Ch-73
Viewers 14k

အခန်း ၇၃


ရှဲ့ယွီက နားထောင်ပြီးနောက် တုန်လှုပ်သွားရကာ သူ မြို့ကို ပြန်ရောက်သည်နှင့် ဆေးခန်းမှာ စစ်ဆေးရန် အလျင်စလို သွားလိုက်သည်။ အသေအချာပဲဟ၊ သူ့မှာ လင်းဖန်းလျန်ရဲ့ ကလေးလေးရှိနေပြီပဲ။ 


လင်းဖန်းလျန်လည်း ခုနက ရှဲ့ယွီကိုတွေ့လိုက်ရကြောင်း အကြာင်းလာကြားပေးတဲ့ ကြင်နာတတ်သူတစ်ဦးဆီမှ ကြားလိုက်ရသည်နှင့် အလျင်စလို ပြေးသွားကာ အခုလေးတင် ဆေးခန်းမှ ထွက်လာသော ရှဲ့ယွီကို တွေ့လိုက်ရ၏။  


ထို့နောက် နှစ်ယောက်သား ဆက်ဆံရေးပြန်လည်အဆင်ပြေသွားသည့်အပြင် ရှဲ့ယွီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်၍ ပျော်ရွှင်မှုနှစ်ဆလို့ ပြောလို့ရပေသည်။ ရှဲ့ဇနီးမောင်နှံတို့လည်း အပြုံးတွေ မရပ်နိုင်တော့။ 


ရှဲ့ယွီ၏ ကိုယ်ဝန်မှာ ပြဿနာမရှိသောကြောင့် လင်းဖန်းလျန်လည်း သူ့အခြေအနေနှင့် ကိုက်ညီသော ဆေးအနည်းငယ်ကို အလျင်အမြန် ညွှန်းပေးလိုက်ပြီးမှ ရှဲ့ယွီနှင့် အတူတူစားရန်အတွက် တစ်ခုခုချက်ပြုတ်ပါတော့သည်။ 


"ငါ မမျှော်လင့်ထားမိဘူးကွာ။ သုံးလရှိနေပြီဆိုပေမယ့်လို့ ငါတို့အားလုံး မသိကြဘူးလေ။ ငါက ဗဟုသုတတောင်မရှိသလိုပဲ" ရှဲ့ယွီက သူ့ဗိုက်သူပွတ်နေရင်း ရွှီချင်းကို ပြောပြနေခဲ့သည်။ 


"ဘာလို့လဲဗျာ၊ အဲ့တုန်းက အစ်ကို သမားတော်ကြီးလင်းကို ပြုစုရင်း အလုပ်ရှုပ်နေခဲ့တာလေ။ တခြားအရာတွေကို တွေးကြည့်လိုက်ရင်တော့ အစ်ကို့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက နှေးကွေးလာတယ်မဟုတ်လား။ အစ်ကိုပဲကြည့်လိုက် ဒီရက်ပိုင်းမှာ ကိုယ်အလေးချိန်တွေ ကျသွားတယ်ရော၊ ဒါကြောင့် သုံးလကြာနေပေမယ့် ဘာမှသတိမထားမိတာပေါ့" 


ကိုယ်ဝန်ဆောင်ချိန်ရောက်လာသည့်အခါ ကောတွေဟာ အမျိုးသမီးတွေနဲ့ မကွဲပြားပါချေ။ သူတို့ကိုယ်ဝန်ရလာသည်နှင့် ပြင်းပြင်းထန်ထန်အော့အန်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်းစသဖြင့် တုံ့ပြန်မှုတွေရှိလာပေလိမ့်မည်။ 


"အဲ့ဒါတော့မဟုတ်ပါဘူး၊ ငါ မင်းကိုပြောပါဦးမယ်။ သမားတော်ကြီးလင်းက မင်းဆီမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိသွားလို့ အပြုံးနဲ့ ထွက်သွားခဲ့တာပဲ ဖြစ်ရမယ်" အဒေါ်ရှဲ့က ရှဲ့ယွီအတွက် ကြက်စွပ်ပြုတ် ကိုင်ထားရင်း ဝင်လာကာ ထိုသို့ထပ်ပြောလိုက်လေ၏။ 


ရွှီချင်းနဲ့ ရှဲ့ယွီတို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြရင်း "ဒါလည်း အဓိပ္ပါယ်ရှိသားပဲနော်၊ အစ်ကိုရှောင်ယွီရေ ဒါက တကယ်ဖြစ်နိုင်တာပဲဗျ"  


သို့ပေသိ အဲ့လိုသာဆို သမားတော်ကြီးလင်းက လူတိုင်းကို ​ပျော်​ရွှင်​​စေဖို့အတွက်​ ဘာလို့များမပြောပြတာလဲနော်? ရွှီချင်း အနည်းငယ် ပဟေဠိဖြစ်နေမိလျက်။ 


အဒေါ်ရှဲ့ ပြုံးလျက် "ငါ့အထင်တော့ သူ့အချိန်မရှိတော့ဘူးလို့ ခံစားရတဲ့ သမားတော်ကြီးလင်းက ဖန်းလျန်နှင့် ရှောင်ယွီတို့နှစ်ယောက်ကို သူသေဆုံးပြီးတဲ့နောက်မှာ ထပ်ပြီးဝမ်းမနည်းနေအောင်လို့ ဒီပျော်စရာကိစ္စကို ထားခဲ့ချင်တာ ဖြစ်နိုင်ပါတယ်။ ဒီတော့ သူလည်း မင်းကိုယ်ဝန်ရှိနေတယ်ဆိုတာကို တမင်မပြောပြတာဖြစ်မယ်!" 


ရှဲ့ယွီလည်း သူ သမားတော်ကြီးလင်းကို ပြုစုဂရုစိုက်ပေးတဲ့အချိန်ကို ပြန်သတိရနေမိကာ သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့၊ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အရာတွေကို မလုပ်ဖို့ စသဖြင့် ပြောခဲ့သည်များကို ပြန်လည်ကြားယောင်နေမိလေပြီ။ ထိုအချိန်တုန်းက သမားတော်ကြီးလင်းက သူ့ရောဂါဟောင်းကို ပြန်မထစေချင်လို့ ပြောတယ်လို့ ထင်မိခဲ့တာကွာ... ကြည့်ရတာ သူအရမ်းသတိမမူမိပုံပဲ... 


