Ch-69.1
Viewers 14k

အခန်း ၆၉.၁

သို့သော်လည်း ရွှီချင်းမှာ ကလေးမွေးဖွားခြင်းနှင့်ပတ်သက်၍ သံသယအချို့ရှိနေဆဲဖြစ်ရာ "အဒေါ်ရှဲ့ ဝမ်းဗိုက်ပေါ်က မျဥ်းကြောင်းက နီလာမယ်ဆိုတာ တကယ်ကြီးလား?" 


အဒေါ်ရှဲ့က ရွှီချင်းရဲ့ဗိုက်ပေါ်ရှိ လက်ကိုင်ပုဝါကို ဖယ်လိုက်ကာ ရေနွေးထဲတွင်နှစ်၍ ခြောက်အောင်ညစ်လိုက်ပြီး တစ်ဖန်ပြန်တင်ပေးလိုက်ရင်း "ဟုတ်တယ်လေ၊ အမှန်ပဲ။ ကလေးမွေးပြီးတာနဲ့ ရက်အနည်းငယ် အနားယူပြီးရင် ကျုပ် မင်းကိုဝယ်ခိုင်းထားတဲ့ ပေါင်ဒါမှုန့်ကို လိမ်းပေးလိုက်။ ဗိုက်ပေါ်က အနီရောင်မျဥ်းကြောင်း ပျောက်သွားပြီဆို မင်းအိပ်ရာပေါ်က ထွက်လို့ရပြီး လမ်းလျှောက်နိုင်ပြီ" 


"အဲ့လိုလား?" ရွှီချင်းမှာ မီးတွင်းကာလရဲ့ ထုံးစံကို စဥ်းစားကြည့်နေရင်း "ဒါဆို ကျွန်တော် တစ်လလောက် အိပ်ရာထဲမှာပဲ တကယ်အိပ်နေရမှာလား? လေတိုက်ခံလို့လည်း မရသလို အရသာပြင်းပြင်းဟင်းလျာတွေကို မစားနိုင်ဘူးပေါ့?" ဆောင်းရာသီ၌ ဘယ်သူကများ အအေးဒဏ်ကို ခံချင်မလဲနော်။ သူတို့အိမ်က အိမ်အသစ်ဖြစ်သလို နွေးထွေးပေမယ့် အရသာပြင်းပြင်းဟင်းလျာတွေကို မစားနိုင်ခဲ့ရင် သူမနေနိုင်လောက်ဘူး။ 


အဒေါ်ရှဲ့မှာ ဤစကားကိုကြားသောအခါ သဘောကျသွားရကာ "မင်းကို ဘယ်သူပြောတာတုန်း? မင်းစိုးရိမ်စရာမလိုပါဘူးကွယ်။ အစပ်နဲ့ ဆီများတဲ့စားစရာတွေ အလွန်အကျွံစားတာကို ရှောင်ပြီး ရက်အနည်းငယ်လောက် အိပ်ရာထဲက မထွက်သရွေ့တော့ ဗိုက်ပေါ်က မျဥ်းကြောင်း ပျောက်သွားပြီဆို အဆင်ပြေသွားပြီလေ" အဒေါ်ရှဲ့ပြောနေစဥ်မှာပင် ရွှီချင်း ဗိုက်နာလာသဖြင့် ရုတ်ချည်း ကုတင်ကို မှီလိုက်ကာ "အဲ့ဒါကထိုက်တန်ပါတယ်လေ။ သည်းခံထား! သည်းခံထားပြီးတော့ ကလေးမွေးရမယ်!" 


အဒေါ်ရှဲ့ စကားပြောဆိုပြီးနောက် ရွှီချင်းအတွက် အလျင်စလို စတင်ပြင်ဆင်နေတော့သည်။ ရွှီချင်း သူ့ပါးစပ်ထဲမှာ သံချေးအရသာကို ခံစားလိုက်ရ၏။ အရမ်းနာတာပဲ! 


