Ch-78
Viewers 14k

အခန်း ၇၈


ရွှီချင်းမှာ သူ့ကို လယ်ကွင်းထဲ မသွားစေချင်တဲ့ လီချန်ဖုန်းကို ရယ်ချင်သလိုအကြည့်နဲ့ ကြည့်လိုက်ပြီး "အဲ့ဒါက ပြဿနာမဟုတ်ပါဘူးဗျာ။ အခု လူတိုင်း လယ်ကွင်းထဲမှာ အလုပ်လုပ်နေကြပြီလေ။ ဝယ်သူရှိနေရင်တောင်မှ သူတို့ ကျွန်တော်တို့ကို လှမ်းခေါ်လို့ရတာပဲ။ လယ်ကွင်းက အိမ်နဲ့မဝေးတော့ သူတို့အသံကို ဟိုကနေလည်း ကြားနိုင်တာကို" 


သူ ထိုသို့ပြောပြီးနောက် အဝတ်ဟောင်းတစ်စုံကို လဲဝတ်လိုက်ပြီး ထွမ်ထွမ်ကို တွန်းလှည်းထဲ ထည့်လိုက်ကာ "သွားရအောင်လေ၊ ခင်ဗျားက သူ့ကို လယ်ကွင်းထဲက နေရာကောင်းတစ်ခုဆီ သယ်သွားပေးနော်၊ ကျွန်တော်က ပေါက်ပြားသွားယူခဲ့မယ်" 


လီချန်ဖုန်းလည်း မငြင်းဆန်နိုင်တာကြောင့် ရွှီချင်း ပြောတဲ့အတိုင်း လုပ်ရလေပြီ။ သူ ထွမ်ထွမ်ကို လယ်ကွင်းဆီ သယ်သွားခဲ့ပြီး ကလေးမျက်လုံးတွေကို နေရောင်မစူးရစေအောင်လို့ သစ်ပင်ကြီးကြီးတစ်ပင်အောက်မှာ ထားလိုက်၏။ 


လီချန်ဖုန်း နှင့် ရွှီချင်းတို့က သူတို့သားလေးအနားမှာ မြေဆွနေကြလျက်။ သူတို့ လှမ်းကြည့်လိုက်တာနဲ့ ထွမ်ထွမ်ကို မြင်နိုင်သဖြင့် အနီးနားတွင် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မနေတော့ပေ။ 


ရွှီချင်း လယ်ကွင်းမှာ အလုပ်မလုပ်တာ ကြာလှချေပြီ။ တစ်နာရီ၏ လေးပုံတစ်ပုံလောက် အလုပ်လုပ်ရုံဖြင့် သူ့လက်မောင်းတွေ အနည်းငယ် စတင်နာကျင်လာခဲ့သော်လည်း လီချန်ဖုန်းရဲ့ ပြိုင်ဘက်ကင်းတဲ့ အေးအေးသက်သာ အမူအရာကို သူမြင်လိုက်ရသည့်အခါ ရွှီချင်းမှာ အရှုံးကို လက်မခံနိုင်စွာပင် ဆက်လက်လုပ်နေလေ၏။ သူလည်း ယောကျ်ားတစ်ယောက်ပဲလေ။ အိပ်ရာပေါ်မှာ လီချန်ဖုန်းနှင့် မယှဉ်နိုင်တာကြောင့် ဘာပဲဖြစ်ဖြစ် အပြင်တွင်မူ အနည်းဆုံးတော့ သူ့မျက်နှာကို အဖတ်ဆယ်ရမှာပဲ။ 


ဤနည်းဖြင့် မျက်နှာအဖတ်ဆယ်လိုတဲ့ ရွှီချင်းဟာ လယ်ကွင်းအားလုံး ပြီးဆုံးသည်အထိ ငါးရက်လုံးလုံး မြေဆွရန် လီချန်ဖုန်း နောက်လိုက်ခဲ့ပါသည်။ သူ သေလောက်အောင် ပင်ပန်းနေသလို ကျောတွေလည်း နာကျင်နေလျက်။  


