အခန်း ၇၀
ရွှီချင်းမျက်လုံးတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ထွမ်ထွမ်လေးကို ကြည့်ရင်း နူးညံ့မှုအပြည့်ရှိနေလျက်၊ ဒါက သူမွေးထားတဲ့ သူ့ကလေးလေးပဲကွ! တွေးကြည့်လိုက်တော့မှ သူဟာ အရမ်းအံ့သြစရာကောင်းတယ်လို့ ခံစားလိုက်ရလေ၏။
ကမ္ဘာပျက်ကပ်နေ့ရက်များတွင် သူကလေးမွေးနိုင်မယ်ဆိုတာကို ဘယ်တော့မှ လက်ခံနိုင်မည် မဟုတ်ပေ။ သို့ရာတွင် သူ ဘဝသစ်တစ်ခုကို ရရှိခဲ့ပြီးနောက် ယင်းမှာ သူ့အတွက် ဘုရားသခင်ရဲ့ လျော်ကြေးလို့ သူ ခံစားခဲ့ရပေသည်။
သူအားကိုးနိုင်တဲ့ အမျိုးသားတစ်ယောက်ရှိသလို သူတို့နှစ်ယောက်ရဲ့ ကလေးလေးတစ်ယောက်ရှိသည်ဖြစ်ရာ ရွှီချင်းကို နောင်တရစေနိုင်တဲ့ ဘယ်အရာကများ ရှိဦးမှာလဲ။
"သူ့ကိုကြည့်ပါဦး၊ ပူဖောင်းတွေမှုတ်နေလိုက်တာ!"
လီချန်ဖုန်းဟာ လုံးဝ အသစ်အဆန်းဖြစ်နေသလို ခံစားလိုက်ရကာ သူ အရမ်းထူးထူးခြားခြားတစ်ခု တွေ့လိုက်ရသလိုမျိုး ရွှီချင်းအား ပြောပြလိုက်လေသည်။ ရွှီချင်းလည်း ထွမ်ထွမ်လေးက အင်မတန် ချစ်စရာကောင်းနေတယ်လို့ တွေးနေသော်ငြား "ခင်ဗျားအသံတိုးဦးလေ၊ ထွမ်ထွမ် မျက်ခုံးလေးတွေ တွန့်လာနေပြီနော်!"
သူလေးစငိုခဲ့ရင် သူတို့က ဘယ်လိုချော့ရမှန်းတောင် မသိဘူးလေနော်...
လီချန်ဖုန်း ချက်ချင်း အသံတိတ်သွားသော်လည်း ထွမ်ထွမ်ကို ဆက်လက်စိုက်ကြည့်နေရင်း "ဇနီးလေးရေ သူလေးက မင်းနဲ့ ဘယ်လောက်တူလိုက်သလဲဆိုတာ ကြည့်ပါဦးကွာ"
ရွှီချင်းကတော့ တကယ်ပင် မစဥ်းစားတတ်တော့သဖြင့် "ကျွန်တော်ကျတော့ ဘာလို့မမြင်နိုင်တာတုန်း၊ ခင်ဗျားရော အဒေါ်ရှဲ့ပါ ဘယ်လိုမြင်နိုင်တာလဲဟင်။ သူက ဒီလောက်ရှုံ့တွနေတာကို"
လီချန်ဖုန်း ပြုံးလိုက်သော်လည်း စကားမပြောတော့ပေ။ ထွမ်ထွမ် ဘယ်သူနဲ့တူမှန်း သူလည်းမသိပေမယ့် ကလေးလေးကို ရွှီချင်းနှင့်တူဖို့ မျှော်လင့်ခဲ့လေ၏။ သို့ရာတွင် ထိုအကြံအစည်မှာ ရွှီချင်းရဲ့ ဆက်ပြောလာတဲ့စကားကြောင့် ချက်ချင်းပျက်စီးသွားခဲ့သည်။
"ပြီးတော့ ကျွန်တော်က ကောတစ်ယောက်လေ။ ဒီကောင်လေးက ယောက်ျားလေးဆိုတော့ သူ့ကို ကျွန်တော်နဲ့ တူစေချင်လို့လား?" ရွှီချင်းက အမြင်ကတ်စွာ ပြောလိုက်လေသည်။
"ကိုယ်နဲ့တူတာပါ! ကိုယ်နဲ့တူတာ! သူ့ကို ကြည့်ပါဦး၊ ဒီမျက်ခုံးမွှေးတွေရော! မျက်လုံးတွေရော! ကိုယ်နဲ့ အတိအကျကို တူနေတာပဲ မဟုတ်လား!" လီချန်ဖုန်း ချက်ချင်းပင် စကားပြောင်းလိုက်ကာ ထွမ်ထွမ်ရဲ့မျက်နှာလေးကို လက်ညှိုးထိုးလျက် ရွှီချင်းနှိုင်းယှဥ်ကြည့်နိုင်ရန်အတွက် သူ့မျက်နှာနှင့် ထွမ်ထွမ်မျက်နှာလေးကို ကပ်လိုက်၏။ ထွမ်ထွမ်ရဲ့ နူးနူးညံ့ညံ့မျက်နှာလေးကို ထိုးမိနေတဲ့သူ့မုတ်ဆိတ်ငုတ်တိုလေးတွေက ကြမ်းတမ်းလွန်းနေမယ်လို့ ဘယ်သူသိမှာလဲလေ။
"ဝါး ဝါး ဝါး ဝါး ~~~!"