"ဟုတ်ပါပြီ၊ ဒီအကြောင်းတွေ မပြောနဲ့တော့။ ဒီဆေးဖက်ဝင်ကြက်စွပ်ပြုတ် လာသောက်ချည်" ရှဲ့ယွီ စဥ်းစားနေတဲ့မျက်နှာလေးကို မြင်လိုက်သဖြင့် အဒေါ်ရှဲ့လည်း သူ တစ်ခုခုအဆင်မပြေတာတွေ စဥ်းစားမိမှာကို စိုးထိတ်မိ၍ ကြက်စွပ်ပြုတ်သောက်ရန် လောဆော်လိုက်တော့သည်။ 


"ကျေးဇူးပါဗျ" 


ရှဲ့ယွီ ပန်းကန်လုံးကိုယူကာ တိုးတိုးလေးပြောလိုက်ရင်း ရွှီချင်းရင်ခွင်ထဲက ထွမ်ထွမ်လေးဟာ ရှဲ့ယွီ လက်ထဲက ပူပူနွေးနွေးပန်းကန်လုံးကို ကြည့်ပြီး သူ့ပါးစပ်လေးမှ သွားရည်တွေကျလာရာ လူတိုင်းကို ရယ်မောသွားစေတော့သည်။ 


လီချန်ဖုန်းနှင့် လင်းဖန်းလျန်တို့က အပြင်ဘက်မှာ ထိုင်နေကြပြီး လက်ဖက်ရည်သောက်ကာ မြေပဲစားနေကြရင်း စိတ်လှုပ်ရှားစွာ စကားပြောနေကြလေ၏။ "ချန်ဖုန်းရေ ငါ့ကလေးကို ဘာနာမည်ပေးသင့်တယ်လို့ မင်းထင်လဲ!" 


လင်းဖန်းလျန်ရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကာ လီချန်ဖုန်းကို ကြည့်ရင်း မေးလာခဲ့သဖြင့် လီချန်ဖုန်း ခဏလောက်စဉ်းစားလိုက်ပြီးမှ မရေရာသလို ပြန်ဖြေလိုက်သည်။ "လင်းဖန်းယွီ?" 


လင်းဖန်းလျန်မှာ ရုတ်တရက် ငြိမ်သက်သွားကာ "မင်း အဲ့ဒီနာမည်ကို ဘာဖြစ်လို့ရွေးတာလဲ?" 


လီချန်ဖုန်း အပြုံးလေးဖြင့် "ထွမ်ထွမ်ကို ငါနာမည်ပေးတုန်းက ငါ့နာမည်နဲ့ ငါ့မိန်းမနာမည်ကို ပေါင်းပေးထားခဲ့တာလေ၊ ဒီတော့ သူကြီးပြင်းလာတဲ့အခါကျ ရွှီချင်းဖုန်းဆိုတဲ့ နာမည်ရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ငါပြောပြနိုင်မယ်။ သူ့အမေနဲ့ ငါနဲ့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြလို့ ငါတို့ရဲ့ ကလေးဖြစ်တဲ့ သူ့ဆီမှာ ငါတို့နှစ်ယောက်ရဲ့ နာမည်နှစ်ခုလုံးကို ပေါင်းစပ်ပေးထားတာပေါ့ကွာ!" 

(Me: အရင်တုန်းက ရယ်ခဲ့မိလို့ ချောတီးပါ ချန်ဖုန်းရေ 😓) 


လင်းဖန်းလျန်က ဤစကားကိုကြားသည့်အခါ အရမ်းစိတ်ဝင်စားစရာကောင်းမှန်း တွေးမိသွားရင်း "ငါ့နာမည်က လင်းဖန်းလျန်၊ ငါ့မိန်းမနာမည်က ရှဲ့ယွီ၊ ဆိုတော့ ငါတို့ကလေးက ကောလေးဆိုရင်... အင်း... သူ့ကို လင်းရှောင်ယွီလို့ ခေါ်ကြမယ်၊ ယောက်ျားလေးဆိုရင်တော့ လင်းတာ့ယွီလို့ ပေးလိုက်မယ်လေ။ ချန်ဖုန်းရေ မင်းရော ဘယ်လိုထင်လဲ!" 


ထိုသို့ကြားပြီးနောက် လီချန်ဖုန်းမှာ ရှုပ်ထွေးသွားရလျက်။ ဒီလူရဲ့ နာမည်မှည့်တဲ့ စကေးက သူ့လောက်တောင် မကောင်းဘူးပဲ! ထိုအချိန်၌ ဦးလေးရှဲ့ ပြန်ရောက်လာကာ "မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲဟေ့? မင်းတို့ရဲ့အသံတွေကို တစ်လမ်းလုံးကြားနေရတယ်ကွ" 


"ယောက္ခမကြီးရေ၊ အနာဂတ်မှာ ကျွန်တော့်ကလေးရဲ့ နာမည် ဘယ်လိုပေးရမလဲဆိုတာ ဆွေးနွေးနေကြတာဗျ။ အဖေလည်း အကြံပေးလို့ရတယ်နော်။ ရွေးချယ်စရာတွေများလေလေ၊ ပိုကောင်းလေလေပဲပေါ့" လင်းဖန်းလျန်သည် သူ့ယောက္ခမကြီးကို ရှင်းပြနေရင်း လက်ဖက်ရည်ပူပူတစ်ခွက် ထည့်ပေးလိုက်၏။ 


"အဲဒါ့များ ဘာခက်လို့လဲကွာ၊ ဟိုတုန်းကဆို ရှောင်ယွီက မိုးရွာတဲ့နေ့မှာမွေးလို့ သူ့ကို ရှဲ့ယွီလို့ နာမည်ပေးလိုက်တာလေ။ ရိုးရှင်းပြီးတော့ နားထောင်လို့ကောင်းတယ်ကွ!" ယင်းသည်ကား ဦးလေးရှဲ့အတွက် ဂုဏ်အယူဆုံးအရာပင်။ ထိုအချိန်တွင် ရွှီချင်းရဲ့ အဖေလည်း ရှဲ့ယွီနာမည်ကြောင့် ဦးလေးရှဲ့ကို ချီးကျူးခဲ့ပါသေးသည်။ 


