အခန်း ၇၂
"ဒါပေမယ့် ငါကြားတာတော့ သူ့မျက်နှာပေါ်မှာ အပြုံးလေးနဲ့ ထွက်သွားတယ်ဆိုပဲ။ ဟင်း... ဒါဟာလည်း သူမသွားခင်မှာ သူ့စိတ်အခြေအနေကို ပြတယ်လို့ ယူဆလို့ရတာပါပဲကွာ"
ရွှီချင်း မှိန်းနေသောထွမ်ထွမ်လေးကို သာသာလေး ပုတ်ပေးနေရင်း သူ့စိတ်ထဲမှာ အတော်လေး ရှုပ်ထွေးနေကာ လီချန်ဖုန်းကို ကြည့်လိုက်၏။ "သမားတော်ကြီးလင်းရဲ့ နောက်ဆုံးခရီးကို သွားပို့ကြရအောင်လေ"
ဦးလေးရှဲ့က သမားတော်ကြီးလင်းဟာ နောင်တမရှိဘဲ ထွက်သွားသည်ဟု ထင်ခဲ့ပေမယ့် ရှဲ့ယွီကတော့ ထိုသို့မထင်ခဲ့ဘဲ သမားတော်ကြီးလင်းက နောင်တတွေနဲ့ ထွက်သွားခဲ့ရမှန်း သူခံစားမိနေခဲ့သည်။
ရှဲ့ယွီ ခေါင်းငုံ့ကာ သမားတော်ကြီးလင်း၏ အခန်းကို သန့်ရှင်းရေးလုပ်နေခဲ့၏။ သူ့ကြောင့် သမားတော်ကြီးလင်းဟာ သူ့ဆန္ဒအတိုင်း လင်းဖန်းလျန်၏ နောက်မျိုးဆက်ကို မမြင်လိုက်ရကြောင်း သူတွေးနေမိရင်း သူ့ဗိုက်သူ ထိကာ စိတ်ပျက်လက်ပျက်ဖြစ်နေမိလျက်။
ရွှီချင်းနှင့် လီချန်ဖုန်းတို့က ထွမ်ထွမ်ကို လင်းအိမ်ဆီ ခေါ်လာခဲ့သည်။ တံခါးဝသို့ရောက်သည်နှင့် တံခါးရှေ့တွင် အဝတ်ဖြူတစ်ထည် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။ ဤကဲ့သို့သော ချမ်းအေးလှတဲ့နေ့မျိုး၌ ဒီလိုအဖြူချည်းသက်သက်ပိတ်စဟာ ရောက်လာသူတွေရဲ့ မျက်လုံးများကို နာကျင်စေလေသည်။
လင်းဖန်းလျန်နှင့် ရှဲ့ယွီနှစ်ယောက်စလုံး ဝမ်းနည်းပူဆွေးနေကြကာ အထူးသဖြင့် ရှဲ့ယွီပင်။ ရွှီချင်းက သူ့ရှေ့မှလူကို မတွေ့ရတာ ရက်နည်းနည်းပဲကြာသေးသော်ငြား ကိုယ်အလေးချိန် အလွန်ကျသွားမှန်း တွေ့လိုက်ရသည်။
"ထပ်တူဝမ်းနည်းပူဆွေးရပါတယ်ဗျာ"
လီချန်ဖုန်းသည် လင်းဖန်းလျန်ပခုံးကို ပုတ်လိုက်ကာ သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို မသိတော့ပေ။ ညအနည်းငယ် အိပ်မပျော်ခြင်းကြောင့် လင်းဖန်းလျန်မျက်လုံးတွေက အနည်းငယ်နီရဲနေပြီး ရောင်ရမ်းနေကာ "ချန်ဖုန်းရေ သူ ဒီလောက်စောစောထွက်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူးကွာ"
လင်းဖန်းလျန်မှာ အလွန်ဝမ်းနည်းနာကျင်နေလျက်။ ရှဲ့ယွီအပြင် သမားတော်ကြီးလင်းဟာ သူ၏တစ်ဦးတည်းသောမိသားစုဝင်ဖြစ်လေသည်။ သူတတ်သိစအရွယ်ကတည်းက သမားတော်ကြီးလင်းဟာ သူ့အနားမှာ အမြဲရှိနေပေးသလို ဆေးပညာကိုလည်း သင်ကြားပေးကာ အသေးအဖွဲကိစ္စများကို ဂရုစိုက်ပေးတတ်လေသည်။
သူစဉ်းစားနေမိသည်မှာ သူ အိမ်ထောင်ကျပြီး ဆေးခန်းကို တဖြည်းဖြည်း လွှဲပြောင်းယူပြီးနောက် သမားတော်ကြီးလင်းဟာ သူ့ကျန်းမာရေးကို ပိုကောင်းအောင် ဂရုစိုက်လာနိုင်ပြီး အေးအေးချမ်းချမ်းနေထိုင်နိုင်လိမ့်မယ်လို့ပေါ့... ဒီလိုဖြစ်လာမယ်လို့ သူဘယ်လိုသိနိုင်မှာလဲ...
