အခန်း ၇၇.၂
လီရှောင်းအာ ရင်းနှီးတဲ့အသံကို ကြားလိုက်သည်နှင့် ရွှီချင်းကို ပြုံးပြပြီး တံခါးသွားဖွင့်လိုက်သည်။
ရွှီချင်းလည်း သန့်ရှင်းစင်ကြယ်တဲ့ ကြာပန်းနဲ့တူသည့် စိတ်နေစိတ်ထားရှိဟန်ဖြင့် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ လူချောလေးတစ်ယောက်ဟာ လီရှောင်းအာနံဘေးမှ ဖြည်းဖြည်းချင်း လျှောက်လာတာကို မြင်လိုက်ရလေသည်။
ရှဲ့ယွီ၏စိတ်နေစိတ်ထားနှင့် မတူစွာပင် ဒီလူကတော့ သူ့ကိုယ်ပေါ်မှာ မောက်မာတဲ့အငွေ့အသက် အနည်းငယ်ရှိနေသဖြင့် ရွှီချင်းအား အနည်းငယ်စိတ်မသက်မသာဖြစ်စေသည်။
"ဒုတိယယောက်ဖရေ... ဒါက ကျွန်တော်အမြဲပြောဖူးနေတဲ့ ကျွန်တော့်သူငယ်ချင်းကောင်း ချန်ဟုန်လေ!" လီရှောင်းအာက ချန်ဟုန့်ကို ရွှီချင်းနဲ့ ဝမ်းသာအားရ မိတ်ဆက်ပေးပြီးနောက် ချန်ဟုန်ကိုလည်း ပြောလိုက်၏။ "ဒါကတော့ ငါ့ရဲ့ဒုတိယယောက်ဖပေါ့"
ရွှီချင်း ချန်ဟုန့်ကို ပြုံးပြလိုက်ပေမယ့် သူဘာပြောရမှန်းမသိပေ။ ဒီလူက နည်းနည်း ထူးဆန်းတယ်လို့ သူခံစားရ၏။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တချို့ကို သူမမြင်လိုက်ဘူးလို့ မထင်နဲ့လေ။
"မင်္ဂလာပါ"
"မင်္ဂလာပါ"
ချန်ဟုန်သည် လီချန်ဖုန်းက ဒီလိုလူမျိုးကို ရှာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အရင်တုန်းက ရုပ်ဆိုးဆိုးကောဟာ ရုပ်မဆိုးတော့ဘူးဆိုရင်တောင် သူဘယ်လောက်များ ချောမောလာနိုင်မှာလဲလို့ သူ တွေးခဲ့မိသည်ပင်။ သူ့အရှေ့ကလူကို ကြည့်လိုက်ရင်း တကယ်စိတ်ပျက်သွားရသည်။
နှစ်ယောက်သား နှုတ်ဆက်စကားပြောပြီးနောက် ပြောစရာစကားမရှိတော့သဖြင့် မြင်ကွင်းမှာ အနည်းငယ်ကိုးရိုးကားယားဖြစ်သွားရလျက်။ လီရှောင်းအာက လေထုကို ထိန်းညှိရန် စကားပြောတော့မည့်အချိန်မှာပင် တံခါးအပြင်ဘက်မှ လီချန်ဖုန်း အသံထွက်လာခဲ့သည်။ "ဇနီးလေးရေ ကလေးက မင်းကိုရှာနေပြီ"
"လာပါပြီ!" သားလေးရေ မင်းက တကယ်ပဲ ငါ့ရဲ့ ကယ်တင်ရှင်လေးပဲကွာ!
ရွှီချင်း တံခါးကိုပင် ပျော်မြူးစွာ တွန်းထုတ်လုနီးပါးဖြစ်လျက်၊ အဲ့ဒီနေရာမှာ နေရတာ တကယ် အသက်ရှူကျပ်လုနီးပါးပဲ။ ဘာကြောင့်လဲဆိုတာကိုတော့ သူတကယ်မပြောနိုင်ပေမယ့် စိတ်မသက်မသာဖြစ်ရတာတော့အမှန်ပဲ!
"မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိတာလား?"