ထွမ်ထွမ်လေးမှာ ချက်ချင်းပင် အော်ငိုလာကာ သူ့ခန္ဓာကိုယ်ကို လှည့်ရန်ကြိုးစားသော်လည်း သူ့ခွန်အားမှာ လှုပ်ရှားရန် အလွန်အားနည်းနေသေးရာ သူလေးက ပိုလို့တောင် သောကရောက်သွားရလျက်။ ရွှီချင်းက ထွမ်ထွမ်ကို အလျင်အမြန် ကောက်ချီလိုက်ရင်း ညင်သာစွာ ချော့မြူလျက် "လိမ္မာတဲ့ကလေးလေး ထွမ်ထွမ်လေးရေ အားမားရှိတယ်နော်"
"ပါးပါးလည်းရှိတယ်! ပါးပါးလည်းရှိတယ်နော်!" လီချန်ဖုန်း နောက်မကျန်ခဲ့ရအောင်လို့ အနားတိုးကပ်လာ၍ ရွှီချင်း မျက်လုံးလှိမ့်လိုက်ကာ "မနက်ဖြန် ခင်ဗျား မုတ်ဆိတ်မွေးရိတ်လိုက်တော့!"
"ကိုယ်အခုသွားလိုက်မယ်! ကောင်းကောင်းနေနော်!" လီချန်ဖုန်း ကုတင်ပေါ်မှ ခုန်ဆင်းသွားကာ မုတ်ဆိတ်ပြေးရိတ်တော့သည်။
"ထွမ်ထွမ်လေးရေ" ရွှီချင်းက ခေါင်းငုံ့ကာ ထွမ်ထွမ်ရဲ့ နီရဲရဲပါးပြင်လေးတွေကို နမ်းလိုက်လေ၏။ အနမ်းပေးပြီးနောက် အရသာလေးဟာ မဆိုးဘူးလို့ ခံစားလိုက်ရသည့်အတွက် စဥ်းလဲတဲ့လူကတော့ သူ့ခေါင်းကို ထပ်ငုံ့လိုက်ပြီး ပြင်းပြင်းထန်ထန် ထပ်နမ်းလိုက်ပြန်သည်။ သူက ထွမ်ထွမ်ရဲ့ မျက်နှာသေးသေးလေးကို ပုတ်ကာနေသဖြင့် ခုနက အငိုရပ်သွားတဲ့ထွမ်ထွမ်လေးက ပြန်ငိုလာတော့သည်!
လီချန်ဖုန်း အခန်းထဲပြန်ဝင်လာချိန်၌ ရွှီချင်းမှာ ရုတ်ချည်းရှက်ရွံ့သွားရကာ "ခင်ဗျားကြည့်ဦး၊ ခင်ဗျားရဲ့ မုတ်ဆိတ်မွေးကြောင့် သူ အခုထိ ငိုနေတုန်း!"