"ငါ ဒီလိုကောမျိုးဖြစ်ရတာ တကယ့်ကို ရှက်မိတယ်!" ရှဲ့ယွီဟာ လင်းဖန်းလျန်၏ သူ့ကိုယ်သူ အပြစ်တင်နေပြီး နာကျင်နေတဲ့အသွင်ကို ကြည့်ရင်း စိတ်မသက်မသာခံစားနေရလျက်။ သူက လင်းမိသားစုထဲကို အိမ်ထောင်မပြုခဲ့သင့်ဘူးလို့တောင် တွေးနေမိပြီ။
သူအိမ်ထောင်ပြုပြီးတာနဲ့ မိုးခေါင်တယ်၊ သူ့မျှော်လင့်ချက်တွေ ဖြစ်မြောက်မလာခဲ့သည့်အပြင် သမားတော်ကြီးလင်း မြင်ချင်တဲ့တစ်ခုတည်းသောအရာကိုပင် မမြင်နိုင်ခဲ့ဘဲ ထွက်သွားခဲ့ရပြီ။ သူသာ လင်းဖန်းလျန်နဲ့ လက်မထပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ သူ့(LFL)ဆီမှာ ကလေးတစ်ယောက်ရနေလောက်ပြီကို။
"အကိုရှောင်ယွီရယ် အများကြီးလျှောက်မတွေးပါနဲ့ဗျာ၊ အကို့ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ရမယ်လေ။ သမားတော်ကြီးလင်းက အကို့ကို ဂရုစိုက်ပေးဖို့ အများကြီးအားထုတ်ပေးခဲ့တာလေနော်"
ရှဲ့ယွီ၏ ဖြူဖျော့ဖျော့မျက်နှာကို မြင်လိုက်ရသဖြင့် ရွှီချင်း စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်ခန္ဓာကို ဂရုစိုက်ရန် တိုက်တွန်းကာဖြင့် "ထွမ်ထွမ် မင်းရော အဲ့လိုထင်တယ်ဟုတ်?"
ထွမ်ထွမ်လေးကို စနောက်နေသော ရွှီချင်းရဲ့အသံကို ကြားလိုက်သည့်အခါ ရှဲ့ယွီလှည့်ကြည့်လာရင်း "မင်း ကလေးကို မခေါ်လာသင့်ဘူးလေ"
"ဘာမှမဖြစ်ပါဘူး၊ သမားတော်ကြီးလင်းက အပြင်လူမှမဟုတ်ဘဲ၊ သူ့ရဲ့ နောက်ဆုံးခရီးကို ဘယ်လိုလုပ်ပြီး လာမတွေ့ဘဲ ပို့လိုက်နိုင်မှာလဲဗျာ" ရွှီချင်းသည် ဖွံ့တုတ်တုတ်လက်ကလေးကို ကိုင်ရင်း မထူးခြားသလို ပြောလိုက်၏။
ရှဲ့ယွီ အားတင်းပြုံးပြလိုက်ပြီးမှ ခေါင်းငိုက်စိုက်ရင်း ဧည့်သည်တွေကို နှုတ်ဆက်နေတဲ့ လင်းဖန်းလျန်ကို ပြန်ကြည့်နေလိုက်သည်။
သမားတော်ကြီးလင်းဟာ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သလို မရေမတွက်နိုင်သော ရောဂါများကိုလည်း ကုသပေးခဲ့ပါသည်။ ထို့ကြောင့် လူတော်တော်များများက သမားတော်ကြီးလင်းကို နောက်ဆုံးအကြိမ်တွေ့ဖို့ ရောက်လာကြသော်ငြား ညစာစားဖို့တော့ မနေခဲ့ကြပါချေ။
လင်းမိသားစု အိမ်တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ပိတ်စအဖြူဟာ လေနဲ့အတူ လွင့်နေလျက်။
ရွှီချင်းနဲ့ လီချန်ဖုန်း အိမ်ပြန်ရောက်သည့်အခါ ညနေစောင်းနေခဲ့ပြီ။ သူတို့စိတ်မသက်မသာဖြစ်နေသော်လည်း သူတို့ဆီမှာ ကလေးလေးရှိနေပါသေးသည်။ သူတို့ရဲ့ နှလုံးသားတွေ မည်မျှပင် လေးလံနေပါစေ လွှတ်ချလိုက်ရမည်ဖြစ်သလို သူတို့ဆီမှာ ရှိသမျှကို ချစ်မြတ်နိုးပေးရပေမည်။ ယင်းသည်ကား ကောင်းချီးတစ်ခုပင်။
"ချန်ဖုန်းရေ ကျွန်တော်တို့သုံးယောက်အတွက် ထွင်းထုဖို့လည်း မမေ့နဲ့နော်" ရွှီချင်းက ထွမ်ထွမ်လေး၏ အသက်အရွယ်တိုင်းကို သစ်သားအရုပ်များဖြင့် မှတ်တမ်းတင်ချင်ခဲ့ပေသည်။
