အခန်း (၇၁)
"လာပါဦး ထွမ်ထွမ်လေးရေ၊ အဖွားနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်နော်"
ထွမ်ထွမ်က သူ့မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေရင်း အနည်းငယ်ဝတုတ်နေတဲ့လက်ကလေးကို ဟိုဟိုဒီဒီရွှေ့နေလေ၏။ လီချန်ဖုန်း ထွမ်ထွမ်လေးကို နူးညံ့တဲ့အဝတ်ပိုင်းလေးနဲ့ ပတ်ပေးလိုက်ကာ ခေါင်းငုံ့၍ နမ်းလိုက်ပြီးမှ ပင်မခန်းထဲသို့ ကျေနပ်စွာဖြင့် ခေါ်သွားခဲ့သည်။
ပင်မခန်း၌ လီရှောင်းအာမှာ အမေလီနှင့် ရယ်ရယ်မောမော စကားပြောနေခဲ့ပြီး တာ့နျိုက ဆီးသီးခြောက်တွေကို နာနာခံခံလေးထိုင်စားနေရင်း ဘေဘီလေးကိုချီပြီး အခန်းထဲဝင်လာတဲ့ လီချန်ဖုန်းကို တွေ့လိုက်သည်နှင့် သူ ချက်ချင်းထရပ်လိုက်ကာ "ဒုတိယဦးလေးရေ သူက ထွမ်ထွမ်လား?"
အမေလီလည်း အမြန်ထရပ်လာကာ လီချန်ဖုန်းဆီ လျှောက်လာပြီး လက်သေးသေးလေးတွေကို လှုပ်ယမ်းနေတဲ့ ဝဝကစ်ကစ်အရုပ်ကလေးကို ကြည့်လိုက်၏။ "အိုး၊ ငါ့မြေးလေးရယ်... သူက ကံကောင်းလိုက်တဲ့ကောင်လေးပဲဟေ့! လာ... လာ... အဖွားကို ဖက်ပါဦးကွယ်"
အမေလီ ထွမ်ထွမ်ကို ပွေ့ဖက်ဖို့အတွက် သူ့လက်ကို ဆန့်တန်းတော့မည့်အချိန်မှာပင် သူ့လက်တွေက အနည်းငယ်အေးစက်နေဆဲ ဖြစ်နေသည်မို့ ကလေးလေးဆီ အအေးဓာတ်ကူးသွားမှာကို စိုးထိတ်မိသည်ကြောင့် သူ့လက်တွေကို အမြန်ပွတ်တိုက်လိုက်တော့သည်။ သူ့လက်တွေ နွေးထွေးမလာခင်အထိ ထွမ်ထွမ်ကို မချီသေးပေ။ လီချန်ဖုန်းက ထိုလှုပ်ရှားမှုကို ကြည့်လိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားသွားရလျက်။
အမေလီ ထွမ်ထွမ်ကို သေသေချာချာ ပွေ့ချီလိုက်ကာ လီရှောင်းအာ၊ တာ့နျိုတို့နဲ့အတူတူ နွေးထွေးသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး "ထွမ်ထွမ်ကို ကြည့်ပါဦးကွယ်၊ သူလေးက မင်းရဲ့ ဒုတိယအစ်ကိုနဲ့ တူတယ်ဟေ့!"
လီရှောင်းအာ လက်ဆန့်ထုတ်ကာ ထွမ်ထွမ်ရဲ့ ဝဝကစ်ကစ်လက်လေးကို ညင်သာစွာ ကိုင်လိုက်ရင်း "အဟုတ်ပဲနော်၊ ဒါက ဒုတိယအစ်ကိုရဲ့ သွေးသားဆိုတော့ သူနဲ့တူတယ်ဆိုတာ သေချာတာပေါ့ဗျာ"
ထိုစကားကိုကြားပြီးနောက် အမေလီမှာ ဝမ်းသာအားရဖြစ်သွားလျက်။ သူ့ရင်ခွင်ထဲက လှုပ်ယမ်းနေသော ထွမ်ထွမ်လေးကို ကြည့်ရင်း ပြန်လွမ်းဆွတ်မိကာ "မင်းမသိပါဘူး၊ မင်းရဲ့ဒုတိယအစ်ကို ငယ်ငယ်တုန်းက ငါနဲ့ရုပ်အတူဆုံးပဲ"
လီရှောင်းအာ ထိုစကားကို ကြားသောအခါ လီချန်ဖုန်းကို ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့ပါးစပ်ထောင့်မှာ တွန့်သွားရလေ၏။ သူတကယ်ပဲ မမြင်နိုင်ပါဘူးနော်။
လီချန်ဖုန်း မျက်လုံးများဟာ ထွမ်ထွမ်အပေါ်မှာသာ အပြည့်ရှိနေလေပြီး အမေလီပြောတာကို အာရုံထားမနေခဲ့ပါချေ။
"စကားမစပ် ငါ့မှတ်ဉာဏ်ကိုကြည့်ပါဦး!" အမေလီက ကလေးကို ကျီစားနေရင်း ကလေးလေးအတွက် သူချုပ်ထားတဲ့ အဝတ်တွေကို မေ့လုနီးပါးဖြစ်နေခဲ့ရာ "ချန်ဖုန်းရေ ငါ ထွမ်ထွမ်အတွက် အ၀တ်သေးသေးလေးတွေ အများကြီးလုပ်လာခဲ့တယ်။ ကလေးကို ဝတ်ပေးဖို့ သတိရနော်"