သူက စာအုပ်တစ်အုပ်ကိုတောင် တစ်ခါမှ မဖတ်ဖူးခဲ့သော်လည်း သူပေးခဲ့တဲ့ နာမည်က တကယ်ကောင်းသည်မို့ ဦးလေးရှဲ့၏အမြီးမှာ ဂုဏ်ယူဝင့်ကြွားစွာ လအတော်ကြာကြာထောင်နေခဲ့လေသည်။  


တစ်ယောက်ယောက်နဲ့ ဆုံသည့်အခါတိုင်း သူ့ကလေးနာမည်ကို သူကိုယ်တိုင်ရွေးထားခဲ့တာဖြစ်ကြောင်း ပြောပြနေတတ်သည်ကြောင့် ထိုအချိန်ကဆို ရွာသားတွေလည်း သူ့ကို တွေ့သည်နှင့် ပုန်းရှောင်နေကြပါတော့သည်။ 


"စကားမစပ် မင်းတို့က နာမည်တောင်ရွေးပြီးနေကြပြီလား?" ဦးလေးရှဲ့ မြေပဲနည်းနည်းစားလိုက်ရင်း မေးလာခဲ့၏။ 


လီချန်ဖုန်း ရယ်ချင်စိတ်ကိုထိန်းရင်း သူ့မျက်နှာကိုဖုံးကွယ်ဖို့ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ "ကလေးက ကောဖြစ်ရင် လင်းရှောင်ယွီလို့ နာမည်ပေးမယ်တဲ့။ ယောက်ျားလေးဆိုရင်တော့ လင်းတာ့ယွီတဲ့" လင်းဖန်းလျန် ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်ကာ ဦးလေးရှဲ့အား ဂုဏ်ယူစွာဖြင့် ကြည့်လိုက်လေသည်။ 


"လင်းရှောင်ယွီ? လင်းတာ့ယွီ? ဒါတွေက ဘယ်လိုနာမည်လဲဟေ့! အနာဂတ်မှာလည်း လင်းရှောင်ရွှယ်၊ လင်းတာ့ရွှယ်ဆိုပြီး ရှိလာမှာလားဟေ့?" မျှော်လင့်ထားသလိုပင် ဦးလေးရှဲ့လည်း ရယ်မောလေ၏။ 

(Note: ရှောင်ယွီ=Light rain, တာ့ယွီ=Heavy rain, ရှောင်ရွှယ်=Light snow, တာ့ရွှယ်=Heavy snow) 


"ဖန်းလျန်ရဲ့ နှလုံးသားက အရမ်းကြီးတော့ တစ်ယောက်ထဲက ဘယ်လိုလုပ်ပြီး လုံလောက်နိုင်မှာလဲဗျာ။ သူ့မှာ အနည်းဆုံး ကလေးလေးယောက်ရှိမှာပဲ!" လီချန်ဖုန်းက လေးနက်နေတဲ့လေထုကို ချိုးဖျက်လိုက်ကာ အားလုံးအတူတူ ရယ်မောလိုက်ကြသည်။ 


လင်းဖန်းလျန်လည်း လုံးဝစိတ်မဆိုးပါချေ။ ရှောင်ယွီက သူ့အတွက် ကလေးလေးယောက် မွေးပေးမယ်ဆိုရင် ဘဝဟာ အရမ်းလှပနေလိမ့်မှာမို့ ဘာလို့ဒေါသထွက်နေရမှာလဲနော်? 


"မင်းတို့ဘာတွေပြောနေတာတုန်း? နောက်ဖေးခန်းကနေတောင်မှ မင်းတို့ရဲ့ရယ်သံကို ငါကြားနေရတယ်နော်" အဒေါ်ရှဲ့က ပန်းကန်အလွတ်တစ်လုံးနဲ့ ထွက်လာပြီး သုံးယောက်ကိုကြည့်ရင်း မေးလိုက်လေသည်။ 


"ဘာမှမဟုတ်ပါဘူးဗျာ၊ ဒီတိုင်း ဟိုဟိုဒီဒီပြောနေရုံပါပဲ။ ရှောင်ယွီ စားပြီးပြီလားဗျ? အမေနားပါ ကျွန်တော် ပန်းကန်ဆေးလိုက်ပါ့မယ်!" လင်းဖန်းလျန် အဒေါ်ရှဲ့လက်ထဲက ပန်းကန်လုံးကို ယူလိုက်ကာ အဒေါ်ရှဲ့ရဲ့ စကားပြန်ကိုတောင် မစောင့်တော့ဘဲ မီးဖိုချောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သဖြင့် ကြည့်နေတဲ့လူတွေက ထပ်မံရယ်မောလိုက်ရပြန်သည်။ 


အခန်းတွင်းရှိ ရွှီချင်းနှင့် ရှဲ့ယွီတို့လည်း အခန်းအပြင်ဘက်က ရယ်မောသံတွေကို ကြားရသည့်အခါ မပြုံးဘဲမနေနိုင်တော့။ ရှဲ့ယွီက အခု သူ့မှာကိုယ်ဝန်ရှိနေပြီမို့ အရမ်းကောင်းတယ်လို့ တွေးနေမိလျက်။ လင်းဖန်းလျန် ဒီလောက်ပျော်ရွှင်နေတာကို သူမတွေ့ရသည်မှာ ကြာလှပြီဖြစ်၍ နောက်ဆုံးတော့ မိသားစုအတွက် ကလေးတစ်ယောက်ရှိခြင်း၊ မရှိခြင်းဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သူသိသွားရလေပြီ။ 


ရှဲ့ယွီက ထွမ်ထွမ်ကို ကျေနပ်စွာ ကြည့်နေရင်းမှ ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ "ကြည့်တော့မှပဲ ငါ့ကလေးက ထွမ်ထွမ်ထက် တစ်နှစ်လောက်ပဲ ငယ်မှာနော်။ မင်းပြောကြည့် သူတို့တွေ အတူတူကြီးပြင်းလာခဲ့ရင် ငယ်ချစ်ဦးတွေဖြစ်လာလိမ့်မလား? အမ်း ဒီလိုဆိုရင်ကော... ငါတို့ သူတို့အတွက် လက်ထပ်ကတိထားလို့ရတယ်လေ။ မင်းရော ဘယ်လိုထင်လဲ?" 