လီချန်ဖုန်း ထွမ်ထွမ်ရဲ့ နှာဖျားလေးကို ညှစ်လိုက်ရင်း "ဒါပေါ့ကွာ ကိုယ်မမေ့ပါဘူး။ ကိုယ်သစ်သားတွေတောင် ပြင်ဆင်ပြီးသွားပြီ၊ မင်းနဲ့ ထွမ်ထွမ် စောင့်နေရုံပါပဲကွာ"
"ခင်ဗျား နည်းနည်းပိုကြီးအောင် ထွင်းထုရမယ်နော်။ ဒါပေမယ့် အရမ်းကြီးကြီးတော့မလုပ်ပါနဲ့။ ကျွန်တော်တို့အခန်းထဲမှာ တစ်ခုထားမယ်၊ နောက်တစ်ခုကိုကျ သူ့ဘာသူနေနိုင်ပြီဆို သူ့အခန်းထဲမှာ ထားလိုက်မယ်လေ။ ဒါက ကျွန်တော်တို့ မိသားစုပုံတူပဲကွ" ရွှီချင်းသည် သမားတော်ကြီးလင်း၏ ဈာပနရှိ လင်းဖန်းလျန်ကို မြင်လိုက်ရသည့်အခါ သူ့အတွက် နာကျင်နေမိခဲ့ရသည်။ ၄င်းသည်လည်း သူတို့ဆီမှာ သူတို့မိသားစုသုံးယောက်ရဲ့ ပုံတူရှိသင့်ကြောင်းကို သူ့အား သတိပေးလိုက်သလိုပင်။
"ကောင်းပါပြီ ကိုယ် မင်းစကားနားထောင်ပါ့မယ်၊ ဒီည ဘာစားချင်လဲ?" လီချန်ဖုန်းက အပြင်ဘက် အမှောင်ထုကို ကြည့်ပြီး ရွှီချင်းအတွက် ဘာချက်ပေးရမလဲလို့ တွေးနေမိသည်။
ရွှီချင်း ကိုယ်ဝန်ရှိနေစဉ် ကာလပတ်လုံး အိမ်တွင် ချက်ပြုတ်သူမှာ လီချန်ဖုန်းဖြစ်လာခဲ့သည်။ ရွှီချင်းက သူ့ကို ညွှန်ကြားပြောပြပေးသလို ရံဖန်ရံခါ ဟင်းပွဲအသစ်ချက်ပြကာ လီချန်ဖုန်းရဲ့ ဟင်းချက်စွမ်းရည်ကိုလည်း လေ့ကျင့်ပေးတတ်သည်။
"ကျွန်တော် စားချင်စိတ်မရှိပါဘူး၊ မစားချင်ပါဘူးဗျာ" ရွှီချင်းတစ်ယောက် နေ့လည်က စျာပနကို ပြန်တွေးမိသွားပြီး ညစာမစားချင်တော့ပေ။
လီချန်ဖုန်းလည်း စားချင်စိတ်မရှိပေမယ့် ရွှီချင်း ဗိုက်ဆာနေမည်ကို ခွင့်မပြုနိုင်၍ "ကိုယ် ယာဂုနည်းနည်းသွားကျိုလိုက်မယ်။ နည်းနည်းတော့စားနော် မဟုတ်ရင် မင်းခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ။ မင်းတွေ့တဲ့အတိုင်း၊ ရှဲ့ကောအာကို ကိုယ်တို့မတွေ့တာ ရက်နည်းနည်းပဲရှိသေးတာလေ၊ သူဒီလောက်ပိန်သွားပြီ"
"အမှန်ပဲ ခင်ဗျား ပြောကြည့်၊ သူ့ခန္ဓာကိုယ်ကို ဘာလို့များ ကောင်းကောင်း ဂရုမစိုက်တာတုန်းလို့?" ရွှီချင်း ဒီမနက်က မြင်ခဲ့ရတဲ့ ရှဲ့ယွီမျက်နှာကို ပြန်တွေးကြည့်မိသွားသည်။
"တခြားသူတွေအကြောင်းပဲ စိတ်ပူမနေပါနဲ့ကွာ။ ကိုယ် သွားချက်တော့မယ်နော်" လီချန်ဖုန်းသည် ရွှီချင်းခေါင်းလေးကို အပြုံးလေးဖြင့် ပုတ်သွားသလို မီးဖိုချောင်ဆီ မသွားခင်မှာ ထွမ်ထွမ် မျက်နှာလေးကို ထပ်မံပွတ်သပ်သွားသေးသည်။
ရွှီချင်းမှာ လီချန်ဖုန်း ပုတ်လိုက်လို့ နာသွားတဲ့ ခေါင်းကို ထိလိုက်ပြီးမှ အပြုံးလေးနှင့် ထွမ်ထွမ်ရဲ့ နီရဲနေတဲ့ မျက်နှာလေးကို ထိလိုက်တော့သည်။
သမားတော်ကြီးလင်း ကွယ်လွန်သွားခြင်းဟာ ရွှီချင်းနှင့် လီချန်ဖုန်းတို့အပေါ် ကြီးစွာသော သက်ရောက်မှု မရှိခဲ့ပါချေ။ ဆယ်ရက်ကျော်ကြာပြီးနောက် သူတို့နှစ်ယောက် နှစ်သစ်ကူးအတွက် ပြင်ဆင်နေရင်း အလုပ်ရှုပ်နေကြလေပြီ။ ရှောင်ပေါင်က ထွမ်ထွမ်ကို သဘောကျသောကြောင့် ရွှီချင်း အနားတွင် ခွေထိုင်ရင်း သူ့ကို စောင့်ရှောက်ပေးနေတတ်သည်။
