Ch-77.1
Viewers 14k

အခန်း ၇၇.၁


လီရှောင်းအာ၏ မင်္ဂလာဆောင်နေ့အတွက် ရွှီချင်းနှင့် လီချန်ဖုန်းတို့က သဘာဝကျကျပင် ဖိတ်စာရရှိခဲ့ပါသည်။ မိုးမလင်းခင်ကတည်းက သူတို့စုံတွဲဟာ ထွမ်ထွမ်လေးနဲ့အတူ မြည်းလှည်းနဲ့ ထွက်လာခဲ့ကြ၏။ 


မိသားစုသုံးယောက်သား လီမိသားစုအိမ်အနီးသို့ ရောက်ချိန်တွင်မူ ကောင်းကင်ယံမှာ အနည်းငယ် လင်းချင်းလာလေပြီ။ ရွှီချင်းက တဖြည်းဖြည်း ပိုမိုလင်းချင်းလာတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ပြုံးလျက် လီချန်ဖုန်းကို ပြောလာခဲ့သည်။ "ဒီနေ့ ရာသီဥတုက ကောင်းလိုက်တာဗျာ။ ကျွန်တော်တို့ညီလေးက ဒီလိုနေ့ကောင်းလေးမှာ လက်ထပ်ရတော့မယ်ဆိုတော့ ခင်ဗျား ဘယ်လိုခံစားရလဲ?" 


"အဆင်ပြေပါတယ်" 


လီချန်ဖုန်း ကောင်းကင်ကို မော့ကြည့်ကာ လေးနက်တဲ့အသံဖြင့် ပြောလိုက်၍ ရွှီချင်းစိတ်ထဲမှာ ကျိတ်ရယ်လိုက်လေသည်။ 


ဒီလူက မနေ့ညက အိပ်တောင်မပျော်ဘဲ ဟိုလှည့်ဒီလှိမ့်လုပ်နေခဲ့တာကို။ ရွှီချင်းနဲ့ ကလေးကို သက်ရောက်မှာစိုးရိမ်၍ သူ့ခမျာ အသံမထွက်ရဲခဲ့ဘူးလေ။ မနက်မိုးလင်းလာသည်အထိ သူ နောက်ကျတော့မယ်လို့ ခံစားရတာနဲ့ ချက်ချင်း အိပ်ရာကထခဲ့တာကိုများ။ 


လီချန်ဖုန်းလည်း ယခုအချိန်မှာ သူဘယ်လိုခံစားနေရသလဲဆိုတာကို မပြောပြတတ်ပါချေ။ လီရှောင်းအာက မွေးချင်းလေးယောက်တွင် အငယ်ဆုံးဖြစ်သလို တစ်ဦးတည်းသောကောလေးဖြစ်သည်လေ။  


လီချန်ဖုန်း အိမ်မှာနေစဥ်က သူ့ကိုဆို ပို၍ပင် ကောင်းကောင်းဆက်ဆံခဲ့လေသည်။ ပြောရမယ်ဆို သူက လီရှောင်းအာအတွက် အဖေတစ်ယောက်နဲ့တောင် ပိုတူပါသေးသည်။ ဒီနေ့တော့ သူ့ညီငယ်လေးက တခြားယောကျ်ားတစ်ယောက်နဲ့ အိမ်ထောင်ပြုတော့မည်ဖြစ်၍ သူ့နှလုံးသားထဲမှာ မလိုလားသည်ကတော့ အမှန်တကယ်ပင်။ 


"ခင်ဗျားက ခင်ဗျားညီလေးရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေတုန်းပဲလား။ တကယ်လို့ နောင်ကျ ကျွန်တော်တို့ဆီမှာ ကောလေးရှိလာခဲ့လို့ သူအိမ်ထောင်ပြုတဲ့အခါ ခင်ဗျားငိုမှာလားနော်?!" ရွှီချင်းသည် လီချန်ဖုန်းကို သာမာန်နေ့များတွင် ဒီလိုစနောက်ဖို့ အခွင့်အရေးမရှိသဖြင့် အခွင့်အရေးရတုန်း စနောက်လေတော့သည်။ 