ရွှီချင်း ထွက်သွားပြီးနောက် လီရှောင်းအာ ချန်ဟုန့်ကို မေးလိုက်ရာ ချန်ဟုန်က ခေါင်းခါလာခဲ့ပြီး "ငါက သူ့ကို ဘယ်လိုလုပ်သိမှာလဲကွာ၊ မင်းဘာလို့ဒီလိုမေးရတာလဲ"
လီရှောင်းအာ အလျင်စလို ခေါင်းယမ်းလိုက်ကာ "ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမေးလိုက်တာပါပဲ"
ခုနက မင်းတို့နှစ်ယောက်ဆုံကြတဲ့မြင်ကွင်းက အရမ်းထူးဆန်းလွန်းနေတာကြောင့်ပဲလေကွာ။ ကြည့်ရတာ သူ အများကြီး အတွေးလွန်နေတာပဲဖြစ်မယ်။
လီလောင်တနှင့် လီလောင်စန်းတို့ မြို့ထဲ စျေးဝယ်သွားရာမှ ပြန်လာကြသလို လာကူညီကြတဲ့ ရွာသားတွေလည်း လီမိသားစုကို ရောက်လာကြပြီဖြစ်၍ လေထုမှာ တက်ကြွနေလျက်။
သိပ်မကြာခင်မှာပဲ တံခါးအပြင်ဘက်၌ မီးရှူးမီးပန်း ဖောက်သံတွေနှင့်အတူ အနီရောင်သတို့သားဝတ်စုံကို ၀တ်ဆင်ထားသော ဝမ်လေ့က နွားလှည်းစီးရင်း ရောက်လာခဲ့ပြီ။
(T/N: ဝမ်လေ့က ရှောင်းအာယောကျ်ားနော်။ ဝမ်လိကတော့ လီလောင်စန်းဇနီးပါ။ နာမည်ရောကုန်မှာစိုးလို့။ ပြီးတော့ ဝမ်မျိုးရိုးဆိုပေမယ့် မတူကြဘူးနော်)
ရွာသူရွာသားတွေက ဤမြင်ကွင်းကို မြင်ကြသည့်အခါ စတင်၍ တီးတိုးဆိုကြလေပြီ။ "အိုး... နွားလှည်းပြန်ပဲဟေ့။ မနှစ်က လီမိသားစုရဲ့ ဒုတိယသား လက်ထပ်သွားတုန်းကလည်း နွားလှည်းနဲ့ပဲ မဟုတ်လားဟယ်။ အခု အငယ်ဆုံးလေး လက်ထပ်ပြန်တော့လည်း နွားလှည်းစီးပြီး လက်ထပ်ရတော့မယ်။ ကြည့်ရတာ ဒီလီမိသားစုကတော့ တကယ်ကောင်းတယ်ထင်တယ်နော်!"
ဝမ်လေ့က အဖေလီနှင့် အမေလီတို့ကို ဦးညွှတ်အရိုအသေပေးလိုက်ကာ "ယောက္ခမကြီးတို့ ကျွန်တော် ဝမ်လေ့က လီရွေ့ကို ကောင်းကောင်းဆက်ဆံပြီးတော့ သူ့ကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ပါဘူး!" လီရွေ့ဆိုသည်ကား လီရှောင်းအာရဲ့ တရားဝင်နာမည်ပင်။
ပတ်ဝန်းကျင်ရှိ ရွာသားများရဲ့ မနာလိုအားကျနေတဲ့ အကြည့်တွေကို လက်ခံရရှိနေရင်း လီမိသားစုအကြီးအကဲများဟာ ဝမ်လေ့ကို အတော်လေးဂုဏ်ယူစွာဖြင့် ပြန်ထခိုင်းလိုက်ပြီးနောက် ဝမ်လေ့လည်း လီလောင်တနဲ့ တခြားသူတွေကို ဆက်လက်၍ ဂါဝရပေးလိုက်ပါသည်။
လီချန်ဖုန်း အလှည့်ရောက်သောအခါ ဝမ်လေ့မှာ အနှီရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရ၍ အံ့အားသင့်သွားရ၏။
ဒီလူက သူ့ရဲ့သကြားလုံးဆိုင်ကို မကြာခဏလာပြီး အများကြီးဝယ်ဝယ်သွားတတ်တဲ့လူပဲ မဟုတ်လား? ဒီလူက သူ့ဇနီးလေးရဲ့ ဒုတိယအစ်ကိုဖြစ်နေတာပဲဟ!