အမေလီ ထိုသို့စကားပြောပြီးနောက် တာ့နျိုအား အိတ်ထဲက အင်္ကျီသေးသေးလေးတွေကို ထုတ်ပြီး လီချန်ဖုန်းဆီ ပေးခိုင်းလိုက်၏။ လီရှောင်းအာက အင်္ကျီလေးတွေကို မြင်သွားသည့်အခါ "အရမ်းလှတာပဲ! အမေ၊ သားအတွက် မချုပ်ပေးတာ ကြာပြီနော်"
"မင်းအိမ်ပြန်လာသရွေ့ အင်္ကျီတွေအများကြီး မင်းအတွက် လုပ်ပေးမယ်၊ သေချာပေါက် လုပ်ပေးမယ်!" အနှီသားအငယ်ဆုံးလေးဟာ သူချုပ်သမျှ အဝတ်အစားတွေကို သဘောကျသူဖြစ်၍ အမေလီကလည်း ပိုလို့တောင် ပျော်ရွှင်ရပေမယ့် လီရှောင်းအာကို အရင်အိမ်ပြန်လာရန် ပြောဖို့ မမေ့ခဲ့ပါချေ။
လီရှောင်းအာ ခဏလောက်စဉ်းစားပြီးမှ "အမေ အခုတော့ ပြန်လာလို့မရသေးဘူးဗျာ။ ဒါပေမယ့် အဒေါ်တန့်ရဲ့ မိသားစုက နှစ်သစ်ကူးပြီးရင် သူ့ကိုပါ နောက်ခရိုင်မြို့ဆီ ခေါ်သွားမယ်လို့ ပြောထားတယ်။ အဲ့ဒီအခါကျ အားလုံးလည်း ရှိနေကြမှာဆိုတော့ ကျွန်တော် သူ့ကို ပြုစုစာင့်ရှောက်ပေးစရာ မလိုတော့ဘူးလေ။ ဆိုတော့ ကျွန်တော် အိမ်ပြန်လာခဲ့ပါ့မယ်"
အမေလီမှာ ဤအဖြေကို အလွန်ကျေနပ်ခြင်းမရှိသော်ငြား ယနေ့မှာ သူ စိတ်အခြေအနေ ကောင်းနေသဖြင့် အများကြီး ဂရုစိုက်မနေတော့ဘဲ ထွမ်ထွမ်ကို နောက်တစ်ကြိမ်ကျီစားနေလိုက်ပြန်သည်။
လီချန်ဖုန်း အမေလီ လုပ်ထားပေးတဲ့အင်္ကျီသေးသေးလေးတွေကို အခန်းထဲယူသွားလိုက်ပြီး ရွှီချင်းအား ပြောပြလိုက်၏။ "ဒါတွေက ထွမ်ထွမ်လေးအတွက် အမေ လုပ်လာပေးတာတဲ့။ ကိုယ် ဗီရိုထဲမှာ ထည့်ထားလိုက်မယ်နော်"
အမေလီ ချုပ်ထားပေးခဲ့တာလို့ ရွှီချင်း ကြားလိုက်ရတော့ အနည်းငယ် အံ့အားသင့်မိသွားကာ "အမေ ချုပ်ပေးခဲ့တာလား?" အမေလီနဲ့ လီမိသားစုဝင်တွေက အသေးအဖွဲ ပြဿနာနည်းနည်းရှိသော်လည်း သူတို့တွေက လူဆိုးမဟုတ်မှန်း သူ အမြဲတမ်းခံစားမိခဲ့ရပါသည်။ အမေလီက ထွမ်ထွမ်အတွက် အဝတ်လေးတွေကိုတောင် ချုပ်ပေးခဲ့သေးတယ်။
"ဒါဆို ခင်ဗျား သူ့ကို ကောင်းကောင်းဧည့်ခံရမယ်နော်။ အမေက အလုပ်ရှုပ်နေပေမယ့် ထွမ်ထွမ်လေးအတွက် အဝတ်အစားတွေ ချုပ်ထားပေးသေးတာ။ သူ့ကို ဒီတိုင်းလက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့ မရဘူးနော်"
ရွှီချင်း ဒီအကြောင်းကို တွေးကြည့်နေမိကာ အကယ်၍ သာယာအေးချမ်းတဲ့ဘဝကို သူ လိုချင်ပါက အမေလီရဲ့ နှလုံးသားကို တည်ငြိမ်စေဖို့လိုသလို သူ့ကို စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ပါချေ။ သူ လီမိသားစုနှင့် အတူတူ မနေရရင်တောင်မှ နာမည်ကောင်းကို ထိန်းသိမ်းထားဖို့ လိုအပ်နေပါသေးသည်။
လီချန်ဖုန်း အင်္ကျီသေးသေးလေးတွေကို ထားလိုက်ပြီး "ကိုယ်သိပါတယ်၊ ဒီနေ့ နေ့လည်စာလည်း ကောင်းကောင်းပြင်ထားလိုက်မယ်လေ။ အမေပြန်တဲ့အခါကျ ဘေကွန်နည်းနည်း ထည့်ပေးလိုက်မယ်" လယ်သမားတစ်ယောက်အတွက် အရေးအကြီးဆုံးအရာသည်ကား အစားအစာဖြစ်သလို အသားသည်လည်း အလွန်တန်ဖိုးရှိလှသည်။
ဘေကွန်အကြောင်းပြောသည့်အခါ ရွှီချင်းလည်း သူ့ပါးစပ်ကို အကြိမ်အနည်းငယ် ရိုက်လိုက်မိသည်။ သူစားသမျှတွေက ခပ်ပေါ့ပေါ့အရသာတွေချည်းဖြစ်၍ သူ့အရသာဖုတွေတောင် ပျောက်ဆုံးကုန်ပါပြီနော်!