"ကျွန်တော် ရုတ်တရက်ကြီး ပုံပြင်တစ်ပုဒ်ကို သတိရသွားမိတယ်" ရွှီချင်း သူ့ရင်ခွင်ထဲက ထွမ်ထွမ်လေးကို စိုက်ကြည့်နေသော ရှောင်ပေါင်ကို ကြည့်ရင်း သူ့အနားတွင် အလုပ်များနေသော လီချန်ဖုန်းအား ပြောလိုက်၏။
"ကိုယ့်ကိုပြောပြလေ"
"ဒီလိုဗျာ၊ တစ်နေ့မှာ ပိုင်ရှင်က အမဲလိုက်ထွက်သွားတော့ သူ့ကလေးတွေကို စောင့်ရှောက်ပေးဖို့အတွက် သူ့အမဲလိုက်ခွေးကို အိမ်မှာထားခဲ့တာပေါ့။ ပိုင်ရှင်က ညဘက်အိမ်ပြန်ရောက်တော့ အိမ်ထဲမှာ သွေးစွန်းနေတဲ့ စောင်ကို တွေ့လိုက်ရပေမယ့် သူ့ကလေးကို မတွေ့တော့ဘူး။ ပြီးတော့ အမဲလိုက်ခွေးက သွေးတွေကို လျက်နေရင်း သူ့ကို ပျော်ပျော်ကြီး ကြည့်နေခဲ့တော့ ပိုင်ရှင်က အရမ်းဒေါသထွက်သွားပြီး ခွေးဗိုက်ကို ဓားနဲ့ထိုးပစ်လိုက်ရော။ ခွေးက ငိုညည်းနေခဲ့ပြီး အကြိမ်အနည်းငယ် ရုန်းကန်ပြီးတော့မှ အသံတိတ်သွားခဲ့တယ်"
ထိုသို့ပြောပြီးနောက် ရွှီချင်းက ဆက်မပြောသေးဘဲ လီချန်ဖုန်းကို ကြည့်ကာ မေးလိုက်၏။ "ပိုင်ရှင်က ဒီလိုလုပ်တာကို ခင်ဗျားဘယ်လိုထင်လဲ?"
လီချန်ဖုန်း ပြုံးလိုက်ကာ "ကလေးကို ခွေးက စားလိုက်လို့လား?"
ရွှီချင်း ခေါင်းခါလိုက်ရင်း သူ့လက်ဆန့်လျက် ရှောင်ပေါင်ရဲ့ ခေါင်းကြီးအား ထိလိုက်ရာ ရှောင်ပေါင်က သူ့ခေါင်းကို သက်တောင့်သက်သာဖြစ်စွာ မော့ပေးလာလေသည်။ "အဲ့ဒီအချိန်မှာ ခွေးငိုညည်းသံကြောင့် သွေးစွန်းနေတဲ့ စောင်အောက်မှာ အိပ်ပျော်နေတဲ့ ကလေးလေးက နိုးလာမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူးလေ။ အဲ့ဒီတော့မှပဲ အိမ်ထောင့်တစ်နေရာမှာ ဝံပုလွေသေတစ်ကောင် လဲကျနေတာကို သခင်က ရှာတွေ့သွားခဲ့တာလေ"
လီချန်ဖုန်း သက်ပြင်းချရင်း "အရာတော်တော်များများ မင်းမြင်သမျှ ကြားနေသမျှတွေဟာ မင်းထင်သလို ဟုတ်မနေဘူး! မင်းအသက်ရှင်နေတဲ့အချိန်မှာ နောင်တမရအောင်လို့ တခြားသူတွေကို ရှင်းပြဖို့ အခွင့်အရေးပေးရမယ်"
"ဟုတ်တယ်၊ ခင်ဗျားက စဥ်းစားချင့်ချိန်တတ်တဲ့လူပဲဗျာ" ရွှီချင်း လီချန်ဖုန်းရဲ့စကားတွေကိုချီးကျူးလိုက်လေ၏။
"ဒါပေမယ့် သူက ကလေးကို ဘာလို့ အိမ်နီးနားချင်းတွေဆီမှာ မအပ်ခဲ့တာလဲ၊ ဒါမှမဟုတ် ကလေးကို သူနဲ့အတူ တောင်ပေါ်ခေါ်မသွားတာလဲ?"
မမျှော်လင့်စွာပင် လီချန်ဖုန်းရဲ့ နောက်ဆက်တွဲမေးခွန်းတွေကြောင့် ရွှီချင်းမှာ အံ့အားသင့်သွားရလျက် "အဲ့ဒါက- ဖြစ်နိုင်တာက အဲ့ဒီနေရာမှာ သူတစ်ယောက်တည်းနေလို့ပေါ့၊ ဒီတော့ အိမ်နီးနားချင်းတွေ မရှိဘူးလေ! တောင်ပေါ်ခေါ်သွားပြန်ရင်လည်း အကိုင်းအခက်တွေ၊ ဆူးတွေနဲ့ ခြင်တွေရှိတော့ ပိုအန္တရာယ်များနိုင်တယ်။ အများကြီး စိုးရိမ်ရမှာပေါ့!"