ရွှီချင်းမှာ ထိုသို့ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားရပြီး သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ထွမ်ထွမ်ကို ကြည့်လိုက်မိသည်။ ကလေးက ငယ်ငယ်လေးပဲရှိသေးပေမယ့် လက်ထပ်ကတိတောင် ရှိသွားပြီလားဟ? ရွှီချင်း နားမလည်နိုင်ဘဲ လက်ခံလိုက်ရသည်။ သူက သူ့ကလေးတွေကို တအားလွန်လွန်ကဲကဲ ထိန်းမချုပ်ချင်ပါချေ။ ဘာလို့ဆို သူက မော်ဒန်ခေတ်မှာ နေခဲ့တာကြောင့် ဖြစ်နိုင်ပါသည်။ ရွှီချင်းမှာ သူ့ကလေးတွေကို သင်ကြားပေးရန် ခေတ်သစ်အတွေးအခေါ်တွေ ရှိနေဆဲ။ သို့သော်လည်း သူ တိုက်ရိုက်ကြီး မငြင်းနိုင်ပါချေ။ 


အမှန်တကယ်တော့ ရှဲ့ယွီစကားတွေက ဤခေတ်ကာလအရဆို မမှားပေ။ ဤခေတ်ကာလ၌ လက်ထပ်ကတိထားတဲ့ နည်းလမ်းမှာ အလွန်ကျော်ကြားလေ၏။ ထို့ကြောင့် ရွှီချင်း အပြုံးလေးနှင့် ပြောလာကာ "အရမ်းစိတ်မပူပါနဲ့ဗျာ။ ကလေးက မွေးတောင် မမွေးရသေးဘူးလေ၊ သူက ကောလေးလား ယောကျ်ားလေးလားဆိုတာ အစ်ကို သိတောင်မသိသေးဘူးဟာ" 


ရှဲ့ယွီ တွေးနေတာကို မြင်လိုက်ရတော့ ရွှီချင်းက ဆက်ပြောလေသည်။ "တကယ်လို့ ကလေးက ယောက်ျားလေးဆိုရင် သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး စုံတွဲဖြစ်နိုင်မှာလဲနော်?" 


ဟုတ်တာပေါ့၊ သူတို့နှစ်ယောက် စုံတွဲဖြစ်သွားနိုင်ရင်တော့... ဒါဆို သူ့ကလေးနဲ့ ရှဲ့ယွီ ကလေးတို့က လိင်တူချစ်သူ ဖြစ်သွားမှာလေ။ 


"ဒါလည်းမှန်တာပဲနော်။ ငါတအားစိုးရိမ်နေမိတာပဲ။ ဒါဆို ကလေးလေးမွေးလာပြီးမှပဲ ပြောကြတာပေါ့ကွာ။ ဘာပဲဖြစ်ဖြစ် ငါလည်း အလျင်လိုမနေပါဘူးလေ" ရှဲ့ယွီက ထွမ်ထွမ်ကို ကြည့်ရင်း အပြုံးလေးနဲ့ ပြန်ပြောလာခဲ့သည်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း လင်းအိမ်မှ ပြန်လာပြီးနောက် ရိုးရိုးရှင်းရှင်းသာ ဆေးကြောလိုက်ပြီး ကလေးနှင့်အတူ အိပ်ရာဝင်ခဲ့ကြသည်။ ဒီနေ့ သူတို့ မပင်ပန်းခဲ့သော်ငြား ရာသီဥတု အေးလွန်းသည်မို့ အပြင်မှာ မထိုင်ချင်ကြတော့ပါချေ။ 


နှစ်သစ်ကူးနေ့ နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် ရွှီချင်းနှင့် လီချန်ဖုန်းတို့က မျှော်လင့်တကြီး ဖြစ်နေကြလေသည်။ သူတို့မိသားစုရဲ့ ပထမဆုံး အတူတူကျင်းပကြတဲ့ နှစ်သစ်ကူးအချိန်အခါသမယပင်။ 


လီချန်ဖုန်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားပြီးဖြစ်သလို နှစ်သစ်ကူးရောက်လာမည့်အချိန်အခါကို စောင့်ဆိုင်းနေတော့သည်။ 


တရုတ်နှစ်သစ်ကူးမတိုင်မီ တစ်ရက်အလိုတွင် ရွှီချင်း ပေးလိုက်သည့် အနီရောင်ဝတ်စုံကို ဝတ်ထားသော လီရှောင်းအာက ဆီစိမ်စက္ကူထီးတစ်လက်ကို ကိုင်ထားရင်း ရွှီမိသားစုခြံဝင်းထဲသို့ ဝင်လာခဲ့လေသည်။ 


"ဒုတိယအစ်ကို?"


ရွှီချင်း ကလေးလေးအား သန့်ရှင်းရေးလုပ်ပေးပြီးချိန်မှာ သူ့နားထဲတွင် ရင်းနှီးသော အသံလေးကို ကြားလိုက်ရ၍ "ရှောင်းအာ မင်းရောက်လာတာကိုး! တစ်ယောက်တည်းလာတာလား?" 


ရွှီချင်း လီရှောင်းအာရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ့​ဖိနပ်တွေက အများကြီးစိုစွတ်နေပုံမပေါ်သဖြင့် လှည်းနဲ့ လာပုံရလေသည်။ သို့ရာတွင် ရွှီချင်းက မေးခွန်းမေးလိုက်သည်နှင့် လီရှောင်းအာရဲ့ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်ကို တွေ့လိုက်ရ၏။ 


တစ်ခုခုပဲဟ! ရွှီချင်း ချက်ချင်းတုံ့ပြန်လိုက်ကာ လီရှောင်းအာကို ထိုင်ခိုင်းလိုက်ပြီး အခန်းထဲ၌ ထွမ်ထွမ်ကို အင်္ကျီလဲပေးနေသော လီချန်ဖုန်းဆီ လှမ်းအော်လိုက်သည်။ "ချန်ဖုန်းရေ ရှောင်းအာ ရောက်နေတယ်!" 