ကံကောင်းထောက်မစွာဖြင့် ကောက်စိုက်တဲ့နေ့ရောက်ဖို့ ရက်နည်းနည်းလိုပါသေးသည်။ သူ နောက်နေ့မှာပဲ ကောက်စိုက်ရတော့မယ်ဆိုရင်တော့ မောပန်းလွန်းလို့ သေတော့မှာ အသေအချာပဲဟေ့။ 


"ကျွန်တော်တို့နှစ်ယောက်လုံး လယ်ကွင်းထဲမှာ ရက်အတော်ကြာ အတူတူလုပ်ခဲ့ကြပေမယ့် ဘယ်လိုလုပ်ပြီး ခင်ဗျားက နည်းနည်းလေးတောင် မောပန်းနေတဲ့ပုံမပေါ်ရတာတုန်း" 


လီချန်ဖုန်း သူ့ရဲ့ ရွှံ့ပေနေတဲ့လက်တွေကို ရေတွင်းမှာ ဆေးကြောနေရင်း ခွေးခြေခုံမှာ ပစ်ထိုင်လိုက်ပြီး တစ်စက်ကလေးမှ မလှုပ်ရှားချင်တော့ပုံရတဲ့ ရွှီချင်းကို ကြည့်ကာ ပြန်ဖြေလာခဲ့သည်။ "အိုး အဲ့ဒါက မင်း ထွမ်ထွမ်ကို ကိုယ်ဝန်လွယ်ထားတုန်းက အကြာကြီးမလှုပ်ရှားခဲ့ရတာကြောင့်ဖြစ်မယ်။ မဟုတ်ရင် မင်းက ကိုယ့်ထက် ပိုတောင်ကောင်းနေမှာ အသေအချာပဲ!" 


ရွှီချင်းမှာ မလှုပ်ရှားဝံ့ပေ။ လှုပ်ရှားမှုတိုင်းဟာ သူ့ခန္ဓာကိုယ်ပေါ်က အသားတွေကို နာကျင်စေပြီး နာကျင်မှုမရှိတဲ့ တစ်ခုတည်းသောနေရာမှာ သူ့မျက်နှာပဲရှိတယ်လို့ တွေးနေမိသည်။ 


လီချန်ဖုန်း ပြုံးလိုက်ရင်း ရွှီချင်းအနောက်ကို လျှောက်သွားပြီး သူ့လက်ကြီးကို ဆန့်ထုတ်၍ ရွှီချင်းရဲ့ ညွှတ်ကျနေတဲ့ ပုခုံးပေါ်မှာ တင်လိုက်လေ၏။ 


"အား! နာတယ်! နာတယ်!" 


လီချန်ဖုန်းက ရွှီချင်းကို အခုမှ စတင်နှိပ်နယ်ပေးနေပေမယ့် တစ်ဖက်လူကတော့ ဖိအားအနည်းငယ်ကိုတောင် မခံနိုင်ဘဲ ဆက်တိုက် အော်ဟစ်နေသည်ကြောင့် ပုခုံးကို နှိပ်ပေးနေတာကို ရပ်လိုက်ကာ လက်မောင်းဆီ ပြောင်းရွှေ့လိုက်တော့သည်။ 


"အို့! အဲ့ဒီနေရာလည်း နာတယ်! မထိနဲ့၊ မထိနဲ့" 


လီချန်ဖုန်း ဘယ်နေရာကိုပဲ ထိလိုက်ပါစေ ရွှီချင်းမှာ နာကျင်နေရသဖြင့် သူ့ကို ပိုမိုစိတ်ထိခိုက်စေရ၏။ "မင်း အာ... ဒီမှာ ခဏစောင့်ဦး၊ မင်း ရေနွေးနဲ့ ရေချိုးဖို့အတွက် ကိုယ် ရေနွေးသွားကျိုလိုက်ဦးမယ်။ အဲ့ဒါဆိုရင် နာကျင်မှုတွေ သက်သာစေမှာပဲ" 