"ဒါပေမယ့် သူ့ဆီမှာ ကလေးတစ်ယောက်ရှိတယ်ဆိုတော့ ကလေးရဲ့ အမေကရော? သူနဲ့ ကလေးတစ်ယောက်ထဲနဲ့ ဘာလုပ်နေတာလဲ!" လီချန်ဖုန်း နားမလည်နိုင်သေးပေ။
"... ထွမ်ထွမ်ရေ ကြည့်ပါဦး ဒါက ရှောင်ပေါင်နော်!"
ငလည်လေး ရွှီချင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထွမ်ထွမ်လေးကို စနောက်နေပြန်၏။
(Me: သူ ချန်ဖုန်းမေးခွန်းကို မဖြေတတ်တော့လို့ စကားလမ်းကြောင်းလွဲလိုက်တာပါနော် 🤣🤣)
လီချန်ဖုန်းလည်း သူ့နှာခေါင်းသူထိကာ ရွှီချင်းကို နာကျင်စေတဲ့ မည်သည့်စကားတစ်ခွန်းမှမဆိုတော့ဘဲ ပဲများကို ဆက်လက်ရွေးနေတော့သည်။
(Me: သူကတော့ ရှယ်အလိုက်သိသူကြီးပါနော် ❤️)
"ချန်ဖုန်းရေ! မင်းအိမ်မှာရှိလား? ငါ လင်းဖန်းလျန်ပဲ! အရေးကြီးလို့!"
"ငါရှိတယ်! အိမ်မှာပဲ! လာပြီဟေ့၊ ဇနီးလေး မထွက်လာနဲ့တော့" လီချန်ဖုန်းက ရွှီချင်းကို ညွှန်ကြားပြီး တံခါးအမြန်သွားဖွင့်လိုက်သည်။ ဒီလောက်စိုးရိမ်တကြီးအသံဆိုတော့ အသေးအဖွဲကိစ္စတော့ မဖြစ်နိုင်ချေဘူး။
"ဘာဖြစ်တာတုန်း? ဝင်လာခဲ့ နှင်းတွေ အရမ်းကျနေတယ်လေ!" လီချန်ဖုန်း ခြံတံခါးကို ဖွင့်ကာ စိုးရိမ်ထိတ်လန့်နေသော လင်းဖန်းလျန်ကို ကြည့်လိုက်သည်။
"ငါမဝင်တော့ပါဘူး။ ချန်ဖုန်းရေ ရှောင်ယွီ မင်းတို့အိမ်မှာ ရှိလား?"
လီချန်ဖုန်း ခေါင်းခါလိုက်ပြီး "မရှိပါဘူး ဘာဖြစ်လို့လဲ?"
"ဒါဆို သူ မင်းတို့ကို လာရှာသေးလား?" လင်းဖန်းလျန် စိတ်အားထက်သန်စွာ မေးလိုက်လေသည်။
"မလာပါဘူး၊ ငါတို့ နောက်ဆုံးတစ်ခေါက် နှုတ်ဆက်ပြီးကတည်းက သူ့ကို မတွေ့မိသေးဘူး"
"အာ ကောင်းပါပြီ" လင်းဖန်းလျန် စိတ်ဓာတ်ကျနေတဲ့ပုံစံဖြင့် ပြောလာပြီး ဒယိမ်းဒယိုင် လှည့်ထွက်သွားတော့မည့်အချိန်မှာပင် "မင်းမှာ ထီးတောင် ပါမလာဘူးလားကွာ။ ဘာတွေဖြစ်နေတာလဲကွ!" လီချန်ဖုန်းက လင်းဖန်းလျန်ကို ဖမ်းဆွဲထားလိုက်၏။
လင်းဖန်းလျန် လီချန်ဖုန်းကို ဗလာအကြည့်ဖြင့် ကြည့်နေရင်း "ရှောင်ယွီပျောက်သွားလို့၊ စာတစ်စောင်ပဲ ထားခဲ့တာ။ ငါ့ယောက္ခမတွေလည်း သူ ဘယ်သွားမှန်းမသိကြဘူးတဲ့၊ ငါသူ့ကို ရှာမတွေ့တော့ဘူးကွာ"
လီချန်ဖုန်း အံ့အားသင့်သွားရကာ "ဟေ ဘယ်လိုဖြစ်သွားကြတာလဲ? မင်းတို့တွေ ရန်ဖြစ်ထားလို့လား? "
လင်းဖန်းလျန် ခေါင်းခါလိုက်၏။
"မင်း သူ့ကို အနိုင်ကျင့်ခဲ့လို့လား?"
လင်းဖန်းလျန် ပိုလို့တောင် ခေါင်းယမ်းလာခဲ့သည်။
လီချန်ဖုန်း ခေတ္တရပ်ပြီးမှ "ဒါဆို မင်း အပြင်မှာ အငယ်တစ်ယောက်ရှိလို့လား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ့ဘဝမှာ ရှောင်ယွီကလွဲလို့ ဘယ်သူ့ကိုမှ မလိုချင်ဘူး!" လင်းဖန်းလျန်က ထိုစကားကို ကြားသည်နှင့် ပြင်းပြင်းထန်ထန် အော်ဟစ်တော့သည်။
ရွှီချင်း ခြံဝင်းတံခါးဝရှိ အော်ဟစ်သံကို ကြားလိုက်ရသော်ငြား ဘာကိုဆိုလိုမှန်း အတိအကျ နားမလည်နိုင်ခဲ့ပေ။
သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာဖြစ်လာ၍ အပြင်ထွက်လာခါနီးတွင် လီချန်ဖုန်း ပြန်ဝင်လာခဲ့သည်။
"ဘာလို့တစ်ယောက်တည်းလဲ?" ရွှီချင်း လီချန်ဖုန်းရဲ့ အနောက်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိပေ။ "လင်းဖန်းလျန် ဘယ်မှာလဲ?"