လီချန်ဖုန်း ကြားလိုက်ရသည့်အခါ ထွမ်ထွမ်လေးကို အပြစ်ရှိစွာ ပွေ့ချီလိုက်ရင်း အရှေ့အနောက်လျှောက်၍ ညင်ညင်သာသာလေး ချော့မြူနေလျက်၊ ရွှီချင်းပြုံးကာ ဘေးမှာလှဲအိပ်နေပြီး သူတို့နှစ်ယောက်ကို ကြည့်နေလိုက်သည်။
***
လီမိသားစုခြံဝင်းတွင် အမေလီက အထုပ်အပိုးထုပ်နေလျက်။ မနက်ဖြန် ရွှီချင်းနှင့် လီချန်ဖုန်းတို့ဆီသွားဖို့ သူစီစဉ်ထားရာ အဖေလီကတော့ ကုတင်ပေါ်တွင် ထိုင်ကာ သူ့ကိုကြည့်နေခဲ့သည်။
"မင်း ကလေးတွေကိုရော သူတို့ရဲ့ ဝမ်းကွဲကို အသိအမှတ်ပြုဖို့ ဘာလို့မခေါ်သွားတာတုန်း။ မဟုတ်ရင် သူတို့ရဲ့ ဒုတိယဦးလေးတွေက ဘယ်မှာနေမှန်းသိကြမှာ မဟုတ်ဘူး" အဖေလီပြောရင်း သူ့မိန်းမကို ကြည့်လိုက်သည်။
ထို့နောက် အဖေလီက ခဏလောက်စဉ်းစားလိုက်ပြီး "ကလေးသုံးယောက်က အရမ်းများနေမှာပဲ။ အရမ်းအနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ဒုတိယသားမက်က အခုလေးတင် မီးဖွားထားတော့ ကလေးတွေက တအားဆူညံနေလိမ့်မယ်"
အမေလီက သူ့လက်ထဲက ပစ္စည်းတွေကို ထည့်နေရင်း "ကလေးမွေးပြီးခါစမှာ လာလည်တဲ့သူတွေများလွန်းရင် သူ့ကို စိတ်ရှုပ်စေလိမ့်မယ်"
"ဒါဆို အကြီးဆုံးမြေးကိုပဲ ခေါ်သွားလိုက်။ သူက ဒီနှစ်ထဲမှာ ၁၀နှစ်ရှိပြီဆိုတော့ လူကြီးတစ်ဝက်ဖြစ်နေပြီလေ။ သူ နည်းနည်းပါးပါး ကူညီနိုင်တာပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ အနာဂတ်မှာ အခွင့်အရေးရှိဦးမှာပဲ" အဖေလီ ခဏလောက် စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပါပြီ၊ ကျုပ်မြေးအငယ်ဆုံးလေးအတွက် ချုပ်ထားတဲ့အဝတ်လေးတွေပါ ယူသွားလိုက်မယ်။ ဒီဒုတိယသားမက်လေးကလည်း တော်တာပဲ၊ သူတို့ရဲ့ပထမကလေးက ယောက်ျားလေးဆိုတော့! ခင်ဗျားသတင်းကြားတယ်မဟုတ်လား၊ သူမွေးမွေးချင်းကို ၈ပေါင်ရှိတာဆိုပဲ။ ဘယ်လောက်တောင် ကံကောင်းတဲ့ ဝတုတ်ကောင်လေးလဲဟေ့!"
အမေလီက သူ့မြေးအငယ်ဆုံးလေးကို မနက်ဖြန်တွေ့နိုင်မယ်လို့ တွေးနေမိရာ သူ ဘယ်လောက်ပျော်နေတယ်ဆိုတာ ပြောစရာတောင်မလိုပါချေ။ သူ့ခင်ပွန်းကို ပြန်ကြည့်လိုက်သည့်အခါ စိတ်အခြေအနေမကောင်းနေပုံကို တွေ့လိုက်ရသဖြင့် "ဘာဖြစ်လို့လဲ? မပျော်ဘူးလား?"
အဖေလီက စောင်ကိုဆွဲယူလိုက်ရင်း သက်ပြင်းချကာ "ရှစ်ပေါင်ရှိတဲ့ ဒီလိုဝတုတ်တုတ်ကောင်လေးကို လီမျိုးရိုးနာမည်မပေးနိုင်တာ ဝမ်းနည်းစရာပဲ!"
အမေလီ ခေါင်းညိတ်လိုက်ပေမယ့် ဘာလုပ်နိုင်မှာတုန်း? ဒုတိယသားက သူများအိမ်ရဲ့ သားမက်ဖြစ်သွားပြီမို့ ကလေးရဲ့ မျိုးရိုးအမည်က ရွှီမျိုးရိုးဖြစ်သည်မှာ သဘာဝကျလေသည်။ သို့တိုင် သူ့စိတ်ထဲမှာ အနည်းငယ် ကျွဲမြီးတိုသလို ခံစားနေရလျက်။ နောက်ဆုံးတော့ သူလည်း ဆေးကြောသန့်စင်ကာ အိပ်လိုက်တော့သည်။
***
လွန်ခဲ့သည့်ရက်အနည်းငယ်က နှင်းများထူထပ်စွာ ကျဆင်းလာခဲ့ရာ ခြံဝင်းတစ်ခုလုံးကို ဝါဂွမ်းတွေ အလွှာလိုက်ဖြစ်နေသကဲ့သို့ နှင်းဖြူဖြူများနှင့် ဖုံးလွှမ်းနေသဖြင့် လီချန်ဖုန်းက ခြံဝင်းထဲက နှင်းထုကြီးကို "ဖြိုဖျက်"နေရလေသည်၊ မဟုတ်ပါက သူ သက်တောင့်သက်သာ အနားယူနိုင်လိမ့်မည် မဟုတ်ပါချေ။
ရွှီချင်း တစ်ခုခုစားလိုက်ပြီး ကလေးလေးနဲ့အတူ အိပ်ရာပေါ်မှာ လဲလျောင်းနေလျက်။ ခြံထဲက လီချန်ဖုန်းရဲ့ လှုပ်ရှားသံများကို နားထောင်နေရင်း ရုတ်တရက် သူ ပြန်အိပ်ပျော်သွားခဲ့သည်။
ထွမ်ထွမ်လေးက အခုထိ သူ့မျက်လုံးတွေကို အပြည့်အ၀ မပွင့်သေးပေမယ့် ကောက်ကြောင်းပုံစံလေးကို ကြည့်ရုံဖြင့် ကလေးလေးရဲ့ မျက်လုံးတွေဟာ မသေးငယ်ကြောင်း သိနိုင်လေသည်။ သူလေးက အခုပဲ ဗိုက်ပြည့်သွားပြီးဖြစ်၍ သူ့ရဲ့ လေးနက်တဲ့ မျက်နှာလေးပေါ်မှာ ပူဖောင်းလေးတွေ မှုတ်ထုတ်နေလျက်။
"ဇနီးလေး! ရှောင်းအာ ရောက်လာတယ်!"