"အပြင်မှာအေးနေတော့ ​​ငါ မင်းအတွက် အနီရောင်ဆီးသီးလက်ဖက်ရည်ကြမ်းလေး တိုက်မယ်နော်၊ အဲ့ထဲမှာ ဂျင်းလည်း ပါတော့ အအေးမမိအောင်လို့ ကာကွယ်ပေးတယ်လေ" ရွှီချင်း လက်ဆေးပြီးနောက် လီရှောင်းအာ အတွက် အနီရောင်ဆီးသီးလက်ဖက်ရည် ထည့်ပေးဖို့ မီးဖိုချောင်သို့ သွားလိုက်သည်။ 


လီရှောင်းအာ ပင်မခန်းတွင် နာနာခံခံလေး ထိုင်နေရင်း သူ့လက်သူဆုပ်ကိုင်ထားကာ အနည်းငယ် မျက်မှောင်ကြုတ်နေသလို ရှက်လည်းရှက်နေခဲ့ရာ လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို ဘယ်လိုပြောရမလဲဆိုတာ တွေးနေခဲ့၏။ 


"လာ၊ သောက်ကြည့်လိုက်" ရွှီချင်းက လီရှောင်းအာကို အနီရောင်ဆီးသီးလက်ဖက်ရည်ကို ကမ်းပေးလိုက်သည်။ လီချန်ဖုန်း အခုထိ ထွက်မလာသေးတာကို မြင်လိုက်ရ၍ "ငါ တစ်ချက်သွားကြည့်လိုက်ဦးမယ်၊ အင်္ကျီလေးလဲပေးနေတာ ဘာလို့များ ဒီလောက်တောင်ကြာနေရတာလဲလို့" 


"ရပါတယ်ဗျာ" လီရှောင်းအာ လက်ဖက်ရည်ပူပူကို ကိုင်ထားရင်း တစ်ငုံသောက်ကြည့်လိုက်ရာ ထိုလူပေးတဲ့ သကြားလုံးလိုမျိုး ချိုမြန်မှုလေးဟာ သူ့ပါးစပ်ထဲမှတစ်ဆင့် လည်ချောင်းနှင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားလေသည်။ 


"ဘာဖြစ်လို့ ဒီလောက်ကြာနေတာလဲဗျာ။ ခင်ဗျားညီလေး ရောက်နေတာကို၊ မြန်မြန်ထွက်ပြီး သွားတွေ့လိုက်ဦး၊ ကျွန်တော်လုပ်လိုက်မယ်" 


ရွှီချင်းက ပူးပေါင်းခြင်းမရှိဘဲ တွန့်လိမ်နေတဲ့ ထွမ်ထွမ်လေးကို လက်လွဲယူကာ လီချန်ဖုန်းကို အပြင်ထွက်ခိုင်းလိုက်တော့သည်။ လီချန်ဖုန်းလည်း ကူကယ်ရာမဲ့နေလျက်၊ သူအားအရမ်းသုံးလိုက်ရင် ထွမ်ထွမ်လေးကို ထိခိုက်သွားမည်ကို စိုးရိမ်သည့်အတွက် အချိန်ကြာနေခဲ့ရသည်ပင်။ 


"ဒုတိယအစ်ကို" 


လီရှောင်းအာသည် လီချန်ဖုန်း ဝင်လာသည်ကိုမြင်သောအခါ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချက်ချင်းချလိုက်ကာ မတ်တပ်ရပ်လိုက်၏။ 


"မင်း ဒီကို ဘယ်လိုရောက်လာတာတုန်း။ နှစ်သစ်ကူးအကြိုနီးနေပြီကို မင်းက လျှောက်ပြေးနေတုန်းလား? မင်း ဒီကို ပြေးလာတာကို တခြားသူတွေမြင်ရင် မကောင်းတာတွေ ပြောကြလိမ့်ဦးမယ်။ မင်းက အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပြီဆိုတော့ အရာရာတိုင်းကို မလုပ်ခင်မှာ သေချာစဉ်းစားဖို့ လိုတယ်နော်" 


လီချန်ဖုန်းက လီရှောင်းအာကို မြင်သည့်အခါ ညင်ညင်သာသာလေး ဆူပူလိုက်၏။ လီရှောင်းအာလည်း လီချန်ဖုန်း၏ စိတ်နေစိတ်ထားကို နားလည်ထားပြီးဖြစ်၍ သူက ရိုးသားစွာ ခေါင်းငုံ့နေရင်း မထိုင်ခင် အဆူခံလိုက်ပါသည်။ ထိုအချိန်တွင် ရွှီချင်းက အင်္ကျီလဲပြီးပြီဖြစ်တဲ့ ထွမ်ထွမ်လေးကို ချီလာကာ ပင်မခန်းထဲသို့ ဝင်လာခဲ့သည်။ 


"ကြည့်ပါဦး ထွမ်ထွမ်လေးရေ... ဒီမှာ ဘယ်သူလာလဲ ကြည့်ပါဦးကွယ်" ရွှီချင်းသည် ကလေးလေးကို စနောက်နေတဲ့ လီရှောင်းအာ၏ လက်ထဲသို့ ထွမ်ထွမ်လေးကို ထည့်ပေးလိုက်လေ၏။ 


"သူ့ကို မတွေ့ရတာ ကြာသွားပြီဗျာ။ ထွမ်ထွမ်က ဒီလောက်တောင်ကြီးလာပြီပဲ" မွေးခါစကထက် ပိုကြီးလာတဲ့ ထွမ်ထွမ်ကို ကြည့်ရင်း လီရှောင်းအာ အံ့အားသင့်နေမိလျက်။ 