"ရှဲ့ကောအာကို သွားရှာပြီ" လီချန်ဖုန်း ထိုင်ကာ ရေတစ်ငုံသောက်ပြီးမှ ပြောလိုက်လေ၏။
"ဘာကိုလိုက်ရှာတယ်?" ရွှီချင်း ချက်ချင်းပင် စကားလုံးတွေကို ဖမ်းဆုပ်မိသွားရကာ "ဘာဖြစ်ကြလို့လဲ?"
ဖြစ်ပုံမှာ - ရှဲ့ယွီက လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက အနည်းငယ်မူမမှန်ကြောင်း လင်းဖန်းလျန် ခံစားခဲ့မိသော်လည်း အဲ့ဒီမူမမှန်မှုဟာ မည်သည်မှန်း သူရှာမတွေ့ခဲ့ပါချေ။ ရှဲ့ယွီက သူ့အတွက် အဝတ်အစားနှင့် ဖိနပ်များကို ဆက်တိုက် ချုပ်ပေးနေခဲ့သည်။ လင်းဖန်းလျန် သူ့ကို အနားယူခိုင်းပေမယ့် သူက အားနေပြီး ဘာမှလုပ်စရာမရှိဘူးလို့ ပြောလာသဖြင့် ထိုအရာတွေလုပ်နေရလျှင် သူ့ကို အရမ်းမပျင်းရလေအောင် ခွင့်ပြုထားခဲ့သည်ပင်။
ညဘက်မှာလည်း ရှဲ့ယွီက တအားစိတ်အားထက်သန်နေသည်မို့ လင်းဖန်းလျန်ကို အလွန်ပျော်ရွှင်စေပါသည်။ ဤမင်းဆက်၌ *တိုက်ရှောက်မရှိသောကြောင့် အိမ်၌ အသုဘပွဲပြီးနောက် အချိန်ကာလတစ်ခုအထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရတာမျိုးမရှိပေ။
(*တိုက်ရှောက် = မိဘများကွယ်လွန်ပြီးတဲ့နောက် ဝတ်ပြုဆုတောင်းပေးရတဲ့ကာလပါ။ အဲ့ဒီအချိန်ကာလမှာ ယေဘုယျအားဖြင့်တော့ ၄၉ရက်၊ ရက်၁၀၀၊ တစ်နှစ်၊ သုံးနှစ်ပေါ့။ အတိုဆုံးကာလကတော့ အသုဘရက်အပြီး (၃-၇ ရက်)ပါပဲ။ အဲ့ဒီကာလအတွင်းမှာ အမျိုးသားတွေဆို ဆံပင်မညှပ်ရတာ၊ အမျိုးသမီးတွေဆို မိတ်ကပ်မလိမ်းရတာ၊ အိမ်ထောင်မပြုရတာ၊ လိင်မဆက်ဆံရတာ...စသဖြင့် တားမြစ်ချက်တွေရှိပါတယ်)
မမျှော်လင့်စွာပင် အဲ့ဒီနေ့ နေ့လည်ပိုင်း၌ လင်းဖန်လျန်က ဆေးခန်း၌ တစ်ခုခုသွားယူပြီး ပြန်လာသည့်အခါ အိမ်တွင် ဘယ်သူမှမရှိတော့တာကို တွေ့လိုက်ရပြီး ပင်မခန်းထဲ၌ စာရွက်တစ်ရွက်နှင့် စာအုပ်တစ်အုပ်သာ ရှိနေခဲ့လေသည်။ လက်ရေးကို မြင်လိုက်သည်နှင့် ဘေးအိမ်က အဘိုးအို ရေးထားတာဖြစ်ကြောင်း လင်းဖန်းလျန် သိလိုက်လေပြီ။ စာရေးချင်သူတိုင်းက ဒီအဘိုးအိုကို ရှာကြလိမ့်မည်ဖြစ်သည်။
စာထဲတွင်မူ ရှဲ့ယွီက အိမ်ထောင်ကျပြီး ကိုယ်ဝန်မဆောင်နိုင်သည့်အတွက် အပြစ်ရှိသလို ခံစားရကာ ခင်ပွန်းဖြစ်သူကို မျက်နှာချင်းမဆိုင်ဝံ့တော့သည်ကြောင့် ထွက်သွားခဲ့ကြောင်းဖြစ်ပေသည်။ သူက လင်းဖန်းလျန်ကို တခြားဘာမှမပြောထားဘဲ ထွက်သွားခဲ့သည်ပင်။
"လင်းဖန်းလျန်က စာကိုဖတ်ပြီးတဲ့နောက် စာရေးပေးတဲ့အဘိုးအိုဆီ သွားခဲ့တယ်တဲ့။ အဘိုးအိုပြောတာကတော့ ရှဲ့ယွီက ဒီမနက်ပဲ သူ့ကို စာရေးခိုင်းခဲ့တာဆိုပဲ။ ထိုစကားကို ကြားပြီးတာနဲ့ သူလည်း တစ်မြို့လုံးကို လိုက်ရှာနေတာလေ။ ပြီးတော့ ရှဲ့အိမ်ကို ရောက်သွားတယ်။ ဦးလေးရှဲ့တို့လည်း လင်းဖန်းလျန်ဆီက သတင်းကြားပြီးတဲ့နောက် ရှဲ့ယွီကို ဝိုင်းရှာနေကြတယ်" လီချန်ဖုန်း ခေါင်းယမ်းလိုက်လေသည်။ ရှဲ့ကောအာကမလုပ်ခင်မှာ ဘာလို့များ ရှင်းရှင်းလင်းလင်းမတွေးရတာလဲကွာ!
