Ch-69.2
Viewers 14k

အခန်း ၆၉.၂


အဒေါ်ရှဲ့လည်း မနေနိုင်တော့ဘဲ ထပ်မံရယ်မိပြန်လျက် "မင်းအမေက အစောကြီးထွက်သွားခဲ့တော့ ဒီလိုကိစ္စတွေကို မင်းနားမလည်တာ အဓိပ္ပါယ်ရှိပါတယ်။ ဒီကိုယ်ဝန်အမှုန့်က ကောတစ်ယောက် ကလေးမွေးပြီးတဲ့အခါ ဝမ်းဗိုက်မျဥ်းကြောင်းကို ပွတ်လိမ်းပေးလိုက်ရုံပဲ။ တခြားဒဏ်ရာအနာတရတွေအတွက်တော့ မစဉ်းစားနဲ့နော်။ စကားမစပ် မင်းရဲ့ကလေးအတွက် ကျုပ်ဝယ်ခိုင်းထားတဲ့ သစ်သီးအမှုန့်ရော ဘယ်လိုလဲ? သူ့ပါးစပ်​​သေးသေးလေး​တွေ အရမ်းလှုပ်​နေတာကို မြင်​လိုက်လို့၊ သူဗိုက်​ဆာနေမှာ​ စိုးတယ်ကွယ်" 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က အဒေါ်ရှဲ့၏ ညွှန်ကြားချက်များအတိုင်း သူတို့ရဲ့ ကလေးလေးအတွက် အရာများစွာ ပြင်ဆင်ထားခဲ့သည်။ မဟုတ်ပါက သူတို့နှစ်ယောက်လုံးက ဘာမှနားမလည်တဲ့ စုံတွဲဖြစ်ကြလို့ ရှုပ်ကုန်တော့မှာလေ။ 


"ဗီရိုအောက်က ကြမ်းပြင်ပေါ်မှာပဲ။ ဟုတ်တယ်၊ အဲဒီနေရာမှာပဲ။ ကျေးဇူးတင်ပါတယ် အဒေါ်ရှဲ့ရယ်" အဒေါ်ရှဲ့အကူအညီကြောင့်သာ မဟုတ်ခဲ့ပါလျှင် သူနဲ့ ကလေးလေးက ဘယ်လောက်ကြာအောင် လူးလွန့်နေရမလဲဆိုတာ မသိနိုင်ပါချေ။ 


"ဘာတွေယဉ်ကျေးနေတာတုန်း၊ ကျုပ်က ကူညီပေးရတာ အရမ်းဝမ်းသာလှပြီ!" အဒေါ်ရှဲ့မှာ ရှဲ့ယွီဆီမှ ဒီလိုမျိုး ဝဝကစ်ကစ်မြေးလေးတစ်ယောက် ပေးလာနိုင်မယ်လို့ မျှော်လင့်နေခဲ့သည်မှာ နှစ်တွေကြာခဲ့လေပြီ။ သို့ပေသိ  ယခုအချိန်အထိ ဘာမှမရှိလာသေးပေ။  


ယခုဆို ရွှီချင်းက ကလေးမွေးလာသဖြင့် သူလည်း အရမ်းပျော်ရွှင်ရပါ၏။ ကလေးတွေကို ကျီစားရတာထက် ဘယ်အရာကမှ ပိုစိတ်ဝင်စားစရာမကောင်းပေ။ "ဒါဆို ကျုပ် သစ်သီးအမှုန့်တွေ သွားပြင်လိုက်ဦးမယ်နော်၊ မင်း သတိထားဦး၊ လျှောက်လှုပ်မနေနဲ့" 


ရွှီချင်း ကုတင်ပေါ်တွင် လဲလျောင်းနေရင်း သူ့ဝမ်းဗိုက်ဆီမှ နာကျင်မှုဖျော့ဖျော့လေးကို ခံစားနေရလျက် ခေါင်းညိတ်ပြလိုက်၏။ 