လီချန်ဖုန်း ပြောတာကို ကြားလိုက်ရသည့်အခါ ရွှီချင်း ထထိုင်လိုက်ရင်း ကုတင်ဘောင်ကို မှီထားလိုက်၏။ ခဏအကြာတွင် အပြာရောင်၀တ်စုံနှင့် လီရှောင်းအာက အပြုံးလေးဖြင့် ဝင်လာကာ "ဒုတိယယောက်ဖရေ အကို့ကို ဂုဏ်ပြုပါတယ်နော်။ အကို ဝတုတ်လေးမွေးတယ်လို့ ကျွန်တော်ကြားတယ်ဗျာ။ ကျွန်တော့်တူလေးက ဝဝကစ်ကစ်ကောင်လေးဆို!"
"အမှန်ပဲဟေ့၊ လာထိုင်လေ ဒီမှာ ပိုနွေးတယ်" ရွှီချင်းက လီရှောင်းအာ ကိုယ်ပေါ်က နှင်းမှုန်အချို့ ရှိနေသည်ကို မြင်လိုက်ရသဖြင့် အပြင်ဘက်မှ ကျဆင်းနေသော နှင်းတွေက မသေးကြောင်း သိလိုက်လေပြီ။
လီရှောင်းအာက အိပ်ရာအနား ကပ်မလာဘဲ အဝေးမှ လှမ်းကြည့်နေရင်းဖြင့် "ကျွန်တော့်ကိုယ်က အအေးဓာတ်တွေ ကျန်နေတုန်းပဲ။ အကို အအေးမမိသွားအောင်လို့ ကျွန်တော် ဂရုစိုက်ရမှာပေါ့။ ကျွန်တော့်တူလေးကို လာမကြည့်ဘဲ မနေနိုင်လို့... ကျွန်တော် နွေးလာတော့မှ သူနဲ့ ဆော့လိုက်မယ်လေ"
"မင်းရဲ့အဝတ်တွေက စိုနေပြီဆိုတော့ မင်းရဲ့ဒုတိယအစ်ကိုဆီသွားပြီး မင်းအတွက် အဝတ်လဲဖို့ တစ်ထည်သွားရှာခိုင်းလိုက်နော်၊ အအေးမမိအောင် ဂရုစိုက်ရမယ်"
လီရှောင်းအာ ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်၏။ ရက်အတော်ကြာကြာ ဆက်ဆံပြောဆိုကြည့်ပြီးနောက် ရွှီချင်းဟာ စိတ်သဘောဖြောင့်မတ်သူဖြစ်ကြောင်း သူလည်း သိခဲ့လေပြီ။ သူပြောသမျှဟာ သူပြောချင်တာပဲ ဖြစ်ပြီးတော့ သူက ယဥ်ကျေးမနေတတ်ပါချေ။ (မကောင်းတတ်လို့ လောကွတ်ချော်တာ၊ ဟန်ဆောင်ပန်ဆောင်ပြောတာတွေမဟုတ်ဘူးလို့ပြောတာပါ)
ထို့ကြောင့် လီချန်ဖုန်းဆီ သူသွားလိုက်ပြောလိုက်ရာ လီချန်ဖုန်းလည်း စကားတစ်ခွန်းမဆိုဘဲ အခန်းထဲသို့ အင်္ကျီသွားရှာလိုက်၏။ သူက လီရှောင်းအာကို ရွှီချင်း ဝတ်လေ့မရှိသော အနီဖျော့ဖျော့ဝတ်စုံကို ပေးခဲ့သည်။ ရွှီချင်းက ဒီအရောင်ဟာ သိပ်ကြည့်မကောင်းဘဲ သူ့ကိုလည်း မိန်းမဆန်လွန်းတဲ့ပုံစံဖြစ်စေတယ်လို့ ထင်ခဲ့ပေမယ့် လီရှောင်းအာကတော့ သဘောကျနေလျက်။
လီရှောင်းအာ ခြောက်သွေ့သော အဝတ်အစားတွေကို လဲ၀တ်ပြီးနောက် သူ့တစ်ကိုယ်လုံး မအေးတော့သဖြင့် အခန်းထဲဝင်လာကာ ကုတင်ဘေးမှာ ထိုင်လိုက်ပြီး ထွမ်ထွမ်ကို ကြည့်လိုက်လေ၏။
ရွှီချင်းက အနီဖျော့ဖျော့ဝတ်စုံဝတ်ထားတဲ့ လီရှောင်းအာကို ကြည့်လိုက်ရင်း "မင်းရဲ့ ဒုတိယအကိုက ဒီဝတ်စုံကို ဝယ်ခဲ့တာလေ။ ငါ တစ်ခါပဲဝတ်ထားခဲ့ပြီးတော့ အဲ့ဒီဝတ်စုံနဲ့ အပြင်တောင် မထွက်ခဲ့ဖူးဘူး။ ငါ့အထင် မင်းနဲ့ ကြည့်ကောင်းတယ်ဆိုတော့ မင်းယူလိုက်လေ"
လီရှောင်းအာ အံ့အားသင့်စွာဖြင့် "တကယ်လား! ကျွန်တော့်ကို တကယ်ပေးတာလား?! ဒီလောက်လှတဲ့ ၀တ်စုံကိုလေ!"