"ဒါဆို ခင်ဗျား ဘာလုပ်နေသေးတာတုန်း! မြန်မြန်သွားကူရှာပေးလိုက်လေဗျာ!!" ရွှီချင်း ချက်ချင်းပင် စိုးရိမ်လာရသည်။
"လင်းဖန်းလျန်က သူရှာရမယ့်နေရာတွေအားလုံးကို ရှာထားပြီးပြီဆိုပေမယ့် ရှဲ့ယွီကို အခုထိမတွေ့သေးဘူး။ ကိုယ် သူ့ကိုရှာဖို့ သွားရင်တောင် အလကားပဲလေ" လီချန်ဖုန်းသည် ရွှီချင်းကို စိတ်ချလက်ချနေစေရန် အားပေးလိုက်ပြီးမှ "ဒါ့အပြင် ရှဲ့ကောအာက သူ့ဘာသူ ပုန်းနေတာလေ။ ပုန်းနေတဲ့သူကို ရှာရတာ ခက်လိမ့်မယ်"
လီချန်ဖုန်း၏ ခွဲခြမ်းစိတ်ဖြာမှုကြောင့် ရွှီချင်းလည်း သေချာစဥ်းစားကြည့်နေမိ၏။ သည့်အပြင် ရှဲ့ကောအာက သေချာပေါက်ကို လင်းဖန်းလျန်နဲ့ မတွေ့ချင်တော့လို့ ထွက်သွားပြီး ပုန်းနေတာလေ။
"သူဒီလိုမျိုးလုပ်သွားရတာကို ဘာကြောင့်လို့ ခင်ဗျားထင်လဲ?!"
ရွှီချင်း သူ့ပေါင်ကို ပွတ်နေရင်း အသံကျယ်ကျယ်နဲ့ မေးလိုက်ရာ သူ့ရင်ခွင်ထဲက ထွမ်ထွမ်လေးက ထိတ်လန့်သွားရသဖြင့် ချက်ချင်းငိုတော့မယ့်ပုံစံလေးဖြင့် ပါးစပ်ဖွင့်လာခဲ့သည်။
"လိမ္မာတဲ့ကလေးလေးရယ်...မငိုပါနဲ့ မငိုပါနဲ့ကွာ" လီချန်ဖုန်းက ထွမ်ထွမ်ကို ချက်ချင်းချီလိုက်ပြီး ချော့မြူလိုက်လေ၏။ ရွှီချင်းလည်း ကလေးလေး ထိတ်လန့်သွားမှန်းသိသော်လည်း သူက ဒေါသထွက်နေပြီး စိုးရိမ်နေရသဖြင့် "မကြာခင် တရုတ်နှစ်သစ်ကူးရောက်တော့မှာကို၊ ခင်ဗျားပြောကြည့် သူဘယ်ကိုများ သွားနိုင်မှာလဲလို့!"
"စိတ်မပူပါနဲ့ကွာ ဒီနေ့တော့ နောက်ကျနေပြီ။ ကိုယ် မနက်ဖြန်မှ လင်းဖန်းလျန်ကိုရှာဖို့ သွားလိုက်မယ်လေ" လီချန်ဖုန်း ထွမ်ထွမ်လေးကို ချော့နေရင်း ရွှီချင်းကို ပြန်ဆွဲထားခဲ့ရသည်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲပေါ့ ဟင်း!" ရွှီချင်းမှာ တစ်နှစ်စာလောက် ဒေါသတွေကို သက်ပြင်းချလိုက်ရသည့်အလား။
နောက်တစ်နေ့မနက်မှာတော့ လီချန်ဖုန်း မြို့ထဲထွက်သွားကာ နာရီဝက်ကျော်လောက်သာကြာလိုက်ပြီး ပြန်ရောက်လာခဲ့သဖြင့် ရွှီချင်းမှာ စိတ်ရှုပ်ထွေးသွားရလျက် "ခင်ဗျား ဘာလို့ ဒီလောက်မြန်မြန်ကြီးပြန်လာရတာတုန်း? ဒီလိုမျိုးနဲ့ လူတွေကို ဘယ်လိုရှာနိုင်မှာလဲဗျာ?"
လီချန်ဖုန်း ရယ်မောကာဖြင့် "သူ့ကို ရှာတယ်လို့တော့ ပြောလို့မရပါဘူးကွာ။ ရှဲ့ကောအာက သူ့ဘာသူပြန်လာတာလေ!"