အနှီကမ္ဘာကြီးဟာ အံ့အားသင့်စရာပါပဲ။ ကောတစ်ယောက်က ကလေးမွေးဖွားတဲ့အခါ ဝမ်းဗိုက်အောက်ပိုင်းမှာ အလျားလိုက်ကိုယ်ဝန်မျဉ်း​ကြောင်းတစ်ခုရှိရာ အဲ့ဒီကနေ ကလေးလေးက မော်ဒန်ခေတ်ကဗိုက်ခွဲမွေးသလိုမျိုး ထွက်လာပေလိမ့်မည်။ ထူးဆန်းသည်ကား အဲ့ဒီမျဥ်းကြောင်းက အလိုအလျောက်ပွင့်လာသလို ကိုယ်ဝန်အမှုန့်ကို လိမ်းပြီးသွားရင် အလျင်အမြန် ပျောက်ကင်းသွားပြန်ရော။ 


သို့သော် ရွှီချင်းသည် မူလကတော့ ကောများဟာ မျက်ခုံးကြားရှိ မှဲ့နီလေးကလွဲ၍ ဖွဲ့စည်းတည်ဆောက်ပုံအရ အမျိုးသားတစ်ယောက်နဲ့ တူညီတယ်လို့ ခံစားခဲ့ရ၏။ သူတို့မှာ ကလေးမွေးဖွားရန် အမျိုးသမီးများကဲ့သို့ အမျိုးသမီးအင်္ဂါမရှိသလို ဝမ်းဗိုက်မျဥ်းကြောင်းလည်းမရှိပါလျှင် ကလေးမွေးဖွားခြင်းမှာ အလွန်ကြောက်စရာကောင်းသော ဖြစ်စဉ်တစ်ခုဖြစ်လာပေလိမ့်မည်။ ကလေးလေးက အပေါက်တစ်ခုမှ ထွက်လာရန် လိုအပ်မည်ပင်။ 


ဤအတွေးကြောင့် ရွှီချင်းမှာ သူ့ဂန္ဓမာပန်းလေး နာကျင်သွားရသလို ခံစားလိုက်ရ၏။ ဒီကလေးက ရှစ်ပေါင်တောင်ရှိတာလေ! အကယ်၍ ဂန္ဓမာပန်းကသာ ကလေးမွေးဖွားရပါလျှင် ဒီလိုဝတုတ်ကလေးထွက်လာနိုင်မည် မဟုတ်ပါလော။ 


ရွှီချင်း ထိုသို့တွေးနေမိရင်း မကြာမီပင် အိပ်ပျော်သွားတော့သည်။ အရုဏ်တက်နေပြီဖြစ်လျက်၊ သူတစ်ညလုံး လူးလိမ့်နေခဲ့ရသဖြင့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အား မည်မျှပင် အားကောင်းနေပါစေ၊ ဆက်လက်၍မတောင့်ခံနိုင်တော့ပါချေ။ 


ရွှီချင်း နိုးလာသောအခါ ညဉ့်နက်နေခဲ့ပြီ။ သူ တစ်နေလုံး အိပ်ပျော်သွားခဲ့ကာ ခန်းမထဲမှ လီချန်ဖုန်းနဲ့ အဒေါ်ရှဲ့တို့ရဲ့ စကားပြောသံကို သူကြားလိုက်ရ၏။ ရွှီချင်း ထထိုင်လိုက်ပြီးမှ သူ့ဗိုက်သူ တွေးမိသွားရကာ: ဘာလဲဟ! လုံးဝမနာတော့ဘူး! 


နာကျင်မှုအနည်းငယ်ရှိနေသေးသော်ငြား ဝမ်းဗိုက်ကတော့ မနာတော့ပေ! သူ့အဝတ်အစားတွေကို ဖွင့်ကြည့်လိုက်တော့ ဝမ်းဗိုက်မျဥ်းကြောင်းက ပိတ်သွားသည်ကို တွေ့လိုက်ရပြီး မူလအနေအထားတွင် အလျားလိုက် အနီရောင်မျဉ်းကြောင်းရှိနေသည်မှလွဲ၍ ပုံမှန်ဝမ်းဗိုက်နဲ့ လုံးဝမကွာခြားပါချေ။ 


"နိုးပြီလား?! ကောင်းတယ်ဟေ့! ချန်ဖုန်းက ကြက်စွပ်ပြုတ်လုပ်ထားပေးတယ်၊ မင်းအတွက် ကျုပ်ယူလာခဲ့ပေးမယ်" အဒေါ်ရှဲ့ တံခါးကိုဝင်လိုက်သည်နှင့် ရွှီချင်းက သူ့ဗိုက်သူ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် "အဲ့ဒါက သက်သာသွားပါပြီ၊ မင်းသတိထားဖို့ပဲလိုတယ်။ ခွန်အားအများကြီးမသုံးသေးနဲ့ဦး၊ ဒါဆို အားလုံးအဆင်ပြေသွားမှာ!" 


