရွှီချင်း မေးလိုက်၏။ "ဘယ်လိုနေလဲ?"
လီရှောင်းအာမှာ ရွှီချင်း ဘာကိုမေးနေမှန်း သဘာဝအလျောက် သိသဖြင့် ဒီရက်ပိုင်း သူ့အပေါ် ဝမ်လေ့ရဲ့ ဂရုစိုက်မှုတွေကို ပြန်လည်တွေးမိသွားရလျက်။ ဝမ်လေ့ဟာ သူ့ခံစားချက်ကို အမြဲလိုလို ထည့်သွင်းစဥ်းစားပေးတတ်သလို သူ့အပေါ်လည်း အလွန်နူးညံ့လွန်းပေသည်။
ဝမ်ဇနီးမောင်နှံတို့ကလည်း တခြားသူတွေကို ခက်ခဲအောင်လုပ်တတ်သူများမဟုတ်ကြပေ။ ဟုတ်တာပေါ့၊ သူ့ဘဝဟာ လီအိမ်မှာနေရတုန်းကထက်တောင် ပိုကောင်းနေပါသေးသည်။
"ကောင်းပါတယ်၊ သူက ကျွန်တော့်အပေါ် အရမ်းကောင်းတယ်၊ သူ့မိသားစုရောပဲ" လီရှောင်းအာ အနည်းငယ်ရှက်ရွံ့နေတဲ့ အသံလေးဖြင့် ပြန်ဖြေလေသည်။
ရွှီချင်းလည်း ဒီမေးခွန်းကို မေးရတာ နည်းနည်းရှက်ရွံ့သလို ခံစားလိုက်ရပေ၏။ ယင်းမှာ အခြားသူတွေရဲ့ အရေးကိစ္စတွေကို စူးစမ်းမေးမြန်းတတ်တဲ့ မိန်းမတစ်ယောက်လိုမျိုး ဖြစ်သွားတယ်လို့ ခံစားရသော်ငြား လီရှောင်းအာဟာ တခြားသူမဟုတ်၊ သူ့ယောက်ျားက ဂရုစိုက်တဲ့ တစ်ဦးတည်းသော လီမိသားစုဝင်ဖြစ်သည်လေ။
လီချန်ဖုန်းဟာ အမျိုးသားတစ်ဦးဖြစ်သည့်အလျောက် ကောတစ်ယောက်ကို လူကိုယ်တိုင်မမေးနိုင်တဲ့ အရာတချို့ရှိသဖြင့် ရွှီချင်းကပဲ အနှီတာဝန်ကို ထမ်းဆောင်ခဲ့ရတာပေါ့။
"အဆင်ပြေတယ်ဆို ကောင်းတာပေါ့ကွာ၊ လာ ဟင်းစချက်ကြရအောင်။ ငါမင်းကို ဗိုက်ဆာအောင်မထားချင်ဘူးဟေ့!" ရွှီချင်း ရယ်ကာမောကာဖြင့် လီရှောင်းအာနဲ့အတူ နေ့လည်စာ ချက်ပြုတ်ပါတော့သည်။
နေ့လယ်စာစားနေချိန်တွင် ထွမ်ထွမ်နိုးလာခဲ့ပြီး ထမင်းဝိုင်းဆီ ရောက်လာကာ ရွှီချင်းလုပ်ပေးထားတဲ့ သစ်သီးမှုန့်လေးကို စားနေလျက်။သက်ဝင်လှုပ်ရှားလှတဲ့ နေ့လည်စာတစ်နပ်ပါပဲ။
ထမင်းစားပြီး သိပ်မကြာခင်မှာပဲ လီရှောင်းအာနဲ့ ဝမ်လေ့တို့က ထွက်ခွာရန် ပြင်ဆင်ကြလေ၏။ လီချန်ဖုန်းလည်း မြို့ထဲတွင် ဈေးဝယ်စရာရှိနေသေးသည်မို့ သူတို့ အတူတူထွက်သွားကြလေသည်။