ရွှီချင်း လန့်ဖျပ်သွားရကာ "သူပြန်လာတာလား?! ဘယ်လိုဖြစ်သွားတာလဲ? သူအဆင်ပြေရဲ့လား?"
လီချန်ဖုန်း မြည်းကို အိမ်ထဲမောင်းသွင်းလာပြီးမှ ရွှီချင်းဆီပြန်လှည့်ကာ လျှို့ဝှက်စွာ ပြောလာခဲ့၏။ "သိပ်မကောင်းဘူး"
ယခုဆို ရွှီချင်း ပိုလို့တောင် စိုးရိမ်သွားရလျက် "ဘာဖြစ်လို့တုန်း? ခင်ဗျား မြန်မြန်ပြော!"
"ကလေးမမွေးခင် ဗိုက်ကြီးကြီးနဲ့ ခုနစ်လ၊ ရှစ်လလောက်ကြာ နေရဦးမယ်။ မင်း ကိုယ့်ကိုပြောလေ၊ ဒါက ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ!" ရွှီချင်း စိုးရိမ်သောကဖြစ်မည်ကို ခံနိုင်ရည်မရှိဆုံးဖြစ်သော လီချန်ဖုန်းက ရှေ့တိုးလာကာ နမ်းလိုက်ပြီးမှ ချက်ချင်းပြောလိုက်လေ၏။
"ကိုယ်ဝန်ရှိနေတာလား?!" ရွှီချင်းလည်း နှလုံးတစ်ချက်ခုန်သွားရကာ လီချန်ဖုန်း သူ့ကို စနောက်နေမိမှာကို ထိတ်လန့်နေမိလျက်။
"ဟုတ်တယ် အမှန်ပါပဲကွာ၊ သုံးလလောက်ရှိနေပြီတဲ့၊ ဒါပေမယ့် သူရော လင်းဖန်းလျန်ပါ မသိကြဘူး" လီချန်ဖုန်းက လင်းဖန်းလျန်ရဲ့ အူကြောင်ကြောင်အမူအရာကို တွေးလိုက်မိသောအခါ သူ မရယ်ဘဲမနေနိုင်တော့ပေ။
(Me: ကိုယ်တွေးနေမိတာ သူတို့သာ စောစောကြိုသိခဲ့ရင်လေ အဖေလင်းက သူ့မြေးလေးကိုကြည့်ဖို့ အားတင်းပြီး နေသွားဦးမယ်လို့ ထင်နေမိတယ်၊ မသိဘူး ရေးရင်းငိုနေမိတယ် 😭😭)
"ဒါဆို ကျွန်တော်တို့ သွားကြည့်ရမှာပေါ့၊ မြန်မြန်လုပ်" ရွှီချင်းက လီချန်ဖုန်းကို မြည်းလှည်းအဆင်သင့် ပြင်ထားခိုင်းပြီး အဝတ်အစားပြေးလဲတော့သည်။
ရှဲ့ယွီသည် မူလက စာတစ်စောင်ကို ထားခဲ့ကာ အဝေးကို ထွက်သွားဖို့ ကြံရွယ်ခဲ့ပါသည်။ လင်းဖန်းလျန် သူ့ကို တဖြည်းဖြည်း မေ့သွားမှာဖြစ်ပြီး သူ့မျိုးဆက်ကို မွေးပေးနိုင်တဲ့သူတစ်ယောက်နှင့် လက်ထပ်သွားလိမ့်မှာပဲလို့ သူတွေးခဲ့သည်ပင်။
ထိုအခါမှသာ သူပြန်သွားမယ်လို့ တွေးထားလိုက်ပေမယ့် တစ်ညသာ လမ်းလျှောက်ခဲ့ပြီး နောက်တစ်မြို့သို့ ရောက်သည့်အခါ သူ့မိဘတွေကို မနှုတ်ဆက်ဘဲ ထွက်လာမိသည်ကို တွေးမိသွားကာ အိမ်မှာ ဘယ်လိုများ ပရမ်းပတာတွေ ဖြစ်နေမလဲဆိုတာကို သူမသိတော့ပေ။
ထို့ကြောင့် လမ်းတစ်လျှောက် လင်းဖန်းလျန်ကိုရှောင်ကွင်းသွားပြီး ရှဲ့အိမ်ကို ပြန်သွားရန် ဆုံးဖြတ်လိုက်၏။ ရလဒ်အနေနဲ့ နောက်နေ့မနက် ရှဲ့ယွီလှည်းငှားပြီး ပြန်လာသည့်အချိန်မှာပဲ ရုတ်တရက် အော့အန်ခဲ့လေသည်။
ရှဲ့ယွီက တစ်ခါမှ motion sicknessမဖြစ်ဖူးပါချေ။ မြည်းလှည်းပိုင်ရှင်ဦးလေးက သူ့မိန်းမ ကိုယ်ဝန်ရှိတုန်းကနဲ့ ဆင်တူကြောင်း၊ သူ့မိန်းမကလည်း သာမန်အချိန်တွေဆို motion sicknessမဖြစ်ကြောင်း ပြောပြခဲ့လေသည်။
(*လှည်းစီးရင်းလှုပ်လို့ မူးပြီးအော့အန်တာပါ)
Thanks for reading!