"ဟုတ်တယ်မဟုတ်လား? သူအရမ်းစားလို့ ဖြစ်မယ်။ ဒါနဲ့ မင်းဘာများဖြစ်လို့လဲ ငါ့ကိုပြောဦးလေ။ အခြေအနေဘယ်လိုလဲ?" ရွှီချင်းက ပွင့်ပွင့်လင်းလင်းပြောတတ်သည့် စိတ်နေစိတ်ထားရှိသူဖြစ်ကြောင်းကို လီရှောင်းအာလည်း သိထားသဖြင့် ရှက်ရွံ့စွာ ပြန်ဖြေလာခဲ့၏။ 


"တစ်ယောက်ယောက်က လက်ထပ်ဖို့ လာကမ်းလှမ်းလို့ဗျ" 


လီရှောင်းအာ အနည်းငယ်ရှက်ရွံ့စွာ ပြောလာခဲ့သည်။ 


"ဒါကောင်းတာပေါ့၊ မင်းရဲ့အမူအရာကို ကြည့်ရရင် မင်းလည်း သဘောတူတယ်ဟုတ်?" ရွှီချင်းက ထွမ်ထွမ်ကို ပြန်ချီလိုက်ရင်း လီရှောင်းအာကို စနောက်လိုက်လေ၏။ 


လီချန်ဖုန်း စကားမပြောသေးဘဲ လီရှောင်းအာ စကားဆုံးသည်အထိ စောင့်နေခဲ့သည်။ 


လီရှောင်းအာက အနည်းငယ်ပြုံးလိုက်ကာ "ဟုတ်။ ကျွန်တော့်မိဘတွေကလည်း ဒီအိမ်ထောင်ရေးကို ကျေနပ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယအစ်ကို ဒုတိယယောက်ဖရယ် အစ်ကိုတို့သိလား တစ်ဖက်မိသားစုရဲ့ အခြေအနေတွေ ပိုကောင်းနေသရွေ့တော့ အဖေနဲ့ အမေက ကျေနပ်နေကြလိမ့်မှာပဲ။ ဒါပေမဲ့ ဒါက ကျွန်တော့်ဘဝရဲ့ အရေးကြီးတဲ့ကိစ္စဆိုတော့ ကျွန်တော် ဆုံးဖြတ်ချက်မှားချမိမှာလည်း စိုးရိမ်လို့။ ဒီတော့ ကျွန်တော်တွေးကြည့်လိုက်ပြီးတဲ့နောက် အစ်ကိုတို့နဲ့ တစ်ချက်စစ်ဆေးကြည့်စေချင်လို့ပါ" 


လီရှောင်းအာသည် ရှဲ့ယွီ၏ ယခင်အိမ်ထောင်ရေးနှင့် ပတ်သက်၍ အနည်းငယ်ကြားသိထားပြီးဖြစ်၍ သူမျက်စိကန်းနေပြီး အကောင်းအဆိုးမခွဲခြားနိုင်မှာကို ကြောက်မိသောကြောင့် လီချန်ဖုန်းနှင့် ရွှီချင်းတို့ဆီမှ သူ့အတွက် ဒုတိယထင်မြင်ချက်ပေးစေလိုခဲ့ခြင်းပင်။ 


နောက်ဆုံးမှာတော့ သူ့မိသားစုဝင်အားလုံးဟာ မိသားစုနောက်ခံကိုပဲ မြင်နေကြကာ တစ်ဖက်လူရဲ့ စရိုက်ကောင်းလား မကောင်းလားဆိုတာကို ထည့်မစဥ်းစားကြပေ။ သူကတော့ အဲ့ဒီလူရဲ့စရိုက်ကောင်းတယ်လို့ မြင်ပေမယ့်လို့ပေါ့။။ 


"ဒါဆို ငါ့ကိုပြောပြလေ၊ နားထောင်ပြီးမှ ပြောမယ်" လီချန်ဖုန်းသည် လီရှောင်းအာက တကယ့်ကို စိတ်ဝင်စားနေမှန်း မြင်နိုင်လေသည်။ သို့ပေမယ့် နောက်ပိုင်းမှာ ထိခိုက်မှုမရှိလေရအောင် သတိထားတာ ပိုကောင်းပါတယ်လေ။ 


*** 


မစ္စတန့်က သကြားလုံးစားရတာကို နှစ်သက်သဖြင့် လီရှောင်းအာလည်း တန့်အိမ်သို့ ရောက်ပြီးနောက်ပိုင်းတွင် မစ္စစ်တန့်၏ အကြံအတိုင်း သကြားလုံးတွေ၊ သရေစာမုန့်တွေရောင်းတဲ့ သိပ်မဝေးတဲ့ဆိုင်တစ်ဆိုင်ဆီ သွားဝယ်ခဲ့ရသည်။ 


ဆိုင်က သိပ်မကြီးပေမယ့် အရမ်းသန့်ရှင်းနေပြီး လူတွေကို မြင်မြင်ချင်း စားချင်စိတ်ဖြစ်ပေါ်စေအောင်လို့ အရောင်တောက်တောက် သကြားလုံးတွေ၊ သရေစာမုန့်တွေကို သပ်သပ်ရပ်ရပ် စီရီထားလေ၏။ ဆိုင်ပိုင်ရှင်ကလည်း လူငယ်လေးဖြစ်သလို စမတ်ကျပြီး နှုတ်ချိုသူဖြစ်လေရာ စကားပြောကောင်း၍ စီးပွားရေးလုပ်တော်ပြီး လူကြီးလူကောင်းတစ်ဦးပင်။ သူ့နာမည်က ဝမ်လေ့ဖြစ်ပြီး လီအိမ်ကို လက်ထပ်ဖို့ လာကမ်းလှမ်းသူပါပဲ။ 


ယခုနှစ်တွင် ဝမ်လေ့က ၁၉နှစ်ရှိပြီဖြစ်ကာ သူ့မှာ ကောအစ်ကိုတစ်ယောက်ရှိလေသည်။ သူ့အစ်ကိုက အိမ်ထောင်ပြုပြီးသွားပြီဖြစ်ရာ မြို့ထဲမှာနေထိုင်ဆဲ။ ယခုဆို မိသားစုထဲတွင် အမေဝမ်၊ အဖေဝမ်နဲ့ ဝမ်လေ့သာ ကျန်ပါတော့သည်။ သူတို့က အိမ်နီးချင်းတွေနဲ့လည်း  ဆက်ဆံရေး အရမ်းကောင်းကြလေ၏။ 