အစာကြေစေရန်အလို့ငှာ ရွှီချင်းက ထွမ်ထွမ်နှင့်အတူ ခြံထဲမှာ လမ်းလျှောက်နေခဲ့သည်။ ထို့နောက် နေရာလွတ်ထဲက ဝိဥာဥ်စမ်းရေကို သတိရလိုက်ပြီး ရွှီချင်း သူ့ရင်ခွင်ထဲက ထွမ်ထွမ်လေးကို ကြည့်၍ ခြံတံခါးပိတ်လိုက်ကာ ထွမ်ထွမ်ရေချိုးဖို့အတွက် ဝိဥာဥ်စမ်းရေတစ်ဇလုံကို အပူပေးလိုက်သည်။
ထွမ်ထွမ်လေးက အထူးသဖြင့် ရေထဲမှာဆော့ကစားရတာကို နှစ်သက်သဖြင့် ရွှီချင်း သူ့ကို ဇလုံထဲ ထည့်ထားလိုက်ရုံရှိသေး၊ သူက ပျော်မြူးစွာ ခြေထောက်တွေနဲ့ ကန်ကြောက်ဆော့ကစားနေသလို ရွှီချင်း နားမလည်နိုင်တဲ့ စကားတွေကိုလည်း ဆက်တိုက်ပြောနေခဲ့ပြီး သူ့ခံစားချက်တွေကို ပျော်ပျော်ကြီးထုတ်ပြနေလျက်။
"လိမ္မာနော်၊ အရမ်းကြီးမလှုပ်နဲ့လေ"
ဝတုတ်ဖက်ထုပ်လေးမှာ တအားလူးလွန့်နေသဖြင့် ရွှီချင်းလည်း အားသုံးမိရင် ထွမ်ထွမ်နာကျင်သွားမည်ကို စိုးရွံ့သဖြင့် အားအများကြီး မသုံးဝံ့ပါချေ။ ထွမ်ထွမ်ကို ရေချိုးပေးခြင်းမှာ တစ်နာရီ၏ လေးပုံတစ်ပုံအတွင်း ပြီးရမည်ဖြစ်သော်လည်း နာရီဝက်ကြာအောင် အချိန်ယူခဲ့ရပေသည်။
ထိုအချိန်အတောအတွင်း ရွှီချင်းမှာ ရေချိုးဇလုံထဲသို့ ရေနွေးတွေကို ရံဖန်ရံခါ ထည့်ပေးနေရလေ၏။ မဟုတ်ပါက ထွမ်ထွမ်လေး ဒီလိုလုပ်ပုံနဲ့ အအေးမိသွားနိုင်လေရဲ့။
ရေချိုးရင်း အကြာကြီးကစားပြီးတဲ့နောက် ထွမ်ထွမ်လည်း အိပ်ပျော်သွားပြန်တော့သည်။ ထိုအခါမှသာ ရွှီချင်းလည်း သက်ပြင်းတစ်ချက်ချ၍ သူတို့မိသားစုသုံးယောက်ရဲ့ အဝတ်တွေကို အမြန်လျှော်ဖွပ်ရလေသည်။
***
လီချန်ဖုန်း ဈေးဝယ်ပြီးသွား၍ မြည်းလှည်းနဲ့ အိမ်ပြန်ခါနီးမှာ မျက်တွင်းချောင်နေတဲ့ မျက်နှာနဲ့ ချန်ချီက သူ့ဆီလာနေတာကို တွေ့လိုက်ရ၏။
"မင်းပုံစံကဘယ်လိုဖြစ်ရတာလဲ"
လတ်တလောတွင် ချန်ချီမှာ စိုးရိမ်ပူပန်နေရ၏။ သူ့အရှေ့မှ ရင်းနှီးနေတဲ့အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူ အလျင်စလို ခေါင်းမော့ကြည့်လိုက်ရာ သူ့မျက်လုံးအရှေ့၌ လီချန်ဖုန်းရဲ့ အရပ်ရှည်ရှည်နဲ့ ခပ်တောင့်တောင့်ခန္ဓာကိုယ်ကို မြင်လိုက်ရ၏။ "ချန်ဖုန်း!"