သူ့နှုတ်ခမ်းကို ကိုက်ထားရာ အဒေါ်ရှဲ့က ရုတ်တရက်ဆန်စွာ သူ့ပါးစပ်ထဲသို့ အဝတ်စတစ်ပိုင်း ထိုးထည့်ပေးလာခဲ့သဖြင့် ရွှီချင်း အလျင်အမြန် ကိုက်ထားလိုက်သည်။  


ရွှီချင်းရဲ့ဖရိုဖရဲဆံနွယ်များဆီမှ ချွေးများစီးကျလာကာ သူ့မျက်လုံးတွေလည်း နာကျင်မှုကြောင့် နီရဲလာလေပြီ။ ဒီအချိန်မှာ သူ့စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိပါတော့သည်: အရမ်းနာတာပဲ! 


ဦးလေးရှဲ့သည် သူ့ပါးစပ်ထဲတွင် ဆေးပြင်းလိပ်တစ်ခုနှင့် နွေးထွေးတဲ့ပင်မခန်း၌ ထိုင်နေလျက် လီချန်ဖုန်းတစ်ယောက် ရှေ့နောက် အပြန်ပြန်အလှန်လှန် လျှောက်နေသည်ကို ကြည့်နေခဲ့ရသည်။ သူက လှုပ်ရှားမှုကို နားထောင်ရန် တံခါးဆီသို့ ရံဖန်ရံခါ သွားကာ "ဦးလေးရှဲ့ရေ ဘာဖြစ်လို့ ဘာအသံမှမကြားရတာလဲဗျာ" 


အစောတုန်းက ရွှီချင်းရဲ့အသံကို ကြားလိုက်ရသေးပေမယ့် လီချန်ဖုန်း အများကြီးထပ်မကြားရတော့ချေ။ 


ဦးလေးရှဲ့သည် လီချန်ဖုန်းရဲ့ စိုးရိမ်ပူပန်နေသည့်အမူအရာကို ကြည့်နေရင်း အဒေါ်ရှဲ့က ရှဲ့ကောအာကို မွေးဖွားတုန်းက ယခုကဲ့သို့ တံခါးအပြင်ဘက်တွင် စောင့်နေခဲ့ရသည့် သူ့ကိုယ်သူ ပြန်မြင်ယောင်မိသည့်အလား "မစိုးရိမ်ပါနဲ့၊ ဒါက အားအင်တွေ ချွေတာနေရုံပဲလေ။ လာထိုင်ပြီး ခဏအနားယူလိုက်၊ မင်းချွေးတွေကို ကြည့်စမ်းပါဦး။ ကလေးမွေးနေတာက မင်းလား၊ မင်းမိန်းမလားဆိုတာကို ငါမသိတော့ဘူးကွာ" 


ဦးလေးရှဲ့ ထိုသို့ပြောပြီးနောက်တွင် ဤစကားလုံးများနှင့် အလွန်ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပြီး ခဏစဉ်းစားကြည့်ပြီးနောက် ဦးလေးရှဲ့လည်း သက်ပြင်းချလိုက်လေသည်။ 


ထိုအချိန်တုန်းက ရွှီချင်းအဖေက သူ့ကို ဒီလိုမျိုးပြောခဲ့တာပဲလေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် သူ့သားလေးသည်လည်း မိခင်တစ်ဦးဖြစ်လာခဲ့ပြီပဲကွာ။ 


သူရောအဒေါ်ရှဲ့ပါ အသက်တွေကြီးလာခဲ့ပြီ။ ဘဝမှာ အမျိုးမျိုးအဖုံဖုံကြုံတွေ့ခဲ့ရပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာ နေရာအများဆုံးယူထားသူမှာ ရှဲ့ကောအာပါပဲလေ။ တစ်ရက် သူ ဒီလိုမျိုး ကိုယ်ဝန်ဆောင်နိုင်သည့်အခါ သူတို့တော့ နေ့တိုင်း စိုးရိမ်နေရတော့မှာပဲ။ 


လီချန်ဖုန်း စိတ်ရှုပ်ထွေးစွာ စောင့်ဆိုင်းနေရင်း သူ့ခြေထောက်တွေလည်း အထိန်းအကွပ်မဲ့စွာ လှုပ်ရှားနေပြီး သူ့လက်တွေတုန်ယင်နေလျက်။ ရွှီချင်းကို သူခေါ်ချင်ပေမယ့် ကလေးမွေးနေတဲ့အချိန်မှာ ထိခိုက်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။​ ရွှီချင်းအသံကို မကြားရတော့ သူ့ကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေသလိုပင်။ 


"ဝါး ဝါး ဝါး!" 