ဝမ်လေ့က စားသောက်ဆိုင်တစ်ဆိုင်၌ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေသော သူ့ဦးလေးထံမှ နည်းနည်းပါးပါး သင်ယူထားခဲ့သည်။ ထို့နောက် သူထွက်သွားကာ စွန့်စားခဲ့သည်ပင်။ 


သူမြို့ကိုပြန်ရောက်သောအခါ သကြားလုံးနဲ့ သရေစာမုန့်သီးသန့်ရောင်းသည့် ဆိုင်တစ်ဆိုင်မှမရှိသေးသည်ကို တွေ့ရှိလိုက်ကာ အကြံတစ်ခုရလိုက်ပြီး ပိုက်ဆံအနည်းငယ်ချေးလိုက်ကာ စီးပွားရေးစလုပ်လိုက်၏။  


ဆိုင်စဖွင့်ကတည်းက ဈေးနှုန်းလည်းသင့်သလို ပစ္စည်းလဲကောင်းသည့်အပြင် ဝမ်လေ့က အပြောချိုသူဖြစ်ရာ ပုံမှန်ဖောက်သည်များစွာကို အရယူနိုင်လာခဲ့ပြီး ပိုက်ဆံနည်းနည်းရှာနိုင်ခဲ့တယ်လို့ ဆိုရပေမည်။ 


သို့ရာတွင် သူကြိုက်တဲ့လူနဲ့ မဆုံသေးသည်မို့ အမေဝမ် မိတ်ဆက်ပေးတဲ့သူတွေကို လက်မခံခဲ့သဖြင့် သူ့မိဘတွေမှာ သူ့အတွက် စိုးရိမ်ပူပန်နေရတော့သည်။ 


ဝမ်လေ့သည် အလျင်မလိုသေးပါချေ၊ အစိုးရတွဲဖက်ပေးဖို့က အဝေးကြီးလိုသေးသည်မို့ တစ်နေ့နေ့မှာ သူစိတ်ဝင်စားလာမည့် လူတစ်ယောက်နဲ့ မတွေ့ဆုံနိုင်ဘူးဆိုတာကို သူမယုံကြည်ခဲ့။ 


တစ်နေ့တွင် လီရှောင်းအာက အဒေါ်တန့်လမ်းညွှန်ပေးတဲ့ ဝမ်သကြားလုံးဆိုင်သို့ ဝင်လာသည့်အခါ ဝမ်လေ့၏ နှလုံးသားထဲသို့ ဝင်ရောက်သွားပါတော့သည်။ 


လွန်ခဲ့တဲ့လတွေမှာ လီရှောင်းအာက သကြားလုံးတွေ ပုံမှန်ဝယ်စားလေ့ရှိရာ ဝမ်လေ့ကလည်း လီရှောင်းအာ အခြေအနေကို မေးမြန်းခဲ့ပြီး သူ့ကို ပို၍ပင် ဂရုတစိုက်ရှိခဲ့လေ၏။  


တဖြည်းဖြည်းနှင့် လီရှောင်းအာလည်း ဝမ်လေ့ရဲ့ ရည်ရွယ်ချက်ကို သဘာဝအလျောက် ခံစားမိလာခဲ့ရသည်။ ဝမ်လေ့က လူကောင်းတစ်ယောက်လို့ သူထင်မိသော်လည်း ဝမ်လေ့က သူ့အခြေအနေတွေကို အပြည့်အဝလက်မခံနိုင်မှာကို ​စိုးရိမ်မိလျက်။ 


ထွမ်ထွမ်တစ်လပြည့်နေ့မှာ လီရှောင်းအာက လီချန်ဖုန်းအိမ်ကို ရောက်လာခဲ့ပြီး မူလကတော့ ဒုတိယအစ်ကိုအိမ်မှာ နေ့လည်စာစားပြီးနောက် မြို့ကို ပြန်သွားဖို့စီစဉ်ခဲ့ပေမယ့် သူ့မိဘတွေနဲ့တွေ့ဖို့ အိမ်မပြန်တာလည်း အတော်ကြာပြီဖြစ်ကြောင်း တွေးမိသွားခဲ့သည်။ 


ဖြစ်ချင်တော့ တန့်မိသားစုဝင်တွေလည်း အားလပ်ရက်အဖြစ် အိမ်ပြန်ရောက်နေခဲ့ကြသောကြောင့် လီရှောင်းအာလည်း ထုပ်ပိုးပြီး ပစ္စည်းအချို့ဝယ်ကာ ရက်အနည်းငယ်ကြာ လီအိမ်မှာ ပြန်သွားနေခဲ့သည်။ 


သို့သော် ထိုနေ့တွေဟာ လီရှောင်းအာ သကြားလုံးသွားဝယ်လေ့ရှိတဲ့ နေ့တွေဖြစ်တာမို့ ဝမ်လေ့ဟာ တစ်ရက်ပြီးတစ်ရက် စောင့်မျှော်နေသော်ငြား သူတွေ့ချင်တဲ့သူကို မတွေ့ခဲ့ရပေ။ မစ္စစ်တန့်တောင်မှ စနောက်နေသေးကာ "သူအိမ်ထောင်ပြုဖို့ အိမ်ပြန်သွားတာဖြစ်မယ်" 


ဤစကားမှာ ဝမ်လေ့အား မိုးကြိုးပစ်ခံလိုက်ရသည့်အလား! အဲ့ဒီည သူ အိမ်ပြန်ရောက်သည့်အခါ အစားအသောက်တွေရဲ့ အရသာတောင် မသိတော့ဘဲ သူ့အမူအရာမှာ လေးလံနေလျက်။ ဝမ်လင်မယားနှစ်ယောက်မှာ သူ့သားကို ဒီလိုမြင်နေရတာဟာ ဆိုင်ကောင်းကောင်းမလည်ပတ်လို့ပဲလို့ တွေးထင်နေခဲ့ကြသည်။ 