ချန်ချီလည်း လီချန်ဖုန်းကို မတွေ့ရတာကြာခဲ့ချေပြီ။ လီချန်ဖုန်းကို သူနောက်ဆုံးတွေ့ခဲ့သည်မှာ ချန်ဟုန်လက်မထပ်ခင်အချိန်ကပင်။
"ဒီကလေးကတော့... မင်း ဘယ်တွေရောက်နေတာလဲကွာ? ငါ့ညီလေးလက်ထပ်တုန်းကလည်း မင်းကိုမတွေ့ရဘူး"
တကယ်တမ်းတော့ သူတို့နှစ်ဦးဟာ အတူကြီးပြင်းလာတဲ့ ညီအစ်ကိုတွေလိုပဲဖြစ်၍ ချန်ချီရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လီချန်ဖုန်း မြင်လိုက်ရသည့်အခါ စိုးရိမ်စိတ်ဖြင့် ချက်ချင်းမေးလိုက်သည်။
ယခုအချိန်တွင် ချန်ချီမှာ လီချန်ဖုန်းက သူ့အပေါ် စိုးရိမ်စိတ်နဲ့ ပြောလာတဲ့စကားတွေကို ပြန်လည်နောက်ပြောင်ပြောဆိုလိုစိတ်ရှိမနေတော့။ သူ့အတွက်မူ ယခုအချိန်မှာ တကယ်ပဲ အခြေအနေဆိုးရွားနေခဲ့လေပြီ။
ချန်ဟုန်လက်ထပ်ပြီးနောက် မိသားစုတွင် လူလေးယောက်သာ ကျန်ခဲ့သည် - အဖေချန်၊ အမေချန်၊ ချန်ချီနှင့် သူ့ဇနီးသည်တို့ပင်။ အရင်ကတက်ကြွလှုပ်ရှားနေခဲ့တဲ့ ချန်မိသားစုမှာ ချန်ဟုန်ထွက်သွားပြီးနောက် တိတ်ဆိတ်သွားလေပြီ။
မိသားစုရဲ့ လေထုကို တက်ကြွစေတဲ့လူတစ်ဦး ထွက်သွားသည့်အခါ မိသားစုမှာ အရင်လိုမပျော်ရွှင်ရတော့လေသဖြင့် အမေချန်လည်း သူ့ရဲ့မြေးအကြောင်းကို စတင်တွေးမိလာလေပြီဖြစ်သည်။
ချန်ချီရဲ့ ဇနီးမှာ အိမ်ထောင်ကျပြီးတာ နှစ်တွေတော်တော်ကြာခဲ့ပြီဖြစ်ပေမယ့် ကလေးမမွေးခဲ့ပေ။ အမေချန်က တကယ်ပဲ မြေးလိုချင်နေပြီဖြစ်သော်လည်း သူဘာမှမတတ်နိုင်ပါချေ။ ထို့အပြင် ချန်ချီရဲ့ ဇနီးဟာလည်း ကလေးမမွေးနိုင်သည်မှတစ်ပါး ဘာအပြစ်မှဆိုစရာမရှိဘူးလေ။
ထို့ကြောင့် မြေးလိုချင်၍ ရူးသွပ်လာတဲ့အမေချန်ဟာ လှည့်ကွက်တစ်ခု စဥ်းစားမိသွားခဲ့သည်။
ချန်ချီက သူ့ဇနီးကို မထားခဲ့ချင်ဘူးဆိုတော့ ဒါဆို ချန်ချီအတွက် နောက်ထပ်ဇနီးတစ်ယောက် ရှာပေးလိုက်မယ်။ အဲ့ဒီလူက သူ့အတွက် မြေးလေးကို မွေးဖွားပေးနိုင်သလို ချန်ချီကလည်း သူ့ဇနီးသည်နဲ့ မခွဲရတော့ဘူးပေါ့။ ဒါဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်လိုက်တာပဲ မဟုတ်လား?!