"တကယ်လို့ အဲ့ဒါက ကိုယ်တို့သား​လေးဖြစ်​ရင်တော့ ဘယ်သူကမှ သူ့ကိုလက်​ထပ်​လို့ရမှာမဟုတ်ဘူးပဲ!" လီချန်ဖုန်း လုံးဝတွန့်ဆုတ်မနေဘဲ မျက်မှောင်ကြုတ်ကာဖြင့် သူ့သား(ကော)လေး အိမ်ထောင်ပြုရမယ့် အခြေအနေအကြောင်း ပြောလာခဲ့သည်။  


ရွှီချင်းမှာ ပြုတ်ကျလုမတတ် ရယ်မိလေပြီ - သူတို့ဆွေးနွေးနေတဲ့ ကလေးလေးကိုဖြင့် အရိပ်တောင် မမြင်ရသေးဘူးလေနော်၊ ဒါကြီးက တကယ်ပဲ ကိုးရိုးကားယားနိုင်တယ်ဟေ့! 


လီချန်ဖုန်း မနီးမဝေးတစ်နေရာမှ လီအိမ်ရဲ့ ခြံဝင်းတံခါးကို လှမ်းကြည့်လိုက်၏။ အိမ်ပေါက်ဝ၌ ပိတ်စအနီကို ချိတ်ဆွဲထားသလို ခြံတံခါးကိုလည်း ဖွင့်ထားပါသည်။ ကြည့်ရတာတော့ မိသားစုဝင်အားလုံး တက်ကြွနေပုံရတာပဲ။ 


ရွှီချင်းလည်း ထွမ်ထွမ်လေးကို ပွေ့ချီကာ လှည်းပေါ်မှ ဆင်းလိုက်ပြီး လီချန်ဖုန်းက မြည်းလှည်းကို ကြိုးဖြင့်ချည်ပြီးနောက် နှစ်ယောက်သား ခြံဝင်းထဲသို့ အတူတူဝင်သွားခဲ့ကြသည်။ 


အမေလီနှင့် လီလောင်တရဲ့ ဇနီးတို့က သတို့သမီးအတွက် အရာအားလုံးကို ပြင်ဆင်ပြီးသွားသဖြင့် လီရှောင်းအာ အခန်းထဲမှ ထွက်လာသည်နှင့် သူတို့ကို တွေ့လိုက်ရ၏။ 


"ဒုတိယသား မင်း နောက်ဆုံးတော့ ပြန်လာဖို့ ဆန္ဒရှိပြီပေါ့လေ၊ မင်းက တကယ် တကယ့်ကို မင်းမိသားစုနဲ့ ရန်ဖြစ်နေတာပဲ!" 


အမေလီက မီးဖိုချောင်တွင် ဝမ်လိကို ကူညီဖို့အတွက် လီလောင်တရဲ့ ဇနီးကို လွှတ်လိုက်ပြီး သူက လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို မြင်သောအခါ ရယ်မောကာ ဆူပူကြိမ်းမောင်းလေ၏။  


ဒီနေ့က သူ့သားအငယ်ဆုံးလေးရဲ့ နေ့ထူးနေ့မြတ်ဖြစ်၍ သူလည်း စိတ်ကောင်းဝင်နေခဲ့သည်။ ဤတစ်ရွာလုံးမှာ မြို့ကလူတစ်ယောက်နဲ့ လက်ထပ်တဲ့သူဆိုလို့ သူ့သားတစ်ယောက်တည်းရှိတာလေ။ 


"အမေ!" 


လီချန်ဖုန်းနှင့် ရွှီချင်းက နှုတ်ဆက်လိုက်ကာ "အိုး ငါ့မြေးလေး! မြန်မြန်လာပြီး အဖွားကို ဖက်ပါဦး၊ မင်းလေးကို မတွေ့ရတာ တော်တော်ကြာသွားပြီကွယ်။ ငါ့မြေးလေးက အရမ်းကံကောင်းတဲ့ ကလေးလေးပဲဟေ့!" 