အမေလီနှင့် အခြားသူများက လီချန်ဖုန်းနှင့် ရွှီချင်းတို့အိမ်မှာ နေ့လည်စာစားလိုက်ကြ၏။ သူတို့ မပြန်ခင်မှာ ရွှီချင်းနဲ့ ခဏလောက် စကားပြောခဲ့ကြပါသေးသည်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် သတိထားရမယ့်အချက်အလက်တွေက အများအပြားရှိသည်ပင်။
ကောင်းကင်က မှောင်စပြုလာသည်ကို မြင်လိုက်ကြ၍ အမေလီနဲ့ တာ့နျိုတို့က လီချန်ဖုန်းရဲ့ မြည်းလှည်းပေါ်တက်ကာ ပြန်သွားခဲ့သည်။ ထိုအချိန်၌ လီရှောင်းအာက ရွှီချင်းအနားမှာ အဖော်နေပေးခဲ့ပြီး လီချန်ဖုန်း ပြန်အလာကို စောင့်ပြီးတော့မှ သူလည်း ပြန်သွားခဲ့လေသည်။ အမှန်တကယ်တော့ ရွှီချင်းရဲ့ ခန္ဓာကိုယ်က မကျန်းမာသေးသဖြင့် သူ့ကိုလည်း ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် လိုအပ်၍ပင်။
***
အချိန်တစ်လတာဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်သွားခဲ့လေပြီ။ သိပ်မကြာသလို သိပ်မနှေးလှပေမယ့် အခုဆို လီချန်ဖုန်းနဲ့ ရွှီချင်းတို့က ကလေးပြုစုစောင့်ရှောက်တာ၊ ချော့မြူတာနဲ့ ပတ်သက်ပြီး ပြဿနာမရှိတော့ပါချေ။
ယနေ့မှာ တစ်လပြည့်ဖြစ်၍ လီချန်ဖုန်းက ထွမ်ထွမ်လေးရဲ့ တစ်လပြည့် ခေါင်းရိတ်ခြင်းအခမ်းအနားကျင်းပရန်အတွက် ရွာထဲက အကျင့်သီလ အစင်ကြယ်ဆုံးသော မော့မော့တစ်ယောက်ကို အထူးတလည်ဖိတ်ကြားခဲ့သည်။
နေရာတိုင်း၌ ဆီးနှင်းများစုပုံနေရာ ချမ်းအေးသောနေ့တစ်နေ့ပင်။ ဤအချိန်အခါ၌ မည်သူမှအလုပ်မလုပ်ကြပါချေ။ နှစ်သစ်ကူးနေ့မတိုင်ခင် တစ်လလိုသေးသဖြင့် ရွာသားအများစုဟာ ကလေးတွေကို ကြည့်ရင်း ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ရာ နောက်ကျကျန်ရစ်ကြမည်မဟုတ်ပေ။
လီကျန်းမိသားစု၊ ဝေ့မိသားစု၊ ဝူမိသားစု၊ အမေလီ၊ ကျိုးမိသားစု၊ လျိုမိသားစု၊ ကျန်း(zhang)မိသားစု၊ ကျန်း(zeng)မိသားစု... စသဖြင့် အားလုံးဟာ ရွှီချင်း၏ ခြံဝင်းထဲတွင် စုရုံးနေကြကာ ကလေးလေးကို ဝိုင်းကြည့်နေကြသည်။ "ပင်မအခန်းက တံခါးကိုဖွင့်ထားပြီးတော့ ထွမ်ထွမ်အတွက် အိုးကိုဖြည့်လိုက်ပါ!"