"ဒါက- တကယ့် တကယ့်ကို အံ့သြစရာကောင်းလိုက်တာဗျာ" 


ရွှီချင်းသည် ယင်းမှာ အလွန်အံ့ဖွယ်ဖြစ်တယ်လို့ ခံစားမိနေဆဲ။ ထို့နောက် သူ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရင်း သူနဲ့ လီချန်ဖုန်းတို့ရဲ့ အိပ်ခန်းထဲမှာ မဟုတ်တော့ဘဲ ကလေးအတွက် စီစဥ်ထားတဲ့ အခန်းတွင် ရှိနေခဲ့၍ လီချန်ဖုန်းက သူ့ကို ချီလာပုံရသည်ပင်။ 


ရွှီချင်း ခေါင်းအုံးကို ဆွဲတင်ကာ မှီလိုက်ရင်း "ချန်ဖုန်းရေ! ချန်ဖုန်းရေ!" 


"လာပါပြီ!" 


လီချန်ဖုန်းက ဝဝတုတ်ဖက်ထုပ်လေးကို သစ်သီးမှုန့်ရည်ကို တိုက်ကျွေးနေရင်း ရွှီချင်းခေါ်သံကိုကြားလိုက်ရ၍ သူအမြန်ပြန်ထူးလိုက်ကာ ကလေးလေး ဗိုက်ပြည့်သွားသည်နှင့် လီချန်ဖုန်းက ဇွန်းသေးသေးနှင့် ပန်းကန်လုံးကို ဘေးဖယ်လိုက်ပြီး ကလေးကို ချီရင်း အခန်းထဲဝင်လာလိုက်၏။ "ဇနီးလေး" 


ရွှီချင်းသည် ပန်းရောင်ကလေးသေးသေးလေးကို ဂရုတစိုက် ပွေ့ချီထားသည့် သူ့ရှေ့က အရပ်ရှည်ရှည်လူကို ကြည့်လျက် "လာပါဦး၊ ကျွန်တော် သူ့ကို တွေ့ချင်လို့" 


လီချန်ဖုန်း ကုတင်အစွန်းတွင် ဝင်ထိုင်ပြီး ရွှီချင်းနှင့် ကလေးတို့အား နူးညံ့စွာ ကြည့်ကာ "သူက ကိုယ်တို့ကလေးလေးပဲ" ရွှီချင်းက လီချန်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး "သူက ကျွန်တော်တို့ကလေးမဟုတ်ရင် ဘယ်သူ့ကလေးတုန်းဗျ" 


လီချန်ဖုန်း အလျင်စလို ပြုံးလိုက်ကာ "သူက ကိုယ်တို့ကလေးပဲ၊ သူက ကိုယ်တို့ကလေးပါ! ဇနီးလေး ကလေးကို နာမည်ပေးဦးလေ" 


လီချန်ဖုန်းမှာ ခေါ်ယူထားသောခင်ပွန်းဖြစ်၍ သီအိုရီအရ ကလေးရဲ့မျိုးရိုးအမည်နှင့် ပထမအမည်မှာ ရွှီချင်းအဆုံးအဖြတ်ပင်။ "ခင်ဗျားက ကလေးလေးရဲ့ အဖေပဲလေ၊ ခင်ဗျားရွေးလိုက်" 


ရွှီချင်းက နာမည်ပေးမှာ မတော်ကြောင်းကို ပြောရမှာ ရှက်သလို နောင်အနာဂတ်မှာ ကလေးလေးက သူ့နာမည်ကို မကျေနပ်ခဲ့ပါလျှင် သူ့ကို အပြစ်တင်မှာကို ​စိုးရိမ်မိလျက်။ 


လီချန်ဖုန်း မငြင်းတော့ဘဲ သူစဉ်းစားထားပြီးသားဖြစ်ရာ "ဒါဆို ရွှီချင်းဖုန်းလို့ ခေါ်ရအောင်! ရွှီချင်းဖုန်း! စာလုံးကိုကြည့်လိုက်! ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ!" 