အမေလီသည် ရွှီချင်း လက်ထဲမှ ထွမ်ထွမ်ကို ယူလိုက်ပြီး သူ့ပါးစပ်ကလည်း မရပ်မနားပြောဆိုနေလျက်။ ရွှီချင်းမှာ ထိုသို့ကြားလိုက်ရသောအခါ ကြက်သီးထသွားရလေပြီ။ 


"ဘယ်သူရောက်လာတာလဲ?" 


အဖေလီက ပင်မခန်းထဲမှ အသံတွေကို ကြားလိုက်သဖြင့် အပြင်ထွက်လာခဲ့ရာ အမေလီက ဖက်ထုပ်လေးကို ပွေ့ချီထားပြီး ဆန့်ကျင်ဘက်မှာ ရပ်နေကြသော လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို သူတွေ့လိုက်ရ၏။  


အဖေလီမှာ အနည်းငယ်စိတ်ကသိကအောက်ဖြစ်နေကာ မပျော်မရွှင်တဲ့ပုံပေါ်နေလျက်။ 


အဲ့ဒီနေ့တုန်းက သူက လီချန်ဖုန်းကို စကားနည်းနည်းပါးပါးပြောလိုက်ရုံလေးကို၊ ဒါပေမဲ့ ဒီသားကောင်းကတော့ နှစ်သစ်ကူးနှုတ်ဆက်ဖို့အတွက် တကယ်ပဲ အိမ်ကိုရောက်မလာခဲ့ဘူးလေ။ 


"အဖေ" 


လီချန်ဖုန်းက အဖေလီကိုမြင်ပေမယ့် နှုတ်မဆက်တာကို ရွှီချင်းမြင်လိုက်သဖြင့် သူကပဲ ဦးစွာ​ နှုတ်ဆက်လိုက်ရသည်။ 


"အင်း၊ ထွမ်ထွမ်ကိုလည်း ခေါ်လာတာပဲ" အဖေလီက ရွှီချင်းကိုတော့ ဒေါသမထွက်ပါချေ။ ရွှီချင်းက သူ့ကို နှုတ်ဆက်တာကို ကြားလိုက်သည်နဲ့ အဖေလီရဲ့ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းလာကာ ထွမ်ထွမ်ကို စတင်ကျီစယ်နေတော့သည်။ 


ရွှီချင်းက သူနဲ့လီချန်ဖုန်းတို့က ဤနေရာတွင် ရပ်နေဖို့အတွက် မလိုအပ်ဘူးလို့ ခံစားမိသွားရကာ "ကျွန်​​တော်​တို့အထဲဝင်​ပြီး ရှောင်းအာကို​တွေ့လိုက်ဦးမယ်​နော်၊ အဖေတို့က ထွမ်ထွမ်ကို ကြည့်ပေးထားပါဦးဗျာ"  


ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း အသံတိုးတိုးဖြင့် စကားနည်းနည်းပြောပြီးနောက် ရွှီချင်းက လီရှောင်းအာရဲ့ အခန်းဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်ပြီး အတွင်းမှတုံ့ပြန်သံကို ကြားလိုက်တာနဲ့ တံခါးကိုဖွင့်လိုက်လေ၏။ 


"ဒုတိယအကို(ယောက်ဖ) အကိုရောက်လာပြီပေါ့"   


သပ်သပ်ရပ်ရပ် ဖြီးသင်ထားတဲ့ ဆံထုံးလေး၊ သွယ်လျလျခန္ဓာကိုယ်နှင့် ဖြူဖျော့ဖျော့အသားအရည်ကို ထင်ဟပ်စေတဲ့ အနီရောင် သတို့သားဝတ်စုံတို့​ကြောင့် လီရှောင်းအာ တစ်ကိုယ်လုံးဟာ နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းလှသည်။  