ထွမ်ထွမ်လေးက လူစုလူဝေးကို မကြောက်ပါချေ။ သူလေးက လူတိုင်းရဲ့ အာရုံကို ဝမ်းသာအားရခံယူနေလျက် အထိအကိုင်ခံနေခဲ့သည်။ လူတိုင်းက သူ့ကို ဒီနေရာဖျစ်လိုက် ဟိုနေရာဖျစ်လိုက် လုပ်နေကြသဖြင့် သူ့မျက်နှာသေးသေးလေးမှာ နီမြန်းလာရာ သူ့၏ ဖောင်းဖောင်းတုတ်တုတ်ခြေထောက်လေးတွေကို ရံဖန်ရံခါ ကန်ကျောက်နေလျက်။ တစ်လအတွင်းမှာပင် သူ့ခန္ဓာကိုယ်က ပိုဖြူလာသလို ပိုချောမွတ်လာခဲ့သဖြင့် ကလေးငယ်လေးရဲ့ မျက်နှာလေးကို ကိုက်ရသည်မှာ ရွှီချင်း အကြိုက်ဆုံးဖြစ်လာလေပြီ။
(Me: ဟုတ်ကဲ့ ကိုင်တာမဟုတ်ဘူး၊ ကိုက်တာပါ။ ရွှီချင်းလေးက ကလေးကို အသည်းယားတိုင်းလိုက်ကိုက်နေတာမြင်ယောင်ပြီး ချစ်နေမိတယ်။ typing errorထင်မှာစိုးလို့ ဟီး 😘)
"ဒီကလေးက တကယ်ပဲ ချစ်ဖို့ကောင်းလိုက်တာကွာ"
"အဲ့ဒါတင်မဟုတ်ဘူးဟေ့၊ သူ့လက်တွေ ပိုတုတ်ဖောင်းလာတာ မင်းတို့တွေ့ကြလား!"
"ငါ့ရဲ့ ဒုတိယသားဆို သုံးနှစ်ရှိပြီဆိုပေမယ့်လို့ သူက ဒီကလေးလောက်တောင် ကိုယ်အလေးချိန်မရှိဘူး"
ထွမ်ထွမ်လေး၏ ရိတ်ထားတဲ့ခေါင်းသေးသေးလေးကို လာရောက်ကြည့်ရှုကြသည့် ရွာသားများဟာ စိတ်ထားကောင်းသူများဖြစ်ကြပြီး သူတို့ ခေါင်းငုံ့၍ နည်းနည်းပါးပါးပြောဆိုကြသော်ငြား မကောင်းသည့်စိတ်မရှိကြပါချေ။ အမှန်တကယ်မှာတော့ ကလေးကောင်းရခြင်းဟာ ကောင်းချီးပေးခံရတာပဲလို့ လယ်သမားတွေရဲ့ နှလုံးသားထဲမှာ ယူဆကြလေ၏။
"ချစ်ခင်လေးစားရပါသော ဧည့်သည်တော်များခင်ဗျာ၊ ဒီနေ့အချိန်အခါဟာ ကျွန်တော့်ရဲ့ သားလေး ရွှီချင်းဖုန်းရဲ့ တစ်လပြည့်ပဲ ဖြစ်ပါတယ်ဗျာ။ အားလုံးပဲ ကောင်းကောင်းစားကြ သောက်ကြပါဗျို့! ကျေးဇူးပြုပြီးတော့ အနာဂတ်မှာ ကျွန်တော့်ကလေးကို စောင့်ရှောက်ပေးကြပါဦး၊ လာရောက်ပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ!"
လီချန်ဖုန်း ထွက်လာကာ ထွမ်ထွမ်လေး၏ ခေါင်းရိတ်အခမ်းအနားနေ့ရက်၌ စကားနည်းနည်းပြောပြီးသည့်နောက် အားလုံးက ပိုမိုတက်ကြွလာကြ၏။
"မင်း ဘာတွေပြောနေတာလဲကွာ? ဒီကလေးက တောထဲက မထွက်သွားပါဘူးကွာ ဟားဟား" ဝေ့လောင့်အာက ပထမဆုံး စကားပြောလာသူပင်။
"ငါ့အထင်တော့ မင်းရဲ့သားလေးက လူကောင်းလေးဖြစ်မှာ။ နောင်ကျ ရွာထဲမှာ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သူ သေချာပေါက် သိလာလိမ့်မယ်။ ငါငယ်ငယ်တုန်းကလိုပေါ့ ငါ့အိမ်နီးချင်းက ကလေးတွေကို ရိုက်ပစ်တာလေ!"
"ဟား၊ မင်းမှာ အရှက်ရှိရဲ့လားကွ၊ အဲ့ဒီတုန်းက မင်းအနောက်ကို ငါလိုက်ခဲ့တာကြောင့်ပဲလေ မဟုတ်ရင်တော့!"
အမျိုးသားတွေက စုဝေးနေကာ အချင်းချင်းဟာသလုပ်နေကြစဥ် ကောတွေကတော့ ဘောလုံးသေးသေးလေးကို ချီထားတဲ့ ရွှီချင်းအနားမှာ ဝန်းရံနေကြရင်း မေးခွန်းဆက်တိုက်မေးနေကြလျက် "မင်းကိုယ်ဝန်ဆောင်တုန်းက ဘာတွေစားလဲဟင်?"
ရွှီချင်း ပြုံးလျက် "အဲ့ဒါက ပုံမှန်အစားအစာတွေပါပဲ" ဒါတွေက ယုံရခက်နေမလား?
