Ch-74.1
Viewers 14k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၇၄.၁)


"မနက်ဖြန်က နှစ်သစ်ကူးနေ့ပဲ။ မင်းရဲ့မင်္ဂလာပွဲကိစ္စကို စိတ်အေးအေးထားလိုက်တော့။ ငါ ကြည့်ပေးပါ့မယ်ကွာ။ မင်းက အတူတူနေထိုင်ဖို့ ရွေးချယ်ခဲ့တာဖြစ်လို့ ကောင်းကောင်းနေရမယ်၊ ကလေးလိုလုပ်မနေနဲ့တော့" လီချန်ဖုန်းသည် ရွှီချင်းစကားတွေက အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိလေ၏။ 


မာဖူကွေ့က စီးပွားရေးသမားတစ်ဦးဖြစ်သော်ငြား သူက ကိစ္စများစွာကို ကောင်းစွာမကိုင်တွယ်တတ်သလို သူ့စိတ်ကလည်း နှေးကွေးပေသည်။ လီရှောင်းအာ၏ စကားအရ ဝမ်လေ့က ထိုကဲ့သို့လူမျိုးမဟုတ်ပေမယ့် ဒီလူက ဘယ်လောက်ပဲ ကောင်းနေပါစေ သူ(LCF)ကတော့ သူ့ကို လူချင်းတွေ့ပြီးမှသာ သိပေလိမ့်မည်။ 


လီရှောင်းအာ နာနာခံခံလေး ခေါင်းညိတ်လိုက်ကာ ထမင်းစားဖို့မနေတော့ဘဲ အိမ်မပြန်ခင် ခဏထိုင်နေသေးသည်။ 


"အိမ်မှာလည်း လုပ်စရာတွေ အများကြီးရှိနေတော့ ကျွန်တော်လည်း အလုပ်တွေများနေရောပဲ" လီရှောင်းအာက ပြောပြီးသည်နဲ့ လီချန်ဖုန်းဆီ တစ်ချက်ကြည့်လိုက်၏။ 


"ငါသိပြီ၊ မနက်ဖြန် နှစ်သစ်ကူးနေ့ဆိုတော့ ငါလည်း ဒီမှာ အလုပ်ရှုပ်နေမှာ။ ဒီလိုအချိန်မျိုးမှာ မင်းထွက်​လာခဲ့တာဆိုတော့... သွားရအောင် ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်" 


လီရှောင်းအာ လျှာထုတ်လိုက်ပြီး ထွမ်ထွမ်ကို ထပ်မံအနမ်းပေးပြီးနောက် လီချန်ဖုန်းအနောက်သို့ လိုက်သွားတော့သည်။ 


လီရှောင်းအာနဲ့ လီချန်ဖုန်းတို့ လမ်းပေါ်ရောက်တော့မှ လီချန်ဖုန်း တစ်ခုခုကို တွေးမိသွားပြီးနောက် မေးလာခဲ့သည်။ "ဒီအချိန်ကြီး အိမ်မှာ ဘာမှမဖြစ်နေပါဘူး ဟုတ်တယ်မဟုတ်လား?" 


လီရှောင်းအာလည်း သူ့ကိုယ်ပေါ်က အင်္ကျီကို ဆွဲဆန့်နေရင်း ခဏကြာမှ ပြန်ဖြေလာကာ "တတိယ​အစ်ကို ဖွင့်ထားတဲ့ကျောင်းက အလုပ်မဖြစ်တော့ဘူး" 


၄င်းကိုကြားတော့ လီချန်ဖုန်း မေးခွန်းအများကြီးမမေးတော့ပေ။ သက်ပြင်းရှည်ကြီးချပြီးနောက် မြည်းလှည်းကို အရှိန်မြှင့်ကာ မောင်းလိုက်တော့သည်။ ဒီနေ့ နှင်းတွေက အများကြီးမကျနေပေမယ့် အပြင်မှာ အကြာကြီးမနေတာက ပိုကောင်းသည်လေ။ အအေးမိသွားရင် ဆိုးရွားသွားလိမ့်မှာပဲ။ 