ခဏအကြာတွင် မွေးဖွားလာတဲ့ ကလေးလေးရဲ့ ငိုသံကျယ်ကျယ်မှာ အခန်းတွင်းမှ ထွက်လာခဲ့လေပြီ။ 


ကလေးလေးမွေးလာပြီပဲ။ 


လီချန်ဖုန်းက တံခါးကို အမြန်ဖွင့်ရင်း မေးလိုက်ကာ "အဒေါ်ရှဲ့ ကျွန်တော့်ဇနီးလေး အဆင်ပြေရဲ့လား?!" 


အဒေါ်ရှဲ့သည် ဝဝကစ်ကစ်အထုပ်ကလေးကို ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ ပျော့ပျောင်းနူးညံ့တဲ့ ပိတ်စဖြင့် ထုပ်ပိုးနေရင်း ပြန်ဖြေလာခဲ့သည်။ "သူ အဆင်ပြေတယ်! မင်းအတွက် ဝဝကစ်ကစ်လေးနဲ့ ကျန်းမာသန်စွမ်းလွန်းတဲ့ ကလေးလေးပဲဟေ့! ရေနွေးမြန်မြန်သွားယူခဲ့!" 


ဦးလေးရှဲ့လည်း လီချန်ဖုန်းဘေးမှာ ရပ်နေလျက် သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့အမူအရာကို ကြည့်လိုက်ရင်း သူ့နောက်ကျောကို ပုတ်လိုက်ပြီး "ဂုဏ်ပြုပါတယ်ကွာ၊ ငါ့ကောင်ရေ! အခုတော့ မင်းလည်း အဖေဖြစ်လာပြီပေါ့!" 


"ကျေးဇူးပါဗျာ၊ ကျေးဇူးပါဗျာ! ဒါတွေအားလုံးက ကျွန်တော့်မိန်းမ​ရဲ့ ကြိုးစားမှုတွေပါပဲဗျာ!" လီချန်ဖုန်း အလွန်စိတ်လှုပ်ရှားနေသဖြင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေလျက်။ သူနဲ့ ရွှီချင်းတို့ရဲ့ သံယောဇဥ်မှာ အလွန်ခိုင်မာနေပြီးသားဖြစ်သော်ငြား ယခုဆို သူတို့မိသားစုလေးဟာ ပိုလို့တောင် သက်ဝင်လှုပ်ရှားလာတော့မည်ပင်။ "ကျွန်တော် ရေနွေးသွားယူလိုက်ပါဦးမယ်ဗျို့!!" 


အဒေါ်ရှဲ့၏ ညွှန်ကြားချက်ကို ပြန်သတိရမိသွား၍ လီချန်ဖုန်း ရေနွေးယူရန် မီးဖိုချောင်သို့ အမြန်သွားလိုက်၏။ 


ရွှီချင်း မောပန်းနွမ်းနယ်စွာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး တံခါးအပြင်ဘက်မှ လီချန်ဖုန်းရဲ့ အားတက်သရော အော်ဟစ်သံကို နားထောင်ရင်း သူလည်း ပျော်ရွှင်မှုကို နင့်နင့်နဲနဲ ခံစားမိလျက်။ 


"မင်းရဲ့ ကလေးလေးကို ကြည့်ပါဦး" အဒေါ်ရှဲ့က ဝဝတုတ်တုတ်ကလေးလေးကို သန့်ရှင်းရေးလုပ်ပေးပြီးသလို အနှီးထုပ်ထဲ ထုပ်ပိုးထားပြီးဖြစ်လျက်။ 