ရွှီချင်းလည်း လီချန်ဖုန်းက ထွမ်ထွမ်ကို တံစက်မြိတ်အောက်မှာ ချထားလိုက်တာကို ကြည့်နေရင်း နံရံကိုမှီလျက် ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်၏။ ဖက်ထုပ်လေးက သူ့ခြေထောက်တွေကို ကန်နေရင်း လက်တွေကို ဝှေ့ယမ်းနေလျက် တခစ်ခစ်ရယ်နေလေသည်။ 


ထို့နောက် ရွှီချင်းက ရေနွေးပူပူနဲ့ ရေချိုးသည့်အခါ ရေချိုးကန်ထဲကို ဝိညာဉ်စမ်းရေနည်းနည်း ထည့်လိုက်၏။ သူ့ခန္ဓာကိုယ် နာကျင်ကိုက်ခဲနေတာတွေ တဖြေးဖြေး သက်သာသွားရန် စောင့်ဆိုင်းနေကာ အချိန်အနည်းငယ် ယူရပေလိမ့်မည်။ ရက်အနည်းငယ်အတွင်း နွေဦးထွန်ယက်ခြင်းရာသီ ရောက်တော့မှာဆိုတော့ လီချန်ဖုန်း တစ်ယောက်တည်း ဘယ်လိုမှမလုပ်နိုင်ဘူးလေ။ 


ရေချိုးပြီးနောက် ရွှီချင်း ကုတင်ပေါ်တက်သွားလိုက်၏။ မူလက သူ ထွမ်ထွမ်ကို အရင် အိပ်ပျော်အောင် ချော့သိပ်ချင်ခဲ့သော်လည်း ထွမ်ထွမ်အိပ်မပျော်သေးခင်မှာပဲ ရွှီချင်းက အိပ်မက်နယ်မြေထဲ ရောက်သွားလေပြီ။ 


လီချန်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ရွှီချင်းအား သူ့အနီး ဆွဲယူကာ သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်လိုက်ပြီး စောင်သေချာခြုံပေး၍ သူ့လက်ကြီးက ထွမ်ထွမ်ရဲ့ ပါးပြင်လေးကို ထိရင်း "အိပ်တော့နော်။ မင်းအားမားကတော့ ဒီရက်ပိုင်း ပင်ပန်းနေပြီလေ၊ လိမ္မာနော်" 


ထွမ်ထွမ် အိပ်ပျော်သွားပြီးနောက် လီချန်ဖုန်း မီးငြိမ်းလိုက်ပြီး ရွှီချင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ မျက်လုံးမှိတ်၍ အိပ်ပျော်သွားတော့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက လယ်အလုပ်တွေကြောင့် သူလည်း ပင်ပန်းနေခဲ့ချေပြီ။ နောက်ဆုံးတွင်မူ သူတို့မိသားစုတွင် လယ်ကွင်းအများကြီး ရှိနေတယ်လေ။ 


နောက်တစ်နေ့တွင် သူတို့နှစ်ယောက်စလုံး ထွမ်ထွမ်နဲ့အတူတူ အိမ်မှာ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ 


"ရွှီမိသားစု အိမ်ထဲမှာရှိလား?" 


ရွှီချင်းက ထွမ်ထွမ်နဲ့ လီချန်ဖုန်းတို့နှင့်အတူတူ ခြံထဲမှာ အဆာပြေစားနေချိန်တွင် အိမ်ရှေ့တံခါးဆီမှ စူးရှကျယ်လောင်တဲ့အော်ခေါ်သံကို ကြားလိုက်ရ၏။ 


"ရှိတယ်ဗျို့! ခြံတံခါးကို သော့မခတ်ထားလို့ တွန်းဖွင့်လိုက်ရုံပဲဗျ!" 