လော့ကျောင်းသည်လည်း ထိုကဲ့သို့ဆွဲဆောင်မှုရှိသော်လည်း ထိုလူကတော့ ပရော်ပရည်လုပ်တတ်လွန်းလေသည်။ ထို့ကြောင့် ယောက်ျားတစ်ယောက်ရဲ့ အသွင်အပြင်အပေါ် ခြုံကြည့်လိုက်ပါက တစ်ဖက်လူဟာ မိန်းမလျာနဲ့တူတယ်လို့ ရွှီချင်း အမြဲလိုလို ခံစားခဲ့ရပေမယ့် လီရှောင်းအာရဲ့ ကိုယ်ခန္ဓာကမူ အပြစ်ကင်းစင်ပြီး နှစ်လိုဖွယ်ကောင်းခြင်းတို့နဲ့ ပေါင်းစပ်ထားသောကြောင့် လူတွေကို မျက်စိမလွှဲစေနိုင်လောက်အောင် ဖြစ်စေသည်။ 


"ရှောင်းအာရေ မင်းက အရမ်းချောတာပဲကွာ" 


ရွှီချင်းရဲ့ ချီးမွမ်းသံကို ကြားတော့ လီရှောင်းအာမှာ အနည်းငယ်ရှက်သွားသော်လည်း အရမ်းပျော်နေခဲ့ပါသည်။ "လာထိုင်ပါဦးဗျာ" 


ရွှီချင်း လျှောက်လာရင်း သူ့ရင်ဘတ်ထဲက ပိုက်ဆံအိတ်လေးကို ထုတ်လိုက်ပြီး လီရှောင်းအာရဲ့ လက်ထဲ ထည့်ပေးလိုက်ကာ "မင်းက မြို့က လူတစ်ယောက်နဲ့ လက်ထပ်တော့မှာဆိုတော့ အိမ်နဲ့ ဝေးသွားတော့မှာလေ။ အခုချိန်မှာ မိသားစုက သူတို့လက်ထဲမှာ အများကြီးမရှိဘူးဆိုတာကို ငါနဲ့ မင်းရဲ့ ဒုတိယအစ်ကိုလည်း သိတာမို့လို့ မင်းကိုယ်မင်း ဂရုစိုက်နိုင်အောင် ဒီလက်ဖွဲ့ငွေတွေကို ပေးချင်လို့။ တခြားအရေးတကြီးကိစ္စရှိရင်လည်း မင်း အရမ်းကြီးစိုးရိမ်စရာမလိုဘူးနော်။ ပြီးတော့ ငါနဲ့ မင်းရဲ့ ဒုတိယအကိုလည်း မင်းကို အသက်ရှည်ရှည်နဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်တယ်နော်" 


လီရှောင်းအာမှာ ရွှီချင်း သူ့လက်ထဲထည့်ပေးလိုက်တဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးချင်သော်ငြား ရွှီချင်းရဲ့ ကြည်လင်ပြတ်သားပြီး ငြင်းဆန်ခွင့်မပေးတဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်ရလေသည်။ 


"ဒါက မင်းရဲ့ ဒုတိယအကိုနဲ့ ငါက မင်းအတွက် ပေးတာလေကွာ" 


လီရှောင်းအာရဲ့ နှလုံးသားလေးမှာ နွေးထွေးသွားရ၏ - သူ့လက်ထဲက အိတ်ရဲ့ အလေးချိန်ဟာ ပေါ့ပါးမနေခဲ့။ ယင်းသည်ကား ရွှီချင်းနဲ့ လီချန်ဖုန်းတို့က သူ့အပေါ်မှာ ဘယ်လောက်ကောင်းကြသလဲဆိုတာကို ပြသနေလျက်။ 


"ဒါဆိုလည်း ကျွန်တော် မယဥ်ကျေးတော့ဘူးနော်" လီရှောင်းအာက အိတ်ကို ဖယ်ထားလိုက်ပြီး ရွှီချင်းနဲ့ စကားပြောတော့မည့်အချိန်မှာပင် တံခါးခေါက်သံကြားလိုက်ရ၏။ 


"ဘယ်သူလဲ?" 


"ငါပါ" 


လီရှောင်းအာ ရင်းနှီးတဲ့အသံကို ကြားလိုက်သည်နှင့် ရွှီချင်းကို ပြုံးပြပြီး တံခါးသွားဖွင့်လိုက်သည်။ 


Thanks for reading!