လီမိသားစုဆီ ရောက်လာသည့်နောက် လီချန်ဖုန်းက ချက်ချင်းမထွက်သွားချင်သေးသည်မို့

မြည်းလှည်းကို ကြိုးချည်လိုက်ပြီး အိမ်ထဲသို့ လီရှောင်းအာအနောက်မှ လိုက်ဝင်လာခဲ့၏။ ခြံရှေ့သို့ ရောက်သည်နှင့် ပင်မခန်းထဲသို့ မဝင်ခင်မှာပင် အသံအချို့ကို ကြားလိုက်ရသည်။ 


"အဲ့ဒီလူက ငါ့ကို တမင်တကာ ဆန့်ကျင်နေတာပဲ! ငါ စာမေးပွဲအတွက် ပြင်ဆင်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ကွာ! ဘယ်လိုမျက်လုံးဖြူဝံပုလွေကောင်လဲကွ!" လီလောင်စန်းရဲ့ အော်ဟစ်သံပင်။ 


လီရှောင်းအာ သူ့အကျင့်အတိုင်း အင်္ကျီကို ဆုပ်ကိုင်လိုက်မိရင်း လီချန်ဖုန်းကို ခေါင်းညိတ်ပြလိုက်ပြီးမှ သူ့ကိုယ်ပိုင်အခန်းထဲ ဝင်သွားကာ တံခါးပိတ်လိုက်တော့သည်။ 


လီချန်ဖုန်းလည်း မီးခိုးမထွက်နေတဲ့ မီးဖိုချောင်ကို ကြည့်လိုက်ပြီး ပင်မခန်းဆီက အသံကို နားထောင်နေလိုက်သည်။ သူ ခေတ္တ ရပ်တန့်နေပြီးနောက် ဆုံးဖြတ်ချက်တစ်ခုချကာ ပင်မခန်းထဲ ဝင်သွားလိုက်၏။ 


"ဒီရက်ပိုင်းတွေမှာ လူတွေက သူတို့ကလေးတွေကို ကျိုးဝမ်ဆီပဲ ပို့နေကြတာ!" အမေလီက မပျော်ရွှင်ဖြစ်နေလျက်။ လီချန်ဖုန်း ဝင်လာတာကို မြင်သဖြင့် "ဒုတိယသားရောက်လာတယ်" 


အခန်းထဲရှိလူတိုင်းက လီချန်ဖုန်းကို နှုတ်ဆက်လိုက်ကြပြီး လီချန်ဖုန်းလည်း အစ်ကိုကြီးလီဘေးမှာ အေးအေးဆေးဆေး ဝင်ထိုင်လိုက်ကာ ဘာစကားတစ်ခွန်းမှမဆိုဘဲ တိတ်တဆိတ်နားထောင်နေလိုက်၏။ 


လီလောင်စန်းက လီချန်ဖုန်း ဝင်လာသည်ကိုမြင်ပြီးနောက် စကားထပ်မဆိုတော့ပေမယ့် သူ့မျက်နှာမှာ ဒေါသအပြည့်ရှိနေဆဲ။ 


ရုတ်တရက် အိမ်တွင်းလေထုမှာ အနည်းငယ် ကိုးရိုးကားယားဖြစ်သွားရာ အဖေလီက အမေလီကို ကြည့်လိုက်ပြီး "မနက်ဖြန် နှစ်သစ်ကူးအတွက် ပြင်ဆင်ဖို့ သားမက်တွေနဲ့ ကလေးတွေကို ဘာလို့ မီးဖိုချောင်ထဲ မခေါ်သွားတာလဲ?"  