ရွှီချင်း တံခါးသွားဖွင့်ဖို့ တွေးလိုက်ပေမယ့် သူထဖို့ ပျင်းလွန်းနေလေ၏။ 


"ရှောင်ပေါင်! ပြန်လာစမ်း!" 


ခြံတံခါးမှ အသံတွေကို ကြားလိုက်တဲ့ ခွေးနက်ကြီးရှောင်ပေါင်က အပြေးအလွှားသွားကာ "နှုတ်ဆက်ရန်" အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ 


ဝယ်သူဖြစ်နိုင်သောကြောင့် ရွှီချင်း သူ့ကိုပြန်ခေါ်လိုက်ခြင်းပင်။ 


ခြံတံခါးကို တွန်းဖွင့်လာပြီး ပြုံးနေတဲ့ အဒေါ်တစ်ယောက် ဝင်လာခဲ့လေ၏။ သူကတော့ ရွာထဲက တန့်မိသားစုကပင် "မင်း အလုပ်ရှုပ်နေလား? ငါ မင်းရဲ့ ဟင်းရွက်ချဥ်နည်းနည်း လာဝယ်တာပါ! ငါ့မြေးလေးက အဲ့ဒါစားရတာ ကြိုက်လို့လေ" 

(T/N: ဒီတန့်မိသားစုက ရှောင်းအာ အလုပ်လုပ်ခဲ့တဲ့ မိသားစုမဟုတ်ဘူးနော်။ ရှောင်းအာက မြို့ကတန့်မိသားစုမှာ လုပ်ခဲ့တာနော်) 


"ဟင့်အင်း ကျွန်တော်တို့အလုပ်မရှုပ်ပါဘူးဗျာ" လီချန်ဖုန်း ထရပ်၍ ပင်မခန်းထဲဝင်သွားခဲ့ပြီး ဆိုင်ဖွင့်လိုက်ကာ "အဒေါ် ဘယ်လောက်လိုချင်တာလဲ?" 


ရွှီချင်း အဒေါ်တန့်ကို ဆွဲခေါ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် အတူတူထိုင်လိုက်ရင်း တစ်ဖက်လူရဲ့ လက်ထဲကိုလည်း အဆာပြေစားစရာ လက်တစ်ဆုပ်စာ ထည့်ပေးလိုက်ပါသေးသည်။ 


အဒေါ်တန့်က လီချန်ဖုန်း မေးခွန်းကို ကြားလိုက်သည်နဲ့ အမြန်ပြန်ဖြေလာခဲ့သည်။ "နှစ်ဂျားပဲ!" ထို့နောက် သူပြန်လှည့်လာပြီး ရွှီချင်းကို ပြုံးပြရင်း "မင်းရဲ့ ဟင်းရွက်ချဉ်တွေကလေ ငါ့မြေးတွေပဲ ကြိုက်တာမဟုတ်ဘူးနော်၊ ငါတို့လူကြီးတွေတောင် ကြိုက်တယ်ကွယ်။ အဲ့ဒါစားပြီးရင် ငါ့ပါးစပ်က ပိုတောင်လောဘကြီးလာသေးတယ်!" 


ရွှီချင်း သူ့ပါးစပ်ထောင့်လေး မြှောက်လာကာ "အဲ့ဒါက စားလို့ကောင်းတယ်လေနော်၊ အရံဟင်းကောင်းလေးဆိုတော့ ကျွန်တော်တို့မိသားစုလည်း အရမ်းကြိုက်ကြတာပဲ၊ အထူးသဖြင့် ထွမ်ထွမ်လေးရဲ့ အဖိုးပေါ့" 


အဒေါ်တန့် ရယ်မောလိုက်ရင်း ထွမ်ထွမ်ကို ကြည့်ကာဖြင့် "ငါ ထွမ်ထွမ်လေးကို မတွေ့ရတာ တော်တော်ကြာသွားပြီပဲ၊ သူကတော့ နေ့တိုင်း ဒီလိုလေးပဲကွယ်" 