ရွှီချင်းက သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ အဒေါ်ရှဲ့ရဲ့ ရင်ခွင်ထဲမှ ကလေးလေးကို ကြည့်လိုက်ရာ မွေးကင်းစကလေးဖြစ်သော်ငြား ဘေဘီလေးမှာ ဆံပင်တွေထူထဲနေသလို မျက်လုံးလေးတွေကလည်း ပွင့်နေပြီဖြစ်၏။ 


ဘေဘီလေးက လေထဲတွင် အရသာရှိတဲ့ အနံ့တစ်ခုခုကို ရလိုက်သကဲ့သို့ပင် သူ အနည်းငယ်စွေစောင်းကြည့်ကာ နှာခေါင်းသေးသေးလေးမှာ တရှုံ့ရှုံ့ဖြစ်နေလျက်။ သူလေးရဲ့ အနီရောင်နှုတ်ခမ်းသေးသေးလေးကလည်း စူနေသလို ဘေဘီလေးက ဝဝကစ်ကစ်ဖြစ်လွန်းနေသည်မှာ အံ့အားသင့်စရာအကောင်းဆုံးဖြစ်နေခဲ့သည်ပင်။ 


ရွှီချင်းမှာ မအံ့သြဘဲမနေနိုင်တော့ပါချေ။ ဘေဘီလေးရဲ့ အလေးချိန်မှာ အနည်းဆုံးရှစ်ပေါင်ကျော်ရှိရမယ်၊ ဒီလောက်ကြီးတဲ့ ကလေးလေးက သူ့ဗိုက်ထဲက ဘယ်လိုများထွက်လာတာလဲဟ?! 


"သူက ယောက်ျားလေးပဲ" ကလေးလေးက အရမ်းကို ကျန်းကျန်းမာမာနဲ့ တက်တက်ကြွကြွ မွေးဖွားလာသည်ကို တွေ့ရခြင်းမှာ အဒေါ်ရှဲ့အဖို့တော့ အံ့အားသင့်စရာပင်။ အထူးသဖြင့် ဒီလိုငတ်မွတ်ခေါင်းပါးတဲ့နှစ်တွေမျိုးမှာပေါ့။ 


ရွှီချင်း အနီးကပ်ကြည့်လိုက်တော့ ဘေဘီလေးက အံ့အားသင့်နေသလို စူးစမ်းချင်နေသလို မျက်နှာလေးမှာ ရှုံ့တွနေလျက်။ ဘယ်နေရာကများ သူနဲ့တူတာတုန်းဟ?! သူ အံ့အားသင့်သွားသော်ငြား ချစ်မြတ်နိုးစိတ်တွေ တရိပ်ရိပ်တက်လာသလို ခံစားလိုက်ရ၏။ ရွှီချင်း နည်းနည်းလေး လှုပ်ရှားလိုက်ပေမယ့် ကလေးမွေးထားသည့်နေရာမှ ဒဏ်ရာဟာ အပြည့်အဝမပျောက်ကင်းသေးသဖြင့် ရှုံ့မဲ့မဲ့ဖြစ်သွားရလေသည်။ 


အဒေါ်ရှဲ့လည်း ရွှီချင်းကို အမြန်ပြန်လှဲခိုင်းကာ "နည်းနည်းနာနေမယ်ဆိုပေမဲ့လို့ ဒဏ်ရာက မြန်မြန်ပြန်ကောင်းသွားမှာပါ!" 


"အဒေါ်ရှဲ့ ရေနွေးရပါပြီ" 


လီချန်ဖုန်း ရေနွေးပုံးနှစ်ပုံးဖြင့် တံခါးဝတွင်ရပ်နေကာ ဘယ်ဆီဘယ်ဝယ်မှာ ချထားရမှန်း သူမသိပါချေ။ အခုချိန်မှာ သူဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုအပြည့်နဲ့ဖြစ်နေပြီး ပင်ပန်းသလို လုံးဝမခံစားရပေ။ 