အမေလီ ခေါင်းညိတ်ပြလိုက်ရင်း လူတွေကို ခေါ်သွားခဲ့လေသည်။ အခြားသူတွေ ပင်မခန်းထဲမှ ထွက်သွားကြသည့်အခါ အဖေလီနဲ့ သားသုံးယောက်သာ ကျန်ခဲ့တော့သည်။ 


အဖေလီက လီချန်ဖုန်းကို ကြည့်လိုက်ကာ နှစ်ပေါင်းများစွာ ခက်ခဲကြမ်းတမ်းမှု​ဒဏ်တွေ ပြသနေတဲ့ သူ့မျက်နှာပေါ်မှာ အပြုံးရှိမနေပါချေ။ "မင်းအခုမှရောက်လာတာပဲ၊ မင်းညီလေးက မြို့ထဲက ဝမ်မိသားစုနဲ့ လက်ထပ်ဖို့ သဘောတူထားပြီးသားဆိုတာ မင်းသိပြီးပြီလားတော့ ငါမသိဘူးကွာ။ ရက်လည်း ရွေးပြီးသွားပြီ။ ဒုတိယလရဲ့ ဒုတိယမြောက်နေ့လေ၊ မင်းမှတ်မိရမယ်နော် လွဲသွားလို့မရဘူး" 


အဖေလီ ထိုစကားကိုပြောပြီးနောက် သူ့ဘေးတွင်ထိုင်နေသော လီလောင်စန်းကိုကြည့်ရင်း "အခုလေးတင်ပဲ ငါတို့က မင်းရဲ့တတိယညီ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဖွင့်လိုက်တဲ့ကျောင်းအကြောင်း ပြောနေကြတာကွာ၊ ကျိုးမိသားစုရဲ့သား ကျိုးဝမ်က ကြားဝင်နှောင့်ယှက်နေလို့ ကျောင်းက ဆက်မဖွင့်နိုင်တော့ဘူး" 


လီလောင်စန်း၏မျက်နှာမှာ မည်းမှောင်သွားပေမယ့် အဆုံးထိ သူစကားတစ်ခွန်းမှမဆို​ခဲ့၊ အကိုကြီးလီရဲ့မျက်နှာလည်း မကောင်းပါချေ။ 


တစ်ချိန်လုံး လီချန်ဖုန်းက တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး ဘာတစ်ခွန်းမှ ပြန်မပြောသဖြင့် အဖေလီလည်း တစ်ဖက်သတ်စကားဝိုင်းအား ဘယ်လိုဆက်ပြောရမလဲဆိုတာကို မသိတော့ပေ။ 


"အဟမ်း! ချန်ဖုန်းရေ ဒီအခြေအနေကို မင်းဘယ်လိုထင်လဲကွာ? အဲ့ဒါက မင်းညီအတွက်ပဲဆိုတော့ ငါတို့ကို အကြံလေးပေးပါဦး" အဖေလီက လီချန်ဖုန်းရဲ့ အေးဆေးတည်ငြိမ်နေမှုကို မယှဉ်နိုင်တော့ဘဲ ဦးစွာထုတ်မေးလိုက်တော့သည်။ 


လီချန်ဖုန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေကို ခါထုတ်နေရင်း အမှုမထားဟန် မေးလာခဲ့၏။ "ဘာ​လို့ ရွာသားတွေက တတိယ​ညီဆီကို သူတို့ကလေးတွေ မပို့ချင်ကြတာလဲ?" 


ဤစကားလုံးများ ထွက်လာသည်နှင့် လီချန်ဖုန်း ဘေးမှာထိုင်နေသော အကိုကြီးလီက အနည်းငယ်ရှက်ရွံ့နေပုံရကာ လီလောင်စန်းလည်း စကားပြောမလာသေး၍ အဖေလီပဲ ဆက်ပြောလိုက်ရ၏။ - "အခုချိန်က မိဘတွေက သူတို့သားသမီးတွေကို ကျောင်းပို့ဖို့အတွက် ဘာမဆိုပေးလို့ရတဲ့ မိုးခေါင်တဲ့အချိန်မဟုတ်တော့ဘူးလေ။ အခု လူတိုင်းရဲ့ ဘဝနေထိုင်မှုတွေကလည်း ပိုကောင်းလာတော့ မင်းရဲ့ညီက ကျူရှင်ကြေးကို တိုးဖို့ ဆုံးဖြတ်လိုက်ရော။ ဒါပေမဲ့ လူတွေက သူတို့ကလေးတွေ ပြန်ခေါ်သွားကြပြီးတော့ အသစ်ဖွင့်လိုက်တဲ့ ကျိုးဝမ်ကျောင်းဆီ ပို့လိုက်ကြတယ်" 