"ဒီကလေးက မွေးကတည်းက ဆံပင်အရမ်းကောင်းတယ်နော်။ မင်း အမွေးအမျှင်ပါတဲ့ စားစရာတွေ စားရတာ ကြိုက်တာလား?"
ရွှီချင်း ပြုံးကာ "အသားတိုင်းက အမွေးအမျှင်ရှိကြတာပဲလေ။ ငါတို့မိသားစုက အသားသိပ်မစားပါဘူးဗျာ"
ဘာတုန်းဟ?! တစ်ခုခုစားတာက ဆံပင်နဲ့ ဘာဆိုင်လို့တုန်း? မင်းအဲ့တာတွေကိုစားလို့ ဆံပင်တွေ များလာမလား ငါစောင့်ကြည့်ပါဦးမယ်!
"မင်းရဲ့ကလေးက တကယ့်ကို ကောင်းကောင်းကြီးထွားလာတာပဲနော်။ ဘောလုံးနဲ့ တူလုနီးပါးပဲဟ"
ရွှီချင်း ထပ်မရယ်နိုင်တော့ပါချေ။ ဘယ်လိုမေးခွန်းတွေပါလိမ့်? အရမ်းပင်ပန်းလိုက်တာကွာ။
"ကလေးက အိပ်ပျော်ခါနီးနေပြီ အားချင်းရေ သူ့ကို အခန်းထဲမှာ သွားသိပ်လိုက်ကြတာပေါ့" ရှဲ့ယွီက ရွှီချင်းကို အပြုံးလေးနဲ့ ညင်သာစွာ ဆွဲခေါ်လာကာ ရွှီချင်းကို ကယ်တင်ဖို့ အခွင့်အရေးကို အရယူလိုက်လေ၏။
ရွှီချင်းဟာ ကလေးမွေးပြီးသူဖြစ်သွားပြီမို့ ရှဲ့ကောအာက သူ့ကို "ချင်းကောအာ"လို့ ထပ်မခေါ်တော့ပါချေ။ နောက်ဆုံးမှာတော့ ရွှီချင်းက အားမားတစ်ယောက်ဖြစ်သွားပြီလေ။
(Note: Amaဆိုတာက အိမ်ထောင်ပြုပြီး ကလေးမွေးပြီးသွားတဲ့ ကောတွေအားလုံးကို ခေါ်တာပေါ့နော်။ အရင်က Xie Amaတို့ Li Amaတို့ကို အစ်မက အဒေါ်လို့ပဲ အဆင်ပြေသလို ရေးလိုက်မိတယ်။ အပိုင်းတွေလည်း အများကြီးရောက်နှင့်နေပြီဆိုတော့ မပြောင်းတော့ဘူးနော်)
ရွှီချင်းနဲ့ ရှဲ့ယွီတို့ အခန်းထဲပြန်ဝင်သွားကာ တံခါးပိတ်လိုက်ပြီးမှ ရွှီချင်း သက်ပြင်းတစ်ချက်ချမိရင်း "မေးခွန်းတွေများလွန်းလို့ ဖြေတောင်မနိုင်တော့ဘူးဗျာ။ ကျွန်တော်ကိုယ်ဝန်ရှိတုန်းက တကယ်ကြီး ထူးထူးခြားခြားစားတာမျိုးမရှိခဲ့ပါဘူး"
"အပြင်မှာ အကြာကြီးနေတာက ထွမ်ထွမ်လေးအတွက် မကောင်းဘူးလေ။ သူဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ ကြည့်ပါဦးကွာ... လာပါဦး ထွမ်ထွမ်လေးရေ... ဒီကိုကြည့်ပါဦး...ဘာတွေလုပ်နေတာတုန်း?" ရှဲ့ကောအာက ထွမ်ထွမ်လေးကို ကျီစားနေကာ ကလေးငယ်လေးရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးကို ကြည့်ရင်း သူ့အကြည့်တွေမှာ အားကျမှုအပြည့်ဖြင့်။
ရွှီချင်းလည်း တစ်ချက်ကြည့်လိုက်သည်နှင့် သူဘာကိုအားကျနေမှန်း သိလိုက်သဖြင့် "အကိုက ငယ်သေးတာပဲကို၊ လာရမယ့်သူက အချိန်တန်ရင် ရောက်လာမှာပါ"
ရှဲ့ယွီ ထိုစကားကို ကြားပြီးနောက် ဝမ်းနည်းသွားဟန်ဖြင့် "ဒါပေမယ့် သူ(ကလေး)က အခုထိ မလာသေးပါဘူးကွာ...။ ဒီတစ်ခါ ဖန်းလျန်က သူ့အဖေနေမကောင်းလို့ မလိုက်လာနိုင်ဘူး၊ သူ့အခြေအနေက သိပ်မကောင်းဘူး" သူ့အဖေသည်ကား သမားတော်ကြီးလင်းကိုပြောခြင်းပင်။