ဝမ်လေ့မှာ ရယ်ရမလား ငိုရမလား မသိပါတော့ချေ။ သူ လီချန်ဖုန်းနဲ့ စီးပွားရေးလုပ်တုန်းက လီချန်ဖုန်းကို မကျေမနပ်ဖြစ်အောင် ဘာမှမလုပ်ခဲ့မိပါဘူးနော် ဟုတ်တယ်မဟုတ်လား?!
"သူ့ကို သေချာဂရုစိုက်ပါ၊ မဟုတ်ရင်တော့" လီချန်ဖုန်းက ဘာမှဆက်မပြောတော့ဘဲ ဝမ်လေ့လည်း ခေါင်းတဆတ်ဆတ်ညိတ်ကာဖြင့် "ဒုတိယအစ်ကို ကျွန်တော် ကတိပေးပါတယ်ဗျ၊ ကျွန်တော် ကျိန်ဆိုပါတယ်!"
"အင်း"
အကိုဖြစ်သူ လီချန်ဖုန်းက ခေါင်းညိတ်ပြလိုက်၍ ဝမ်လေ့လည်း လီလောင်စန်းဆီ ဆက်သွားလိုက်တော့သည်။ ကြည့်ရသလောက်တော့ သူ စာမေးပွဲအောင်ရုံလေးပဲဖြစ်မယ်ထင်တယ်!
ရွှီချင်းမှာတော့ လီချန်ဖုန်းကို ဘာပြောရမှန်းမသိတော့ပါချေ။
ဒီလူဟာ ဝမ်လေ့ကို အရမ်းကျေနပ်နေတယ်ဆိုတာ သိသာနေပေမယ့် "မင်း ငါ့ညီကို လက်ထပ်တာကို လက်ခံဖို့ တွန့်ဆုတ်နေသယောင်" ဟန်ဆောင်နေတဲ့ပုံဟာ တကယ့်ကို ရူးကြောင်ကြောင်နဲ့ ရယ်စရာကောင်းနေတယ်ဟေ့။
ဝမ်လေ့က လီမိသားစုဝင်အားလုံးကို နှုတ်ဆက်ပြီးသည့်နောက် လီရှောင်းအာ အခန်းတံခါးကို ခေါက်လိုက်လေ၏။ ခဏအကြာတွင် လီလောင်တရဲ့ ဇနီးနှင့် ဝမ်လိတို့က လီရှောင်းအာနှင့်အတူ ထွက်လာခဲ့ပြီး ဝမ်လေ့အနောက်မှ လိုက်သွားကာ မင်္ဂလာပွဲနောက်ပိုင်းအစီအစဥ်အတွက် နွားလှည်းဖြင့် မြို့တွင်းရှိ သတို့သားအိမ်သို့သွားရပေမည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့က ဝမ်အိမ်မှာ မင်္ဂလာအရက်သောက်ရန် မသွားတော့ပေ။ ခရီးဝေးသွားဖို့ မသင့်လျော်သေးတဲ့ ထွမ်ထွမ်လေးက သူတို့နဲ့ ပါလာခဲ့သည်လေ။ လီအိမ်မှာပဲ ရိုးရိုးရှင်းရှင်းနေ့လည်စာစားပြီးနောက် ကလေးကိုခေါ်ကာ အိမ်ပြန်လာခဲ့လေ၏။
လမ်းခုလတ်၌ ရွှီချင်း ရုတ်တရက် သတိရသွားကာ "ခင်ဗျား ကျွန်တော်တို့ ပြန်ပြီဆိုတဲ့အကြောင်း အမေ့ကို နှုတ်ဆက်ခဲ့ရဲ့လား?"
"ဟင့်အင်း"
ရွှီချင်း သူ့ခေါင်းပေါ်မှာ အနက်ရောင်လိုင်းတစ်ခုပေါ်လာလေရဲ့ -
ညီအစ်ကိုရေ ခင်ဗျားက အရမ်းမှန်နေသလို သရုပ်ဆောင်နေတာပဲကွာ။
"အဲ့ဒါက သိပ်မကောင်းဘူးမဟုတ်လား?"