ရွှီချင်းအတွက်မူ ယင်းမှာ လှ၏ မလှ၏ ကို သိပ်ဂရုစိုက်မနေပါချေ။ "ယူလိုက်ဆို၊ ငါ ယဉ်ယဉ်ကျေးကျေး မပြောတတ်ပါဘူးကွာ"
"ဒါဆို ဒုတိယယောက်ဖကို ကျေးဇူးတင်ပါတယ်ဗျာ... စကားမစပ်!" လီရှောင်းအာ အိတ်သေးသေးလေးတစ်အိတ်ထဲမှ အတိတ်နိမိတ်ဆောင်တဲ့ ရူရိသော့လေးကို ထုတ်လိုက်ပြီး "ဒါက ထွမ်ထွမ်လေးအတွက်၊ အစ်ကို သိမ်းပေးထားနော်"
ရွှီချင်း ပေါ့ပါးခြင်းမရှိတဲ့ ရူရိသော့ကို ယူလိုက်ကာ "ဒါပေမဲ့ ဒါက မင်းရဲ့လုပ်အားခ နှစ်လစာတောင် ကုန်သွားမှာပဲ!" လီရှောင်းအာ သူ့နှုတ်ခမ်းလေးကို စုဝိုင်းလိုက်ရင်း ပြုံးလျက် "ဘာမှမဖြစ်ပါဘူးဗျာ၊ အခုဆို ကျွန်တော် ဘာမှချို့တဲ့မနေတော့ဘူးလေ"
"ထွမ်ထွမ်ရေ မင်းရဲ့ဒေါ်လေးကို မြန်မြန် ကျေးဇူးတင်လိုက်ပါဦး" ရွှီချင်းက ရူရိသော့လေးကို ထွမ်ထွမ်ရဲ့ မျက်လုံးရှေ့မှာ ထားရင်း နည်းနည်းလှုပ်ယမ်းပြလိုက်ရာ မျက်လုံးမဖွင့်သေးတဲ့ ထွမ်ထွမ်ရဲ့မျက်လုံးတွေက ရုတ်တရက် ပွင့်လာလျက်!
"အရမ်းချစ်ဖို့ကောင်းတာပဲ!!"
လီရှောင်းအာမှာ ထွမ်ထွမ်ရဲ့ အနည်းငယ် အိပ်ငိုက်နေသော မျက်ဝန်းနက်နက်လေးကို ကြည့်ရင်း အော်ဟစ်လိုက်၏။
ရွှီချင်းလည်း သဘာဝအတိုင်း သဘောကျနေလျက်။ သူတို့နှစ်ယောက်က ထွမ်ထွမ်လေးကို ကျီစားနေချိန်မှာ လီချန်ဖုန်း ဝင်လာကာ "အမေ ရောက်နေတယ်"
လီရှောင်းအာ ခေတ္တရပ်သွားပြီးမှ လီချန်ဖုန်း ကို ကြည့်လိုက်စဥ် ရွှီချင်းလည်း ခေါင်းလှည့်လာကာ "အခု ကျွန်တော်ထလိုက်မယ်"
"မင်းဘာလို့ထမှာလဲကွာ၊ အာ ထွမ်ထွမ်က မျက်လုံးဖွင့်ကြည့်လာတယ်! မထနဲ့ လှဲနေလိုက်။ အဆင်ပြေပါတယ်ကွာ" လီချန်ဖုန်းက ရွှီချင်းကို ဒီလိုမျိုး သူ့ကိုယ်သူ ဒုက္ခခံဖို့ မလိုလားခဲ့၍ "ရှောင်းအာရေ မင်းက ပိုပြီးနာခံရမယ်လေ။ အမေက နားပူနားဆာလုပ်ရတာ ကြိုက်ရုံပါပဲ စိတ်ထဲမထားနဲ့"
လီရှောင်းအာ ခေါင်းညိတ်လိုက်ပြီး သူ့စိတ်တွေရုတ်တရက် ပိုလေးလံလာရလျက်။ လွန်ခဲ့တဲ့ လအနည်းငယ်က မိုးရွာလာသည့်အခါ အမေလီက အစ်ကိုကြီးလီအား သူ့ကို အိမ်ပြန်ခေါ်ရန် မြို့ကို လွှတ်လိုက်သော်လည်း အခုဆို သူနဲ့ အဒေါ်တန့်တို့ရဲ့ ဆက်ဆံရေးက အတော်လေးကောင်းနေပြီဖြစ်သည့်အပြင် လူအများကြီးမရှိပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် သက်သောင့်သက်သာရှိကြသလို မည့်သည့်စကားမဆို ပြောဆိုနိုင်ကြ၏။ သို့ပေသိ သူ အိမ်ပြန်သွားခဲ့ပါက ကွဲပြားသွားလိမ့်မည်ပင်။