အဒေါ်ရှဲ့ သူ့ရင်ခွင်ထဲတွင် ဖက်ထုပ်လေးကို ချီထားလျက် တံခါးကိုဖွင့်လိုက်ပြီး "ပုံးတွေချလိုက်၊ မင်းကလေးလေးကို လာချီလေ" လီချန်ဖုန်းရဲ့ နှလုံးသားမှာ ဝဝတုတ်တုတ်အထုပ်ကလေးကို မြင်လိုက်ရတော့ နူးညံ့သွားရကာ ရေပုံးတွေကို နာခံစွာဖြင့် အောက်ချထားလိုက်သည်။ အဒေါ်ရှဲ့၏ လမ်းညွှန်မှုအောက်တွင် ကလေးလေးကို ဂရုတစိုက်နှင့် ကိုးရိုးကားရားဖြင့် ချီလိုက်တော့သည်။ 


"သူ ဘယ်လိုဖြစ်ပြီး ဒီလောက် ဝကစ်နေရတာလဲ!" 


လီချန်ဖုန်းက ပျော်ရွှင်သလိုရော စိုးရိမ်သလိုပါ ခံစားလိုက်ရ၏။ ဤကဲ့သို့ မိုးခေါင်သည့်နှစ်၌ ကလေးလေးက ကျန်းမာလှသည့် ခန္ဓာကိုယ်လေး ပိုင်ဆိုင်သဖြင့် သူပျော်ရွှင်မိသော်လည်း ဒီလောက်ဝကစ်နေတဲ့ဖက်ထုပ်လေးကို ရွှီချင်းမွေးဖွားသည့်အခါ အတော်လေး နာကျင်မှုဒဏ်ကို ခံစားရမည်ကို တွေးမိကာ စိတ်မကောင်းဖြစ်မိလေသည်။ 


"အဲ့လိုမပြောရဘူး။ ဒါက ကျန်းမာရေးကောင်းပြီး ခွန်အားကြီးတဲ့ လက္ခဏာပဲကွ!" 


အနားရောက်လာသော ဦးလေးရှဲ့က လီချန်ဖုန်းကို မကျေမနပ်စိုက်ကြည့်ရင်း ပြောလိုက်လေ၏။ ထို့နောက် သူ ခေါင်းငုံ့ကာ လီချန်ဖုန်း ရင်ခွင်ထဲက အနည်းငယ် လူးလွန့်နေတဲ့ ဘေဘီလေးကို ကြည့်လိုက်တော့သည်။  


အဒေါ်ရှဲ့ ရေပုံးကို အခန်းထဲယူသွားကာ ရွှီချင်းခန္ဓာကိုယ်ကို သန့်ရှင်းပေးလိုက်ပြီးနောက် ရွှီချင်းရဲ့ ဝမ်းဗိုက်မျဥ်းကြောင်းကို ပျောက်ကင်းစေဖို့ အထူးဆေးမှုန့်ကို လိမ်းပေးလိုက်ပြီးမှ လက်ကိုင်ပုဝါနွေးနွေးလေးကို ဝမ်းဗိုက်ပေါ် တင်ထားပေးခဲ့သည်။ ရွှီချင်းမှာ ဒဏ်ရာပိုပွင့်လာမည်ကို စိုးရိမ်သောကြောင့် ကုသနေတဲ့ လုပ်ငန်းစဥ်တစ်လျှောက်လုံး မလှုပ်ရှားဝံ့ခဲ့ပါချေ။ 


"စိတ်ရှည်ရမယ်၊ နောက်၁၅မိနစ်လောက်ဆို သက်သာလာမှာပါ" အဒေါ်ရှဲ့က အာမခံပြောလိုက်သဖြင့် ရွှီချင်းမှာ အံ့အားသင့်နေမိလျက်။ "အဲ့ဒါက တကယ့်ကို အစွမ်းထက်တာလား? တစ်ယောက်ယောက် ဒဏ်ရာရတဲ့အခါ လူတွေက ဒါကိုသုံးကြတာ ကျွန်တော်ဘာလို့မမြင်မိတာလဲဟင်?" 


Thanks for reading!