လီချန်ဖုန်း ရယ်လိုက်ရင်း "ကိုယ် သူတို့အကြောင်း သိတယ်။ မင်း သူတို့ကို ပိုပြီး အရောင်ပေးရင် သူတို့က ပိုတောက်ပလာလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက သူတို့ကို နည်းနည်းလေး လျစ်လျူရှုလိုက်တာပဲ"
(သူတို့ကို အရေးပေးရင် ပိုရောင့်တက်လာမယ်လို့ ပြောချင်တာပါ)
ရွှီချင်း ထွမ်ထွမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း လီချန်ဖုန်းရဲ့ လေးနက်တဲ့ ပေါက်ကရစကားတွေကို နားထောင်နေလိုက်၏။ တစ်ဖက်လူပြောတဲ့စကားသည်လည်း ကျိုးကြောင်းဆီလျော်နေတယ်ဆိုတာ သူလည်း အမှန်တကယ် ခံစားမိပါသည်။
သူတို့ အိမ်ပြန်ရောက်သည့်အခါ လီချန်ဖုန်း ထမင်းချက်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ သူ နောက်တစ်ခါ ထပ်စားပြီးနောက် ကျေနပ်သွားသလို ခံစားလိုက်ရ၏။ "ကိုယ် လယ်ကွင်းထဲ ခဏဆင်းလိုက်ဦးမယ်။ မင်း တစ်ယောက်ထဲ ပျင်းနေရင် မင်းကို အဖော်ပြုပေးဖို့ ကိုယ် အဒေါ်ရှဲ့ကို သွားခေါ်ပေးမယ်လေ"
"ခင်ဗျားဘာတွေပြောနေတာတုန်း? အဒေါ်ရှဲ့က အကိုရှောင်ယွီကို ဂရုစိုက်ပေးဖို့ လင်းအိမ်ကို သွားပြီလေဗျာ။ ပြီးတော့ ကျွန်တော့်ဆီမှာ ထွမ်ထွမ်လေးရှိနေတာကို မေ့မနေနဲ့လေ။ တစ်ချိန်လုံး ကျွန်တော်တစ်ယောက်တည်းလို့ ပြောမနေနဲ့တော့"
ထိုမှသာ လီချန်ဖုန်းလည်း အဒေါ်ရှဲ့က ရှဲ့ကောအာကို စိတ်ပူနေခဲ့တယ်ဆိုတာကို သတိရသွားခဲ့သည်။ ရှဲ့ယွီအတွက် သန္ဓေတည်ရန် ခက်ခဲသည်ကြောင့် သူက အတွေ့အကြုံမရှိဘဲ ကလေးကို မတော်တဆ ထိခိုက်မိပါက တစ်ခုခုဆိုးဆိုးရွားရွားဖြစ်သွားမှာကို အဒေါ်ရှဲ့ ကြောက်လန့်နေခဲ့ရသည်လေ။
"ကျွန်တော့်ကျောပေါ်မှာ ထွမ်ထွမ်ကို ချီထားလိုက်မယ်လေ။ ဒီနေ့ နေသာတော့ ကျွန်တော်နဲ့အတူတူ သူ့ကိုခေါ်သွားရင်လည်း ပြဿနာမရှိလောက်ဘူး။ အိမ်ထဲမှာပဲ အမြဲနေရတာ သိပ်မကောင်းဘူးလေ" ရွှီချင်းက လီချန်ဖုန်းနှင့်အတူတူ လယ်ကွင်းသို့ သွားရန် စဥ်းစားလိုက်သည်။
"ဆိုင်မှာ တစ်ယောက်ယောက် လာဝယ်ရင် ဘယ်လိုလုပ်မလဲ?" လီချန်ဖုန်းကတော့ ရွှီချင်းကို လယ်ကွင်းထဲ မလိုက်စေချင်ပေ။
သူ့ဇနီးလေးက ဒီလောက်ပိန်ပိန်လေးကို၊ သူ့လက်မောင်းတွေက သူ့ပေါင်လောက်တောင် မရှိဘူးလေ။ အာ မဟုတ်သေးဘူး၊ သူ့လက်ကောက်ဝတ်လောက်တောင် မရှိဘူးဟ!
Thanks for reading!