"အဒေါ်တန့် ဒီမှာပါဗျာ" 


လီချန်ဖုန်း ဟင်းရွက်ချဉ်များကို ထုပ်ပိုးပြီး ပိုက်ဆံအိတ်ကိုထုတ်၍ ကြေးပြား၁၀ပြားပေးလာတဲ့ အဒေါ်တန့်ကို ပေးလိုက်၏။  ခဏတစ်ဖြုတ် ထွမ်ထွမ်ကို စနောက်နေပြီးမှ ရွာထဲ ပြန်သွားလေသည်။ 


လွန်ခဲ့တဲ့ရက်အနည်းငယ်မှစ၍ လူတိုင်း လယ်ကွင်းထဲမှာ အလုပ်ရှုပ်နေကြသဖြင့် ညနေ၌ အိမ်မှာ ချက်ပြုတ်စရာ ဘာမှမရှိသည့်အခါ လူကြီးတွေက ကလေးတွေကို သူတို့လိုအပ်တာတွေ ဝယ်ခိုင်းရန် ရွှီမိသားစုကုန်စုံဆိုင်ဆီ လွှတ်တတ်ပေသည်။ သူတို့ဆိုင်လေးဟာ မော်ဒန်ခေတ်က ကုန်စုံဆိုင်လိုပါပဲ၊ သာမန်မရှိမဖြစ်လိုအပ်တဲ့ အရာအားလုံးရှိလေရဲ့။ 


"ကျွန်တော့်အကြံကို ကြည့်ပါလား။ ရက်နည်းနည်းပဲရှိသေးတာတောင် ငွေ ၂လျန်နီးပါး ရှာနိုင်နေပြီနော်" ရွှီချင်း လီချန်ဖုန်းကို ဂုဏ်ယူစွာ ပြောလိုက်သည်။ 


ဟုတ်တာပေါ့၊ လီချန်ဖုန်း ခေါင်းညိတ်လာကာ  သူက သူ့ဇနီးလေးရဲ့ စကားတွေ၊ အကြံဥာဏ်တွေကိုဆို နားမထောင်ဘဲ နေမှာမဟုတ်ဘူးလေ။ 


သို့သော် မကြာမီတွင် ရွှီမိသားစုကုန်စုံဆိုင်ဟာ ရွာ၏ တစ်ခုတည်းသောဆိုင် မဟုတ်တော့ပေ။ 


သုံးရက်သာရှိပါသေးတယ်။   


အဒေါ်ရှဲ့က အိမ်တိုင်ရာရောက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာကာ မကျေမနပ်ညည်းညူပြောဆိုလေပြီ။ "အဲ့ဒီကျန်းမိသားစုက တကယ့်ကို အရှက်မရှိတာပဲ! မင်းတို့မိသားစု ဘာလုပ်တာလဲဆိုတာကို သူတို့သိတာနဲ့ တကယ်ကြီးအတုခိုးရဲလိုက်တာ!" 


အဒေါ်ရှဲ့ပြောတဲ့ ကျန်းမိသားစုမှာ လက်သမားလုပ်ငန်းလုပ်သည့် ကျန်းမိသားစုပင်။ အဒေါ်ကျန်းသည် ရွှီမိသားစု၏ ပရိဘောဂလုပ်ငန်းကြောင့် ခံစားခဲ့ရသဖြင့် သူလုံးဝမပျော်ခဲ့ပေ။ 


ယခု ရွှီချင်းနဲ့ လီချန်ဖုန်းတို့က အိမ်ဆိုင်လေး ဖွင့်လိုက်တာကို မြင်လိုက်သည်နဲ့ ချက်ချင်းပင် သူလည်း ထိုနည်းလမ်းအတိုင်း သကြားလုံးတွေ၊ သရေစာမုန့်တွေ စတင်ရောင်းချပါတော့သည်။ စျေးနှုန်းကတော့ ရွှီမိသားစုထက် ပို၍စျေးကြီးသည်ပင်။ 