လင်းဖန်းလျန် ရှဲ့ကောအာကို လက်မထပ်ခင်ကတည်းက သမားတော်ကြီးလင်း၏ ကျန်းမာရေးမှာ ယိုယွင်းစပြုလာခဲ့ပြီ။ တစ်ချိန်လုံး ဆေးတွေကို မှီဝဲနေခဲ့ရသည်ပင်။ ပုံမှန်ရက်တွေမှာ သူအဆင်ပြေသော်ငြား ဆောင်းရာသီရောက်လာသည့်အခါ သူ့အဖျားမှာ ပိုဆိုးလာခဲ့၏။ လင်းဖန်းလျန်က အိမ်မှာ သမားတော်ကြီးလင်းအတွက် ခန်ကုတင်ကို ဆောက်ခဲ့ပေမယ့် သမားတော်ကြီးလင်း သက်သာမလာခဲ့ချေ။ ဒီတစ်ခါ သမားတော်ကြီးလင်း နေမကောင်းတာကြောင့် မဟုတ်ခဲ့ရင် လင်းဖန်းလျန်လည်း လိုက်လာပါလိမ့်မည်။
သမားတော်ကြီးလင်း၏ ကျန်းမာရေးပြဿနာနှင့်ပတ်သက်၍ လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက လီချန်ဖုန်းပြောတာကို ရွှီချင်းကြားထားခဲ့သဖြင့် သူလုပ်ထားသော စားစရာတချို့နဲ့အတူ အကြိမ်ပေါင်းများစွာ သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်၏။ စားစရာတွေထဲမှာ ဝိဥာဥ်စမ်းရေပါသော်ငြား သမားတော်ကြီးလင်း၏ အခြေအနေမှာ တိုးတက်လာသည်ကို သူ မတွေ့ရပါချေ။ ယင်းသည်ကား သမားတော်ကြီးလင်းမှာ အချိန်အများကြီး မကျန်တော့ကြောင်း ပြသနေခဲ့သည်ပင်။
သမားတော်ကြီးလင်းဟာ သူနဲ့ လင်းဖန်းလျန်တို့၏ ကလေးလေးကို တကယ်မြင်တွေ့သွားချင်မှန်း ရှဲ့ယွီသိပါသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်ဟာ ပြန်လည်ကောင်းမွန်လာပြီဟု ဆိုသော်လည်း ကိုယ်ဝန်မဆောင်နိုင်သေး! သမားတော်ကြီးလင်းက အားနည်းသထက် အားနည်းလာသည်ကို သူမြင်နေရပြီး အဘိုးအိုရဲ့ ဆန္ဒကိုတောင် သူမဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် ယခုအချိန်တွင် မာမိသားစုကို သူ အလွန်မုန်းတီးနေမိပြီ။
"ကြည့်ပါဦး၊ ငါ ဘာလို့ ဒါတွေပြောနေမိတာလဲကွာ။ ဒီနေ့က ငါတို့ရဲ့ ထွမ်ထွမ်လေးအတွက် နေ့ရက်ကောင်းလေးတစ်ရက်ပဲကို။ ကြည့်ပါဦး ဒါကဘာလေးလဲလို့?" ရှဲ့ကောအာက သူ့ရဲ့ဝမ်းနည်းနေတဲ့ အမူအရာကို ဖယ်ရှားပစ်ကာ ငွေလက်ကောက်လေးတစ်ကွင်းကို ထုတ်ယူပြီး ထွမ်ထွမ်လေးအရှေ့ ရှေ့နောက် လှုပ်ယမ်းပြနေသဖြင့် ထွမ်ထွမ်လေးက ပူဖောင်းလေးတွေ မှုတ်ထုတ်နေရင်း သူ့အရှေ့က ပစ္စည်းကို ဆွဲယူရန် သူ့ရဲ့လက်ဖွံ့ဖွံ့တုတ်တုတ်လေးကို ဝှေ့ယမ်းနေလေ၏။
"အကို ဒီလိုလုပ်စရာမလိုပါဘူးဗျာ" ရွှီချင်းက ထွမ်ထွမ်ရဲ့ ပါးစပ်ထောင့်လေးကို သုတ်ပေးလိုက်သည်။ အနည်းငယ်ပြုံးနေတဲ့ ရှဲ့ယွီက ပြောလာခဲ့၏။ "ငါက ကလေးလေးကို ပေးနေတာပါနော်၊ မင်းငြင်းလို့မရပါဘူး၊ ဟုတ်တယ်မလား ထွမ်ထွမ်?"