သူတို့ရဲ့မေးခွန်းတွေအောက်မှာ ဝမ်လေ့က သူ့နှလုံးသားရေးရာကို ဖွင့်ထုတ်ပြောပြခဲ့ကာ စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲပြန်ဝင်သွားတော့သည်။ အမေဝမ်လည်း ဤကိစ္စကို ချက်ချင်းသဘောပေါက်သွားပြီး နောက်နေ့မှာပဲ တစ်ယောက်ယောက်နဲ့ စုံစမ်းခိုင်းလိုက်လေ၏။  


ထိုအခါမှသာ လီရှောင်းအာက အိမ်ထောင်ပြုဖို့ အိမ်ပြန်သွားတာမဟုတ်ဘဲ သူ့မိသားစုဆီ အလည်ပြန်သွားတာဖြစ်ကြောင်း သိလိုက်ရတော့သည်။ သူ ထိုအကြောင်းကို ဝမ်လေ့ကို ပြောပြလိုက်ရာ ဝမ်လေ့မှာ ချက်ချင်း သွေးအပြည့်ဖြင့် အသက်ပြန်ရှင်လာသည့်အလား။ 


လီရှောင်းအာ မြို့သို့ ပြန်ရောက်လာပြီးနောက် ဝမ်လေ့က စတင်လှုပ်ရှားလာကာ လီရှောင်းအာကို ဖွင့်ပြောပါတော့သည်။ လီရှောင်းအာမှာ ရိုးသားပြီး မာနကြီးသူမဟုတ်သောကြောင့် သူ့အတွေးတွေနှင့် ခံစားချက်တွေကို ဟန်မဆောင်ဘဲ ထုတ်ဖော်ပြောလိုက်သဖြင့် ဝမ်လေ့လည်း အလွန်ဝမ်းသာသွားရကာ လီရှောင်းအာကို သူ့မိသားစုနှင့် မိတ်ဆက်ပေးခဲ့သည်။  


ဝမ်ဇနီးမောင်နှံတို့၏ စိုးရိမ်ပူပန်မှုများလည်း သက်သာရာရသွားလေပြီ။ သူတို့က စိတ်ထားကောင်းတဲ့ လီရှောင်းအာကို နှစ်သက်ကြကာ နောက်ဆုံးတွင် သူတို့သားအတွက် စိတ်ချနိုင်သွားခဲ့ပါပြီ။ 


ထို့ကြောင့် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် မနေ့က ဝမ်မိသားစုလည်း လီမိသားစုထံ လက်ထပ်ခွင့်လာတောင်းခဲ့ကြသည်။ သူတို့က အရင်ဆုံးစေ့စပ်ထားချင်ကြကာ လက်ထပ်ဖို့ အလျင်စလိုမလုပ်ကြဘဲ နှစ်ကုန်အထိ စောင့်ချင်ခဲ့ကြ၏။ 


မနေ့က မစ္စစ်တန့်မိသားစုလည်း မြို့သို့ အပြေးအလွှားပြန်ရောက်လာကြသဖြင့် လီရှောင်းအာလည်း လီအိမ်သို့ ပြန်လာခဲ့သည်။ ဤလက်ထပ်ခွင့်အကြောင်းကို လီချန်ဖုန်းကို ပေးသိစေရန်နှင့် ဝမ်မိသားစုကို စစ်ဆေးကြည့်စေချင်သဖြင့် လီရှောင်းအာက သူ့ဘာသာသူ ရောက်လာခဲ့သည်ပင်။ 


"အမေ သဘောတူလား?" 


လီချန်ဖုန်း နားထောင်ပြီးနောက် မေးလိုက်သည်။ 


လီရှောင်းအာ ခေါင်းညိတ်ပြီး "အမေနဲ့ လူတိုင်းက အရမ်းပျော်နေကြတာ" ဟုတ်ပါတယ်၊ သူတို့သားလေးဟာ မြို့ထဲမှာ လက်ထပ်နိုင်ခဲ့တာကြောင့်ပါပဲ။ တခြားသူတွေရှေ့မှာ သူတို့မိသားစု မျက်နှာရပြီပဲလေ မဟုတ်ဘူးလား? 


"ဘယ်ရက် သတ်မှတ်ထားလဲ?" 


လီရှောင်းအာ အနည်းငယ်ရှက်ရွံ့နေကာဖြင့် "ဒုတိယလရဲ့ ဒုတိယနေ့မှာ နဂါးခေါင်းက မြှောက်နေမှာဆိုတော့ အဲ့ဒီနေ့က အတိတ်နိမိတ်အကောင်းဆုံးနေ့ပဲလို့ အမေပြောတယ်" 


"ကောင်းပါတယ်။ မင်းရဲ့စကားအရဆိုရင်တော့ ဝမ်လေ့က လိုက်လျောညီထွေရှိတဲ့ စိတ်နေစိတ်ထားရှိပြီးတော့ ကြိုးစားတဲ့လူငယ်လေးဖြစ်ပုံပဲ။ ဆိုတော့ သူ့စရိုက်ကလည်း မဆိုးလောက်ပါဘူး" လီရှောင်းအာရဲ့ စကားတွေကို နားထောင်ပြီးနောက် ဝမ်လေ့ဟာ မာဖူကွေ့ထက် အများကြီးသာတယ်လို့ ရွှီချင်း ခံစားမိလေ၏။ အမှန်တကယ်မှာတော့ လူတိုင်းက မာဖူကွေ့လိုလူမျိုးနဲ့ တွေ့မှာမဟုတ်ပါဘူးလေ။ 


...


Translator' Note: ရေး... ရှောင်ယွီလေးလည်း ကလေးရပြီ... ရှောင်းအာလေးလည်း အိမ်ထောင်ဖက်ရပါပြီ။ လူကောင်းလေးဖြစ်လို့ တော်ပါသေးရဲ့။ 

အခုကြည့်တော့မှ Farming storyဆိုပြီး လယ်စိုက်တာတွေ မပါသလောက်နီးပါးနော်... မိသားစုအရေးကိစ္စတွေချည်းဖတ်နေရတာ ပျင်းနေပြီလား ချစ်တို့ရေ... 


Thanks for reading!