အကြောင်းသည်ကား လီချန်ဖုန်းက ကုန်ပစ္စည်းတွေကို ၁၀၀ကီလိုဂရမ် ဝယ်ယူသည်ဖြစ်၍ ရောင်းစျေးမှာ သဘာဝကျကျပင် နည်းပါးလေ၏။ 


အဒေါ်ကျန်းကတော့ ကုန်ပစ္စည်းတွေ ရောင်းမကုန်မှာ စိတ်ပူကာ အရှုံးပေါ်မည်ကို စိုးရွှံ့သောကြောင့် ကုန်ပစ္စည်းနည်းနည်းပဲ ဝယ်သည့်အခါ ဝယ်စျေးပိုမြင့်သည်မှာ သဘာဝကျလေသည်။ 


သို့ပေသိ အဒေါ်ရှဲ့မျက်လုံးထဲတွင်မူ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ရွှီမိသားစုကို အတုခိုးပြီး စတိုးဆိုင်ဖွင့်ထားသရွေ့တော့ ၄င်းအခြေအနေမှာ မမှန်ကန်ပါချေ။ 


ရွှီချင်းနဲ့ လီချန်ဖုန်းတို့က ရွာထဲကို သိပ်မသွားကြ၍ သူတို့ တကယ်မသိခဲ့ကြပေ။ အဒေါ်ရှဲ့က သူတို့အတွက် ဒေါသထွက်ပေးနေတာကို ကြည့်ရင်း ရွှီချင်းလည်း အနှီအဒေါ်ကျန်းဟာ နည်းနည်းတော့ သည်းမခံနိုင်စရာကောင်းတယ်လို့ တကယ်ပဲ ခံစားရချေပြီ။ 


သူနဲ့ လီချန်ဖုန်းက စိတ်ရှုပ်ထွေးနေဆဲဖြစ်ရာ "ဘာမှမဖြစ်ပါဘူးဗျာ၊ ကျွန်တော်တို့လည်း တခြားသူတွေ စီးပွားရေးလုပ်တာကို တားလို့မှမရတာလေ။ အဒေါ်မြင်တဲ့အတိုင်းပဲ အဒေါ်ဒီကိုရောက်လာတဲ့ အချိန်ခဏလေးမှာတောင် မိသားစုသုံးစုက လာဝယ်ကြတယ်လေ။ ဒီတော့ ရွာထဲမှာ ဆိုင်ဖွင့်လိုက်တာက ကျွန်တော်တို့ဆီမှာ အများကြီးသက်ရောက်မှုမရှိဘူးလို့ ဆိုလိုတာပဲလေ မဟုတ်ဘူးလားဗျ?" 


ရွှီချင်း ထွမ်ထွမ်ကို အဒေါ်ရှဲ့လက်ထဲ ထည့်ပေးလိုက်ပြီး အဒေါ်ရှဲ့ ဒေါသမထွက်စေချင်သဖြင့် တစ်ခုခုပြောလိုက်ရသည်။ 


လီချန်ဖုန်းလည်း ဘေးမှာထိုင်ရင်း သစ်သားအရုပ်ကို တိတ်တဆိတ် ထွင်းနေလျက်။ မနေ့က အန်းလဲ့ရွာက လူတစ်ယောက် ရောက်လာပြီး  ကလေးအရုပ်တစ်ရုပ်ကို အော်ဒါမှာခဲ့၍ပင်။ 