ရှဲ့ကောအာမှာ ပြုံးနေသော်လည်း သူ့မျက်လုံးတွေက ဝမ်းနည်းနေဆဲဖြစ်သည်ကို ရွှီချင်း မြင်နေရသဖြင့် ထပ်မငြင်းဆန်တော့ဘဲ ထွမ်ထွမ်လေးအား ရှဲ့ယွီ စနောက်နေသည်ကိုသာ တိတ်တဆိတ် ကြည့်နေလိုက်တော့သည်။
တစ်လပြည့်နေ့ ပြီးသွားသည့်နောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့က အပြင်မှာ အေးလွန်းလှသဖြင့် အိမ်ထဲတွင်သာ နေနေတော့သည်။ လီချန်ဖုန်းတောင်မှ အပြင်မထွက်ချင်တော့ပေ။
ကလေးလေးက ကုတင်ပေါ်မှာ အိပ်တဲ့အခါ သူနဲ့ လီချန်ဖုန်းတို့က ကလေးလေးကို မတော်တဆဖိမိသွားမှာကို ရွှီချင်း ကြောက်လန့်မိသဖြင့် သူက လီချန်ဖုန်းအား ကလေးလက်တွန်းလှည်းတစ်ခုကို ပြုလုပ်စေကာ သူတို့ရဲ့ ကုတင်ကြီးနဲ့ ချိတ်ဆက်ပေးဖို့ တောင်းဆိုလိုက်၏။ သို့မှသာ ညဘက်မှာလည်း ထွမ်ထွမ်လေးကို သူဂရုစိုက်နိုင်မည်ပင်။
"ဒီပစ္စည်းက လက်သမားတွေအားလုံးကို ရူးသွပ်စေနိုင်တယ်ကွာ"
လီချန်ဖုန်း တွန်းလှည်းပြုလုပ်နေရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလာခဲ့သည်။ သူ့ဇနီးလေးက အရမ်းစွမ်းအားကြီးတာပဲကွာ၊ သူမတွေးနိုင်တဲ့ အရာအများအပြားကို သူကတော့ အမြဲတွေးနိုင်တာပဲ။
"ဒီဟာက မခက်ခဲပါဘူး၊ ထွမ်ထွမ်အတွက်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော် ဒါကို တွေးမိမှာတောင်မဟုတ်ပါဘူးဗျာ။ သူ့ကြောင့်မို့ ပိုပြီးစဥ်းစားနေရတာပဲ" ရွှီချင်းလည်း သူစကားအလွန်အကျွံပြောမိပြီး မရှင်းပြနိုင်တော့မည်ကို ကြောက်လန့်မိသဖြင့် ထွမ်ထွမ်ကိုသာ ဒိုင်းကာအဖြစ် ဆွဲထုတ်လိုက်တော့သည်။
ထိုအချိန်တွင် ဒိုင်းကာသေးသေးလေးမှာ ရွှီချင်းကျွေးသော သစ်သီးမှုန့်ကို ပျော်ရွှင်စွာ စားနေလျက်။ သူ့ရဲ့လျှာသေးသေးလေးကို ရံဖန်ရံခါ ထုတ်ကာ ပါးစပ်ထောင့်လေးကို လျက်နေလေသည်။
"ကိုယ်တွေးနေမိတာ ကိုယ်တို့လုပ်ထားတဲ့ပစ္စည်းတွေပေါ်မှာ ကိုယ်တို့ကိုယ်ပိုင်လိုဂိုတစ်ခု ထားမလားလို့" လီချန်ဖုန်း ယခင်က သစ်သားအရုပ်များအကြောင်း တွေးမိခဲ့၏။ ၎င်းတို့မှာ လူကြိုက်များသော်လည်း ယခုဆို သစ်သားရုပ်များကို ပြုလုပ်နေသည့် ဆိုင်များစွာရှိနေပြီဖြစ်၏။ သို့ရာတွင် လက်မှုပညာ ပိုမိုကျွမ်းကျင်သူများစွာ မရှိကြသလို သူလုပ်ခဲ့တဲ့ အရုပ်တွေက တခြားသူတွေထက် အများကြီး ပိုကောင်းလေ၏။
ရွှီချင်းမှာ အမှန်တကယ်ပင် ဤကိစ္စကို မတွေးထားခဲ့ဖူးပေ။ မော်ဒန်ခေတ်က အမျိုးမျိုးသော အမှတ်တံဆိပ်တွေကို စဥ်းစားကြည့်မိလိုက်တော့မှ သူစိတ်ဝင်တစားဖြစ်လာကာ "ခင်ဗျား ဘယ်လိုဒီဇိုင်းမျိုးလုပ်ထားတာလဲ?"