(Me: နာမည်ကိုရေးရင်း ချန်ဖုန်းကို ရယ်မိသွားတယ်၊ မရည်ရွယ်ပါဘူး ချန်ဖုန်းရယ် 😆😆) 


ရွှီချင်း: "…………… ခင်ဗျားက ကျွန်တော့်ထက် ပိုဆိုးနေတာပဲ" 


သို့သော်လည်း "ကလေးကို ခင်ဗျားရဲ့ မျိုးရိုးနာမည် ဘာ​လို့မပေးတာလဲဟင်?" ထိုအခါကျမှ ရွှီချင်းက ကလေးလေး၏ မျိုးရိုးနာမည်မှာ သူ့မျိုးရိုးဖြစ်နေမှန်း သတိပြုမိသွားလျက်။ 


"မင်းမေ့နေပြီလား၊ ကိုယ်က ရွှီမိသားစုထဲ လက်ထပ်ဝင်ထားတာလေ။ ကလေးကို မင်းရဲ့မျိုးရိုးနာမည်ပဲ ယူခိုင်းရမှာပေါ့" လီချန်ဖုန်းက ဂရုမထားဟန် ပြုံးလိုက်၏။ သူ့အတွက်တော့ ကလေးရဲ့ မျိုးရိုးနာမည်မှာ အရေးမကြီးပါချေ၊ သူနှင့် ရွှီချင်းတို့ရဲ့ ကလေးလေးဖြစ်နေသရွေ့ အလွန်ကျေနပ်နေမည်ပင်။ 


ရွှီချင်းလည်း လီချန်ဖုန်းရဲ့ နားရွက်ကြီးတွေကို လှမ်းဆွဲလိုက်ပြီး "ဒါဆို ပထမကလေးကို ကျွန်တော့်မျိုးရိုးထားလိုက်ပြီးတော့ ဒုတိယကလေးကို ခင်ဗျားမျိုးရိုးနာမည်ဆိုရင်ရော ဘယ်လိုလဲ?" 


ဒုတိယကလေး!!! 


လီချန်ဖုန်း မျက်လုံးများ အရောင်တောက်ပလာကာ ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး "တတိယကလေးဆို မင်းရဲ့မျိုးရိုးနာမည်ထားပြီးတော့ စတုတ္ထကလေးဆို ကိုယ့်ရဲ့မျိုးရိုးနာမည်ပေါ့! ဒါဆို အခုကစပြီး မဂဏန်းတွေဆို မင်းရဲ့ မျိုးရိုးနာမည် ထားကြမယ်၊ စုံဂဏန်းဆို ကိုယ်ရဲ့မျိုးရိုးနာမည် ထားကြတာပေါ့" 


ဒါကိုကြားပြီးနောက် ရွှီချင်းမျက်နှာမှာ မည်းမှောင်သွားလျက်။ နောက်ဆုံးတော့ သူ ခဏလောက် စိတ်လှုပ်ရှားသွားခဲ့ရပေမယ့် သူ့ရှေ့ကလူကြောင့် ပျက်စီးသွားရပြီ! 


အဆုံးတွင် နှစ်ယောက်စလုံးက ကလေးလေးအမည်ကို ရွှီချင်းဖုန်းလို့သာ သတ်မှတ်ခဲ့ကြသည်။ ခေါ်ရပိုမိုလွယ်ကူစေရန်အတွက် ရွှီချင်းက ကလေးလေးအား အိမ်နာမည်ကို ထွမ်ထွမ်လို့ ပေးလိုက်၏။ အကြောင်းသည်ကား ဘေဘီလေးက ဖက်ထုပ်လေးလို ဖြူဖြူဝတုတ်လေးဖြစ်နေသောကြောင့်သာ။ 


"လာ၊ ကြက်စွပ်ပြုတ်သောက်လိုက်ဦး" အဒေါ်ရှဲ့ ကြက်စွပ်ပြုတ်ပန်းကန်လုံးနဲ့အတူ အခန်းထဲဝင်လာပြီး ရွှီချင်းကို ကမ်းပေးလိုက်သည်။ ရွှီချင်း ပန်းကန်လုံးကိုယူကာ ခေါင်းကိုငုံ့၍ မြည်းကြည့်လိုက်ပြီးနောက် ခေါင်းကိုပြန်မော့လာကာ အဒေါ်ရှဲ့အား ပြောလိုက်၏။ "ကျွန်တော်တို့မှာ အဒေါ်ရှိတာ ကံကောင်းလိုက်တာဗျာ။ ကျေးဇူးတင်ပါတယ် အဒေါ်ရှဲ့ရယ်" 