သည့်ကြောင့် အမေချန်က အဖေချန်နဲ့ ဆွေးနွေးလိုက်ပြီး သူတို့ အလွန်သဘောကျရတဲ့ ကောတစ်ယောက်ကို တိတ်တဆိတ်တွေ့သွားခဲ့ကာ အောင်သွယ်တော်အား အခြေအနေမေးမြန်းရန် ထိုကောရဲ့အိမ်ကို သွားခိုင်းလိုက်သည်။ ထိုကောလေးရဲ့ မိသားစုသည်လည်း စိတ်ဝင်စားနေမှန်း သူတို့သိရ၍ အမေချန်ဟာ ဒီကိစ္စတွေကို တစ်လုံးတစ်ပါဒမျှမသိကြတဲ့ ချန်ချီနဲ့ သူ့ဇနီးကို အတူတူခေါ်ကာ ထိုအကြောင်းပြောပြခဲ့ပေသည်။
ထိုအကြောင်းကို ကြားပြီးနောက် ချန်ချီ ဇနီးရဲ့ မျက်နှာမှာ ဖြူဖျော့သွားရ၏။ ထိုကောကို တကယ်ပဲ ကလေးမွေးဖွားဖို့အတွက် ကြံရွယ်ထားသည်မှန်း သူသိလိုက်ရသည့်အခါ ချန်ချီဇနီးမှာ ချန်ချီအား မကျေမနပ်စိုက်ကြည့်လိုက်တော့သည်။
ထိုအချိန်တွင် ချန်ချီလည်း ထိုအကြောင်းကြားသည်နဲ့ အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရကာ အမေချန်နှင့် ရန်ဖြစ်နေပြီဖြစ်သည်။ "မြေးလိုချင်တာကြောင့်နဲ့ တခြားလူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးတာက ရာဇ၀တ်မှုပဲ မဟုတ်ဘူးလား?"
အမေချန် မျက်နှာမှာ မှိုင်းညှို့သွားကာ "ဘာလို့ လူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးတာဖြစ်ရမှာတုန်း။ သူတို့ရဲ့မိသားစုလည်း ဒီအိမ်ထောင်ရေးကို လိုလားတယ်လေ။ သူကလေးမွေးပြီးသွားတာနဲ့ ငါတို့က သူ့ကို စွန့်ပစ်မှာမှမဟုတ်တာ"
အဖေချန်က အမေချန်ဘေးမှာ ဆေးပြင်းလိပ်တစ်လိပ်သောက်နေရင်း သူ့မျက်နှာမှာ တုံ့ဆိုင်းနေလျက်။
ချန်ချီ ဒေါသတကြီးဖြင့် အော်ရယ်လုမတတ်ပင် "ကျွန်တော့်မှာ ကျွန်တော့်မိန်းမရှိပြီးသား၊ သူတို့ကလေးမွေးနိုင်တယ်ဆိုတာနဲ့ပဲ ကျွန်တော်က ဘာလို့ တခြားလူကို လက်ထပ်ရမှာလဲ? ဘာလို့ ကျွန်တော်က တခြားလူဆီကနေ သင်ယူပြီး ဒီလိုမျိုး နောက်တစ်ယောက်ထပ်ယူရမှာလဲ?"
ဤမင်းဆက်တွင် အမျိုးသားတွေထက် ကောတွေက ပိုများသဖြင့် မိသားစု ချမ်းသာနေသရွေ့ လယ်သမားမိသားစုဖြစ်စေ၊ ချမ်းသာတဲ့ မိသားစုဖြစ်စေ၊ မိသားစုမှာ ဇနီးအများကြီး ယူလို့ရပေသည်။
"အဲ့ဒါက သူ အိမ်ထောင်ကျတာဖြင့် ဒီလောက်နှစ်တွေကြာတာတောင်မှ ကလေးမမွေးနိုင်သေးလို့ပဲ မဟုတ်ဘူးလား! မင်းတို့ညီအကိုနှစ်ယောက်လုံး အိမ်ထောင်ကျသွားပြီးတာတောင်မှ ငါတို့အိုကြီးအိုမနှစ်ယောက်က အခုချိန်ထိ မြေးမချီရသေးဘူး! ထောင်မိသားစုကို ကြည့်လိုက်စမ်း! သူ့မှာဆို မြေးနှစ်ယောက်တောင်ရှိနေပြီ။ အကြီးလေးဆို သူ့အဖွားကို ကူညီပြီး ကြက်စာတွေတောင် ကျွေးပေးနိုင်နေပြီဟဲ့!"
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။
အမလေး ချန်မိသားစုကြီး ပျောက်နေပါတယ်ထင်တာ၊ ပေါ်မယ့်ပေါ်လာတော့လည်း ပြဿနာက စပြန်ပါပြီ။ ချန်ချီတစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ နောက်တပိုင်းမှာ ဆက်ပြီး စောင့်ကြည့်ကြပါဦးနော်...
Thanks for reading!