"ကိုယ်တွေးထားတာက လက်ကြီးကြီးတစ်စုံက လက်သေးသေးတစ်စုံကို ကိုင်ထားတာမျိုးလေး၊ လူကြီးတွေနဲ့ ကလေးတွေ အတူတူရှိနေကြတယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့ကွာ" လီချန်ဖုန်း အနည်းငယ် မရေရာသေးသလိုဖြင့် ရုတ်တရက် မေးလာခဲ့သည်။ "မင်းရော ဘယ်လိုထင်လဲ? မင်းမှာ ပိုကောင်းတာမျိုးတစ်ခုခုရှိရင် ကိုယ့်ကိုပြောပြလေ"
ရွှီချင်းသည် ထွမ်ထွမ်နောက်ကျောလေးကို ညင်ညင်သာသာလေး ပုတ်ပေးနေလျက်။ "ကျွန်တော့်အထင်တော့ အဲ့ဒါက အတော်လေးကောင်းပါတယ်ဗျာ။ ခင်ဗျားတစ်ခုလုပ်ကြည့်ပြီး ကျွန်တော့်ကို ပြကြည့်လေနော်။ အဆင်ပြေတယ်ဆို တစ်ခါထဲသုံးလို့ရတာပေါ့"
"ကောင်းပြီ၊ မင်းကြည့်လို့ရအောင်လို့ ကိုယ်အခုပဲ လုပ်လိုက်မယ်" လီချန်ဖုန်းလည်း စိတ်မြန်လက်မြန်ဖြင့် သင့်လျော်သော ဘုတ်ပြားကိုယူကာ စတင်ထွင်းထုတော့သည်။ ၁၅မိနစ်ခန့်ကြာပြီးနောက် ရလဒ်ထွက်လာလေပြီ။
"ကြည့်ပါဦး"
ရွှီချင်းက ထွမ်ထွမ်လေးကို တစ်ဖက်လှည့်ပေးလိုက်ပြီးမှ လီချန်ဖုန်းလက်ထဲက ကုန်ချောကို ယူကြည့်လိုက်ရာ "လက်အကြီးပေါ်မှာ အလျားလိုက်လိုင်းတွေ နည်းနည်းပိုထွင်းလို့ရတယ်နော်။ အဲ့ဒီလိုလက်မျိုးက လယ်သမားမိသားစုရဲ့ လက်နဲ့ ပိုတူလိမ့်မှာ"
ယင်းသည်လည်း မှန်ပေ၏။ လီချန်ဖုန်း ၎င်းကိုပြန်ယူကာ လိုင်းအနည်းငယ် ထပ်ထည့်လိုက်လေသည်။ ယခုဆို ခုနကတစ်ခုထက် ပိုကောင်းသွားတယ်ဆိုတာ ပြောစရာပင်မလိုပါချေ။
"အိမ်မှာရှိကြလား?"
ဦးလေးရှဲ့၏အသံမှာ ခြံဝင်းတံခါးဆီမှ ထွက်ပေါ်လာပေမယ့် အလွန်ကြီးထွားသန်မာနေပြီဖြစ်သော ရှောင်ပေါင်ကတော့ သူ့အမြီးကို လှုပ်ယမ်းနေရင်း ခေါင်းမြှုပ်ထားကာ ဆက်အိပ်နေလျက်။
"ကျွန်တော်တို့ အိမ်မှာရှိပါတယ်ဗျို့!" လီချန်ဖုန်း အမြန်ပြေးထွက်လာကာ ခြံတံခါးကို ဖွင့်လိုက်ပြီး "ဘာလို့ထီးမဆောင်းလာတာလဲဗျာ၊ နှင်းတွေအရမ်းကျနေတာကို"
ဦးလေးရှဲ့သည် လီချန်ဖုန်း အနောက်မှ အိမ်ထဲ လိုက်ဝင်လာရင်း ဖက်ထုပ်လေး စားသောက်နေသည်ကို ကြည့်ကာ "ထွမ်ထွမ်လေးက သစ်သီးမှုန့်စားနေတာကိုး... အရမ်းကောင်းတယ်ဟုတ်"
"ဦးလေးရှဲ့ ထိုင်ပါဦး" ရွှီချင်းက လီချန်ဖုန်းဘက်သို့ ရွှေ့လိုက်ပြီး ဦးလေးရှဲ့အတွက် နေရာပေးလိုက်၏။ "ကောင်းပါပြီ"
"ဦးလေးရှဲ့ မျက်နှာမကောင်းပါလား? ဘာဖြစ်လို့လဲ?" လီချန်ဖုန်းနှင့် ဦးလေးရှဲ့တို့ဟာ တည့်တိုးသမားတွေမို့ တချို့ကိစ္စတွေကို တိုက်ရိုက်သာမေးလိုက်ရုံသာ။
ဦးလေးရှဲ့က သက်ပြင်းချလိုက်ပြီး "သမားတော်ကြီးလင်း ဒီမနက်ပဲ ဆုံးသွားပြီ"
လီချန်ဖုန်းနှင့် ရွှီချင်းတို့ ထိတ်လန့်သွားကာ "ဒါက... ဘယ်လိုဖြစ်ပြီး..."
ဦးလေးရှဲ့ ခေါင်းခါလိုက်ပြီး "မနေ့က သူ ရုတ်တရက်ကြီး ရှောင်လင်းနဲ့ ရှောင်ယွီတို့ကို စကားတွေအများကြီးပြောခဲ့တယ်တဲ့။ ဒီမနက် သူ့ဆီကို ရှောင်လင်း ဆေးသွားတိုက်တော့ ခန္ဓာကိုယ်က အေးစက်တောင့်တင်းနှင့်နေပြီလို့ အကြောင်းလာကြားပေးတဲ့သူဆီက ကြားတာပဲကွာ"
xxx
Me: မာမိသားစုကြောင့်သာ မဟုတ်ခဲ့ရင်၊ မာဖူကွေ့သာ မရှိခဲ့ရင်၊ ရှဲ့ယွီနဲ့ ဖန်းလျန်တို့ ကလေးလေးက ၃၊၄နှစ်လောက်ရှိနေလောက်ပြီကိုကွာ...