"တတိယညီက ကျူရှင်ခ ဘယ်လောက်တောင်းထားလဲ?" 


အဖေလီရဲ့ မျက်နှာမှာ အေးခဲသွားရကာ နှုတ်ဆိတ်နေဆဲဖြစ်သော လီလောင်စန်းဆီသို့ ခေါင်းလှည့်ကြည့်၍ "အရူးကောင်! ပြောပြလိုက်လေ!" 


လီလောင်စန်းက စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းပြလိုက်ပြီး "တစ်နှစ်ကို ငွေ၅လျန်၊ ငါစျေးကို ကျပန်းသတ်မှတ်ထားတာမဟုတ်ဘူးနော်။ ငါ့လို ဆရာမျိုးကို ရှာချင်ရင် ပိုက်ဆံရှိရင်တောင်မှ ရှာလို့မရနိုင်ဘူးကွ!" 


လီချန်ဖုန်း နှာခေါင်းရှုံ့ကာဖြင့် "ဒါပေမဲ့ ငါသိသလောက်တော့ အန်းလဲ့ရွာမှာ ကျူရှင်ကြေးက တစ်နှစ်ကိုမှ ၁လျန်၊ ၂လျန်ပဲရှိတာလေ။ မင်းက နှစ်ဆပိုများနေတာပဲ" 


လီလောင်စန်းသည် လီချန်ဖုန်း စကားကိုကြားလိုက်သည်နှင့် အလွန်အမင်း စိတ်မသက်မသာ ခံစားလိုက်ရကာ "မင်းညီက ဘယ်သူလဲ?! မင်းဘယ်သူ့ဘက်ကတုန်းကွ?!" 


"ငါက ဘယ်သူ့ဘက်ကမှ မဟုတ်ဘူး။ အဖေ၊ ကျိုးဝမ်က ကျူရှင်ခ ဘယ်လောက်တောင်းလဲ?" လီချန်ဖုန်းက လီလောင်စန်းကို တစ်ချက်လေးတောင်မကြည့်တော့ဘဲ အဖေလီကို မေးလိုက်သည်။ 


အဖေလီ မျက်နှာလည်း သိပ်မကောင်းတော့ဘဲ လီလောင်စန်း ပြောသလိုပင် လီချန်ဖုန်းရဲ့ တံတောင်ဆစ်တွေက အပြင်ထွက်သွားပြီးလို့ ခံစားလိုက်ရသဖြင့် ပြန်မဖြေလာတော့။ အကိုကြီးလီရဲ့မျက်နှာမှာ မည်းမှောင်နေကာ တိုးတိုးလေးပြန်ဖြေလာခဲ့၏။ "တစ်နှစ်ကို ၁လျန်၊ ၂လျန်ပဲ၊ ပိုက်ဆံမရှိရင်လည်း စားစရာလက်ခံပေးတယ်တဲ့"

(T/N- တံတောင်ဆစ်အပြင်ထွက်သွားတယ်ဆိုတာက အပြင်လူဖြစ်သွားတာကိုပြောတာပါနော်) 


"ဘယ်လိုလုပ်ပြီးတော့ သူက ငါနဲ့ ယှဉ်နိုင်မှာလဲ!" လီလောင်စန်း မတ်တပ်ထရပ်ကာ မကျေမနပ်ဖြင့် စားပွဲကိုရိုက်ပစ်လိုက်သည်။ လီချန်ဖုန်း နားထောင်ရန် ပျင်းလွန်းသည်မို့ သူလည်း ထရပ်လိုက်ပြီး လီလောင်စန်းအရှေ့သို့ လျှောက်လာရင်း တည့်တည့်ကြည့်ကာ "သူက မင်းနဲ့ ဘာလို့မယှဉ်နိုင်ရတာလဲ!" 