လီရှောင်းအာလည်း အကိုကြီးလီနဲ့အတူ လိုက်မပြန်သဖြင့် အမေလီက ဒေါသထွက်ကာ လီရှောင်းအာကို မြင်လျှင် ခြေထောက်ရိုက်ချိုးပစ်မည်ဟု ပြောခဲ့လေသည်။
ထို့ကြောင့် လီရှောင်းအာ ပစ္စည်းအချို့ကို ရံဖန်ရံခါဝယ်ပြီး လီအိမ်သို့ ပို့ပေးခဲ့သော်လည်း သူ လုံးဝအိမ်မပြန်ခဲ့ပါချေ။ လီချန်ဖုန်း သူ့ကို ဒီလိုသတိပေးခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။
အမေလီက အကြီးဆုံးလီရဲ့ သားကြီး တာ့နျိုနှင့်အတူ ခြံဝန်းအတွင်း လျှောက်ကြည့်နေရင်း "အဖွားရေ ဒုတိယဦးလေးအိမ်က အရမ်းလှတာပဲဗျာ"
ဒုတိယဦးလေးရဲ့အိမ်က သူတို့အိမ်ထက် အများကြီးပိုလှတယ်လို့ တာ့နျို တွေးမိနေလျက်။
အမေလီသည် သူ့ရှေ့က အိမ်ကြီးကို ကြည့်နေရင်း အိမ်ဆောက်ပြီးနောက် သူ့လက်ထဲမှာ ပိုက်ဆံမလောက်တော့သဖြင့် သူ့မိသားစုလည်း ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ကြုံနေခဲ့ရပါတယ်လို့ လီချန်ဖုန်း တစ်ချိန်က ပြောခဲ့ဖူးသည်ကို ပြန်တွေးမိနေ၏။
မူလကတော့ သူ သံသယဖြစ်ခဲ့သော်လည်း ယခု သူ့ရှေ့က အိမ်ကြီးကို မြင်လိုက်ရသည့်အခါ သူ လီချန်ဖုန်းကို အထင်လွဲမိသွားမှန်း သိလိုက်ရလေပြီ။
"မင်းနောက်ပိုင်းမှာ ပိုဆင်ခြင်တတ်ရမယ်နော်။ မင်း ဒုတိယဦးလေးရဲ့ဇနီးကိုတွေ့ရင် ကောင်းကောင်းနှုတ်ဆက်ရမယ်"
တာ့နျိုက နာနာခံခံလေး ခေါင်းညိတ်ပြလာခဲ့၏။ သူ အရင်က ရွှီချင်းနဲ့ တွေ့ဖူးပေမယ့်အများကြီး မပြောဆိုမဆက်ဆံဖူးသော်လည်း ဒုတိယဦးလေးရဲ့ ဇနီးက အရမ်းကောင်းတဲ့လူဖြစ်ရမယ်လို့ သူခံစားမိပါသည်။
"အမေ"
လီရှောင်းအာလည်း လီချန်ဖုန်းအနောက်မှ အခန်းအပြင်ထွက်လာကာ တံစက်မြိတ်အောက်တွင် ရပ်နေရင်း လှမ်းခေါ်လိုက်၏။
"အန်တီ! အန်တီပဲ! အဖွားရေ ကြည့်ပါဦး!" တာ့နျိုက လီရှောင်းအာကို တွေ့ရသဖြင့် လွန်စွာစိတ်လှုပ်ရှားနေလျက်။ သူ ငယ်ငယ်ကတည်းက လီရှောင်းအာမှာ သူနဲ့ အရင်းနှီးဆုံးသူဖြစ်သလို သူတို့နှစ်ယောက်က ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ကွာကြသည်မို့ သူတို့နှစ်ယောက်ဟာ အဆင်ပြေကြ၏။
"ဟမ့်! အိမ်ပြန်မလာတဲ့လူက ဒီကိုလာဖို့ စိတ်ရှိသေးတယ်ပေါ့လေ!"