"ဘာတွေများ ခက်ခဲလို့လဲကွယ်၊ ကူညီပေးနိုင်တာကိုပဲ ကျုပ်က ဝမ်းသာနေတာ!" အဒေါ်ရှဲ့မှာ ကလေးလေးကို ပိုကြည့်လေလေ၊ ပိုသဘောကျလေလေဖြစ်လျက်။ ရွှီချင်း အိပ်ပျော်နေတုန်းမှာ ကလေးလေးကို မစောင့်ရှောက်တတ်တဲ့ လီချန်ဖုန်းကြောင့် အဒေါ်ရှဲ့မှာ တကယ့်ကို စိုးရိမ်နေခဲ့ရ၏။ ထို့ကြောင့် ရွှီချင်း စားသောက်ပြီးသည်နှင့် စကားအနည်းငယ်ပြောပြီးမှ ကျေနပ်သွားကာ အပြင်မှာ စောင့်နေတဲ့ ဦးလေးရှဲ့နှင့် အိမ်ပြန်သွားတော့သည်။ 


မထင်မှတ်စွာပင် ရှဲ့စုံတွဲ ခြံဝင်းထဲက ထွက်သွားသည်နှင့် လီချန်ဖုန်းက သူတို့နောက်ကို အပြေးလိုက်လာကာ သားဖွားပေးခြင်းအတွက် ပျော်ရွှင်မှုစာအိတ်နီကို အဒေါ်ရှဲ့လက်ထဲ ထည့်ပေးလိုက်သည်။ "အဒေါ်ရှဲ့ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့ဗျာ။ ဒါက မင်္ဂလာရှိတဲ့ စာအိတ်နီပါဗျို့! ကျွန်တော်တို့အတွက် ဝတုတ်လေးကို သားဖွားပေးခဲ့တယ်။ ဒါဟာ အဒေါ့်အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဥ်းပေးလာမှာပါ... အဒေါ့်ရဲ့ဆန္ဒတွေလည်း ပြည့်ဝလာပါစေဗျာ!" 


"မင်းပြောခဲ့တာတွေက အရမ်းကောင်းသားပဲကွယ်၊ ဒါပေမယ့် ကျုပ်လက်မခံနိုင်ပါဘူး။ ထွမ်ထွမ်လေးရဲ့ ကောင်းချီးတွေနဲ့အတူ ကျုပ်တို့ရဲ့ ရှောင်ယွီလည်း ဝဝကစ်ကစ်ကလေးလေး မွေးဖွားလာဖို့ပဲ ကျုပ်မျှော်လင့်မိရုံပဲ!" 


အဒေါ်ရှဲ့ အလိုချင်ဆုံးအရာသည်ကား ရှဲ့ကောအာ ကလေးမွေးလာဖို့ပါပဲ! နောက်ဆုံးမှာတော့ ပျော်ရွှင်မှုစာအိတ်နီကို လက်ခံလိုက်ပြီးနောက် ဦးလေးရှဲ့အနောက်သို့ ပျော်ရွှင်စွာ လိုက်သွားတော့သည်။  


ထွမ်ထွမ်က ကံကောင်းတယ်လို့ သူခံစားခဲ့ရသဖြင့် သူ့သားလေးလည်း မကြာခင်မှာ ကိုယ်ဝန်ရနိုင်ဖွယ်ရှိတယ်ရော။ 


"စာအိတ်နီပေးလိုက်​ပြီလား?" ရွှီချင်း သူ့ဘေးတွင် အိပ်ပျော်နေဆဲကလေးလေးအား ကြည့်နေရင်း ပြန်ရောက်လာတဲ့လီချန်ဖုန်းကို မေးလိုက်သည်။ 


"ပေးပြီးပြီ။ သူ အိပ်ပျော်နေတာလား?" 


"မအိပ်ပျော်သေးဘူး၊ ဒါပေမယ့် အဒေါ်ရှဲ့ ပြောတဲ့အတိုင်းဆို က​လေးလေးက အများကြီး အိပ်တယ်ဆိုတာ ပုံမှန်​ပဲတဲ့" 


Thanks for reading!