လီလောင်စန်းသည် သူ့အရှေ့မှ အမူအရာမရှိဖြစ်နေတဲ့ လီချန်ဖုန်းကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့သွားမိရ၏။ နောက်ဆုံးအကြိမ်တုန်းက လီရှောင်းအာကြောင့် လီချန်ဖုန်းဆီက အရိုက်နှက်ခံခဲ့ရကာ နှစ်ရက်လောက် အိပ်ရာထဲက မထနိုင်ခဲ့ပေ။ ထိုအချိန်တုန်းက သူ့ဒုက္ခတွေကို ပြန်တွေးတောမိလိုက်၍ လီလောင်စန်းလည်း မပျော်မရွှင်ဖြစ်နေပေမယ့် နာခံစွာ ပြန်ဖြေလာခဲ့၏။ "ငါဖြေခဲ့တဲ့ အင်ပါယာစာမေးပွဲမှာ သူလည်း ဝင်ဖြေတာလေ!" 


လီချန်ဖုန်းက လီလောင်စန်း၏ စကားကြောင့် အံ့အားသင့်သွားရကာ "မင်းက မင်းကိုယ်မင်း အရမ်းတော်တယ်လို့ ထင်နေတာပဲ ဟုတ်တယ်မဟုတ်လား?! ငါ မင်းကို ပြောလိုက်မယ်​။ ကျိုးဝမ်ရဲ့ ပညာရေးအပေါ် သဘောထားက မင်းထက် အများကြီးခိုင်မာတယ်! မင်းကြောင့်မို့လို့ ငါ့ကိုယ်ငါ လီမိသားစုကဆိုတာကို ပြောဖို့တောင် ရှက်တယ်ကွ!" 


လီချန်ဖုန်း ပြောလိုက်တဲ့စကားကြောင့် လီလောင်စန်း နာကျင်သွားရ၏။ အကိုကြီးလီက လီလောင်စန်း စိတ်အခြေအနေမကောင်းတော့မှန်း သိလိုက်သည်မို့ ချက်ချင်း သူ့ကို စိတ်လျှော့စေရန် ပြေးလာခဲ့သည်။ "ငါ့ကို မတားနဲ့" 


လီလောင်စန်းက အကိုကြီးလီကို တွန်းထုတ်လိုက်ပြီး လီချန်ဖုန်းကို ဒေါသတကြီးစိုက်ကြည့်ရင်း "အိုး မင်းကိုယ်မင်း လီမိသားစုဝင်လို့ ထင်နေသေးတာလား? ငါ မင်းကိုပြောလိုက်မယ်၊ မင်းက ရွှီမိသားစုရဲ့ တံခါးကို ဝင်သွားပြီးကတည်းက ငါတို့လီမိသားစုရဲ့ တစိတ်တပိုင်း မဟုတ်တော့ဘူးကွ!" 


"တတိယသား!" 


"တတိယညီ!" 


အဖေလီနှင့် အကိုကြီးလီတို့၏ အပြစ်တင်သံများ တပြိုင်တည်း ထွက်ပေါ်လာသည့်အခါမှ လီလောင်စန်း အမူအရာမှာ အနည်းငယ်အေးခဲသွားရလျက်။ ထို့နောက် သူပြောလိုက်တဲ့စကားတွေက လွန်သွားမှန်း သဘောပေါက်လိုက်သော်လည်း သူက မာနကြီးလွန်းသဖြင့် သူပြောလိုက်တဲ့စကားတွေကို ပြန်မနုတ်နိုင်တော့ပေ။ သူက နေရာမှာတင်ရပ်နေရင်း လီချန်ဖုန်းကို ဇွတ်စိုက်ကြည့်နေတော့သည်။ 