အမေလီလည်း လီရှောင်းအာနဲ့ မတွေ့ရသည်မှာ အတော်ကြာသွားခဲ့ပြီ။ လီချန်ဖုန်းနဲ့ ရွှီချင်းတို့ရဲ့အိမ်မှာ သူ့ကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ စိတ်အဆင်မပြေသလို ခံစားလိုက်ရပြန်၏။ သူနှင့် သူ့ယောကျ်ားက သူတို့သားငယ်လေး အိမ်ပြန်လာဖို့ စောင့်မျှော်နေခဲ့ပေမယ့် လီရှောင်းအာရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါချေ။
အရမ်းကောင်းတယ်၊ အကျိုးအကြောင်းတောင် မပြောဘဲ သူ့ဘာသာသူ လစ်ထွက်သွားပြီးတော့...
"အမေ တာ့နျို မြန်မြန်ဝင်ကြလေ၊ အပြင်မှာ အေးနေတယ်၊ ရှောင်းအာရေ လက်ဖက်ရည်ပူပူလေး သွားယူလိုက်ဦး" လီချန်ဖုန်းက အမေလီရဲ့ မည်းမှောင်နေတဲ့မျက်နှာကို နားမလည်သည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
"ကောင်းပါပြီ!
လီရှောင်းအာ အမြန်ပြန်ဖြေကာ လီချန်ဖုန်းကို မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး မီးဖိုချောင်ထဲ သွားပုန်းတော့သည်။
"ဒုတိယသားရေ သူ့အကြောင်း မပြောတော့နဲ့။ ငါ့မြေးလေးကို ကြည့်ဖို့ ငါ့ဆီခေါ်လာပါဦး။ ဒီနေ့ မင်းကိုတွေ့ဖို့ လာခဲ့တာမဟုတ်ဘူးဟေ့" အမေလီက အခန်းထဲသို့ ဝင်သွားပြီးနောက် တကယ့်ကို နွေးထွေးနေမှန်း ခံစားမိလိုက်၏။ သို့သော် သူအလည်လာရတဲ့ ရည်ရွယ်ချက်ကို တွေးလိုက်မိသည့်အခါ အလျင်စလို ပြောလိုက်လေသည်။
"ဘာလို့ လက်ဖက်ရည်ပူပူလေး အရင်မသောက်တာလဲ? ကျွန်တော် သူ့ကို နောက်မှ ခေါ်လာပေးမှာပေါ့၊ စိတ်မပူပါနဲ့ အမေ မကြာခင် တွေ့ရတော့မှာပါဗျာ"
လီချန်ဖုန်းက အမေလီကို ထိုင်ခိုင်းလိုက်ပြီး သူကိုယ်၌လည်း ဝင်ထိုင်လိုက်သည်။ ရွှီချင်းကိုယ်ဝန်ရှိစဉ်က မကြာခဏ စားလေ့ရှိသော ဆီးသီးခြောက်သေးသေးလေးတွေကို လက်တစ်ဆုပ်စာ တာ့နျိုလက်ထဲ ထည့်ပေးလိုက်၏။
အမေလီက လီချန်ဖုန်းရဲ့ အပြုအမူကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သော်လည်း လီရှောင်းအာရဲ့ ပုံရိပ်ကို မြင်သည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားလျက်။
"အမေ ခန္ဓာကိုယ်ကို နွေးထွေးအောင်လို့ လက်ဖက်ရည်ပူပူလေးသောက်ပါဦး" လီရှောင်းအာက အမေလီဆီသို့ သတိကြီးကြီးနဲ့ ချဉ်းကပ်လာ၍ အမေလီက ခပ်တိုးတိုးနှာမှုတ်လျက် "ငါ့နှလုံးသားက အေးနေပြီလေ၊ ရေနွေးသောက်လို့ ဘာထူးမှာတုန်း။ ဘေးမှာထားထားလိုက်"
လီရှောင်းအာ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အမေလီရဲ့ အင်္ကျီကို ဆွဲကိုင်လိုက်ရင်း "အမေ"လို့ တိုးတိုးလေး ခေါ်လိုက်ကာ "ထွမ်ထွမ်ကို အမေ မမြင်ဖူးဘူး မဟုတ်လား?"
"ထွမ်ထွမ်?"