ဘာပဲပြောပြော လယ်စိုက်မယ့်ရက်က မရောက်သေးသဖြင့် လီချန်ဖုန်းလည်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ဘဲ လုပ်စရာတစ်ခုခုလိုနေခဲ့သည်။ ယခု အဒေါ်ရှဲ့ပြောတာကို နားထောင်ပြီးနောက် အနှီစုံတွဲမှာ ခံစားချက်အတက်အကျ များစွာမဖြစ်ခဲ့ပေ။ 


"မင်းတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်က တည်ငြိမ်တဲ့ အမူအရာတွေကို ကြည့်လိုက်ရတော့ ဒါက ကိစ္စကြီးမဟုတ်မှန်း ငါသိလိုက်ပါပြီ။ ငါက စိုးရိမ်ရုံပါပဲ။ အိုး ထွမ်ထွမ်လေးက အဒေါ့်ကို ကျေးဇူးတင်ချင်တာလား?"   


ရွှီချင်းနဲ့ လီချန်ဖုန်းတို့က ဒါကို အလေးအနက်မထားဘူးဆိုတာ အဒေါ်ရှဲ့ မြင်လိုက်ရသဖြင့် သူတို့မှာ အစီအစဥ်တစ်ခုရှိနေပြီးသားဖြစ်လို့ စိတ်မပူကြတာပဲဖြစ်ရမယ်လို့ သူတွေးလိုက်ကာ ထွမ်ထွမ်ကို စနောက်ဖို့ပဲ အာရုံစိုက်လိုက်တော့သည်။  


မွန်းလွဲပိုင်းတွင် အဒေါ်ရှဲ့က ရှဲ့ယွီကိုတွေ့ဖို့ မြို့သို့ပြန်သွားခဲ့၏။ သူဘယ်တော့ပြန်လာမလဲဆိုတော့ မသိပါချေ။ အိမ်မှာလည်း လုပ်စရာသိပ်မရှိ၍ ဦးလေးရှဲ့ တစ်ယောက်တည်း ကိုင်တွယ်နိုင်သည်လေ။ 


အဒေါ်ရှဲ့ ထွက်သွားပြီးနောက် ရွှီချင်းက ထွမ်ထွမ်ကို ချီထားရင်း လီချန်ဖုန်းရဲ့ မရပ်မနား လှုပ်ရှားနေတဲ့ လက်တွေကို ကြည့်ကာ "ပထမတော့ ကျွန်တော် အဲ့ဒီအကြောင်း မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်တို့မိသားစု ဒီလိုလုပ်နိုင်ရင် တခြားလူတွေလည်း လုပ်နိုင်မှာပဲဆိုတာကိုပေါ့" 


သစ်သားအရုပ်တွေ လုပ်သလိုမျိုးပါပဲ။ အစပိုင်းတွင်မူ သူတို့မိသားစုရဲ့ အရုပ်တွေက အလွန်ရေပန်းစားခဲ့သော်လည်း ယခုတော့... ရွှီချင်း အရမ်းကြီး ပြောချင်စိတ်တောင် မရှိဘူးနော်။ 


"ဘာဖြစ်လဲကွာ? ကိုယ်တို့မိသားစုက ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှာမဟုတ်ဘူးလေ။ အဒေါ်ရှဲ့ပြောတာကို မင်းလည်းကြားတယ်မဟုတ်လား - ကျန်းမိသားစုရဲ့ ရောင်းစျေးက ကိုယ်တို့ထက် ကြေးပြား ၁ပြား များတယ်ဆိုတော့ လယ်သမားမိသားစုတွေရှိနေသရွေ့ လူတွေက ကိုယ်တို့ဆိုင်မှာပဲ လာဝယ်ကြဦးမှာပဲ" 


လီချန်ဖုန်းက စီးပွားရေးလုယက်ခံရတာကို စိုးရိမ်မနေခဲ့ဘဲ သူ့စိတ်ထဲမှာ ကွန်ဖီးဒန့်အပြည့်ရှိနေကာ အရှုံးပေါ်မည်ကို လုံးဝကြောက်မနေခဲ့ပေ။ 


Thanks for reading!