"ဒုတိယသားရေ မင်းညီက ဒေါသအလျောက် ပြောမိတာပါကွာ၊ သူ့ကိုစိတ်မဆိုးပါနဲ့" အဖေလီက ကိစ္စတွေကို ချောချောမွေ့မွေ့လုပ်ဖို့ အမြန်ရောက်လာကာ အကိုကြီးလီလည်း ဖျန်ဖြေသည့်အလား "ဟုတ်တယ်၊ သူနဲ့ အဆင့်တူမနေပါနဲ့ကွာ" 


မမျှော်လင့်စွာပင် လီချန်ဖုန်းမှာ ဘာအမူအရာမှရှိမနေဘဲ သူက အပြင်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အဖေလီကို နှုတ်ဆက်လိုက်၏။ "နောက်ကျနေပြီဆိုတော့ ကျွန်တော် မနေတော့ဘူး" 


အဖေလီက ဘာပြန်ပြောရမှန်း မသိသဖြင့် ခေါင်းညိတ်ကာ "ပြန်တော့လေ၊ အိမ်မှာ ကလေးတစ်ယောက်လည်းရှိတာဆိုတော့ အိမ်စောစောပြန်ပြီး ဂရုစိုက်ရမှာပေါ့ကွာ။ မင်းတို့က တောင်အနောက်ဘက်မှာ နေတာဆိုတော့ ဒီလိုအချိန်တွေဆို တောရိုင်းတိရိစ္ဆာန်တွေက အရမ်းတက်ကြွတတ်ကြတယ်လေ" သူပြောလိုက်တဲ့ စကားမှာ အမှားအယွင်းမရှိဘူးလို့ ထင်လိုက်ပေမယ့် လီချန်ဖုန်းရဲ့ မိသားစုကို မတော်တဆဖြစ်စေအောင်လို့ ကျိန်ဆဲနေသလိုပဲ မဟုတ်ပါလော။ 


အကိုကြီးလီက ကသိကအောင့်ဖြစ်စွာ နားထောင်နေခဲ့ပြီး အလျင်စလို ဖာထေးကာ "အဖေ​က အဲ့လိုဆိုလိုတာမဟုတ်ပါဘူးကွာ" လီချန်ဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း "ကျွန်တော် သိပါတယ်" 


ထိုသို့ပြောပြီးနောက် ပင်မခန်းထဲမှ သူ ထွက်လာကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ ပြန်ရပ်လိုက်ကာ အခန်းတွင်းရှိ လူသုံးယောက်ကို လှည့်ကြည့်လိုက်ရင်း - 


"ကျွန်တော့်အထင်တော့ တတိယညီပြောတာ သိပ်မှန်တာပဲ။ ကျွန်တော်က ရွှီမိသားစုရဲ့ တံခါးကို ဝင်သွားကတည်းက လီမိသားစုရဲ့ ကိစ္စတွေကို ပေါ့ပေါ့တန်တန် ဝင်မစွက်ဖက်သင့်တော့ဘူးလေ။ ဒီတော့ မနက်ဖြန် နှစ်သစ်ကူးကို ကျွန်တော့်ရဲ့ ရွှီမိသားစုက ကိုယ့်ဘာသာကိုယ်ပဲ ကျင်းပလိုက်တော့မယ်။ ကျွန်တော်လည်း အရမ်းအလုပ်ရှုပ်နေမှာဆိုတော့ အားလုံးကို နှုတ်ဆက်ဖို့ ဒီကိုမလာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ရွှီမိသားစုဝင်ဖြစ်နေပြီမို့ ဒီဝတ္တရားက အကျုံးမဝင်တော့ဘူးလေ မှန်တယ်မလား? ကျွန်တော် လီကျန်းဆီ သွားနှုတ်ဆက်ရဦးမှာမို့လို့၊ ဒါဆို နှုတ်ဆက်ပါတယ်" 


xxx