တာ့နျိုက သိချင်စွာဖြင့် "အဲ့ဒါ ဘာလဲဟင်?" လီရှောင်းအာက တာ့နျိုခေါင်းလေးကို ပွတ်ပေးရင်း ပြုံးလိုက်ကာ "သူက ဒုတိယဦးလေးရဲ့ မိသားစုဝင်လေးဖြစ်တဲ့ ဝဝကစ်ကစ်ကောင်ကလေးပေါ့! သူက တအားချစ်ဖို့ကောင်းတာပဲ၊ နူးနူးညံ့ညံ့လေးနဲ့ ဖြူဖြူဖွေးဖွေး ဝတုတ်လေးလေ။ အဲ့ဒါကြောင့် သူ့ကို ထွမ်ထွမ်လို့ နာမည်ပြောင်ပေးထားတာတဲ့"
တာ့နျိုသည် ထွမ်ထွမ်လေးဟာ မိသားစုရဲ့ မြေးအငယ်ဆုံးလေးဖြစ်ကြောင်း သူကြားလိုက်ရသည်နှင့် လီရှောင်းအာရဲ့ စကားကို နားထောင်နေရင်း တဖြည်းဖြည်း တက်ကြွလာခဲ့လေပြီ။
လီချန်ဖုန်း အနှီမြင်ကွင်းကို မြင်သောအခါ ဘာမှမပြောဘဲ တိတ်တဆိတ်လှည့်ကာ အခန်းထဲသို့ဝင်သွားလိုက်သည်။
ရွှီချင်း အဝတ်အစားတွေ ဝတ်တော့မလို့ပင်။
"မင်းဘာလုပ်နေတာလဲကွာ၊ လှဲအိပ်နေ" လီချန်ဖုန်းက ရွှီချင်းလက်ထဲက အဝတ်အစားတွေကို ပြန်ယူလိုက်ပြီး ရွှီချင်းကို ကုတင်ပေါ် အတင်းပြန်လှဲခိုင်းလိုက်၏။ လတ်တလောတွင် ရွှီချင်း အားစိုက်မထုတ်ရဲသေးသဖြင့် "အမေက ကျွန်တော်တို့ဆီ လာတွေ့တဲ့ ပထမဆုံးအကြိမ်လေဗျာ။ ကျွန်တော် သူ့ကို ထွက်မတွေ့ရင် နည်းနည်းမလျော်ကန်ဘူး မဟုတ်လားလို့"
"ဘာမှမဖြစ်ဘူး၊ လျှောက်လှုပ်မနေပါနဲ့ဦးကွာ။ သူက ထွမ်ထွမ်လေးကို ကြည့်ချင်ရုံပဲ၊ ဒီလိုလှုပ်နေလို့ မင်း ပြန်ကောင်းလာပြီလို့ သူထင်သွားပြီးတော့ တစ်ခုခုလုပ်ဖို့ ညွှန်ကြားလာရင် ဘယ်လိုလုပ်မတုန်း။ ပြန်လှဲနေပါကွာ။ ဟိုမှာ ကိုယ်ရှိနေမှာပဲဟာ" လီချန်ဖုန်းက သူ့ဇနီးလေး ကလေးမွေးဖွားပြီးနောက် မလိုအပ်ဘဲ လျှောက်မလှုပ်ရှားစေချင်ခဲ့ပေ။
"ခင်ဗျားပြောတာကို ကြည့်ပါဦး၊ ဆိုတော့ ကျွန်တော်က ဘာမှစိုးရိမ်နေစရာမလိုဘဲနဲ့ ဒီမှာပဲ အိပ်နေရမယ်လို့ ဆိုလိုတာလား?" ရွှီချင်းက လီချန်ဖုန်းလက်မောင်းကို မှီလိုက်ကာ လက်မောင်းပေါ်ရှိ ကြွက်သားများကို ဖျစ်ညစ်နေရင်း တိုးတိုးလေးပြောလာလေသည်။
လီချန်ဖုန်း လက်ဆန့်ပြီး ထွမ်ထွမ် နှာခေါင်းလေးကို ထိလိုက်ရာ ထွမ်ထွမ်လေးအား နောက်ပြန်ရို့သွားစေ၏။ "ဟုတ်တယ်၊ ဘာမှစိုးရိမ်မနေပါနဲ့ကွာ"
ဒါကိုကြားတော့ ရွှီချင်းလည်း သက်တောင့်သက်သာနဲ့ ပြန်လှဲလိုက်ရင်း "ဒါဆိုလည်း ကလေးကို အပြင်ခေါ်သွားပြီး အမေ့ကို ပြလိုက်ဦးလေ" ကလေးလေးကို တွေ့ဖို့ရောက်လာတာဆိုတော့ သူပျော်သွားမှာပဲ။
"ကိုယ်သိပါပြီ၊ နောက်မှ ကိုယ် သူ့ကို ပြန်ချီလာခဲ့မယ်နော်။ လာ စောင်ခြုံထားလိုက်ဦး" လီချန်ဖုန်းက ရွှီချင်းကို စောင်ခြုံပေးလိုက်ပြီး သူ့ရဲ့ အနည်းငယ်အေးစက်နေတဲ့လက်ကို ခါလိုက်ရင်း ဖက်ထုပ်လေးကို ချီလိုက်တော့သည်။
Thanks for reading!